ကျူရှင်နှင့် သင့်ကလေး၏ ကိုယ်စွမ်းကိုယ်စနိမ့်ကျမှု ကင်းဝေးရလေအောင်
“ကျူရှင်ဟာ အာရှမှာ မိဘနဲ့ ကလေးတွေကြား အတော်ခေတ်စားနေတဲ့ လုပ်ငန်းဖြစ်နေပါတယ်။ ဒါပေမဲ့ကလေးတွေရဲ့ ပညာရေးကို ထက်မြက်အောင် စီစဉ်ရာမှာ မိဘတွေကသာ အခရာပါ။ ကျူရှင်က အဓိကမဟုတ်ပါ။ ဒါကို အမှတ်မမှားကြဖို့လိုပါတယ်။ ကလေးတွေအပေါ် မလွှမ်းမိုးပါစေနဲ့၊ ကျူရှင်ကို အထိရောက်ဆုံးအသုံးချဖို့က မိဘတွေရဲ့တာဝန်ပါ။”
မိဘများရဲ့ ကျူရှင်ကို အသုံးချနေမှုအား လေ့လာသုံးသပ်ရေးအဖွဲ့(စင်ကာပူ)
မျိုးဆက်သစ်ကလေးများ၏ မွေးရာပါစွမ်းရည်များကို ပိုမိုထက်လာ၊ မြက်လာအောင် စုစုဝေးဝေး လေ့ကျင့်ပေးသည့်နေရာသည် ကျောင်းဖြစ်ပါသည်။ မွေးရာပါ အရည်အသွေးများ နိမ့်ကျအောင်၊ ကျဆင်းသွားအောင် လေ့ကျင့်ပေးသည့်နေရာ လုံးဝမဟုတ်ပါ။ “ကျောင်း”၏ သဘောကိုက မိမိကိုယ်ကို ဘဝတစ်လျှောက် “ထိန်းကျောင်း” တတ်ရန် လေ့ကျင့်ပေးသည့်နေရာပါ။ သူများကို မှီခိုရန်၊ အားကိုးရန် သင်ပေး၊ လေ့ကျင့်ပေးခြင်း မဟုတ်ပါ။ သူ့ဘဝတစ်လျှောက်လုံး ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်သူများဖြစ်အောင်၊ တစ်နည်းအားဖြင့် သူများကို မှီခိုမှုကင်းအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။
မိဘများကို မေးပါရစေ။ ကိုယ့်သားသမီးကို ကျောင်းထားခြင်းသည် ကလေးများ၏ ကိုယ်စွမ်း ကိုယ်စ မြင့်မားစေရန်လား၊ နိမ့်ကျစေရန်လား ဆိုသည်ကိုပါ။ ပြီးလျှင် မိဘများ ကိုယ့်သားသမီးကို “ခေါင်းဆောင်ဖြစ်စေချင်လား”၊ “သူများအခိုင်းခံဖြစ်စေချင်လား”ဟု ဆက်မေးလျှင် မိဘအားလုံးက ကိုယ့်သားသမီးကို ခေါင်းဆောင်အဖြစ်သာ မျှော်မှန်းကြပါသည်။ အခိုင်းခံဘဝကို မရောက်စေချင်ပါ။ မိဘအားလုံး၏ အမြင့်မားဆုံးစေတနာနှင့် ဆန္ဒပါ။ သို့သော် “ပညာမပါသည့်သဒ္ဓါသည် မိစ္ဆာဒိဋ္ဌိ” ဆိုသည်ကို မြန်မာမှုဝန်းကျင်တွင် အားလုံးသိကြပါသည်။ အသိမှန်မှ အလုပ်မှန်ပေမည်။ သို့ဖြစ်၍ မိဘများအနေဖြင့် ပညာရေးနှင့်ဆိုင်သည့် အသိ ပညာဖြည့်ပြီး ဆောင်ရွက်နိုင်ပါမှ ကလေးများအပေါ်ထားသည့် မိဘများ၏စေတနာနှင့် ဆန္ဒ အောင်မြင် မည်ဖြစ်ပါသည်။
အဓိကအနေဖြင့် ကျောင်းဆိုသည့်အရပ်သည် စာမေးပွဲရမှတ်ပြိုင်သောနေရာ မဟုတ်ဘူးဆိုသည်ကို အရင်ဆုံးမြင်တတ်၊ ခံယူတတ်ရပါမည်။ သို့ဖြစ်၍ မိဘများအနေဖြင့် “စာမေးပွဲရမှတ်များသည်ကို သင့်ကလေးရဲ့ အမြင့်မားဆုံးအောင်မြင်မှု” သို့မဟုတ် “စာတော်သည်နှင့် လူတော်မဖြစ်သေးဘူးဆိုသည်ကို ခွဲခြားခံယူထားရန်ပါ။” ကလေးတိုင်းသည် အရွယ်တိုင်းတွင် သူ့အရွယ်နှင့်ညီမျှသည့် လူ့တန်ဖိုးများ ဖြည့်ပေးရမည်မှာ ပညာရေး၏အဓိကလုပ်ငန်းပါ။ သူများအခိုင်းခံဘဝ မရောက်စေချင်သော မိမိ၏ သားသမီးကို ကျောင်းစာ အဆမတန်သင်ခိုင်းပြီး မိဘ၏ အတင်းအဓမ္မအခိုင်းခံဘဝဆီ မရောက်ရလေအောင် အရင်ဆုံးသတိပြုသင့်ပါသည်။
ထို့အပြင် “စာရသူ”၊ “စာမေးပွဲရမှတ်များသူ”တို့ သည် “ဉာဏဗလပြည့်စုံသူ” ဟုလည်း ထင်မှတ် မမှားကြရန် လိုပေလိမ့်မည်။ မြန်မာတို့၏ ဉာဏဗလ (ဉာဏ်ရည်) ဂုဏ်အင်္ဂါတွင်-
