Skip to main content

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ သက်သေထူကာ ဖော်ထုတ်ပြသ၍ . . .

မောင်ငြိမ်းအေး

နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခဏာများ ကိုယ်စီရှိကြသည်။ မြင့်မားသည့် ယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံသည် ထိုနိုင်ငံ၏သမိုင်းနှင့်ချီ ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာ ဒြပ်ရှိ၊ ဒြပ်မဲ့ အထောက်အထားများအပြင် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမအစဉ်အလာများ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ရိုးရာအစဉ်အလာတို့သည် အဆိုပါနိုင်ငံ၏ ထူးခြားပေါ်လွင်သည့် အဓိကအသွင်အပြင်လက္ခဏာများ၊ မြတ်နိုးတန်ဖိုးထားဖွယ် ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာများဖြစ်သည်။

တိုင်းရင်းသားတေးသံ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အစဉ်အလာအားဖြင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်ခဲ့သည်ကို မြန်မာ့ဦးစွန်း ပျူခေတ်ကာလကတည်းက ပေါ်ထွန်းခဲ့သည့် အနုပညာ လက္ခဏာများဖြင့် သက်သေပြထားသည်။ ပျူယဉ်ကျေးမှု၊ ပုဂံယဉ်ကျေးမှုမှစ၍ ကုန်းဘောင်ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာကြီးမားကြောင်းကို ပြဆိုထားသည်။

ထီးနန်းဝန်းကျင်ဘွဲ့၊ ဘုန်းတော်ဘွဲ့၊ သဘာဝဘွဲ့၊ အချစ်ဘွဲ့၊ အလွမ်းဘွဲ့ စသည့်အကြောင်းအရာများကို ရေးဖွဲ့ထားသော ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယားစသည့် တေးဂီတအမျိုးမျိုး ပေါ်ထွန်းခဲ့သည်။ ဗုံကြီးသံ၊ စည်တော်သံ၊ အိုးစည်သံ၊ ဒိုးပတ်သံ၊ ကောက်စိုက်တေး၊ မောင်းထောင်တေး စသည်ဖြင့် သာမန်ပြည်သူတို့ကြားမှ ပေါ်ပေါက် လာသောတေးသံများ၊ မွန်သံ၊ ကရင်ဩသံ၊ ထားဝယ်ဒိန်း၊ ရခိုင်သံချပ်စသည့် တိုင်းရင်းသား တေးသံများလည်း ပေါ်ထွန်းခဲ့သည်။

ပြည်ထောင်စုစိတ်ဓာတ်

အမိပြည်ထောင်စုမြေပေါ်တွင် နေထိုင်ကြသည့် လူတိုင်းလူတိုင်းသည် အစဉ်အလာကြီးမားပြီး ဂုဏ်ရှိန်မြင့်မားခဲ့သော နန်းမူနန်းဟန် ယဉ်ကျေးမှုဓလေ့ ထုံးစံများသာမက သွေးချင်းသားရင်း လူမျိုးတို့၏ဇာစ်မြစ်၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုတို့ကိုလည်း သိရှိထားရန် လိုအပ်သည်။ အိမ်သားအချင်းချင်းသည် လည်းကောင်း၊ အိမ်နီးနားချင်း အချင်းချင်းသည်လည်းကောင်း၊ တစ်ဦး၏ စရိုက်၊ တစ်ဦး၏ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်ထားပါမှ ဆက်ဆံမှုပြေပြစ်ပြီး ရင်းနှီးချစ်ကြည်မှုများ တိုးပွားစေသည်။ ထို့ကြောင့် ရိုးရာဓလေ့ယဉ်ကျေးမှုဟူသည် ရင်းနှီးချစ်ကြည်စည်းလုံးမှုကို ဖြစ်စေသည့် ပြည်ထောင်စုစိတ်ဓာတ်ဟုပင် ဆိုရမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုလက္ခဏာများတွင် အနုသုခုမပညာရပ်များသည် စိတ်ခံစားမှုကဏ္ဍအဖြစ်ပါဝင်သည်။ အနုသုခုမပညာရပ်တို့သည် လူတို့၏ အတွင်းစိတ်သဏ္ဌာန်မှ ပေါ်ထွက်လာသည့် ခံစားချက်ကို လှစ်ဟ ပြသသည့် သိမ်မွေ့နက်နဲသော အနုပညာ တစ်ရပ်ဖြစ်သည်။ အတွင်းစိတ်သဏ္ဌာန်မှ ဖြစ်ပေါ်လာသော အနုပညာဖြစ်သည့် အလျောက် ယင်းအနုသုခုမပညာတို့ကို လေ့လာပါက ယင်းလူမျိုး၏အတွင်းစိတ် သဏ္ဌာန်ကို အလိုအလျောက် အကဲဖြတ်နိုင်ပြီး တိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကိုပါ ရိပ်စားမိနိုင်ပေမည်။

