Skip to main content

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတည်ဆောက်ခြင်း

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် အလုပ်သမားများအတွက် လည်းကောင်း၊ လုပ်ငန်းများအတွက်လည်းကောင်း၊ နိုင်ငံအတွက်လည်းကောင်း အလွန်အရေးကြီးသဖြင့် နိုင်ငံတိုင်းတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်ခြင်း၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ချမှတ်၍ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာယဉ်ကျေးမှု (Occupational Safety and Health Culture) တည်ဆောက်ခြင်း လုပ်ငန်းကိုပါ နိုင်ငံများတွင် ချမှတ်ဆောင်ရွက်လာခဲ့ကြပါသည်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖန်တီးတည်ဆောက်

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုဆိုသည်မှာ အဖွဲ့အစည်းအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၏ အရေးပါမှုအပေါ် ယုံကြည်မှု၊ တန်ဖိုးထားမှုစသည့် စိတ်နေစိတ်ထားများကို လေ့ကျင့်ပျိုးထောင်ပေးပြီး အန္တရာယ်များ မဖြစ်ပွားစေရေးဆောင်ရွက်ရာ၌ အားလုံးတွင် တာဝန်ရှိသည်ဟူသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်လာစေရေး ဖန်တီးတည်ဆောက်ပေးခြင်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဖွဲ့အစည်း ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာဟူ၍ ခွဲခြားဆောင်ရွက်ရသည်။ အဖွဲ့အစည်း ပိုင်းဆိုင်ရာအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာမူဝါဒ၊ လုပ်ထုံး လုပ်နည်းနှင့်နည်းစနစ်များကို ချမှတ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအနေဖြင့် လူတစ်ဦးချင်းစီ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအပါ် စိတ်ပါဝင်စားမှု၊ တန်ဖိုးထားမှုများကို မြှင့်တင်ပေးခြင်း၊ အပြုအမူပိုင်းဆိုင်ရာအနေဖြင့် လူတစ်ဦးချင်းစီ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အပြုအမူများအပေါ် လေ့ကျင့်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ရပါသည်။ အပြုအမူပိုင်းမှတစ်ဆင့် အလေ့အကျင့်ပိုင်းကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် အလေ့အထပိုင်းဖြစ်ပေါ်အောင် ဆောင်ရွက်ရသဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတည်ဆောက်ခြင်းသည် အချိန်ယူ၍ ဆောင်ရွက်ရသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတည်ဆောက် ရာတွင် အဆင့်သုံးဆင့် သတ်မှတ်ဆောင်ရွက်ရပြီး ပထမအဆင့်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များကို လိုက်နာမှုမရှိပါက အန္တရာယ် များ ဖြစ်ပွားမည်ကိုသိရှိခြင်း၊ ဒုတိယအဆင့်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ အတိုင်းလိုက်နာသဖြင့် အန္တရာယ်ဖြစ်ပွားမှုများ သိသိသာသာလျော့နည်းသွားခြင်း၊ တတိယအဆင့်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များနှင့်အညီ အဆင့်အလိုက် တာဝန်ယူလုပ်ကိုင်နိုင် သဖြင့် အန္တရာယ်ဖြစ်ပွားမှုများ အလွန်ပင်လျော့နည်းသွားခြင်းတို့ ဖြစ်ပါသည်။