(က) နှုတ်မှုကျွမ်းကျင်ခြင်းနှင့် ဘာသာစကား ကျွမ်းကျင်မှုဉာဏ်ရည်၊
(ခ) ကြောင်းကျိုးဆက်စပ်နိုင်မှုနှင့် သင်္ချာဆိုင်ရာ ဉာဏ်ရည်၊
(ဂ) အမြင်၊ ခံစားမှုနှင့် ပုံဖော်နိုင်မှုဉာဏ်ရည်၊
(ဃ) ဂီတနှင့်အနုပညာဉာဏ်ရည်၊
(င) လူမှုဆက်ဆံရေးဉာဏ်ရည်၊
(စ) မိမိကိုယ်ကို ရှုမြင်သုံးသပ်နိုင်စွမ်း ဉာဏ်ရည်၊
(ဆ) ကိုယ်ခန္ဓာ လှုပ်ရှားထိတွေ့မှုဆိုင်ရာ ဉာဏ်ရည်တို့ပါဝင်သည်ဟု ပညာရေး
ပညာရှင်များက ဖွင့်ဆိုကြပါသည်။ စာမေးပွဲရမှတ်ကို ဦးစားပေးပြီး မိမိကလေးကို စာလောက်သာ ဇောင်းပေး လေ့ကျင့်ပေးခဲ့မှုများခဲ့လျှင် အထက်ပါကလေးငယ်တစ်ဦး မဖြစ်မနေပိုင်ဆိုင်ရမည့် “ဉာဏ်ရည် မြင့်မားမှု”၊ တစ်နည်းအားဖြင့် “လူ့တန်ဖိုးမြင့်မားမှု” ကို ထိခိုက်နိုင်သည်ကို အထူးသတိပြုအပ်ပါသည်။
မြန်မာ့ပညာရေးကို စိတ်ဝင်စားသူများ မေးလေ့ရှိသည့်မေးခွန်းက “ကျွန်တော်တို့ကလေးတွေဟာ မနက်အိပ်ရာထရင် ကျူရှင်တက်၊ ပြီးတော့ ကျောင်းသွား၊ ကျောင်းဆင်းရင် ကျူရှင်ပြန်တက်၊ မိဘတွေကလည်း ကျူရှင်အတွက် လုံးပန်းရနဲ့ ကလေးရော မိဘတွေပါ အတော်ပင်ပန်းကြပါတယ်။ ပညာရေးမှာ ကျူရှင်က အတော်လွှမ်းမိုးနေပါတယ်။ အဲဒီလိုလွှမ်းမိုးတာ ဘာကြောင့်ပါလဲ၊ ပြီးတော့ လွှမ်းမိုးမှုနှုန်း အခုလိုပဲ ဆက်များနေခဲ့ရင် မြန်မာ့ပညာရေးအနာဂတ် ဘယ်လိုဖြစ်သွားမှာလဲ” ဆိုသည်တို့ပါ။
လေ့လာမိသလောက် ဖြေကြားရလျှင် ကျူရှင်သည် ပညာရေးရှိသမျှ ရှိနေပါလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် ကလေးငယ်တိုင်း ဘာသာရပ်အားလုံးကို လိုက်နိုင်ရန်၊ နားလည်ရန် ခဲယဉ်းပါသည်။ တစ်ဦးချင်း၏ ဉာဏ်ရည်အနိမ့်၊ အမြင့်နှင့် စိတ်ဝင်စားမှုအပေါ်မူတည်၍ အားနည်းသော ဘာသာရပ်ရှိနိုင်ပါသည်။ သို့အတွက် ကျောင်းကသင်ပေးခြင်းသည် တချို့ကလေးများအတွက် မလုံလောက်နိုင်ပါ။ ထပ်ဆောင်းသင်ရန် လိုအပ်ပါသည်။ သို့သော် ကလေးများအားလုံးနှင့် မသက် ဆိုင်ပါ။
ဆိုလိုသည်မှာ ဘာသာရပ်အားနည်းသော ကလေးများသာ ထပ်ဆောင်းသင်ရန် လိုပါလိမ့်မည်။ ထို့အပြင် ကျူရှင်က ကလေးများ၏ ပညာရေးအပေါ် လွှမ်းမိုးလာရသောအဖြစ်မျိုးလည်း မဖြစ်သင့်ပါ။ ထိုသို့ ယနေ့ဖြစ်လာရခြင်း၏ တကယ့်အကြောင်းရင်းသည် မိဘများ၏ “ပညာရေးဗဟုသုတအားနည်းမှု”၊ တစ်နည်းအားဖြင့် “စာရမှတ်လောက်ကိုသာ ဦးထိပ်ထားမှု” ကြောင့်ဟု မြင်မိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းက သူ၏ “ကျောင်းသား ဝတ္တရား” ဟူသည့်ဆောင်းပါးတွင် “ကျောင်းသား ဝတ္တရားမှာ အတန်းစာလောက်သာကျက်ပြီး စာမေးပွဲအောင်ရုံမျှသာဟု ယူဆလျှင် ထိုအယူအဆ သည် အောက်တန်းကျပြီး နက်နဲမှုမရှိသည့် ပညာရေးအယူအဆဖြစ်သည်” ဟု ဖော်ပြထားသည်။ မိဘများအနေဖြင့် မိမိ၏ကလေးများကို “နက်နဲမှုမရှိသည့် ပညာရေးအယူအဆ” အား အကောင်အထည် ဖော်ခိုင်းနေခြင်းဟု မြင်မိပါသည်။ အထူးသဖြင့် ကျောင်းစာချည်းသက်သက် တော်သူ၊ စာမေးပွဲ ရမှတ်သာများပြီး အားကစား၊ လူမှုဆက်ဆံရေး၊ ပရဟိတလုပ်ငန်း၊ စာဖတ်ခြင်းနှင့် ပတ်ဝန်းကျင် လေ့လာမှုကင်းသူသည် လူတော်တစ်ယောက် မဟုတ်ဆိုသည်ကို သိသင့်ပါသည်။
