Skip to main content

ကြည်မြသည့်ဂီတ ပီသသည့်အသံ အံဝင်သည့်စာသား စံထားရသည့်အက မြန်မာ့အနုအလှ သုခုမ

စန်းနီလာဝင်း

မြန်မာစာပေသမိုင်းကို လေ့လာသုတေသနပြုမည်ဆိုလျှင် ပုဂံခေတ်မှသာ အစပြုနိုင်သော်လည်း မြန်မာ့အနုသုခုမသမိုင်းကို လေ့လာမည်ဆိုပါက ပျူခေတ်မှပင် စတင်ရပါလိမ့်မည်။

ယဉ်ကျေးမှုဟူသည် လူမျိုးတိုင်း၏ နှလုံးသည်းပွတ်ပင်ဖြစ်သည်။ လူသားသည် မည်မျှခွန်အားဗလ ရှိနေစေကာမူ နှလုံးသည်းပွတ် ချို့ယွင်းနေပါက အသက်ရှင်သန်နေနိုင်မည်မဟုတ်ပါ။ ထို့အတူနိုင်ငံတစ်ခု၌မည်မျှပင် မြေပေါ်မြေအောက် သယံဇာတများစွာ ကြွယ်ဝနေစေကာမူမိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှုမရှိခဲ့လျှင် လူမျိုးပါကွယ်ပျောက် တိမ်ကောသွားဖွယ်ရာရှိပေသည်။ ထို့ကြောင့် နှလုံးသည်းပွတ်နှင့်တူသော ယဉ်ကျေးမှုကို နိုင်ငံသားတိုင်း ပြုစုပျိုးထောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အမျိုးသားတာဝန်တစ်ရပ် ရှိနေပေသည်။

ယဉ်ကျေးမှုဆိုရာတွင် ခေတ်၏ အခြေအနေ၊ လူတို့၏ ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ ပန်းပု လက်မှုအနုပညာလက်ရာများ၊ အဆို၊ အက၊ အတီးစသော သုခုမအနုပညာရှင်များ၊ အရေးအသား၊ အတွေးအခေါ်၊ အမြော်အမြင်စသည့် စာပေရေးရာများနှင့် ရိုးရာဓလေ့ထုံးစံ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုအပြင် လူနေမှုစနစ် စသည်တို့ ပါဝင်ကြသည်။ စာပေ၊ ပန်းချီ၊ ပန်းပု၊ ဆင်ယင်ထုံးဖွဲ့မှုတို့သည် အနုပညာဖြစ်၍ ဆို၊ က၊ ရေး၊ တီး ပညာမှာ သုခုမပညာရပ်ဖြစ်သည်ဟု ယဉ်ကျေးမှုသုတေသီတို့က သတ်မှတ်ထားကြသည်။

လူသားနှင့် အနုသုခုမပညာ ရသခံစားမှု

‘သုက္ကနီတိ’အမည်ရှိ သက္ကတကျမ်းကြီး၏ အဆိုအရ လူနေမှုလောက၌ အတတ်ပညာ (၆၄)ရပ်ရှိသည့်အနက် (၁) နစ္စ-ကခုန်ခြင်း၊ (၂) ဂီတ- တူရိယာပစ္စည်းများကို တီးမှုတ်ခြင်း၊ (၃) စိတ္တဒလေခန- ပန်းချီရေးဆွဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းစသည်တို့ကို အနုပညာဆိုင်ရာ အတတ်ပညာအဖြစ် သတ်မှတ်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

‘နီတစွယ်စုံကျမ်းကြီး’တွင် အဋ္ဌာရသသိပ္ပအတတ်(၁၈)ပါးကို ဖွင့်ဆိုရာ၌ (၁) ဂန္ဓဗ္ဗ- တေးရေးတေးဆို ကခုန်တီးမှုတ်သည့် အတတ်ပညာ၊ (၂) ဣတိဟာသ- ရယ်ရွှင်အောင်ပြောဆိုတတ်သော ပညာဟု ဖွင့်ဆိုထားသည်ကိုလည်း တွေ့ရသည်။