သက်သေထူပြနိုင်

တိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုစံကိုသိလိုသော် ထိုလူမျိုးတို့ ဖန်တီးခဲ့သည့် ဓလေ့စရိုက်များကိုကြည့်၍ အကဲဖြတ်နိုင်ကြပေသည်။ ယနေ့ဖန်တီးခဲ့သော ကောင်းမြတ်သည့် အစဉ်အလာ လက္ခဏာများသည် နောင်တစ်ခေတ်တွင် သမိုင်းအမွေအနှစ် မြတ်နိုးစရာများဖြစ်လာပါသည်။ အတိတ်သမိုင်းက ယဉ်ကျေးမှုအစဉ်အလာများသည် မျက်မှောက်ခေတ်တွင် တန်ဖိုးထား ဂုဏ်ယူမြတ်နိုးဖွယ်ရာများဖြစ်ပေသည်။ သက်ဆိုင်ရာခေတ်မှ လူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်လိုသောအခါ မျက်မှောက်ခေတ်ယဉ်ကျေး မှုလက်ရာများဖြင့်သာမပြီးဘဲ မိမိတို့ဘိုးဘေးဘီဘင်များ ချန်ထားရစ်ခဲ့သည့် သမိုင်းအမွေအနှစ်များကိုပါ သက်သေထူပြနိုင်မှ လုံလောက်မည်ဖြစ်သည်။

မိမိတို့ရိုးရာယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ မတိမ်ကောသေးကြောင်း၊ ရှင်သန်နေဆဲဖြစ်ကြောင်း၊ မြတ်နိုးတွယ်တာစရာ ဖြစ်နေသေးကြောင်း သက်သေထူပြနိုင်သော အခင်းအကျင်း ကြီးတစ်ရပ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးပင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းကြီး ပြောဆိုနိုင်ပြီဖြစ်ပါသည်။ ခေတ်ပေါ်ယဉ်ကျေးမှုများ အားကောင်းနေသောကာလ၌ တိမ်မြုပ်နေသော မြန်မာတို့၏ အစဉ်အလာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များကိုရှုလှည့် မြင်လှည့်ကြည့်လှည့်ကြပါက သိမ်မွေ့နက်နဲမှု၊ အနှစ်သာရရှိမှု၊ မြတ်နိုးတန်ဖိုးထားစရာဖြစ်မှုတို့ကို ကြုံတွေ့ခံစားကြမည်ဟု ညွှန်းဆိုချင် ပါသည်။

ယဉ်ကျေးမှုကိုမြတ်နိုး

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို ထုတ်ဖော်ပြသသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (၂၄)နှစ်၊ (၂၄)ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သဖြင့် မြန်မာ တို့၏ အနုသုခမပညာရပ်များ မတိမ်ကော မပပျောက်သေးဘဲ ထွန်းလင်းတောက်ပ နေသည်ကို သက်သေထူခဲ့ပြီးဖြစ်ပါ သည်။ အကယ်၍ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို မထုတ်ဖော်နိုင်၊ မကျင်းပနိုင်ခဲ့လျှင် ခေတ်ပေါ်ယဉ်ကျေးမှု စီးကြောင်းတို့ လွှမ်းမိုးပြီးအစဉ်အလာ ကြီးမားခဲ့သည့် မြန်မာတို့၏ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ မှေးမှိန် ပျောက်ကွယ်သွားမည်မှာ သေချာပါ သည်။ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို ဖော်ထုတ်ပေးခဲ့သော အစိုးရအဆက်ဆက်နှင့် ပညာရှင်၊ ဝါသနာရှင်များအားလုံးကို ကျေးဇူးတင် ပါသည်ဟု ဆိုချင်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်အထိ (၂၂)နှစ် (၂၂)ကြိမ်တိုင်တိုင် နှစ်စဉ်မပျက်ကျင်းပနိုင်ခဲ့၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသော ပြည်သူများအားလုံး ဝမ်းမြောက်မိကြ မည်မှာ အမှန်ဖြစ်သည်။ သို့သော် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလတိုင်အောင် ကျင်းပနိုင်ခဲ့ခြင်းမရှိ သဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားသူများအနေဖြင့် ဝမ်းနည်းစရာဖြစ်ခဲ့သည်။ မကျင်းပဖြစ်ခဲ့သည့် အချိန်ကာလအတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာရပ်များနှင့် ကင်းကွာစပြုလာသလို သမ္ဘာရင့်ဝါရင့် သက်ကြီးအနုပညာရှင်အချို့ တိမ်းပါး ကွယ်လွန်ခဲ့သည်မှာလည်း ဝမ်းနည်းစရာ ဖြစ်သည်။