လူတော်ထက် အဆင့်နိမ့်ပါသည်။ စာမေးပွဲတွင် အမှတ်ရရန်အတွက် ဇောင်းပေးပြီး ဘဝ တစ်လျှောက် ထွန်းတောက်ရမည့် လူ့တန်ဖိုးအစစ် အမှန်များနှင့် လဲလှယ်ခဲ့ကြ၍ပါ။ မိဘများအနေဖြင့် မိမိတို့ကလေးကို ကျူရှင်ထားတော့မည်ဆိုလျှင် “တန်ဆေး၊ လွန်ဘေး” မဖြစ်ရလေအောင် ပညာရေး ပညာရှင်များ၏ ကျူရှင်နှင့်ပတ်သက်ပြီး သတိထားရမည့် အောက်ပါအချက်များကို လိုက်နာကျင့်သုံး သတိပြု၍ ကျူရှင်ထားစေချင်ပါသည်။
ကျူရှင်ကို အထူးပြုလေ့လာသူ ပညာရှင်များ၏ တွေ့ရှိချက်များကို သာမန်ပညာရေးသမားများ ပင်လျှင် မမြင်နိုင်ပါ။ သုတေသနရလဒ်ကို အခြေခံထားပါသည်။ ကလေးများ၏ လက်ရှိနှင့် နောင် အနည်းဆုံး နှစ် (၂၀) တွင်မှ ပေါ်ထွန်းလာမည့် အောင်မြင်မှုအတွက် သုံးသပ်ထား၍ မြန်မာ မိဘများ ပေါ့ပေါ့တန်တန်မထားအပ်ပါ။ အထူးဂရု စိုက်စေချင်ပါသည်။
(က) ကျူရှင်သည် ကလေးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းသည့်အရာပါ
ကျူရှင်သည် အာရှတွင် အဓိကကျသည့် လုပ်ငန်းဖြစ်နေပါသည်။ ကျွန်တော်တို့ဆီတွင် ကျူရှင်သည် မိဘနှင့်ကလေးများကြား “မပါမပြီး လုပ်ငန်းအသွင်” နေရာယူနေပါသည်။ သို့သော် ကျွန်တော်တို့ကလေးများ၏ပညာရေးကို ထက်မြက်အောင် ဆောင်ရွက်သည့်နေရာတွင်တော့ မိဘက အဓိကပါ။ ကျူရှင်ဆရာများသည် အဓိကမဟုတ်ပါ။ ယင်းကို အမှတ်မမှားရန်နှင့် ပြတ်သားစွာမြင်တတ် ရန်လိုပါသည်။ ကျူရှင်ကို အထိရောက်ဆုံးအသုံးချရန်မှာ မိဘများ၏တာဝန်ပါ။ ကျူရှင်က သင့်ကလေး ၏ ပညာသင်ကြားရေးအပေါ် မလွှမ်းမိုးမိပါစေနှင့်။
ပိုဆိုးသည်က ကျူရှင်တက်မှ ပိုအောင်မြင်မည်ဆိုသည့် ပတ်ဝန်းကျင်က မိသားစုအပေါ်လွှမ်းမိုး သော “အများမိုးခါးရေသောက် အမြင်မျိုး” မိဘရော ကလေးများဆီတွင်ပါ မရောက်စေရန်၊ အမြစ်မတွယ် စေရန်ပါ။ ကျူရှင်အပေါ် ကိုယ့်သားသမီးကို ပုံအပ်မထားမိပါစေနှင့်။ “ကျူရှင်ဆိုတာ သင့်ကလေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အရာပါ”။ လိုအပ်သလောက်သာ ဖြည့်ဆည်းပေးရမယ့်အရာကို “အားထားရမယ့်အရာ”လို့ မိဘများရော သားသမီးများပါ “ပညာရေးအမြင်ဖြင့် ကြည့်တတ်သည့်သတိ” ကင်းလွတ်စွာ မခံယူမိစေရန်အတွက် စင်ကာပူက ကျူရှင်လေ့လာရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်ကို ဆောင်းပါးအစတွင် ဖော်ညွှန်းခဲ့ခြင်းဖြစ်ပါသည်။
(ခ) ကလေးအားနည်းသောဘာသာရပ်လောက်ကို သာ ကျူရှင်ယူစေပါ
