လုပ်အားပြဖို့လိုပြီ
ကိုရီးယား K-Drama လှိုင်းတွေရဲ့ရိုက်ခတ်မှုက ဆယ်စုနှစ်နှစ်စုမက ကြာခဲ့ပြီ။ မြန်မာအပါအဝင် အာရှနိုင်ငံအတော်များများက ယနေ့တိုင် နှစ်သက်စွဲလမ်းကြဆဲပါ။ ကျွန်မလည်း ကြိုက်တယ်။ အားတဲ့အချိန်တိုင်း ကြည့်ဖြစ်တယ်။
K-Drama Lover တွေတော့ သတိပြုမိကြရဲ့ လားမသိဘူး။ ကျွန်မကတော့ ကိုရီးယားဇာတ်လမ်း တွဲတွေကြည့်တိုင်း “နှာခေါင်းသွေးထွက်အောင် အလုပ်လုပ်ကြမယ်၊ အလုပ်လုပ်ရမယ်”ဆိုတဲ့ စကားနဲ့ ကိုရီးယားလူကြီး၊ လူငယ်မရွေး အလုပ်ကြိုးစားတဲ့ ဇာတ်ဝင်ခန်းတွေ အမြဲလိုလို ပါလေ့ရှိတာကို သတိပြုမိတယ်။ ဆိုဂျူးတို့၊ ကင်ချီတို့၊ ပဲခေါက်ဆွဲတို့က ကိုရီးယားယဉ်ကျေးမှုရဲ့အမှတ်တံဆိပ် ရိုးရာအစားအစာတွေဖြစ်တယ်လို့ဆိုရင် အလုပ်ကြိုးစားမှုကလည်း ကိုရီးယားတို့ရဲ့စရိုက်လက္ခဏာလို့ပဲဆိုရမှာ ဖြစ်ပါတယ်။
အမှန်တကယ်လည်း ကိုရီးယားသမ္မတနိုင်ငံရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုဟာ ပဒေသာပင်မြေက သူ့အလိုလို ပေါက်လာခဲ့တာမဟုတ်ပါဘူး။ ကိုရီးယားလူမျိုးတို့ရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုကြောင့်ပါ။
ကိုရီးယားသမ္မတနိုင်ငံလို့ခေါ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ဘက် စွန်းမှာ တည်ရှိပါတယ်။ တောင်နဲ့မြောက် မိုင် ၃၀၀ ရှည်လျားပြီး အရှေ့နှင့်အနောက် ၁၈၅ မိုင်ကျယ်ဝန်းကာ မြေအကျယ်ဧရိယာ ၃၉၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ပင်လယ်ကမ်းရိုးတန်း စုစုပေါင်းအရှည် ၈၁၉ မိုင်ရှိပြီး တောတောင်ထူထပ်ပေါများပါတယ်။
အနောက်ဘက်မှာ တရုတ်နိုင်ငံ၊ အရှေ့ဘက်မှာ ဂျပန်နိုင်ငံ၊ မြောက်ပိုင်းမှာ မြောက်ကိုရီးယားလို့ ခေါ်တဲ့ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ တည်ရှိပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမြို့နဲ့ မိုင် ၅၀၀ ခန့် ကွာဝေးပြီး ဂျပန်နိုင်ငံနဲ့ မိုင် ၁၅၀ သာ ကွာဝေးပါတယ်။ တောင်ကိုရီးယား တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို တောင်ကုန်း၊ တောင်တန်းများက ဖုံးလွှမ်းနေပြီး သဘာဝသယံဇာတ အရင်းအမြစ်များ နည်းပါးတဲ့အပြင် စိုက်ပျိုးနိုင်တဲ့မြေအကျယ်အဝန်းကလည်း ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။ ပထဝီအနေအထားအရ စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးလုပ်ဖို့ ခက်ခဲတဲ့အတွက် ကိုရီးယားလူမျိုးများအဖို့ အသက်ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် အစဉ်အမြဲ ရုန်းကန်လှုပ်ရှားခဲ့ရပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံများရဲ့ ကျူးကျော်ရန် စမှုကိုလည်း ရာစုနှစ်ပေါင်းများစွာ ခံခဲ့ရတဲ့အပြင် အိမ်နီးချင်း ဂျပန်နိုင်ငံရဲ့နှစ်ပေါင်းလေးဆယ်နီးပါး ကိုလိုနီနိုင်ငံအဖြစ် ရက်ရက်စက်စက် ကျွန်ပြုခြင်းကို ခံခဲ့ရပါတယ်။ ဒီကြားထဲက ကိုရီးယားလူမျိုးတွေဟာ မိမိရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံ၊ ကိုယ်ပိုင်ဟန်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ခဲ့တာ အင်မတန်မှ ချီးကျူးစရာကောင်းပါတယ်။
၁၉၅၀-၁၉၅၃ ခုနှစ်တောင်၊ မြောက်ကိုရီးယားနှစ်နိုင်ငံစစ်ပွဲကြီးမှာတော့ တိုင်းပြည်ဟာ ထောင်းလ မောင်းကြေကျန်ခဲ့ရပါတယ်။ ကိုရီးယားစစ်ပွဲကြီးကြောင့် ခန့်မှန်းခြေ အရပ်သား နှစ်သန်းကျော်သေခဲ့ ရပြီး သိန်းပေါင်းများစွာသော ပြည်သူပြည်သားများ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ စစ်ကာလအတွင်းမှာ မိသားစုတွေ ကစဉ့်ကလျား တကွဲတပြားဖြစ်ကုန်ကြတယ်။၊ စစ်ပွဲရပ်ဆိုင်းဖို့ သဘောတူလက်မှတ်ထိုး ပြီးတဲ့အခါမှာတော့ ကိုရီးယားကျွန်းဆွယ်ဟာ နှစ်ပိုင်းကွဲသွားပြီး ပြည်သူအတော်များများဟာ ဆွေမျိုးမိတ်ဆွေသင်္ဂဟများနဲ့ ကွဲကွာသွားခဲ့ကြရတာ ယခုတိုင်ပါပဲ။ တိုင်းပြည်ရဲ့ အခြေအနေဟာလည်း အလုပ်အကိုင်မရှိ၊ စားစရာကလည်း နတ္ထိနဲ့ ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံတွေ့ခဲ့ကြရပြန်တယ်။
ထိုစဉ်ကာလမှာ ကိုရီးယားနိုင်ငံသားတွေဟာ အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုတွေကို ဒူးမထောက်၊ လက်မမြှောက် ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပိုမိုသာယာဝပြောသော ဘဝတစ်ခုမှာ နေထိုင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့ကြရပါတယ်။ မိသားစုအတွက်၊ တိုင်းပြည်အတွက်အနစ် နာခံပေးဆပ်ခဲ့ကြတယ်။ ထောင်ပေါင်းများစွာသော ကိုရီးယားနိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားမှာ သတ္တု တွင်းအလုပ်သမားများ၊ ဆောက်လုပ်ရေးအလုပ် သမားများအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ကြရသလို ထောင်ပေါင်းများစွာသော အမျိုးသမီးတွေဟာလည်း သူနာပြုဆရာမများအဖြစ် သွားရောက်အမှုထမ်းခဲ့ကြရတယ်။ ကိုရီးယားနိုင်ငံဟာ သူတို့ပြန်ပို့တဲ့ငွေ များကြောင့် ဒေဝါလီခံရမယ့်ဘေးက လွတ်ကင်းခဲ့ရသလို သူတို့မိသားစုဝင်များဟာလည်း