ယနေ့ အဆို အက အရေး အတီး ပြိုင်ပွဲများက ပေးနေသော ယဉ်ကျေးမှုအသိဉာဏ်
မိုးကေနိုင်
ယဉ်ကျေးမှုဟူသည်ကို သဘာဝကပေးထားသော အသိဉာဏ်ပညာတစ်ခုအဖြစ် မှတ်ယူပါသည်။ ထိုသဘာဝတရားကို လူတို့က ဖန်တီး ယူလိုက်သောအခါ လူသားယဉ်ကျေးမှုဟူ၍ ဖြစ်လာသည်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီးက ဖန်တီးရယူလိုက်သော ထိုယဉ်ကျေးမှု သည်ပင် သူတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သွားသည်။
ထိုကိုယ်ပိုင်ယဉ်ကျေးမှုသည်ပင် ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အလှများအဖြစ် တင်စားဖော်ပြခံရပြန်သည်။ အလှတရားအဖြစ် ပြောင်းလဲလာသော မူပိုင်ယဉ်ကျေးမှုတစ်ခုသည် ထိုလူမျိုး၊ ထိုတိုင်းရင်းသားတို့၏ ဘဝတည်ဆောက်ပုံများနှင့် ပျိုးထောင်ပုံများကို ထင်ဟပ်ပါသည်။ တစ်နည်းအားဖြင့် လူမျိုးတစ်မျိုး၏ ပြောဆို၊ နေထိုင်၊ လုပ်ကိုင်၊ စားသောက်မှု၊ စိတ်နေသဘောထားမှအစ လူနေမှုပုံစံ၊ အတွေးအခေါ် နှင့် အသိပညာမြင့်မားမှု၊ ယုံကြည်ကိုးကွယ်မှု၊ စံတန်ဖိုးများ၊ အစဉ်အလာ ရိုးရာဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ဘာသာစကား၊ ဘာသာအယူဝါဒအဆုံးအမများနှင့် လက်မှုအနုပညာ ပစ္စည်းများ၊ ရှေးဟောင်းအသုံးအဆောင် တန်ဆာပလာများစသည့် ထူးခြားသော ဝိသေသလက္ခဏာများသည်ပင် ထိုလူမျိုး၏ ယဉ်ကျေးမှုစနစ်တစ်ခုအဖြစ် ဖြစ်တည်မှုကိုဖော်ပြနေသည်။
ယဉ်ကျေးမှုသည် နိုင်ငံနှင့်လူမျိုး၏ သမိုင်းကိုပြဆို
ထိုသို့ဖန်တီးတည်ဆောက်ထားသော ကိုယ်ပိုင်ယဉ်ကျေးမှုစနစ် တစ်ခုကိုလူမျိုးတိုင်း၊ နိုင်ငံတိုင်းက မိမိတို့ကိုယ်ပိုင်အနုသုခုမလက်ရာ အမွေအနှစ်များအဖြစ် သမိုင်းအစဉ်အဆက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်လာခဲ့ကြသည်ချည်းဖြစ်သည်။ မည်သည့်လူမျိုးကမျှ မိမိကိုယ်ပိုင်ယဉ်ကျေးမှုကို စွန့်လွှတ်ခြင်း၊ ပစ်ပယ်ခြင်းဟူ၍ ရှိမည်မဟုတ်ပါ။ အမွေအနှစ်တစ်ခုသဖွယ် မြတ်နိုးတန်ဖိုးထားကြခြင်းမှာ ယဉ်ကျေးမှုအဆင့်အတန်းက လူ့အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေး သိမ်မွေ့မှုနှင့်လူနေမှုအဆင့်အတန်းကို ပြနေသောကြောင့်ဖြစ်သည်။
လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းနှင့်ထိုလူမျိုး၊ ထိုနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းသည် အတူယှဉ်တွဲ၍ ပါလာသည့်အတွက် ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အမှတ်အသားအသက်ဝိညာဉ် လည်းဖြစ်သည့်အတွက် ယဉ်ကျေးမှုသမိုင်းမရှိသောလူမျိုးကို အဓိပ္ပာယ်မဲ့သောလူမျိုးဟုပင် သတ်မှတ်ထိုက်သည်။