ဇာတ်သဘင်တို့သည် အဆို၊ အငို၊ အက၊ အပြော၊ အရွတ်၊ အဖတ်ပညာကို မြန်မာ့ဆိုင်းတူရိယာနှင့် ပူးပေါင်းယှဉ်တွဲ၍ သရုပ် ဖော်ရခြင်းကြောင့် ‘နစ္စ’၊ ‘ဂီတ’၊ ‘ဝါဒိတ’ ဟူသော ဝေါဟာရများကို ‘ဝါဒိတ’ ဟုပြောင်းလဲခေါ်ဝေါ်ပြီး တစ်ခုနှင့်တစ်ခုခွဲခြား၍မရနိုင်ကြောင်း သိခဲ့ကြသည်။

ရွှေနန်းသုံး မဟာဂီတကျမ်းကြီး၏ အဆိုအရကုန်းဘောင်ခေတ်တွင် ဆိုင်းတော်တီးများသည် ဇာတ်သဘင်ကကြသူများကဲ့သို့ “သဘင်ဝန်” ၏ ဥပဒေဘောင်အတွင်း တီးမှုတ်ကြရသည်။ ဆိုင်းဝိုင်းကြီးတစ်ခုတွင် လူ ၁၀ ယောက်သာ ပါဝင်တီးမှုတ်ကြရပြီး အပိုအလိုလုံးဝမရှိရ၊ ရှိလျှင် သဘင်ဝန်က ဒဏ်ခတ်အပြစ်ပေးနိုင်သည်ဟု သိရသည်။

မြန်မာ့ဟန် မြန်မာသံ မပျက်အောင် တီထွင်ဆန်းသစ်ခဲ့သည့် အနုသုခုမစွမ်းရည်

ပုဂံအနော်ရထာမင်းသည် သထုံမနူဟာဘုရင်ကို ပုဂံသို့ခေါ်ဆောင်လာခဲ့ရာ မွန်ဂီတအနုသုခုမပညာရှင်များ လိုက်ပါလာခဲ့ကြသဖြင့် ပုဂံခေတ်ကပင် မွန်တူရိယာများကို တီးမှုတ်လာခဲ့ကြသည်။ ဘိုးတော်ဘုရားလက်ထက်တွင် မြဝတီမင်းကြီးဦးစနှင့် ပြင်စည် မင်းသားစသည့် နန်းတွင်းဂီတစာဆိုပညာရှင်တို့သည် မွန်တေးသွား၊ ထားဝယ်တေးသွားများအပြင် အနောက်တိုင်းတေးသွား၊ ယိုးဒယားတေးသွားသံစဉ်များကို မှီငြမ်းပြု၍ မြန်မာ့ဟန်၊ မြန်မာ့စံ၊ မြန်မာ့အသံ မပျောက်အောင် တီထွင်ရေးစပ်နိုင်ခဲ့ကြသည်။

အနုပညာရသကို ခံစားစေပြီး အမျိုးသားရေးကို အကျိုးပြုနိုင်သည့် စွမ်းရည်

စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အနုပညာရှင်တို့သည် အနုပညာဆိုင်ရာ စည်းရုံးရေးဩဇာကြောင့် ဂီတစွမ်းအား ပြည်ထွန်းကားပြီး အနုပညာသည် တိုင်းပြုပြည်ပြု ပြည်သူ့အကျိုးပြု သရုပ်မှန်အနုပညာ ဖြစ်ပေါ်လာရပါသည်။ သာဓကအဖြစ် ကောက်နုတ်တင်ပြရလျှင် အလင်္ကာကျော်စွာနှင့် စည်သူဘွဲ့ရ အမျိုးသားစာပေဆုရ အယ်ဒီတာချုပ်(ငြိမ်း) သတင်းစာဆရာနှင့် စာရေးဆရာ တက္ကသိုလ်(ဦး)မြတ်သူ ရေးစပ်သည့် “လရောင်ဆမ်းမှ ပွင့်သောပန်း”ကို တေးသံရှင် မေအိမ့်ဒါလီမွန်သီဆိုပြီး ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သောအခါ တိုင်းပြုပြည်ပြုသမားများနှင့် တိုင်းဖျက် ပြည်ဖျက်သမားများကို ခွဲခြားကြည့်မြင်ကာ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဘဝကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်အောင် တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးဖြင့် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောနိုင်ငံတော်ကြီးကို အခိုင်အမာတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ “နိမိတ်ပုံ အလင်္ကာရသ” ပြည့်ဝစွာဖြင့် ဖော်ကျူးစပ်ဆိုထားသောကြောင့် အဓိပ္ပာယ်လေးနက်ပြီး နားဝင်ဖြစ်ရပါသည်။