ထမင်းဝပြီး စာဖြောင့်ဖြောင့်သင်နိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကိုရီးယားသမ္မတနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာ ခဲ့ပါပြီ။ ဆဲလ်ဖုန်းများ၊ ကွန်ပျူတာသုံး တစ်ပိုင်း လျှပ်ကူးပစ္စည်းများ၊ ဧရာမသင်္ဘောကြီးများ၊ ဇိမ်ခံ မော်တော်ကားများကို ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ထူးချွန်တဲ့ အားကစားသမားများ၊ အနုပညာရှင်များ၊ ဂီတ ပညာရှင်များ၊ သိပ္ပံပညာရှင်များစွာဟာလည်း ကမ္ဘာတစ်လွှားမှာ ထင်ရှားကျော်ကြားလာခဲ့ကြပါပြီ။
တစ်ချိန်က အိမ်နီးချင်း ဂျပန်နိုင်ငံရဲ့နှစ်ပေါင်း လေးဆယ်နီးပါး ကိုလိုနီနိုင်ငံအဖြစ် ရက်ရက်စက် စက်ကျွန်ပြုခံခဲ့ရတဲ့အပြင် စစ်ဘေးစစ်ဒဏ်ကြောင့် ကုန်းကောက်စရာ မကျန်အောင် ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နိုင်ငံငယ်လေး၊ ၁၉၆၀ ပြည့်နှစ် ကာလအထိ တစ်မျိုးသားလုံး ထုတ်ကုန်တန်ဖိုးက တစ်နှစ်မှ အမေရိကန်ဒေါ်လာ ၈၀ မျှသာရှိခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံး ဂါနာ၊ ဆူဒန်နိုင်ငံတို့နဲ့ တန်းတူသာသာရှိခဲ့တဲ့ နိုင်ငံလေး၊ လျှပ်စစ်နဲ့ရေပိုက်စနစ်က ကြေးရတတ် လူတန်းစားတို့ရဲ့ဇိမ်ခံပစ္စည်းသာဖြစ်ခဲ့ပြီး အထက်တန်းလွှာလောက်သာ ကိုယ်ပိုင်ကားစီးနိုင်ခဲ့တဲ့ ကိုရီးယားသမ္မတနိုင်ငံဟာ ယနေ့ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ဘယ်လိုပေါ်ထွန်း ဖြစ်တည်လာခဲ့သလဲ၊ အချိန်တိုအတွင်း ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံအဖြစ်ကို ဘယ်လိုတက်လှမ်းနိုင်ခဲ့ပါသလဲ။
ဟွန်ဒိုင်းကုမ္ပဏီရဲ့ဥက္ကဋ္ဌကြီး ချွန်ဂျူးယွန်ကတော့ “ကျွန်တော်တို့ အောင်မြင်မှုများ ရရှိခဲ့ကြခြင်းမှာ ကျွန်တော်တို့ပြည်သူများ၏ အလုပ်ကြိုးစား လိုသောစိတ်ဓာတ် အခြေခံများနှင့် လုံ့လဝီရိယစိုက် ထုတ်ခဲ့ကြသောကြောင့်သာ ဖြစ်ပါသည်။ သူတို့သည် သူတို့၏စိတ်ဓာတ်စွမ်းပကားများကို စိုက်ထုတ်ပြီး အလုပ်လုပ်ခဲ့ကြပါသည်။ ပြင်းပြသော ယုံကြည်မှုများက သူတို့၏အနိုင်မခံ အရှုံးမပေးသော ကြိုးပမ်းမှုများကို ဖန်တီးပေးခဲ့ကြပါသည်။ ဤသည်မှာ ထူးခြားဆန်းပြားမှုဟူသမျှကို နိုင်နင်းစေသော သော့ချက်တစ်ခုသာဖြစ်ပါသည်။ လူသားတိုင်းတွင် တိုင်းတာ၍မရနိုင်သော စွမ်းပကားများကို ပိုင်ဆိုင် ကြပါသည်”လို့ ဆိုခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်မှာပဲ ဟွန်ဒိုင်းကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ကိုရီးယားသမ္မတနိုင်ငံသမ္မတအဖြစ် တက်လှမ်းနိုင်ခဲ့သူ သမ္မတအီမြောင်ဘတ်ကလည်း ငယ်စဉ်ဘဝကတည်းက အလုပ်နဲ့လက်ပြတ်တဲ့ အချိန်ရယ်လို့ မရှိခဲ့ဘဲ အလုပ်ဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ “ထိုခေတ်ထိုကာလက ကျွန်တော်တို့ အသည်းအသန် လိုလားတောင့်တ သည်မှာ ပိုမိုသာယာဝပြောသော ဘဝတစ်ခုတွင် နေထိုင်ရှင်သန်ဖို့နှင့် ထိုဘဝမျိုးရအောင် အသည်း အသန်ကြိုးစားရေးသာ ဖြစ်၏။ အဆိုပါ ပြင်းပြသောဆန္ဒနှင့် ဇွဲမာန်များကြောင့်ပင်လျှင် လူအများက မဖြစ်နိုင်ဟုထင်ထားသည့် အရာများကို ကျွန်တော်တို့ စွမ်းဆောင်နိုင်ခြင်းဖြစ်ပါသည်”လို့လည်း ဆိုပါတယ်။
သမ္မတ ပတ်ချွန်ဟီးကလည်း ထိုခေတ်ထိုကာလမှာ နိုင်ငံတစ်ဝန်းလုံး နိုးကြားတက်ကြွ လာစေရေးအတွက် ကြွေးကြော်သံအမျိုးမျိုး၊ အထိမ်းအမှတ်နေ့အမျိုးမျိုးကို သတ်မှတ်ပေးခဲ့ပါ တယ်။ ၁၉၆၆ ခုနှစ်ကို အလုပ်ကြိုးစားမှုနှစ်အဖြစ် သတ်မှတ်ခဲ့သလို “တိုက်ခိုက်ရင်း အလုပ်လုပ်၊ အလုပ်လုပ်ရင်းတိုက်ခိုက်” ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြွေးကြော်သံအဖြစ် ကျင့်သုံးခဲ့ပါတယ်။
ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းရောက် ကုမ္ပဏီကြီးတိုင်းလိုလိုမှာလည်း ဆဟွန်းခေါ် ကြွေးကြော်သံများ ကိုယ်စီရှိကြပါတယ်။ အယ်လ်ဂျီကုမ္ပဏီက “ညီညွတ်ရေး”၊ ဒေဝူးက “တီထွင်ဖန်တီးရေး၊ စိန်ခေါ် ရေးနှင့် စွန့်လွှတ်အနစ်နာခံရေး”၊ ဆမ်ဆောင်းက “လူတစ်ဦးချင်းကို လေးစားရေး၊ တီထွင်ကြံဆရေးနှင့် တာဝန်ယူလုပ်ကိုင်တတ်ရေး”စတဲ့ ကြွေးကြော်သံ ဆောင်ပုဒ်ကိုယ်စီကိုင်စွဲထားကြပါတယ်။
ဟွန်ဒိုင်းကုမ္ပဏီကတော့ “တီထွင်ဖန်တီးသည့် ဉာဏ်ပညာ၊ ခိုင်မာသော စိတ်ဓာတ်၊ အနိုင်မခံ အရှုံး မပေးသော မောင်းနှင်အား”ဆိုတဲ့ ကြွေးကြော်သံဆောင်ပုဒ်ကို ဟွန်ဒိုင်းစိတ်ဓာတ် သုံးရပ်အဖြစ် ကိုင်စွဲခဲ့ပါတယ်။ ဟွန်ဒိုင်းကုမ္ပဏီရဲ့ အကြီးတန်းအမှုဆောင် လူကြီးတစ်ဦးရဲ့ “ကျွန်တော်ဟာ တစ်နေ့ကို ၁၆ နာရီ၊ တစ်ပတ်ကို ခုနစ်ရက်နှုန်းနဲ့ ၁၆ နှစ်လုံး အလုပ်လုပ်ခဲ့ပါတယ်။ အားလပ်ရက်ဆိုလို့ တစ်ရက်မျှမရှိခဲ့ပါဘူး။ ကျွန်တော်တို့ မမှုပါဘူး။ ဥက္ကဋ္ဌကြီးကလည်း အလုပ်လုပ်ကြဖို့ပဲ တောင်းဆိုပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကိုကြည်ညို လေးစားကြပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ဆရာကောင်းပါ”ဆိုတဲ့ ဖွင့်ဟဝန်ခံချက်ကလည်း ဟွန်ဒိုင်း စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေပါတယ်။