ထိုကြောင့်လည်းအားလုံးက ကိုယ်စီယဉ်ကျေးမှုစနစ်များကို အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြရသည်။ မိမိယဉ်ကျေးမှုကို မိမိတို့ ကိုယ်တိုင်ရော တစ်ပါးသောသူများကပါ ခံစားနားလည်နိုင်အောင် လေ့ကျင့်မွေးမြူကြရသည်။ များသည်ထက်များအောင် ပွားကြရသည်၊ ပျံ့သည်ထက်ပျံ့နှံ့အောင် ဖြန့်ကြခြင်းဖြစ်သည်။ ကောင်းသော အစဉ်အလာဖြင့် လူတို့ကိုယဉ်ကျေးအောင် လေ့ကျင့်ပေးကြသည်။ နိုင်ငံတိုင်းက မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် မိမိတို့လူ့အဖွဲ့အစည်းတိုးတက်အောင် မွမ်းမံပြင်ဆင်ကြသည်ကို တွေ့ရသည်။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေနှင့် ယနေ့လူငယ်
ယဉ်ကျေးမှုအမွေဟူသည် အရေးကြီးလှပါသည်။ အထူးသဖြင့် ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံတော်ကြီးအတွက်ကား ပို၍အရေးကြီးပြီး ပိုပြီးသတိထားစရာအချက်များလည်း ရှိနေသည်။ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့်အတူ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်မှာ သူ့အစဉ်အလာကောင်းများနှင့်သူ ရှင်သန်မြဲယဉ်ကျေးမှုစနစ်များ ကိုယ်စီရှိပြီးဖြစ်သည်။ မတူကွဲပြားသော်လည်း ခြားနားချက် နည်းပြီး သဘောသဘာဝနှင့် ဂုဏ်ရည်အားဖြင့် နီးစပ်မှုရှိကြကာ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ဂုဏ်ယူပြီး ထိန်းသိမ်းစောင့်ရှောက်လေ့ ရှိကြသည်။ သတိထားမိကြမည်ထင်သည်၊ ဂလိုဘယ်ကို အကြောင်းပြ အပြန်အလှန်ဆက်ဆံမှုကို အခွင့်ယူကာ နိုင်ငံအများစု အထူးသဖြင့် တိုးတက်သောနိုင်ငံများသည် မိမိတို့၏ ယဉ်ကျေးမှုစနစ်ကို အခြားနိုင်ငံများဆီ ပျံ့နှံ့အောင်ဖြန့်နေကြသည်ကို တွေ့ရသည်။ အခြားနိုင်ငံများက ယဉ်ကျေးမှုကိုတော့ အဝင်မခံပိတ်ဆို့ဟန့်တားထားသည်။ တော်ရုံတန်ရုံ ယဉ်ကျေးမှုအခံမရှိသောသူများဆိုလျှင် သူတစ်ပါးယဉ်ကျေးမှု၏ ဝါးမျိုခြင်းကိုခံရနိုင်သည်။
ယဉ်ကျေးမှုအရင်းအမြစ်ကို မျှဝေဖလှယ်သည့် ခေါင်းစဉ်အောက်တွင် မိမိကိုယ်ပိုင်ယဉ်ကျေးမှုကို မခံစားတတ်ကြ၊ ခံစားရကောင်းမှန်း မသိ၊ တန်ဖိုးနားမလည်ကြလျှင် မည်မျှကောင်းမွန်သော ယဉ်ကျေးမှုပင်ဖြစ်ပါစေ တစ်ပါးယဉ်ကျေးမှု၏ တိုက်စားပွတ်တိုက်ခြင်း၊ ပေါင်းစပ်သမမွှေခြင်း၊ ဝါးမျိုခြင်းခံရနိုင်သည်ကို အထူးသတိပြုရပါမည်။
အထူးသဖြင့် ယနေ့မျိုးဆက်သစ်လူငယ်အများစုတွင် ဤအချက်သည် ပို၍အရေးကြီးလာပြီး ယနေ့လူငယ်ထု၏ တာဝန်များတွင် ရှေးဘိုးဘေးဘီဘင်တို့ ထိန်းသိမ်းလာခဲ့သော မြန်မာ့ယဉ်ကျေးမှုအမွေကို ဆက်လက်ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ဝတ္တရားများပါ ပါဝင်သည်ကို အလေးအနက်ထားသတိပြုရန် လိုအပ်သည်ဟု ယူဆပါသည်။