မျှော်လင့်စောင့်စား

မြန်မာ့ယဉ်ကျေးမှု မျက်နှာစာ တစ်ဖက်တွင် ထိုကာလမတိုင်ခင်က တည်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာစရိုက်လက္ခဏာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သရုပ်လွန်ဂီတဖျော်ဖြေ လှုပ်ရှားထုတ်ဖော်မှုများ လူငယ်ထုကြားတွင် ထိုးဖောက်ဝင်ရောက်လျက်ရှိ သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို ဆက်လက် ထိန်းသိမ်းဖော်ထုတ်ခဲ့ကြသူ ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို ချစ်ခင်မြတ်နိုးတွယ်တာကြသူ ဝါသနာရှင်လူငယ်လူကြီး မိဘပြည်သူများ အနေဖြင့် တစ်ခုတည်းသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်းလာရေးကို အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသည်။

ပြန်လည်ကျင်းပပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ပြဋ္ဌာန်းချက်ပါ ပုဒ်မ(၂၇)အရ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည့် အချက်အရ လည်းကောင်း၊ ပုဒ်မ(၃၃)အရ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်အရလည်းကောင်း၊ ပုဒ်မ ၃၉၀ (က)အရ အမျိုးသားယဉ်ကျေးမှုအမွေ အနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်အရလည်းကောင်း မြန်မာ့ယဉ်ကျေးမှုထွန်းကားပြန့်ပွားရေးကို အလေးအနက်ထားပြီး ရပ်ဆိုင်းထားခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (၂၃)ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပပေး ခဲ့သည်။

ယခု ၂၀၂၃ ခုနှစ်အတွက်(၂၄)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကိုလည်း ခြိမ့်ခြိမ့်သဲသဲ အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တို့ကို ကျော်ဖြတ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲကြီးပင် ကျင်းပနိုင်တော့မည်ဖြစ်သည်။ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ပင် ပြိုင်ပွဲဝင် အနုပညာကဏ္ဍများ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ် ရွက်ပုန်းသီးပြိုင်ပွဲဝင် လူငယ်မောင်မယ်များ အင်ပြည့်အားပြည့်ဖြင့် ပြိုင်ပွဲအဆင့်ဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

အနုသုခုမပညာအားလုံး

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ ရှေးအစဉ်အလာ အနုသုခုမပညာရပ်အားလုံး ပါဝင်နေသည်ကိုတွေ့ရသည်။ အဆိုပြိုင်ပွဲ၌ စိန်မြရံခြယ်၊ ကုန်းဘောင်နေမင်း၊ ဆဒ္ဒန် အိုင်သာ၊ ကောင်းချီးသင်္ခါ၊ အောင်မင်္ဂလာ၊ ဆောင်ဝဇီယာ၊ ဩဘာမင်္ဂလာ၊ မြိုင် ဟေမာစသည့်မဟာဂီတ တေးသီချင်းများ။ ဂီတလုလင်ဦးကိုကို၏ ရွှေသဇင်၊ ဥဩဘသောင်း၏ စွဲမက်ပါတဲ့အာရုံ၊ ဝင်းဦး၏ ညီတော်မင်းနန်၊ ခင်မောင်ရင်၏ ပန်းစုံတဲ့တော၊ ဒေါ်ကြည်အောင်၏ တောင်သူပျို၊ ကြည်ကြည်ဌေး၏ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ၊ မာမာအေး၏ စည်တော်ကြီး၊ ထား၏ပြိုင်ပွဲကြီး စသည့်ခေတ်ဟောင်းတေး၊ ကာလပေါ်တေးမျိုးစုံပါဝင်သည်။

