Skip to main content

ရိုးရာဖြင့် မျိုးဆက်ပါ

ကိုဇော်ဌေး(ယဉ်ကျေးမှု)

သိမ်မွေ့နူးညံ့သည့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်များ ထွန်းကားခဲ့ကြောင်း ခရစ်နှစ် ၈၀၂ ခုနှစ်တွင် ပျူအနုပညာရှင် ၃၅ ဦးပါဝင်သောအကအဖွဲ့ တရုတ်နိုင်ငံ ချန်အန်းမြို့သို့ သွားရောက် ခဲ့သည့်မှတ်တမ်းအရ သိနိုင်သည်။ ထိုအဖွဲ့ကို တရုတ်တို့က လှိုက်လှဲစွာကြိုဆိုခဲ့သည်။ တရုတ်ဘုရင်ခံ “ဝေကောင်း” သည် ပျူဂီတကို သင်္ကေတဖြင့်လည်းကောင်း၊ ပျူတို့၏ ကဟန်ကကွက်နှင့် တူရိယာများကို ရုပ်ပုံများရေးဆွဲ၍လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ယင်းအကြောင်းကို ထန်မင်းဆက်သမိုင်းသစ်တွင် ဖော်ပြခဲ့ကြသည်။ ပျူတီးဝိုင်းတွင် တူရိယာပစ္စည်း ၂၂ မျိုးပါရှိပြီး သံစဉ်ခုနစ်မျိုးဖြင့် တီးမှုတ်၍ရသည့် ပလွေတူရိယာလည်းပါရှိကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့နိုင်သည်။ ဖော်ပြချက်များအရ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းကပင် သံစဉ်ခုနစ်ပါးကို အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။ တူရိယာပစ္စည်းအားဖြင့်လည်း စုံစုံလင်လင်ဖြင့် အဆင့်မြင့်စွာအသုံးပြုနိုင်ခဲ့သည်မှာ ထင်ရှားသည်။

ပြည်မှော်ဇာအရပ်တွင် တွေ့ရသည့် သရေခေတ္တရာခေတ် အုတ်ခွက်တစ်ခုမှ တစ်ကြောင်းဆွဲ ရုပ်ကြွတစ်ခုတွင် ကခုန်နေကြသော လူသုံးဦးကို တွေ့မြင်ရသည်။ လက်ယာဘက်ရှိ လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ယှဉ်တွဲလျက်၊ လက်ဝဲဘက်ရှိ အမျိုးသားက မိမိလက်ယာဘက်မှ အမျိုးသမီး၏လည်ပင်းကို ဖက်လျက်ကခုန်နေကြသည်။ အကပညာနှင့် ပတ်သက်၍ အစောဆုံးသောအထောက် အထားပင်ဖြစ်သည်။ ကချေသည်တို့၏ ကခုန်ဟန်ကို လောကနန္ဒာစေတီ မလှမ်းမကမ်းရှိ ရွှေဖက်လိပ်၊ ငွေဖက်လိပ်စေတီ များရှိ အုတ်ခွက်အချို့၌လည်း တွေ့ရ သည်။

ပဲခူးခရိုင် ဝေါမြို့နယ် ကျုံတူးဘုရားမှ ရသော ရုပ်ကြွတစ်ခုတွင် ဗုံနှင့်သဏ္ဌာန် တူသောတူရိယာကို တီးမှုတ်လျက် ပျော်ပါးမြူးထူးနေသူ ခြောက်ဦးပါသော အကနှင့်ပတ်သက်သည့် အထောက် အထားကို ရခဲ့သည်။ အလယ်လူမှာ ဗုံကို လွယ်လျက်ကနေသည်။ ရှေ့ဆုံးတန်း သုံးဦးအနက် လက်ယာဘက်ဆုံးလူမှာ ဗုံ သို့မဟုတ် ပတ်သာကို တီးလျက်ရှိသည်။ လက်ဝဲဘက်ဆုံးလူကိုင်ထားသော တူရိယာမှာ မထင်ရှားလှချေ။