ကလေးတိုင်း ဘာသာရပ်အားလုံး အားနည်း ခြင်းမျိုးမရှိနိုင်ပါ။ သင့်ကလေး အားနည်းသောဘာသာ ရပ်ကို အရင်လေ့လာပါ။ ပြီးလျှင်အဆိုပါဘာသာ ရပ်လောက်ကိုသာ ကျူရှင်ယူစေပါ။ ကျွန်တော် ဂျာမနီကို ဘွဲ့လွန်သုတေသနခရီးသွားခဲ့စဉ်က ကျွန်တော့်သူငယ်ချင်း၏သားနှင့် သမီးသည် မြန်မာ ပြည်က (၆) တန်းနှင့် (၇)တန်း တက်ခဲ့သူများပါ။ ဟိုရောက်ပြီး ကျောင်းဆက်တက်သည့်အခါ ဂျာမန် စကား မတတ်သေးတာရယ်၊ ဂျာမနီမှာသင်သည့် ဘာသာရပ်များနှင့် သူတို့မြန်မာပြည်မှ သင်သွား သည်များ မတူသည့်အတွက် မလိုက်နိုင်၍ ကျူရှင်ယူရပါသည်။ ကျူရှင်ဆရာက တစ်ပတ်တွင် နေ့တစ်နေ့၏ အချိန်တစ်ချိန်ပေးထားပါသည်။ တစ်ပတ်အတွင်းသင်သည့်စာ နားမလည်လျှင် အဲဒီ နေ့၊ အဲဒီအချိန်တွင် လာမေးရန်ပါ။ နားလည်လျှင် သွားစရာမလိုပါ။ မြန်မာပြည်ကဲ့သို့ နေ့တိုင်း တက်နေစရာမလိုပါ။ ကိုယ့်ကလေး အားနည်းသော ဘာသာရပ်ကိုသာ ဖြည့်သင်ပေးရုံ ကျူရှင်ကို ထားသင့်ပါသည်။ သို့မှသာ ကလေး၏ နားချိန်၊ ပျော်ရွှင်ချိန်နှင့် ကျူရှင်သည် အဖြည့်ခံဆိုသည်ကို ပီပြင်မှာပါ။
(ဂ) ကလေးကို စာဒဏ်ပေးသလို မဖြစ်စေရပါ
ကလေးများကို ကျောင်းထားသည်ဆိုခြင်းမှာ ဒဏ်ပေး၊ အပြစ်ပေးရန် မဟုတ်ပါ။ ပျော်ရွှင်မှုပေးရန် ဉာဏ်ထက်မြက်စေရန်နှင့် အများနှင့်အတူ နေတတ်ရန်အတွက် အားပေး၊ ခွန်အားဖြည့်ပေး၊ မြှင့်တင်ပေး၊ တည့်မတ်ပေး၊ ပြုပြင်ပေးသည့်လုပ်ငန်းပါ။ ကျောင်းတွင် စာများသင်ပြီး အိမ်စာများများ ပေး၊ များများလေ့ကျင့်မှ အောင်မြင်မည်ဟုလည်း မယူဆသင့်ပါ။ ကလေး၏အရွယ်ကို ထည့်သွင်း စဉ်းစားသင့်ပါသည်။ ကျွန်တော်တို့ဆီက မိဘများအနေဖြင့် ကိုယ့်သားသမီးသင်သည့် ဘာသာရပ်များကို အားနည်းနည်း၊ မနည်းနည်း ဘာသာစုံကျူရှင် ထားနေကြပါသည်။ လုံးဝမထားသင့်ပါ။ မလိုဘဲ ထားမိလျှင် ကလေးစာဒဏ်ပိနိုင်၍ဖြစ်ပါသည်။
အထူးသဖြင့် “မူလတန်းနှင့် အလယ်တန်း အရွယ်များသည် လူသားတစ်ဦး၏ ဦးနှောက် အဖွံ့ဖြိုးဆုံးအရွယ်များပါ။” ကလေးတစ်ယောက်သည် နာရီဝက်ထက်ပိုပြီး အာရုံမစူးစိုက်နိုင်ပါ။ နာရီဝက်စာသင်ပြီးတိုင်း အနားပေးသင့်ပါသည်။ ထိုထက် ပိုခိုင်းမိလျှင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက် နိုင်သည်ဟု ပညာရေးစိတ်ပညာရှင်များက လေ့လာတွေ့ရှိထားပါသည်။
စာဒဏ်ပိလျှင် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ပြီး ဘဝ၏ ဆက်လက်အောင်မြင်မှုပန်းတိုင် နှင့် အလှမ်းဝေးနိုင်သည်ဟု ကျူရှင်အကြောင်း လေ့လာသူများက သုံးသပ်ထားပါသည်။ ထို့ပြင် သင်ခန်းစာထက်ကျော်ပြီး စာအရှိန်မြှင့်သင်လေ့ရှိသည့် ကျူရှင်ကျောင်းကို မဖြစ်မနေရှောင်ကြ ရန်လည်း အကြံပြုထားပါသေးသည်။ ကျွန်တော်တို့ဆီတွင် ထိုကဲ့သို့သောကျောင်းမှ ကောင်းသည်ဟု မိဘများက ခံယူနေကြပါသည်။ ထိုခံယူချက်မမှန်ပါ။ ကိုယ့်ကလေးများကို စာထောင်ချောက်ထဲ တွန်းမပို့သင့်ပါ။ သင်ယူမှုကို ငြီးငွေ့ပြီးဘဝတွင် ဆက်လက်ပညာဖြည့်ဆည်းမှုများ ရပ်သွားနိုင်ပါ သည်ဟု ပညာရှင်များက တွေ့ရှိထား၍ပါ။ ပညာလေ့လာဆည်းပူးမှုကို စဉ်ဆက်မပြတ်ဖြည့်ဆည်းမှု (3L = Life-Long- Learning) ရှိနေမှ တိုးတက် အောင်မြင်နိုင်မည့် ယနေ့ပညာခေတ်တွင် ကလေး များ ပညာဆက်လက်ဖြည့်ဆည်းချင်သည့်စိတ် ကုန်ခန်းသွားခြင်းသည် အပင်ပေါက်ကို အညွန့်ဖြတ် လိုက်ကဲ့သို့ပါပင်။ မိဘများ၏ ဆန္ဒလွန်ကဲမှုကြောင့် မိမိသားသမီးများ ကိုယ်စိတ်နှစ်ပါးစလုံးကို စာဒဏ်ပိစေပြီး ဘဝတစ်ခုလုံး ဉာဏ်တုံးသွားနိုင်သည်ကို သတိပြု၍ ကျူရှင်ထားသင့်ကြောင်း ပညာရှင်များက အကြံပြုထားပါသည်။