ကိုအံ့ကြီး၏ လူချွန်လူကောင်း၊ ခင်မောင်ထူး၏ ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု၊ ကိုမင်းနောင်၏ လုလင် ငယ်သွေး၊ ခိုင်ထူး၏ ငြိမ်းချမ်းရေးပန်းခင်း၊ ဟေမာနေဝင်း၏ ကြိုနေမယ့်နေ့များ၊ လေးလေးဝါး၏ ငြိမ်းချမ်းရေးပန်းခင်း၊ စိုင်းထီးဆိုင်၏ နေ့သစ်၊ မြင့်မြင့်ခင်၏ မြစ်ကြီးဧရာဝတီ၊ မြသက်မူ၏ဗိုလ်ရှုသဘင်စသည့် အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်စေသည့် တေးသီချင်းများ စုံစုံလင်လင်ပါဝင်သည်။ စောင်းအတီးပြိုင်ပွဲတွင် ပတ်ပျိုး၊ ယိုးဒယား၊ သီချင်းခံ၊ ကြိုး၊ ဘွဲ့၊ မွန်စသည်ဖြင့် စုံလင်ပါသည်။ စန္ဒရား၊ ပတ္တလား၊ နှဲ၊ ပလွေ၊ တယော၊ ဂီတာ၊ မယ်ဒလင်၊ ဒုံမင်း၊ ဆိုင်း၊ ဆိုင်းဝိုင်းကြီး၊ အိုးစည်၊ ဒိုးပတ်စသည်တို့ စုံလင်စွာပါဝင်သည်။ အရေးပြိုင်ပွဲတွင် ဝါသနာရှင်၊ အဆင့်မြင့်ပညာ၊ အခြေခံပညာအဆင့် အားလုံးပါဝင်ရေးဖွဲ့ယှဉ်ပြိုင်ကြသည်။

အနုပညာစွမ်းပကား

အကပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ မြန်မာ့အက အခြေခံကဗျာလွတ်အက၊ တိုင်းရင်းသား ရိုးရာအက၊ ကျေးလက်ရိုးရာအကပြိုင်ပွဲများ၊ ရှမ်းတိုင်းရင်းသား ရိုးရာအကပြိုင်ပွဲ၊ မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲနှင့် မြန်မာ့အနုသုခမ ပညာရပ်များအနက် မျက်မှောက်ကာလ လူမှုဘဝနယ်ပယ်၌ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲများလည်း ပါဝင်လာသဖြင့် ဝမ်းမြောက် ဝမ်းသာဖြစ်မိသည်။ မြန်မာတို့၏ အမျိုး ဂုဏ်၊ ဇာတိဂုဏ်ကို လှစ်ဟပြသည့် ကဏ္ဍတစ်ခုဖြစ်သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲကြီး မကြာမီကျင်းပတော့မည်ဖြစ်သည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများမှ တစ်ဆင့် ဆန်ခါတင် အနုသုခုမပညာရှင်၊ ဝါသနာရှင်အသီးသီးတို့၏ အနုသုခုမပညာ စွမ်းပကားများကို မြင်တွေ့ရတော့ မည်ဖြစ်သည်။

ရှေးအစဉ်အလာမပျက် ထူးခြားလေးနက်သည့် မြန်မာတို့၏ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ မပျောက်မပျက်ဘဲ ပေါ်ထွက်လာသည်မှာ ဝမ်းမြောက် ဂုဏ်ယူစရာဖြစ်သည်။ မြင့်မားသည့်ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ပြည့်စုံသည့် မြန်မာနိုင်ငံအနေဖြင့် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့စရိုက် အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ကြရမည်ဖြစ်သည်။ ကိုယ့်ယဉ်ကျေးမှုဓလေ့စရိုက်လက္ခဏာများကို ထိန်းသိမ်းမြှင့်တင်ပါမှအမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားပြီး ချစ်ခင်စည်းလုံးသည့် စိတ်နှလုံးမွေ့လျော်ဖွယ်ရာ နိုင်ငံအဖြစ် တည်ဆောက်နိုင်မည် ဖြစ်သည်။ သို့ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ သက်သေထူကာ ဖော်ထုတ်ပြသ၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အရေး၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဂုဏ်ပြုကြရမည်ဖြစ်ပါသည်။ ။