ပုဂံမြို့မြင်းကပါရွာ အပယ်ရတနာစေတီ အူတိုင်ဖောင်းရစ်တွင် အိန္ဒိယအမျိုးသားတစ်ဦး လင်းကွင်းတီးနေဟန် ဆေးရေးပန်းချီကားတစ်ခုကို တွေ့ရပြန် သည်။ ယင်းမှာ သက္ကရာဇ် ၅၅၉ ခုထိုး ပုဂံမြို့သူဌေးမုတ်ဂူဘုရားကျောက်စာလာ ‘ကုလာကခြိယ် ၅’ ဟူသောရေးသား ချက်ကို ထောက်ခံလျက်ရှိသည်။

ဆိုခဲ့သည့် ပုဂံခေတ်ရုပ်ကြွများ၊ နံရံဆေးရေးပန်းချီများ၊ သစ်သားပန်းပုများ၊ အုတ်ခွက်များမှလည်း ကဟန်အမျိုးမျိုး ကို တွေ့နေရ၍ ပုဂံခေတ်တွင် တူရိယာနှင့် တွဲဖက်လျက် ကခုန်မှုများ ပေါ်ပေါက် နေပြီဟုဆိုရမည်ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ပန်းတမော့ စသည့်ပန်းဆယ်မျိုး ပညာရပ်တွင် ခြူးပန်း၊ခြူးနွယ်၊ ကနုတ်တို့သည် အဝန်းအဝိုင်းများဖြင့် သွဲ့ပျောင်းနွဲ့နှောင်း ချိတ်ဆက်ကာ လှပနေကြဟန်သည် မြန်မာအက၏ပုံရိပ်နိမိတ်များပင် ဖြစ်လာတော့သည်။

အေဒီ ၁၃ ရာစုတွင် စတင်လာသည့် ပထမအင်းဝခေတ်ဟုမည်တွင်သည့် မြင်စိုင်း၊ ပင်းယခေတ်များတွင် ကဗျာ၊ လင်္ကာ၊ တေးသီချင်းများ ပိုမိုထွန်းကား လာခဲ့သည်။ ဘုရင်မင်းများ၊ မင်းညီ မင်းသားများကိုယ်တိုင် အနုပညာ လိုက်စားခဲ့သည်ကိုလည်း တွေ့ရသည်။ ငါးစီးရှင်ကျော်စွာ၏ တျာချင်း၊ ကာချင်းများသည် သက်သေပင်ဖြစ်သည်။ ငါးစီး ရှင်ကျော်စွာကိုယ်တိုင် ရေးဖွဲ့သီဆိုပြီး စွမ်းရည်ပြအကများ ကခုန်ခဲ့သည်ကိုလည်း တွေ့ရသည်။ ကာကဆိုသည်မှာ ဗန်းငယ်ကဲ့သို့ ခပ်ဝိုင်းဝိုင်း ပုံသဏ္ဌာန်ရှိသောကာကို လက်နှစ်ဖက် ဖြင့်ကိုင်လျက် ကခုန်ရသောအတတ် ပညာပင်ဖြစ်သည်။ အတူကသူတို့ကဓား၊ လှံတို့ဖြင့် ထိုးခုတ်သည်ကို မထိရ လေအောင်ကာကွယ်၍ ကရသောလေ့ကျင့်မှုတစ်ရပ်ကို ကာအကဟု ခေါ်ခြင်းဖြစ်သည်။ သီဆိုသောသီချင်းကိုမူ ကာချင်းဟုခေါ်သည်။ ပင်းယဘုရင်သီဟသူ၏ မြင်းခင်းတော်အဖွဲ့အနွဲ့ ဖြစ်သည့် “ခါးပတ်တော်မှာ ရွှေချည်စုံ” ဟူသည့်သီချင်းသည် အဆို၊ အရေးပညာများ ဖွံ့ဖြိုးနေကြောင်း ပြောပြခြင်းပင် ဖြစ်သည်။

ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ်တွင် အဆို၊ အကများပါဝင်သည့် ပြဇာတ် စတင်ပေါ်ပေါက်လာသည်။ နတ်ချင်းများ ရေးဖွဲ့သီကုံးပြီး ကဟန်မျိုးစုံဖြင့် ကခုန်လာကြသည်။ နတ်ချင်းများကို ရိုးရာသီချင်းများအဖြစ် ယနေ့တိုင်သတ်မှတ်သုံးစွဲ ကခုန်လျက်ရှိသည်မှာ မငြင်းနိုင်သောအချက်ပင်ဖြစ် သည်။ နတ်အကများ၊ နိပါတ်ခင်းအကများ၊ မြေဝိုင်းအကများသည် ထိုစဉ် ကာလကတည်းက နိုးထနေကြပြီး ဖြစ်သည်။ တစ်ပင်တိုင်အကနှင့် အငြိမ့်များပင် စတင်နေခဲ့ကြောင်းသုတေသီတို့က ကောက်ချက်ချကြသည်။

ယနေ့ထွန်းကားနေသည့် ဂီတပုံသဏ္ဌာန်သည် အင်းဝခေတ်တွင် စတင်အခြေတည်သည်ဟုလည်း ပြောလိုက ပြောနိုင်သည်။ တေးသီချင်းအနေဖြင့် စပ်ဆိုထားသည့်ကြိုး၊ ဘွဲ့၊ ယိုးဒယား၊ သီချင်းခံ စသည့်တေးသီချင်းများသည်လည်း အခြားတစ်ဖက်တွင် စာပေအနှုန်း အဖွဲ့၊ ရသ၊ အလင်္ကာတို့ဖြင့် ကြွယ်ဝလှသည့် ကဗျာ၊ လင်္ကာများဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာစာပေ၏ ခံ့ထည်မှု၊ ပရိယာယ်ကြွယ်ဝမှု၊ လှပသိမ်မွေ့မှုတို့ကို မဟာဂီတ တေးသီချင်းများအဖြစ် တွေ့မြင်လာကြရသည်။

မဟာဂီတကျမ်းများအဖြစ် အစောဆုံးပြုစုမှတ်တမ်းတင်သည့်ကျမ်းမှာ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၅၀ (ခရစ်နှစ် ၁၇၈၈) ခန့်က မုံရွေး ဆရာတော် အရှင်အရိယအာဒိစ္စရံသီ ပြုစုခဲ့သည့် “အခြင်းစုံ” ခေါ် “ဟာသဇဝန ဉာဏမဉ္စရီကျမ်း” ကြီးဖြစ်သည်ဟု ဆိုကြသည်။ ၎င်းကျမ်းသည် ပုံနှိပ်ကျမ်းအဖြစ်သို့ ရောက်မလာဘဲ ဘားနတ်ပိဋကတ် တိုက်ပေမူအဖြစ်သာ ရှိနေခဲ့သည်။ ကျမ်းပါသီချင်းတို့ကိုအခြင်းဟု ခေါ်ဆိုထားပြီး ၃၂၈ ခြင်း (သီချင်း ၃၂၈ ပုဒ်) ပါဝင်လေသည်။ ကြိုးဟောင်းများ၊ ဘွဲ့ သီချင်းများနှင့် သီချင်းခံတို့ကို ဖော်ပြ ထားရာ နှောင်းခေတ်မဟာဂီတကျမ်း တွင် မပါဝင်သောသီချင်းကြီးအများ အပြားတွေ့ရသည်။ အသံကို အမှတ်အသားပြုသော “တေဒူလေထံ ဒျန့်ဒျန့် ၊ တျောထပ်တျလေတည့်၊ တျောထပ်တျာ၊ တံတျာတေထပ်တျာ” စသည့် သင်္ကေတအက္ခရာများဖြင့် တစ်ပုဒ်လုံးရေးထားသောသီချင်းပုဒ်ရေ အတော်အတန်ပါရှိသည်။