(ဃ) စိတ်ရောကိုယ်ပါ ကျန်းမာရေးထိခိုက်သူမဖြစ်စေရပါ
ပညာရေး ပညာရှင်များ၏ လေ့လာချက်အရ အိမ်၊ ကျောင်းနှင့် ကျူရှင်၌သာ အချိန်ကုန်သည့် ကလေးများသည် စာသင်ခန်းတွင်ရော အိမ်တွင်ပါ တုံ့ပြန်မှုနှေးကွေးပြီး ကပေါက်တိ ကပေါက်ချာ အဖြေများပေးတတ်သည်ကို တွေ့ရပါသည်။ ထိုကလေးများသည် စိတ်ပင်ပန်းနွမ်းနယ် နေကြသူများသာ ဖြစ်ပါသည်။ သူတို့အတွက် အလိုအပ်ဆုံးအရာမှာ ဦးနှောက် နားချိန်များများရရန်နှင့် ဦးနှောက်ရွှင်ဖို့ ကစားချိန် ထိထိရောက်ရောက်ပေးရန်ပါ။ ကစားခြင်းသည် သွေး၊ လေလည်ပတ်မှု မှန်ကန်စေကာ ဦးနှောက်သို့ အောက်ဆီဂျင်ပြည့်ပြည့်ဝဝရစေသဖြင့် ဉာဏ်ရွှင်စေပြီး စူးစမ်းလိုစိတ်ကို ပိုမိုထက်မြက်စေ၍ပါ။
အများနှင့် ကစားသည့်အခါ လျှပ်တစ်ပြက် ဆုံးဖြတ်နိုင်မှု၊ စည်းကမ်းဥပဒေကို လေးစားလိုက်နာ တတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တစ်ကိုယ်ကောင်းဆန်မှု ကင်းစေခြင်းစသည့် အလေ့အကျင့် တို့ကိုပါ လေ့ကျင့်ပြီးသားဖြစ်ပါသည်။ ဗိုက်နာ၊ ခေါင်းကိုက်၊ နှာစေး၊ ပန်းနာ၊ အိပ်မပျော် စသည်တို့ မကြာခဏဖြစ်လေ့ရှိသောကလေးကို ပညာရေး စိတ်ပညာရှင်များက နေ့စဉ် ကစားကွင်းထဲခေါ်သွား ကာ ကစားစေပြီး လေ့လာစောင့်ကြည့်သည့်အခါ ထိုရောဂါများ ပျောက်သွားသည့်အပြင် ကျောင်းစာ တွင် ပိုမိုထူးချွန်လာသည်ကို တွေ့ရပါသည်။
ကျောင်းနှင့် အတန်းများ၏ စုပေါင်းလှုပ်ရှားမှုများတွင်ပါ ခေါင်းဆောင်နိုင်လာပါသည်။ ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်စေ၍ပါ။ ထိုအချက်နှင့် ပြောင်းပြန် ကျောင်းစာချည်း ဖိသင်ခံနေရသည့် ကလေးသည် သင်ခန်းစာကို စိတ်ဝင်စားမှုအားနည်းလာပြီး ပိုမိုထုံထိုင်းလာတတ်သည်ဟု ဆိုပါသည်။ အခန်းထဲမှာချည်း နေရသည့်အတွက် လေကောင်းလေသန့်မရ၊ ကျောင်းစာချည်းသင်နေရခြင်း၊ ထို့ပြင် ဆရာ၊ အိမ်သူအိမ်သားများစသည့် တွေ့နေကျ ပတ်ဝန်းကျင်ကြောင့်ပါ။
ထို့ကြောင့် ကျူရှင်နှင့်သာ အချိန်ကုန်စေသည့် ကလေးသည် အနာဂတ်တွင် ဉာဏ်ရွှင်ရန်၊ ဉာဏ် ကောင်းရန် အခွင့်အလမ်းနည်းသကဲ့သို့ ကျန်းမာသန်စွမ်းမှုလည်း ကျဆင်းလာပါသည်။ ယခင်က အောင်မြင်သောသူများတွင် EQ နှင့် IQ မြင့်ရမည်တဲ့။ ယနေ့ခတ်တွင်တော့ ထိုနှစ်ခုအပြင် SQ (Spiritual Quotient) ဆိုသော မိမိကိုးကွယ်ရာ ဘာသာတရားကို လေးစား၍ စိတ်ထားကောင်းမွန် ခြင်းနှင့် PQ (Physical Quotient) ဟူသည့် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှု ပြည့်စုံရမယ် ဆိုသည်များ ပါဝင်လာပါသည်။
ဘုရားသွား၊ ကျောင်းတက်၊ အားကစားလုပ်ခြင်းမျိုး မဖြစ်မနေလုပ်ရပါလိမ့်မည်။ ဆိုလိုသည်မှာ ပညာရေးဆိုသည် ဉာဏ်ပညာထက်မြက်ပြီး စိတ်ထားမြင့်မြတ်ကာ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ လေ့ကျင့်ပေးရေးပါ။ ကျောင်းတွင် စာမေးပွဲရမှတ်များပြီး အနာဂတ်လုပ်ငန်းခွင်တွင် ကျန်းမာရေးချို့တဲ့နေသည့် သင့်သား သမီးဟာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်ပြီး သူများကဲ့သို့ အောင်မြင်မှုဆီ မြန်မြန်မရောက်နိုင်သောဘဝ ရောက်သွားနိုင်ပါသည်။