မြန်မာတို့၏ ယဉ်ကျေးမှုသည် အလွန်ပင်တန်ဖိုးကြီး အဆင့်မြင့်မားလှပါသည်။ ရှေးယခင်ခေတ်စနစ်ပေါင်းများစွာကတည်းက ဖြစ်တည်တိုးတက်လာသော အမွေအနှစ်ကောင်းများဖြစ်၍ ယခုတိုင်ကမ္ဘာ့အလယ်တွင် ကြံ့ကြံ့ခံရပ်တည်နိုင်ဆဲဖြစ်သည်။ မြန်မာတိုင်းရင်း သားတို့သည် အနုပညာကို ကောင်းစွာခံစားနားလည်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ မြန်မာတို့၏ ဂန္ထဝင် ဂီတ၊ ပြဇာတ်၊ ကဗျာ၊ ပန်းချီ၊ ပန်းပု လက်ရာများသည် မြန်မာတို့အတွက် အဓိပ္ပာယ်ရှိသော ဂုဏ်ဒြပ်များ၊ မြန်မာတို့၏ ယဉ်ကျေးမှုအရင်းအနှီးများအဖြစ် ဖော်ညွှန်းထားပြီးလည်းဖြစ်သည်။ အမွေအနှစ်အရင်းအမြစ်ဟူသည် တိုင်းပြည်တစ်ပြည်၏ ကြေးမုံပြင်ဖြစ်၍ ဆက်ခံရမည့်ဝတ္တရားရှိသလို လုံခြုံအောင်လည်း စောင့်ရှောက်ရမည်၊ တည်တံ့အောင်လည်း ထိန်းသိမ်းရမည်သာ ဖြစ်သည်။
ပညာနှင့်မျိုးချစ်စိတ်အခြေခံသော ယဉ်ကျေးမှုကသာ
ဂလိုဘယ် သတင်းမီဒီယာရေစီးကြောင်းတွင် မြန်မာတို့၏ ယဉ်ကျေးမှုကို အလွယ်တကူမျောပါစီးမျောခွင့် မပြုနိုင်ပါ။ အမျိုးသားရေးကြန်အင်နှင့် အမျိုးသားစရိုက်လက္ခဏာများ ပါဝင်သည်ဖြစ်၍ အမျိုးသားယဉ်ကျေးမှုဟူသော ဂုဏ်ဒြပ်များထိုက်ပြီးဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ အခြားအခြားသော ယဉ်ကျေးမှုများနှင့် တစ်သားတည်းဖြစ်၍မရ၊ ပေါင်းစပ်၍လည်းမသင့်ဟု ထင်မြင်မိပါသည်။ သို့သော်အမျိုးသားယဉ်ကျေးမှုလက္ခဏာများ မပျောက်ပျက်ဘဲ အကျိုးဖြစ်ထွန်းမှုရှိမည်ဆိုလျှင် အချင်းချင်း ယဉ်ကျေးမှုဖလှယ်သည့်ပုံစံဖြင့် ကွဲပြားခြားနားသောယဉ်ကျေးမှုများကို အပြန်အလှန် အသိအမှတ်ပြုပြီး ပေါင်းစပ်ခွင့် ပေးကောင်းပေးနိုင်ပါလိမ့်မည်။
ယဉ်ကျေးမှုချင်းဖလှယ်၍ မိမိယဉ်ကျေးမှုကို ရိုးရာမပျက်တီထွင် ဆန်းသစ်ခြင်းဖြင့်လည်း ခေတ်မီသောယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးယူ၍ရပါသည်။ ထိုအချက်ကို ယနေ့လူငယ်များအနေဖြင့် ကွဲကွဲပြားပြားနားလည်ထားသင့်ပါသည်။ သမိုင်းကြောင်း ရှည်လျားသော မြန်မာ့ယဉ်ကျေးမှုသည် အဆင့်မြင့်မားလွန်းသည်ကို ယနေ့လူငယ်များ နားလည်လက်ခံနိုင်စွမ်းရှိအောင် ဦးစွာကြိုးစားပြီး ခေတ်မီသော မြန်မာ့ယဉ်ကျေးမှုတစ်ရပ် ထွန်းကားအောင် ဆောင်ရွက်နိုင်ပါသည်။