မဟာဂီတ တေးသီချင်းများသည် အသံ၏ဟန်ပန်ခံ့ညားသလို စကားလုံး အဓိပ္ပာယ်ကလည်း လေးနက်သည်။ ဖျော်ဖြေမှုသက်သက်မဟုတ်ဘဲ အနု ပညာရသနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု ကိုပါ ဆွဲဆောင်ကြသည်။ အရေးအသားကို လေ့လာကြည့်ပါက စာဆိုတို့သည် လောကအရေး၊ ဓမ္မအရေး၊ ရာဇအရေးနှင့် လူမှုရေးနယ်ပယ်စုံအောင် နှံ့စပ်ကျွမ်းဝင် ကျင်လည်စွာ ရေးစပ်နိုင်ကြသည်။ ထို့ကြောင့် မြန်မာ့ဂီတသည် နယ်ပယ်စုံတွင် တွင်ကျယ်လာကြသည်။ ကျေးလက်ဒေသများတွင် မိုးခေါ်ပွဲ၊ လယ်ပုံချပွဲ၊ ကောက်ရိတ်သိမ်းပွဲ စသည့် လုပ်ငန်းခွင်ပွဲတော်များတွင် အဆို၊ အရေးဟု ပြောနိုင်သည့် ဂီတသည် ယှဉ်တွဲပါလာကြသည်။ ကိုးကွယ်မှု နယ်ပယ်ဖြစ်သည့် ဘာသာရေးပွဲတော် များဖြစ်သော သီတင်းကျွတ်ပွဲတော်၊ ညောင်ရေသွန်းပွဲတော်၊ ရဟန်းခံရှင်ပြု ပွဲတော်များတွင် အဆို၊ အက၊ အတီးများဖြင့် ထုံမွမ်းလာကြသဖြင့် မြန်မာ့အနု ပညာသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးစသည့် နယ်ပယ်အစုံစုံတွင် ဂုဏ်တင့်တယ်စွာဖြင့် မပါမဖြစ် ပါဝင်လာကြရသည်။ မြန်မာ့အနုပညာ ပါဝင်မှသာ အင်္ဂါစုံသည်ဟု ပြောသည် အထိ ခရီးပေါက်မြောက်ခဲ့သည်။

ပျူ၊ ပုဂံခေတ်တို့တွင် သန္ဓေတည် ပေါက်ဖွားခဲ့သည့် မြန်မာတို့၏ အဆို၊ အက၊ အရေး၊ အတီးဆိုင်ရာ အနုသုခုမ ပညာရပ်များသည် ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်တို့တွင် အထွန်းကားဆုံး၊ စည်ပင်တိုးတက်ဆုံးဟု ဂုဏ်ယူကာ ပြောနိုင်လာခဲ့သည်။ ထိုခေတ်၏ ယဉ်ကျေးမှုဟု ပြောကြလျှင် ထိုခေတ်၏ သဘင်ကိုပင် မျက်နှာစာအဖြစ်တင်ကာ ပြောခဲ့ကြသည်။ သဘင်ကိုပင် ကုန်းဘောင်ခေတ်က လေးမျိုးလေးစား ခွဲခြား၍ထားလေသည်။ ယင်းတို့မှာ-

အနိမ့်သဘင်

ထိုခေတ် မြေဝိုင်းသဘင်ကို ခေါ်ဆို ခြင်းဖြစ်သည်။ ယင်းတွင် ယောကျ်ား၊ မိန်းမနှစ်မျိုးပါဝင်သည်။ ကပြသော နေရာတွင် နတ်ပွဲများမပေးမီ ဖိနပ်မစီးကြရပေ။ စင်အမြင့်ဖြင့် မကပြကြရပေ။ အကြောင်းမှာ ဗုဒ္ဓဝါဒီ၏ထုံးစံအားဖြင့် သက်ကြီးဝါကြီးများက အောက်မှနေ၍ ကြည့်ကြသော် မတင့်တယ်သောကြောင့် ဖြစ်သည်။