အလားတူ ဂန္ထဝင်ဂီတပညာရှင် အလင်္ကာကျော်စွာ အကယ်ဒမီဂီတလုလင်(ဦး)ကိုကို ရေးစပ်ပြီး ဂီတအစည်းအရုံးဝင်များ သီဆိုထားသည့် “လှေလှော်ပွဲ”၊ ကိုယ်တိုင်ရေးစပ်သီဆိုထားသည့် “မာနတံခွန်”၊ ဂီတစာဆို(ဦး)မောင်မောင်သီ ရေးစပ်ပြီး ဂန္ထဝင်အဆိုပညာရှင်(ဒေါ်) မာမာအေး သီဆိုခဲ့သည့် ‘ပင်ချင်းယှက်၍ နွယ်ချင်းဆက်သော်’၊ ဂီတစာဆိုတေးသံရှင် ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ (ဦး)မြတ်လေး ရေးစပ်ပြီး ဂီတအစည်းအရုံးဝင်များ စုပေါင်းသီဆိုထားကြသည့် “ပန်းတိုင်းပွင့်ပါစေ”၊ ဂန္ထဝင်ဂီတစာဆို အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းရေးစပ်ပြီး ဂန္ထဝင်တေးသံရှင်(ဦး)အံ့ကြီး သီဆိုခဲ့သည့် “လူချွန်လူကောင်း”၊ ဂန္ထဝင်ဂီတစာဆို နန်းတော်ရှေ့ ဆရာတင်ရေးစပ်ပြီး ဂန္ထဝင်တေးသံရှင်(ဦး)အံ့ကြီး သီဆိုခဲ့သည့် “ကျေးရွာဝါဒ” သီချင်း၊ ဂန္ထဝင်ဂီတစာဆိုတေးသံရှင် ရေနံ့သာ(ဦး)စိုးလှိုင် ရေးစပ်ပြီး ဂန္ထဝင်တေးသံရှင် စည်သူ(ဒေါ်) တင်တင်မြသီဆိုထားသည့် “တောင်တန်းပြာနှင့်ကျောပိုးအိတ်” စသည့် တေးသီချင်းများမှာ တိုင်းပြုပြည်ပြု ပြည်သူ့အကျိုးပြု တေးသီချင်းများအဖြစ် ထင်ရှားခဲ့ပါသည်။

ဂန္ထဝင်ဂီတစာဆိုတေးသံရှင် အကယ်ဒမီစန္ဒရားလှထွဋ်ရေးစပ်ပြီး အဖွဲ့ဖြင့် သီဆိုထားသည့် “ပြည်ထောင်စုသား”၊ “မေတ္တာဖျန်းမှ လန်းဆန်းမယ်”၊ တေးသံရှင်(ဒေါ်) နွဲ့ယဉ်ဝင်း သီဆိုထားသည့် “တစ်လုံးနှစ်လုံးစာစီကုံး”၊ ရုပ်ရှင်သရုပ်ဆောင် (ဦး)ဇော်ဝမ်း သီဆိုထားသည့် “လင်းလိုက်စမ်းပါကြယ်ကလေး”၊ ဂီတစာဆိုတေးသံရှင် ရေနံ့သာ(ဦး)ဝင်းမောင် ရေးစပ်သီဆိုထားသည့် “မောင့်တိုင်းပြည်”၊ အဖွဲ့သီဆိုထားသည့် “မြန်မာပြည်သား”၊ ဂီတစာဆို တေးသံရှင် ဆရာဂီတ(ဦး)တင်အုန်းရေးစပ်ပြီး တေးသံရှင်မြသက်မူ သီဆိုထားသည့် “ဗိုလ်ရှုခံ”၊ ဂန္ထဝင်ဂီတစာဆိုတေးသံရှင် စန္ဒရား(ဦး)ထွန်းညွန့်ရေးဆိုထားသည့် “အောင်မြင်ခြင်းအတူတူဘယ်သူမြတ်သလဲ”၊ ဂီတစာဆိုတေးသံရှင် ရုပ်ရှင်သရုပ်ဆောင် တွံတေးသိန်းတန် ရေးဆိုထားသည့် “အသီးတစ်ရာ အညှာတစ်ခု”၊ အလင်္ကာကျော်စွာ ဂန္ထဝင်ဂီတစာဆိုနှင့် စန္ဒရားပညာရှင် ဆရာရွှေပြည်အေး ရေးစပ်သည့် ရတနာပုံရုပ်ရှင်ဇာတ်ကားမှ “ရတနာပုံ” သီချင်း၊ ဂန္ထဝင်ရုပ်ရှင်သရုပ်ဆောင် တေးသံရှင်(ဒေါ်)မေရှင် သီဆိုထားသည့် “ကျေးစေတမန်”၊ အလင်္ကာကျော်စွာ ဂန္ထဝင်ဂီတစာဆို ဆရာမြို့မငြိမ်းရေးစပ်ပြီး ဂန္ထဝင်ခေတ်ဟောင်းတေးသံရှင် ရုပ်ရှင်သရုပ်ဆောင် (ဦး)ပြည်လှဖေသီဆိုထားသည့် “တပ်တော် ဦးဆီ”သီချင်း၊ ထပ်ဆင့်အကယ်ဒမီတေးသံရှင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာစာရေးဆရာ(ဦး)ဝင်းဦး သီဆိုထားသည့် “မြင်းခင်းတော်”၊ “ရေချိုးဆိပ်”၊ စန္ဒရားလှထွဋ် ရေးစပ်ပြီး (ဦး)ဝင်းဦးသီဆိုထားသည့် “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းများသည် ဂန္ထဝင်စံတင်၍ တိုင်းကျိုးပြည်ပြု သီချင်းများအဖြစ် မှတ်တမ်းဝင်နေမည်ဖြစ်ပါသည်။