တန်ဖိုးကြီးပြီး မြတ်နိုးစရာကောင်းသော မြန်မာသီချင်း အဆို၊ အက၊ အရေး၊ အတီး အများစုသည် ဂန္ထဝင်မြောက်လွန်း၍ တန်ဖိုးထားတတ်ရပါမည်။ ထို့အပြင် ယဉ်ကျေးမှုနှင့်မျိုးချစ်စိတ်သဘောတရား နှစ်ခုသည် ဆက်စပ်နေသည့်အတွက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးချစ်စိတ် နှင့်တစ်ပါတည်း ယဉ်ကျေးမှုကို တွဲဖက်၍မြင်သင့်ပါသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုကို ထာဝရစွဲမြဲနေအောင် ကျောင်းသားအရွယ် ကလေးဘဝကပင် ပြုစုပျိုးထောင်ထားအပ်သည်။ အခြားသော ယဉ်ကျေးမှုများ ဝါးမျိုမခံရအောင် စာသင်ခန်း၌ပင် အနုပညာအခြေခံများကို လေ့ကျင့်မွေးမြူပေးပြီး လက်ခံနိုင်မည့်နည်းလမ်းများဖြင့် သင်ကြားပြသဆိုဆုံးမပေးသင့်ပါသည်၊၊
အချို့နိုင်ငံများတွင် ကျောင်းစာသင်ခန်းနှင့် ကဇာတ်ခန်းမကဲ့သို့သော အနုပညာလေ့ကျင့်ရာ ဝန်းကျင်များကို ပေါင်းစပ်တွဲဖက်ထား လေ့ရှိသည်ဟု ကြားသိရဖူးပါသည်။ အနုပညာအပေါ် ချစ်မြတ်နိုးစိတ်ကို ပညာရေးအကူအညီဖြင့် ထိထိရောက်ရောက် ရိုက်သွင်းထားရန်လိုပါသည်။ မြန်မာစာ၊ မြန်မာဘာသာစကားကို ချစ်မြတ်နိုးတတ်အောင် လေ့ကျင့်ထားရမည်။ မြန်မာစာပေ၊ မြန်မာဂီတကို တန်ဖိုးထားတတ် အောင် အမြဲထိတွေ့မှုရှိနေအောင်လည်း တွန်းအားပေးနေရပါမည်။ သို့မှသာ မြန်မာ့ယဉ်ကျေးမှုမှတစ်ဆင့် အရိုင်းမှအယဉ်၊ အကြမ်းမှအနုသို့ ယဉ်ကျေးသိမ်မွေ့သွားကြမည်ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ရမ်းကားမှု၊ ဟော့သွမ်းမှုမပါ။ နဂိုကတည်းကပင် သိမ်မွေ့ယဉ်ကျေးပြီးဖြစ်၍ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး လူ့အဖွဲ့အစည်းကို လှပအောင် ဆောင်ကြဉ်းပေး နိုင်စွမ်းရှိပါသည်။ မေတ္တာ၊ ကရုဏာအခြေခံ ကိုယ်ကျင့်တရားကောင်းများဖြင့် ငြိမ်းချမ်းသွားစေမည်ဟုလည်း ယုံကြည်ပါသည်။ ဤသည်ပင် အလွန်မွန်မြတ်သော မြန်မာတို့၏ ယဉ်ကျေးမှုအသိဉာဏ်တစ်ခု ဖြစ်လာပါတော့သည်။
ကောင်းမြတ်သောအမွေကို ပေးမြဲပေးလျက်ရှိ
ယခုခေတ်အခါတွင် မြန်မာ့ယဉ်ကျေးမှုကား အတော်ဆုတ်ယုတ်လာနေသည်ဟု သုံးသပ်လျှင် လွန်မည်မထင်ပါ။ အထိန်းအကွပ်မဲ့ ဝတ်စားဆင်ယင်မှု၊ ရမ်းကားသော အပြောအဆို၊ အရှက်အကြောက် ကင်းသောအရေးအသား၊ အရိုင်းဆန်သောကခုန်မှုနှင့် ပညာပေးမဆန် ဆင်ခြင်မှုမဲ့ဇာတ်လမ်းဇာတ်ကွက်များက နေရာရလာသောအခါ ယဉ်ကျေးသော မြန်မာ့ယဉ်ကျေးမှုကို အလေးထားရကောင်းမှန်း မသိတော့။ ကြာလျှင် အယူအဆများမှားကုန်ပြီး အမျိုးသားရေးစရိုက် လက္ခဏာများ ပပျောက်သွားမည်ကိုစိုးရိမ်ရသည်။ မကောင်းသော စရိုက်က မကောင်းသောတရားကိုသာပွားစေရာ အတိုင်းအဆမရှိ အရက်၊ မူးယစ်ဆေးသုံးစွဲမှုက လူငယ်တို့၏ ယဉ်ကျေးမှုနှင့်ကိုယ်ကျင့် တရားကိုပါပျက်ယွင်းသွားစေသည့်အခါ နောက်ဆုံးနိုင်ငံ့ပုံရိပ်ပါ ထိခိုက်ခံရသည့်အနေအထားအထိ ရောက်သွားနိုင်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အနှစ်သာရအပြည့်ဖြင့် နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ်သည်။ ကောင်းမြတ်သောအမွေကို ပြိုင်ပွဲပုံစံဖြင့် ၁၉၉၃ ခုနှစ်ကတည်းကပေးအပ်ခဲ့ရာ ယခုနှစ်တွင် ၂၄ ကြိမ်မြောက်ရှိခဲ့ပါပြီ။ ယခုအချိန်မှာတော့ ဒေသအဆင့်ပြိုင်ပွဲများကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနေကြပါပြီ။ ပြီးစီးခဲ့သည့် ပြိုင်ပွဲအကြိမ်တိုင်း မှာကဲ့သို့ ဆို၊ က၊ ရေး၊ တီး ဝါသနာရှင်အားလုံးသည် မိမိတို့ဝါသနာ ပါရာအလိုက် အကရုပ်စုံသဘင်၊ ခေတ်ဟောင်းကာလပေါ်၊ မဟာဂီတ အဆို၊ စန္ဒရား၊ တယော၊ ပလွေ၊ ကွက်စိပ်စသည့် မိမိတို့၏ ကျွမ်းကျင် ပိုင်နိုင်မှုအနုပညာအမျိုးမျိုးကို ဝါသနာရှင်အဆင့်၊ အခြေခံပညာအဆင့် စသည်ဖြင့် အတန်းလိုက် ယှဉ်ပြိုင်ထုတ်ဖော်နေကြသည်မှာ အလွန်အားရကျေနပ်စရာကောင်းပြီး ညှို့ယူဖမ်းစားနိုင်သည့် ဂီတအကသံစဉ်မျိုးစုံကို မကြာမီ လှလှပပခံစားရတော့မည်ဖြစ်ပါသည်။
အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပတော့မည့် ဗဟိုအဆင့်ယဉ်ကျေးမှုပြိုင်ပွဲကြီးက မြန်မာတို့၏ ယဉ်ကျေးမှုအသိဉာဏ်ကို နောင်လာနောက်သား နောင်မျိုးဆက်များအထိ အတိုင်းအတာတစ်ခုမျှ တိုးမြှင့်ပေးနိုင်ရန် လက်တွဲခေါ်ဆောင်နိုင်မည်ဟုလည်း ယုံကြည်နေပါသည်။
အဓိကကျသည့်အချက်မှာ ခေတ်အဆက်ဆက် ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ် အထွန်းကားဆုံးနိုင်ငံတစ်နိုင်ငံမှာမိမိတို့ အမျိုးသားအနုသုခုမပညာရပ်များ ဘယ်လိုနည်းနှင့်မျှ မတိမ်ကော မပပျောက်ရန်ဖြစ်ပြီး အရေးကြီးသည်က နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင်အားပေးကူညီကြရန်နှင့် အားလုံးတွင် တာဝန်ရှိသည်ဆိုသောခံယူချက်ဖြစ်သည်။ အထူးသဖြင့် ပညာရေးနှင့်မျိုးချစ်စိတ်က အခြေခံ ဖြစ်ပါသည်။ ဆက်စပ်ထားရမည့်အရာများလည်းဖြစ်သည်။ ပညာရေးအခြေခံမှ အနုပညာဗီဇကို သွတ်သွင်းထားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ရေးမှာလည်း မျိုးချစ်စိတ်အပေါ်တွင် အခြေခံပြန်ပါသည်။
မျိုးချစ်စိတ်ရှိမှသာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးချစ်စိတ်နှင့်အတူ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအနုသုခုမပညာများကို မြတ်နိုးတတ်၊ ခင်မင်တွယ်တာတတ်လာပါမည်။ သို့မှသာ မိမိတို့၏ အနုပညာ ယဉ်ကျေးမှုအုတ်မြစ်ကြီး အစဉ်တည်တံ့ခိုင်မာနေမည်ဖြစ်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှုတို့ အလွယ်တကူဝင်ရောက်မထိုးဖောက် နိုင်မှာဖြစ်ပါသည်။
ထိုမှတစ်ဆင့် တိုင်းရင်းသားအားလုံး၏ အမျိုးဂုဏ် ဇာတိဂုဏ် ကိုအခြေခံသော ခိုင်မာသည့် အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။