အမြင့်သဘင်

ရုပ်သေးသဘင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ရုပ်သေးကို ကပြရာတွင် မိန်းမများမပါဝင်ကြဘဲ ယောကျ်ားများသာ ပါဝင်ကြသည်။ မင်းသားမင်းသမီး အားလုံးယောကျ်ားချည်းသာဖြစ်သည်။ ကြိုးဆွဲသူက တခြား၊ သီဆိုသူက တစ်ယောက်ဖြစ်သည်။

အတီးသဘင်

လက်ဖြင့် တီးခတ်ရသော တူရိယာနှင့် လေဖြင့်မှုတ်ရသော တူရိယာအမျိုး အစားအားလုံး ပါဝင်သည်။ အတီးသဘင်သည် ကနဦးကလူတို့ စည်းညီဝါးညီကိုယ့်ကိုယ်ရိုက်ခတ်ခြင်းမှ စတင်ခဲ့သည် ဟုဆိုကြသည်။ ပျူခေတ်တူရိယာ ၂၂ မျိုးကပင် အတီးသဘင်၏ မျိုးစေ့ဖြစ်ခဲ့ပုံရသည်။

အဆိုသဘင်

အသံအနိမ့်အမြင့်၊ အတိုအရှည်၊ အဆွဲအဟဲတို့ဖြင့် ပြွမ်းသော သီချင်းကြီး၊ သီချင်းခံ၊ ကြိုး၊ ပတ်ပျိုး၊ ဘွဲ့၊ ကဗျာ၊ လင်္ကာအစရှိသည်တို့ကို စည်းဝါးကျနသီဆိုမှုကို အဆိုသဘင်ဟု ခေါ်သည်။ ထို့ကြောင့်ပင် ကုန်းဘောင်ခေတ် အနုပညာသည် အရှိန်အဟုန်ကြီးစွာ ထွန်းကားခဲ့သည်။

ယနေ့တိုင် အရိပ်အငွေ့တို့ တင်ကျန်ဆဲဖြစ်သည်ကို လက်ခံကြသည်။ ထိုနှယ်အနုပညာရေစီးကြောင်းသည် ရှင်သန်စီးဆင်းလျက်ရှိနေခဲ့သည်။ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပညာများသည် ထိုနှယ်အစဉ်အလာကောင်းများဖြင့် ဖြစ်တည်လာခဲ့သည်။

သမိုင်းခရီးတွင်လည်း မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် မကွဲမပြား အမြဲထာဝရ ထပ်တူကျခဲ့သည်မှာလည်း ဂုဏ်ယူစရာပင်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကား သွားလာမှုများ ရှိခဲ့သော်လည်း တစ်ပါးနိုင်ငံ၏ ယဉ်ကျေးမှုများ ကူးစက်မခံခဲ့ရသည်ကိုလည်း တွေ့ရသည်။ မှီငြမ်းပြုသည်ဟု ဆိုနိုင်သောအရာများ ရှိလင့်ကစား မြန်မာအငွေ့သည် ကဲလွန်လျက်သာရှိ သည်။

တင့်တယ်ဝင့်ထည်ခဲ့သည့် မြန်မာ့ယဉ်ကျေးမှုတို့သည် ထီးနန်းပျက်သုဉ်းပြီး သူ့ကျွန်ဘဝရောက်ချိန်တွင် နှိမ့်ချဆက်ဆံခံရကာ လူတန်းစားခွဲခြားမှုကိုပါ ခံလာကြရသည်။ မြန်မာဘုရင်များလက်ထက်က အနုပညာရှင်များကို အမြတ်တနိုးပေးလေ့ရှိသည့် “မြစိမ်း ခွက်နှင့် ပွဲတော်ကျ” ကိုပင် “ဖက်ခွက်စား” ဟု နိမ့်ကျသည့်အဓိပ္ပာယ်ဖြင့် ချိုးနှိမ်ခေါ်ဝေါ်လာသည်အထိ သက် ရောက်ခဲ့သည်။ ထိုအခေါ်အဝေါ်သည် မြန်မာ့ဇာတိသွေး၊ ဇာတိမာန်နိမ့်ပါးစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းများ ကွယ်ပျောက်စေရန် အစီအစဉ်တကျ နှိပ်ကွပ်ကြသည့် လုပ်ရပ်များပင်ဖြစ်သည်။ နယ်ချဲ့တို့၏ သဘောသဘာဝအတိုင်း စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးဘက်ပေါင်းစုံက ချုပ်ကိုင်လာနိုင်ချိန်တွင် သူတို့၏ ယဉ်ကျေးမှုကို တဖြည်းဖြည်းလွှမ်းမိုးတွင်ကျယ်စေရန် သွတ်သွင်းလာကြ တော့သည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ စရိုက်တို့သည်လည်း မှေးမှိန်နိမ့်လျှော လာခဲ့ကြသည်။ ယဉ်ကျေးမှုဓလေ့စရိုက် နိမ့်လျှောခြင်းနှင့်အတူ အမျိုးဘာသာ၊ သာသနာနှင့်စိတ်ဓာတ်ရေးရာပိုင်းတို့တွင်ပါ ညှိုးနွမ်းပျက်စီးခဲ့ကြသည်။ ထို့ကြောင့်ပင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတစ်လျှောက်တွင် မျိုးချစ်စိတ်ဓာတ်ပြန်လည်ထွန်းကားရေး၊ အမျိုးဘာသာ၊ သာသနာပြန်လည်ထွန်းပြောင်ရေးနှင့် တိုင်းတစ်ပါး ယဉ်ကျေးမှုလွှမ်းမိုးခြင်းကို ကာကွယ်တားဆီးရေးတို့ကို အမျိုးသားရေးအမြင်ဖြင့် စတင်ကြိုးပမ်းခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်တော့သည်။

ကြိုးပမ်းမှုကြောင့်ပင် မြန်မာတို့၏ သဘင်ဂီတအနုပညာတို့သည် ပရမ်းပတာ စည်းလွတ်ဝါးလွတ်ဖြစ်သွားခြင်းမရှိခြင်းဖြစ်သည်။ အားနည်းချက်တချို့ ရှိနိုင်ကောင်းသော်လည်း ကိုယ်ပိုင်အနုပညာကို တန်ဖိုးထားချစ်မြတ်နိုးသော အမျိုးသားစိတ်ကြောင့် ဖြစ်သည်ဆိုက မှားမည်မဟုတ်ပါချေ။