“ဘဝ၏ လေးပုံတစ်ပုံဖြစ်သည့် ကျောင်းနေ ဘဝတိုတိုလောက်ကိုသာ မကြည့်ပါနှင့်။ ကျောင်း နေကာလထက် လေးပုံသုံးပုံဆက်လက်ရှင်သန်ရမည့် ဘဝတစ်လျှောက်လုံးအတွက် မြော်တွေး ကြည့်သင့်ပါသည်။” သားသမီး၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို မဖြစ်မနေထည့်တွက်ပေးရန် လိုပါသည်။ သို့မှသာ သင့်သားသမီး စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စွာ (PQ ပြည့်ဝသူဘဝ) ဖြင့် ဘဝ တစ်လျှောက်လုံး စဉ်ဆက်မပြတ်အောင်မြင်သူ ဖြစ်လာမှာပါ။
(င) ကလေး၏ လူ့တန်ဖိုးအစစ်များ မနိမ့်ကျစေရပါ
ကလေးကို ကျောင်းထားပြီး လေ့ကျင့်ပေးသည့် ရည်မှန်းချက်များထဲတွင် “ကိုယ့် အားကိုယ်ကိုးတတ် စေရန်”၊ “ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရန်” ဆိုသည်ကအဓိကပါ။ ဆောင်းပါးတစ်နေရာတွင် ညွှန်းခဲ့သလို မိမိကိုယ်ကိုဘဝတစ်လျှောက်လုံး “ထိန်းကျောင်းနိုင်အောင်”၊ “ထိန်းကျောင်းတတ် အောင်” ကျောင်းသို့ပို့ပြီး လေ့ကျင့်စေတာပါ။ သူများကို အားကိုးသည့်အကျင့် ဖြစ်ထွန်းလာစေရန်မဟုတ်ပါ။ ကိုယ်ရည်ကိုယ်သွေး တက်လာစေရန်ပါ။ ကျူရှင်တက်လျှင် ကျူရှင်ဆရာက မှတ်စုအကုန် ထုတ်ပေးထားပါသည်။ အရန်သင့်ခွံ့ကျွေးခြင်း (Spoon Feeding Education) ပါ။ ထိုကလေးသည် ကိုယ်တိုင်မှတ်စုမထုတ်တတ်တော့ပါ။ အလွတ်သာ ကျက်ပါတော့သည်။ အရန်သင့်ခွံ့ကျွေးသော ပညာရေးစနစ်သည် အရည်အသွေးနိမ့်ပါးသူများ သာ မွေးထုတ်ပါသည်။ အောင်မြင်သောပညာရေးတွင် Spoon Feeding စနစ် မသုံးပါ။ ထို့ကြောင့် ကလေးသည် ဘယ်အရာက အဓိကအချက်၊ ဘယ်အရာက သာမညဆိုသည်ကို ခွဲခြားနိုင်စွမ်း လျော့ကျလာပါသည်။ ပညာရရန် ကျောင်းထားပြီး လေ့ကျင့်ရခြင်း၏ သဘောက ကွဲပြားမှုကို နားလည် သဘောပေါက်ခြင်း၊ ကောင်းမှုဆိုးမှု၊ အမှားအမှန်၊ ဓမ္မနှင့် အဓမ္မခွဲခြားနိုင်မှု အရည်အသွေးများ ပိုင်ဆိုင် လာခြင်းက အဓိကဖြစ်ပါသည်။
အပြုနှင့်အပျက် သို့မဟုတ်လျှင် အမှားနှင့်အမှန် ခွဲခြားနိုင်မှုကင်းကာ သူများပြောသမျှယုံပြီး တိုင်းပြုပြည်ပြုလား၊ တိုင်းဖျက်ပြည်ဆူလား မသိဘဲ လိုက်လုပ်နေခြင်းသည် စာလောက်သာသင်ခဲ့ခြင်း၏ လက်တွေ့ရလဒ်များပင်ဖြစ်ပါသည်။ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရမည့် ကိုယ်စွမ်းကိုယ်စများ အကုန်ပျောက်ကုန်ပါတော့သည်။ ကျူရှင်ဆရာကို မှီခိုရာမှ သူများအပေါ်မှီခိုသည့် အကျင့်ဆိုးကြီး ဘဝတစ်လျှောက်လုံး စွဲကပ်လာနိုင်ပါသည်။ ကိုယ့် ဘာသာကိုယ်လုပ်ရဲသည့် သတ္တိလည်း နည်းလာပါသည်။ ပြီးလျှင် Guide ဆရာက စာကျက်ခိုင်းမှ ကျက်ပါသည်။ Guide ဆရာက ခိုင်းမှလုပ်တော့ ကိုယ့်အသိစိတ်ဓာတ်နှင့် ကိုယ်လုပ်ရမည်ဆိုသည့် “တာဝန်သိစိတ်”၊ “တာဝန်ယူစိတ်”များ ပျောက်သွားပါတော့သည်။ သူများကို အနာဂတ်တွင်ခေါင်းဆောင် မည့်သူသည် ထိုစိတ်ထားနှစ်ရပ်ပြည့်ဝရပါမည်။ ထိုနှစ်ခု ပြည့်ဝမှ နောက်ထပ် “တာဝန်ခံရဲသည့်သတ္တိ” ဆိုသော ခေါင်းဆောင်အရည်အသွေးလည်း ထပ်ဆင့် တိုးလာကာ သင့်သားသမီးက သူများကို အောင်မြင်စွာခေါင်းဆောင်နိုင်သူဖြစ်လာပါလိမ့်မည်။