စာရေးသူ၏ ကိုယ်တွေ့အရ ဂန္ထဝင်တေးသီချင်းနှင့် ရုပ်ရှင်သရုပ်ဆောင်(ဦး) ပြည်လှဖေသည် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က ဂန္ထဝင်အနုပညာရှင်ပီပီ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးတွင် ထိုစဉ်က နှစ်စဉ်ပြည်ထောင်စုနေ့ ဂုဏ်ပြုပွဲကြီးအတွက် ကျိုက္ကဆံကွင်းကြီး၌ တင်ဆက်ကပြလေ့ရှိသော အနုပညာဦးစီးဌာန၏ ဇာတ်တော်များအတွက် သရုပ်ဖော်ယိမ်းအကများ၊ တစ်ပင်တိုင်အကများ၊ နှစ်ပါးသွားအကများ၊ ဇာတ်ဝင်ခန်းများ ဇာတ်တိုက်လေ့ကျင့်ရာသို့ ကိုယ်တိုင်သွားရောက် ကြီးကြပ်လမ်းညွှန် ပြသလေ့ကျင့်ပေးခဲ့သည်ကို ပြန်လည်သတိတရ ရှိလှပါသည်။

သဘင်တစ်ခေတ်ကို ဆန်းသစ်စေခြင်း

ဂန္ထဝင်သဘင်ပညာရှင်ကြီး အလင်္ကာကျော်စွာ ရွှေမန်း(ဦး)တင်မောင်သည် ထိုစဉ်က အနောက်တိုင်းတစ်ခွင်တွင် တွင်ကျယ်နေ ခဲ့သော “အော်ပရာ” (Opera) ကဇာတ်ကို မြန်မာ့ဟန်သို့ ကူးပြောင်းကာ ၁၉၄၉ ခုနှစ်မှစ၍ ဂီတပြဇာတ်ကို စတင်ဖော်ထုတ်တီထွင်ကာ အနုပညာအလင်္ကာရသလည်းမြောက်၊ သုတသင်ခန်းစာများလည်း ရရှိစေခဲ့ပါသည်။ (“အော်ပရာ”(Opera)ဟူသော အင်္ဂလိပ်ဝေါဟာရအဓိပ္ပာယ်မှာ အဆိုဖြင့် တည်ခင်းကပြသော ကဇာတ်ဟု အဓိပ္ပာယ် ရရှိပါသည်။)