လက်ရှိကာလမှာလည်း ကိုရီးယားနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာရင်ပဲဖြစ်ဖြစ်၊ ကိုရီးယားဇာတ်လမ်းတွဲတွေမှာပဲဖြစ်ဖြစ် ကုမ္ပဏီကြီးများ၊ ကုန်တိုက်ကြီးများ၊ စူပါမားကက်ကြီးများမှအစ လမ်းဘေးခေါင်းရွက်ဗျပ်ထိုး ဈေးသည်များအဆုံး ညဉ့်နက်သန်းခေါင်အထိ လုပ်ကြကိုင်ကြ၊ ရောင်းကြဝယ်ကြနဲ့ နာရီနဲ့အမျှ အလုပ်လုပ်နေကြတာ၊ အလုပ်ရှုပ်နေကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဟွန်ဒိုင်းကုမ္ပဏီဥက္ကဋ္ဌကြီး ချွန်ဂျူးယွန်ရဲ့ “ကျွန်တော်တို့တစ်တွေသာ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား လုပ်မနေကြဘူးဆိုရင် အခွင့်ကောင်း အခါကောင်းတွေ ရောက်လာတဲ့တိုင်အောင် လက်လွတ်ဆုံးရှုံးသွားခဲ့ကြမှာ သေချာတယ်။ ကျွန်တော်တို့ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ ကျွန်တော်တို့ အမှန်တကယ်ပဲ အလုပ်ကြိုးစားခဲ့ကြပါတယ်”ဆိုတဲ့ ဖွင့်ဟပြောကြားချက်ကလည်း တစ်ချိန်က ကျွန်မတို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ကြားခဲ့တဲ့ “ပဒေသာပင် မြေကပေါက် မလာနိုင်ဘူး။ ကျွန်တော်တို့အလုပ်လုပ်မှ ပေါက်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။ ကျွန်တော်တို့မှာ သုညကစပြီး အကုန်လုံးပြန်ပြီး အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဖြစ်တော့ တခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျုပ်တို့က ခြေလှမ်း လေးငါးဆယ်လှမ်း လှမ်းမှ နောင် ၁၀ နှစ်၊ ၁၅ နှစ်လောက်ကြာလို့ရှိရင် တန်းတူညီတူ ဖြစ်နိုင်မယ်”စတဲ့ မှာကြားချက်ကို ပြန်ပြောင်းအမှတ်ရစေပါတယ်။
ဒါကြောင့်မို့ မြန်မာလူငယ်မောင်မယ်တွေ အပါအဝင် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ကိုရီးယား ဇာတ်လမ်းတွဲများမှတစ်ဆင့် အကျိုးရှိရာ အကျိုးရှိကြောင်း ကောင်းနိုးရာရာကိုရယူရုံမက ကိုရီးယား နိုင်ငံရဲ့အတိတ်သမိုင်းနဲ့လက်ရှိဖြစ်တည်မှု အခြေအနေများကိုလည်း လေ့လာဆင်ခြင်၊ သင်ခန်းစာ ရယူပြီး ကိုယ့်မိသားစု၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံ ကြီးပွားချမ်းသာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တလွဲဆံပင်ကောင်းမနေကြဘဲ လုပ်အားပြဖို့ အချိန်တန်ပါပြီ။ ။
ကိုးကား - ရဲမြလွင်၏ “ကိုရီးယားတွင် လုပ်သည် သို့မဟုတ် ဟွန်ဒိုင်း၏ ချွန်ဂျူးယွန်”
ခင်သန်းမြင့်