(စ) လူမှုဆက်ဆံရေးညံ့ဖျင်းလာသူမဖြစ်စေရပါ
နံနက်အိပ်ရာထ ကျူရှင်တက်၊ နေ့လယ်ကျောင်းတက်၊ ညနေကျူရှင်ဆီသွား၊ ပြီးလျှင် Guide နှင့် စာကျက်၊ ထို “စာသံသရာထဲလည်နေတဲ့ ကလေး”သည် မိသားစုနှင့် ပျော်ရွှင်ရန်အချိန်၊ ကျောင်းနှင့် မိမိဝန်းကျင်မှ သူငယ်ချင်းများ၊ လေးစားရသည့် ရပ်ရွာလူကြီးများနှင့် တွေ့ချိန်၊ စကားပြောချိန်၊ ရင်းရင်းနှီးနှီးပေါင်းသင်းချိန်၊ ပတ်ဝန်းကျင်မှ သင်ယူချိန်မရှိတော့ဘဲ မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်တတ်သည့် အကျင့်မရှိတော့ပါ။ ထို့အတူ မိမိရပ်ရွာနှင့်ဒေသကို ခင်တွယ်တတ်မှု အားနည်းလာပါသည်။ ကလေးကို ပညာသင်ပေးခြင်းသည် အနည်းဆုံး မိသားစု၊ မိမိမိတ်ဆွေများ နှင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သည့် မိတ္တဗလ ပြည့်စုံရေးလည်း ပါဝင်ပါသည်။
ဘဝအောင်မြင်ရေးတွင် မိတ်ဆွေ၏အခန်း ကဏ္ဍအရေးကြီးပုံကို မြတ်ဗုဒ္ဓက “ပုဂ္ဂိုလ် တစ်ယောက် မြင့်မြောက်စေကြောင်း မိတ်ဆွေကောင်းသည် အကြောင်းအပြည့်ဖြစ်စေ၏” လို့ ဆိုထားသည်ကို သတိအမြဲချပ်နေရပါမည်။ ကလေးသည် လူသားဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းအတွင်း နေထိုင်ရှင်သန်ရမည်ဖြစ်သည့်အတွက် ထိပ်ဆုံးက ကျွမ်းကျင်တတ်မြောက်ရမည့် စွမ်းရည်သည် တခြားသူများနှင့် ပေါင်းသင်းဆက်ဆံတတ်သည့် လူ့အရည်အသွေး ရှိကိုရှိရပါမည်။ ကျူရှင်ကြောင့် အဆိုပါ “မိတ္တဗလ လူ့တန်ဖိုး”ကို ဖြည့်ရန်အချိန်မရခဲ့လျှင် စာမည်မျှတော်တော် လများနှင့် သဟဇာတဖြစ်အောင်နေတတ်သည့် မိတ္တဗလကြွယ်ဝသူဖြစ်ရန်၊ တန်ဖိုးမြင့်သားသမီးဖြစ်ရန် အခွင့်အလမ်းနည်းစေပါသည်။ ကျူရှင်နှင့် အချိန်ကုန်နေခြင်းကြောင့် လူ့အဖွဲ့အစည်းပြင်ပမှ လူသား ဘဝကို မိမိ၏သားသမီးရောက်သွားနိုင်သည် ဆိုသည်ကို သတိပြုစေချင်ပါသည်။
(ဆ) ပျော်ရွှင်မှုဆိတ်သုဉ်းသည့် မိသားစုအတွင်း ကြီးပြင်းလာသူမဖြစ်စေရပါ
ကျောင်းက ဆရာ၊ ဆရာမများကလည်း ကလေးအရွယ်နှင့်လိုက်သည့်အိမ်စာ ပေးသင့်ပါသည်။ ဝန်ထုပ်ဝန်ပိုးမဖြစ်ရန် သတိထားရပါမည်။ စာဒဏ်မပိစေရပါ။ ကျောင်းစာကို ကျောင်းချိန် အတွင်း၌ပင် တတ်အောင်သင်ပေးရပါလိမ့်မည်။ သို့ဆိုလျှင် ကလေးများ ကျူရှင်တက်စရာ မလိုတော့ပါ။ ပိုတတ်စေချင်၍ဆိုပြီး မိဘကလည်း ကျူရှင်ကို ထပ်မပို့သင့်ပါ။ ကလေးသည် သူ့ဘာသာသူ အိမ်စာလုပ်၍ ပြီးသွားလျှင် သားရယ်၊ သမီးရယ်၊ မိဘ၊ ညီအစ်ကိုမောင်နှမ၊ အဘိုး၊ အဘွားများနှင့် ညနေခင်း မိသားစုပျော်စရာအချိန်လေးဖြင့် တစ်နေ့တာကို မဖြစ်မနေ အဆုံးသတ်ရန်လိုပါသည်။