အဆိုပါ အဆင့်အလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အပြုအမူပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းစေရေး၊ လုပ်ငန်းခွင်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းစေရေးတို့ကို အကောင်အထည်ဖော်လုပ်ကိုင်ရမည်ဖြစ်ပါသည်။ အပြုအမူပိုင်းသည် ထိန်းချုပ်ရန်ခက်ခဲပြီး အန္တရာယ်မကင်းသည့် ဆောင်ရွက်မှုများကြောင့် လုပ်ငန်းခွင်ထိခိုက်မှုနှင့် လုပ်ငန်းခွင်ဆိုင်ရာရောဂါများ အများဆုံးဖြစ်ပွားသဖြင့် စနစ်တကျဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ အပြုအမူပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ Behavioural Safety Programme များ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အန္တရာယ်မကင်းသည့် လုပ်ငန်းခွင်အခြေအနေများကြောင့် လုပ်ငန်းခွင်ထိခိုက်မှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများဖြစ်ပွားလေ့ရှိ၍ ကာကွယ်ထိန်းချုပ်မှုများကို ဆောင်ရွက်ရန် လိုအပ်သည်။ လုပ်ငန်းခွင်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းစေရေးအတွက် Risk Assessment ပြုလုပ်ခြင်း၊ စစ်ဆေးရေးစီမံချက်များ ချမှတ်၍စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များအပေါ် ပြုပြင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အပြုအမူပိုင်းနှင့် လုပ်ငန်းခွင်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးဆောင်ရွက်ရပါမည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကျင့်သုံးရာတွင် မူဝါဒများ ချမှတ်ခြင်း၊ အဖွဲ့ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း၊ စစ်ဆေးသုံးသပ်ခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ပြုပြင်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ကိုင်ရန် လိုအပ်ပါသည်။အဆိုပါ လုပ်ငန်းများကို အစီအစဉ်များချမှတ်ခြင်း (Plan)၊ လုပ်ကိုင်ဆောင်ရွက်ခြင်း (Do)၊ စစ်ဆေးဆောင်ရွက်ခြင်း (Check)၊ ပြုပြင်လုပ်ကိုင်ခြင်း (Act) ဟူ၍ အဆင့်လေးဆင့်ခွဲခြား၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာယဉ်ကျေးမှု တည်ဆောက်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာ ဦးဆောင်မှုပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အသိပညာမြှင့်တင်ပေးခြင်း၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်း၊ ပူးပေါင်းပါဝင် လုပ်ကိုင်စေခြင်း၊ အသိအမှတ်ပြုခြင်းတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာယဉ်ကျေးမှု တည်ဆောက်နိုင် စေရေးအတွက် ဦးဆောင်မှုပေးခြင်းကဏ္ဍတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ ရေးဆွဲထုတ်ပြန်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကိုလည်းကောင်း၊ စီမံခန့်ခွဲခြင်းကဏ္ဍတွင် စစ်ဆေးစည်းကြပ်ခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို လည်းကောင်း၊ အသိပညာမြှင့်တင်ပေးခြင်းကဏ္ဍတွင် စစ်ဆေးရေးအရာရှိများ၊ အလုပ်ရှင်၊ စီမံခန့်ခွဲသူနှင့် အလုပ်သမားများအား သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ အသိပညာပေးခြင်း၊ ဆွေးနွေးပွဲများနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့အခမ်းအနားများ ကျင်းပပြုလုပ် ပေးခြင်းတို့ကိုလည်းကောင်း၊ သတင်းအချက်အလက်များမျှဝေခြင်းကဏ္ဍတွင် လမ်းညွှန်စာစောင်၊ လက်ကမ်းစာစောင်၊ ပိုစတာနှင့် စတစ်ကာများ ဖြန့်ဝေပေးခြင်းတို့ကိုလည်းကောင်း၊ အပြန်အလှန်ဆက်သွယ်ခြင်းကဏ္ဍတွင် အလုပ်ရှင်၊ အလုပ်သမားများ၊ သက်ဆိုင်ရာဌာနများ၊ ပြင်ပ ကျွမ်းကျင်သူများ၊ ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

ထို့ပြင် ပူးပေါင်းပါဝင်လုပ်ကိုင်စေခြင်း ကဏ္ဍတွင် စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများဖွဲ့စည်း၍ အလုပ်ရှင်၊ စီမံခန့်ခွဲသူများနှင့် အလုပ်သမားများကို ပူးပေါင်းလုပ်ကိုင်စေခြင်း၊ သက်ဆိုင်ရာဌာနများ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ ပြင်ပကျွမ်းကျင်သူများ ပါဝင်သည့် အမျိုးသားအဆင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကောင်စီဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခြင်း တို့ကိုလည်ကောင်း၊ အသိအမှတ်ပြုခြင်းကဏ္ဍတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုကောင်းမွန်သည့် လုပ်ငန်းများကို အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုများ ပေးအပ်ချီးမြှင့်နိုင်ရန်အတွက် နှစ်နှစ်လျှင်တစ်ကြိမ် ဆုရွေးချယ်ပေးခြင်းကိုလည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၃၀-၉-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် လက်ခံကျင်းပခဲ့သည့် (၄) ကြိမ် မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN OSHNET Excellence Award) ကို မြန်မာနိုင်ငံမှ Apache ဘိလပ်မြေစက်ရုံက လည်းကောင်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် အလေ့အထကောင်းများဆု (ASEAN OSHNET Best Practices Award) ကို ရွှေဖီဦးလက်‌ဖက်ခြောက်စက်ရုံကလည်းကောင်း ဆုများအသီးသီးရရှိခဲ့သည်။