ကမ္ဘာ့နိုင်ငံရေးမျက်နှာစာတွင် ရှေးယခင်ကဲ့သို့ လက်နက်စွဲကိုင်နယ်ချဲ့ခြင်းသည် မရှိသလောက်ပင်ဖြစ်သည်။ ယနေ့လူသားတို့၏ အသိဉာဏ်ပညာ ကြွယ်ဝခြင်း၊ အမြင်ကျယ်ခြင်း၊ နိုင်ငံအသီးသီး၌ ကာကွယ်ရေးကို စနစ်တကျလေ့ကျင့်ဖွဲ့စည်းထားခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ တည်ရှိခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းများကြောင့် ခေတ်သစ်ကိုလိုနီပြုသူများသည် အကျည်းတန်အရုပ်ဆိုးသော ပြုမူဆောင်ရွက်ခြင်းကို ရှောင်ရှားလာကြသည်။ စီးပွားရေးလက်ဝါးကြီးအုပ်ကာ အကျပ်အတည်းဖြစ်စေခြင်း၊ နိုင်ငံရေးရှုပ်ထွေးစေရန် ဝင်ရောက်ခြယ်လှယ် သပ်လျှိုခြင်း၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက် နေရာယူ၍ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ရိုးရာများ ပျက်စီးစေရန်ကြိုးပမ်းခြင်း၊ တိုင်းရင်းသားလူမျိုးများ ပျောက်ကွယ်စေရန် သွေးနှောမျိုးဖျက်ခြင်း၊ တိုင်းတစ်ပါးကို အားကျအထင်ကြီးကြစေရန် ဝါဒဖြန့်ခြင်း စသောနည်းပရိယာယ်များဖြင့် ရေရှည်စနစ်များကို ကျင့်သုံးလာကြသည်။ ထိုသို့သောအခြေအနေ အချိန်ကာလတွင် မြန်မာနိုင်ငံတွင်းသို့ တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက် လွှမ်းမိုးလာနေသည်မှာ မငြင်းဆိုနိုင် သောစကားဖြစ်သည်။ ဒီမိုကရေစီနှင့် အတူ စိမ့်ဝင်ပျံ့နှံ့လာသော အရေးအရာ ကိစ္စများများပြားလာလေသည်။ မျိုးဆက်သစ် လူငယ်များအနေဖြင့် မြန်မာ့အက၊ မဟာဂီတစသည့်ခက်ခဲနက်နဲ၍ သိမ်မွေ့သောအနုသုခုမ ရိုးရာအစစ်အမှန်ကို ထိတွေ့ခံစားခွင့်သည်လည်း အလှမ်းဝေးကွာသွားတော့သည်။ ထိုသို့အလှမ်းဝေးကွာသွားခြင်း မရှိစေရန်နိုင်ငံတော်က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပပေးလာခြင်းအား ကြိုဆိုရမည်သာဖြစ်သည်။ ကြိုတင် ကာကွယ်တားဆီးခြင်းသည် အကောင်း ဆုံးနည်းလမ်း ဖြစ်သည်ဟုလည်း လက်ခံမိသည်။

အမျိုးကိုဆက်ရန်မှာ အမျိုး(မျိုးရိုး)ရှိမှဖြစ်သည်။ အမျိုးမရှိဘဲ မျိုးမဆက်နိုင်။ အမျိုးဆိုသည်မှာ မိမိ၏လူမျိုး၊ မိမိ၏နိုင်ငံသာမက မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာ ဓလေ့ထုံးတမ်းများ အပါအဝင် မျိုးရိုးဇာတိကို ခေါ်ခြင်း ဖြစ်သည်။ တိုင်းတစ်ပါးသားသည်အမျိုး မဟုတ်ပေ၊ တိုင်းတစ်ပါးယဉ်ကျေးမှုသည် အမျိုးသားယဉ်ကျေးမှုမဟုတ်ပေ၊ တိုင်းတစ်ပါး ယဉ်ကျေးမှုဖြင့်လည်း မျိုးဆက်၍ ရမည်မဟုတ်ချေ။ မိမိကိုယ်ပိုင်ယဉ်ကျေးမှုနှင့်သာ မျိုးဆက်၍ရသည်ဆိုသည့် ဆရာစန္ဒရားလှထွဋ်၏ မြန်မာ့ဂီတရေစီးကြောင်းစာအုပ်ပါ ဆိုစကားအတိုင်း ရိုးရာအစဉ်အလာကို မြန်မာမျိုးရိုးပီသစွာ ဂုဏ်ယူမြတ်နိုး တန်ဖိုးထားကြစေကြောင်း တိုက်တွန်း လိုက်ရပါသည်။      ။

မှီငြမ်း

၁။ မြန်မာ့ ဇာတ်သဘင်သမိုင်း (မောင်သိန်းနိုင်)

၂၊ မြန်မာ့ ဂီတရေစီးကြောင်း (စန္ဒရားလှထွဋ်)