အလင်္ကာကျော်စွာ ရွှေမန်း(ဦး)တင်မောင်၏ ဂီတရူး၊ အောင်ဘာလေ၊ ရွှေကြေးစည်၊ ချစ်ပြည်ထောင်စု၊ ရွဲကုန်သည်၊ ဝဏ္ဏပထ၊ မောင်မှူးပြဇာတ်များနှင့် မြန်မာစံတော်ချိန် တီးလုံးအကတို့မှာ သဘင်မော်ကွန်း စိုက်ထူခဲ့ပါသည်။ ရွှေမန်းသဘင်ကြီး၏ အနုပညာအမွေကို ဆက်ခံ ထားကြသော အလင်္ကာကျော်စွာ ရွှေမန်း(ဦး)တင်မောင်၏ သားရင်းသည်းချာများဖြစ်ကြသည့် သဘင်ပညာရှင် (ဦး)ဆန်းဝင်း၊ (ဦး)ဝင်းမောင်၊ (ဦး)ချမ်းသာနှင့် မြေးရင်းသည်းချာများဖြစ်ကြသည့် (ဦး)တင်မောင်ဆန်းမင်းဝင်းနှင့် ညီအစ်ကိုမောင်နှမများက ကျေးဇူးရှင်ရွှေမန်း(ဦး)တင်မောင်၏ သဘင်အနုပညာ အမွေအနှစ်များကို ခေတ်နှင့်လျော်ညီစွာ ပြန်လည်ဖော်ထုတ်ပေးစေလိုပါသည်။

ဘင်ဦးသျှောင်တစ်ဦးဖြစ်သည့် ရွှေမန်း(ဦး)တင်မောင်သည် လူ့အဖွဲ့အစည်းတွင် ခေါင်းဆောင်တု ခေါင်းဆောင်ယောင်များကို ရှောင်ကြဉ်၍ ခေါင်းဆောင်ကောင်းကို ရွေးချယ်တတ်သဖြင့် အကျိုး ခံစားရပုံကို ဖော်ကျူးထားသော“ဝဏ္ဏပထ” လှည်းသားငါးရာဇာတ်ကိုလည်းကောင်း၊ မူးယစ်သောက်စား လောင်းကစားတို့ကို လိုက်စား မိခဲ့သော မောင်းသမားတစ်ဦးသည် နောက်ဆုံး၌ ရောဂါစွဲ၍ မရှုမလှဘဝနိဂုံးချုပ်ခဲ့ရပုံကို “ရွှေကြေးစည်” ပြဇာတ်ဖြင့်လည်းကောင်း ဖော်ကျူးတင်ဆက်ခဲ့သည်မှာ ဇာတ်အိမ်ဖွဲ့ပုံကောင်းမွန်ခြင်း၊ အချိတ်အဆက် ကောင်းမွန်ခြင်းတို့ကြောင့် မြန်မာ့ဇာတ်သဘင် တစ်ခေတ်ကို ဆန်းသစ်စေခဲ့ပါသည်။

အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာသည် ဖြေဖျော်ရေး သက်သက်မဟုတ်ဘဲ တစ်နည်းအားဖြင့် “အနုပညာ၊ အနုပညာအတွက်သာမဟုတ်ဘဲ အနုပညာသည် ပြည်သူအားလုံးအတွက်ဖြစ်သည်” (Arts’ for Arts’ Sake. Arts’ belong to people.) ဟူသော ခံယူချက်ပင်ဖြစ်သည်။

ပြည်သူ့အနုပညာရှင်တိုင်းသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရုံမျှသာမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုအနုပညာ အစဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ဟန်၊ မြန်မာ့စံ၊ မြန်မာ့သဏ္ဌာန်၊ မြန်မာ့အနှစ်သာရမပျက်စေဘဲ တီထွင်ဆန်းသစ်ပြုကြရမည်မှာ ပြည်သူချစ်သော ပြည်သူ့အနုပညာကပေးသော အမျိုးသားတာဝန်တစ်ရပ်ဖြစ်ပါသည်။ ပြည်သူ့အနုပညာ ရှင်များအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူတို့အတွက် သရုပ်မှန်အနုပညာဖြင့် အနုပညာ စည်းရုံးရေးမှူးကောင်းများအဖြစ် အစဉ်ရပ်တည်ကာ အလုပ်အကျွေးပြုကြစေလိုပါကြောင်း လေးစားစွာဖြင့် ဂုဏ်ပြုရေးသားတိုက်တွန်းအပ်ပါသည်။ ။