အခြေခံလုပ်ငန်းစဉ်များ တူညီမှုရှိ

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတည်ဆောက်ရာတွင် နိုင်ငံအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊ လုပ်ငန်းများအနေဖြင့် လည်းကောင်း ခွဲခြား၍ ဆောင်ရွက်ရသော်လည်း အခြေခံလုပ်ငန်းစဉ်များသည် တူညီမှုရှိပါသည်။ အဖွဲ့အစည်းများနှင့် လုပ်ငန်းများအနေဖြင့် ဦးဆောင်မှုပေးခြင်းကဏ္ဍတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ စည်းမျဉ်း၊ စည်းကမ်း များချမှတ်ခြင်းကိုလည်းကောင်း၊ စီမံခန့်ခွဲခြင်းကဏ္ဍတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးဆိုင်ရာ အစီအမံများရေးဆွဲ၍ အကောင်အထည်ဖော်ခြင်းကိုလည်းကာင်း၊ အသိ ပညာမြှင့်တင်ပေးခြင်းကဏ္ဍတွင် လေ့ကျင့်သင်ကြားပေးခြင်း၊ အသိပညာပေးခြင်းတို့ကို လည်းကောင်း၊ သတင်းအချက်အလက်များ မျှဝေခြင်းကဏ္ဍတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်သည့်အချက်အလက်များ၊ လုပ်ငန်းနှင့်သက်ဆိုင်သည့် အချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ကိုလည်းကောင်း၊ အပြန်အလှန် ဆက်သွယ်ခြင်းကဏ္ဍတွင် အလုပ်ရှင်၊ စီမံခန့်ခွဲသူများနှင့် အလုပ်သမားများအကြား အပြန်အလှန် ဆက်သွယ်နိုင်စေရေး ဆောင်ရွက်ထားရှိခြင်းကိုလည်းကောင်း၊ ပူးပေါင်းပါဝင်လုပ်ကိုင်စေခြင်း ကဏ္ဍတွင် အလုပ်ရှင်၊ စီမံခန့်ခွဲသူများနှင့် အလုပ်သမားများ ပူးပေါင်းပါဝင်လုပ်ကိုင်နိုင်စေရေး ဆောင်ရွက်ထားရှိခြင်းကိုလည်းကောင်း၊ အသိအမှတ်ပြုခြင်းကဏ္ဍတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှု ကောင်းမွန်သူများအား အသိအမှတ်ပြုခြင်းကို လည်းကောင်း ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုကို ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီနှင့် လုပ်ငန်းများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုကို တည်ဆောက်ခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှုနှင့် လုပ်ငန်းခွင် ဆိုင်ရာရောဂါရရှိမှုများ လျော့နည်းသွားခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုနည်းပါးခြင်း၊ အလုပ်သမားများ၏ ယုံကြည်အားကိုးမှုရရှိခြင်း၊ အလုပ်သမားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင် ပေးနိုင်ခြင်း၊ လျော်ကြေးနှင့် ဆေးကုသစရိတ်များ လျော့နည်းသွားခြင်း၊ အာမခံကြေးများ သက်သာခွင့်ရရှိခြင်း၊ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာခြင်း၊ လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေး နိုင်ခြင်း၊ ကောင်းသတင်းကျော်စောခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူများကို ဆွဲဆောင်နိုင်ခြင်း၊ ထောက်ပံ့ ချီးမြှင့်မှုများရရှိခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတည်ဆောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိပြီး လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြု သဖြင့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီနှင့် လုပ်ငန်းများအနေဖြင့် မိမိတို့နှင့် လိုက်လျောညီထွေရှိသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးနိုင်စေရေး တိုက်တွန်းရေးသားအပ်ပါသည်။        ။

ဆုမြတ်သဇင် (အလရ)