အကယ်၍ ထိုညနေခင်းကို ကျူရှင်နှင့် Guide သာရှိနေလျှင် “မိသားစုပျော်ရွှင်မှုဘဝ” ဆိုသည့် လူ့အဖွဲ့အစည်း၏ အမွန်မြတ်ဆုံးအနှစ်သာရကို မရဘဲ ကြီးပြင်းလာသည့် ကလေးဖြစ်လာပါမည်။ အလားတူ နွေရာသီကျောင်းပိတ်ရက်သည် ကလေးများ၏ ဦးနှောက်နားရမည့်အချိန်၊ လွတ်လွတ် လပ်လပ်ဆော့ကစားရင်း ဦးနှောက်ပိုမိုဖွံ့ဖြိုးရေးအတွက် အနားပေးရမယ့်အချိန်ပါ။ ယင်းကို သတိ မထားမိဘဲ နောက်နှစ်အတန်းအတွက် ကျူရှင်တက်ခိုင်းသည့်အခါ ပျော်ရွှင်ချမ်းမြေ့မှုလည်းကင်း၊ မနားရလျှင် ဦးနှောက်ကလည်း ဒဏ်ခတ်ခံရကာ ထုံထိုင်းသွားပါလိမ့်မည်။ ပြီးလျှင် မိဘ၊ ဆွေမျိုးနှင့် အတူနေရသည့်အချိန်နည်းပါး၍ “မေတ္တာငတ်သူ ဘဝ” ရောက်ရှိကာ လူ့ပတ်ဝန်းကျင်ကို အဆိုးမြင် တတ်လာပါသည်။
ကိုရီးယားနိုင်ငံမှ သတင်းတစ်ပုဒ်တွင် ကျောင်းသူလေးတစ်ဦးသည် သူ့မိခင်သေသွား၍ ပျော်နေပါသည်တဲ့။ ဘာဖြစ်လို့လဲဟု မေးကြည့်သည့်အခါ“နေ့ရောညပါ သူ့ကို အတင်းစာသင်ခိုင်းမည့် သူမရှိတော့လို့” ပါတဲ့။ စာဒဏ်ပိပြီး မိခင်မေတ္တာ ငတ်သူဟု မြင်မိပါသည်။ အဆိုးမြင်စိတ်ရှိသည့် ကလေးသည် မိသားစုအတွက်ရော လူ့အသိုင်းအဝိုင်းအတွက်ပါ အန္တရာယ်ကြီးသူ ဖြစ်လာနိုင်သည်ကို သတိပြုပါ။ “ကလေးဘဝတွင် ဘယ်လိုမျှ ပြန်လည်အစားထိုးမရနိုင်သော မိသားစုနှင့် ပျော်ရွှင်ရသည့်နေ့များ၊ အချိန်များနှင့် ဘဝများကို ကျူရှင်ဖြင့်မလဲမိရန် ကျွန်တော်တို့မိဘများ သတိထားရန်လိုပါပြီ”ဟု မိမိလေ့လာထားမိသမျှကို တင်ပြအပ်ပါသည်။
အချုပ်အားဖြင့် ကျူရှင်စနစ်ကို မိဘများ လက်ခံကျင့်သုံးမည်ဆိုလျှင် -
(က)ကိုယ့်သားသမီး မလိုက်နိုင်သော ဘာသာရပ်လောက်သာ ကျူရှင်ဖြင့် အားဖြည့်ပေးပါ။ သင့်ကလေး ဘဝတစ်လျှောက်လုံး ပိုမိုထူးချွန်အောင်မြင်မှုနှင့် ပျော်ရွှင်ငြိမ်းချမ်းသူဘဝ ပိုင်ဆိုင်ရေးကို အားပေးရာရောက်ပါလိမ့်မည်။
(ခ) ကျူရှင်ကို မှီခိုစရာ၊ အားထားစရာ၊ ကျူရှင်ထားမှ ကိုယ့်ကလေး အောင်မြင်မည်ဟု မခံယူမိရန် လိုပါသည်။ ထိုသို့ခံယူပြီး ကျူရှင်ထားခဲ့လျှင်-
(၁) စာထောင်ချောက်ထဲကျကာ စာဒဏ်ပိပြီးကလေး၏ (အထူးသဖြင့် မူလတန်း၊ အလယ်တန်းအရွယ်) ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါသဖြင့် သင့်ကလေးဘဝ တစ်လျှောက်လုံး ဆုံးရှုံးနိုင်ပါလိမ့်မည်။
(၂) ကလေး၏ ကျန်းမာရေး၊ မိသားစုပျော်ရွှင်ရေး၊ ကောင်းမွန်သည့် လူမှုဆက်ဆံရေးကို ထိခိုက်ပြီး သူငယ်ချင်းအပေါင်းအသင်း အဖော်များနှင့် ပျော်ရွှင်မှုကင်းမဲ့သူအဖြစ် ဘဝကို ဖြတ်သန်းပြီး အရွယ်ရောက်လာ နိုင်ပါလိမ့်မည်။ အဆိုးမြင်မှုကို သင်ယူသူဘဝဖြင့် ရှင်သန်သွားပါလိမ့်မည်။
မြန်မာ့ပညာရေးစိတ်ဝင်စားသူ မိတ်ဆွေများ၏မေးခွန်းကို ဖြေကြားမှုအား ချုပ်လိုက်လျှင် “ပထမအချက်” အနေဖြင့် သင့်သားသမီးများသည် မိဘ၏ပညာရေးဗဟုသုတ အားနည်းသည့်ဆန္ဒ လွန်ကဲမှုကြောင့် တစ်သက်လုံးဘေးမဖြစ်စေရန်နှင့် သင့်သားသမီး၏ ဘဝတစ်လျှောက်လုံး ကိုယ်ရည် ကိုယ်သွေးမြင့်မားနေစေရန်အတွက် “ကျူရှင်ကို သင်ထောက်ကူပစ္စည်းလို သဘောထားအသုံးချသင့်”ပါသည်။
လွတ်လပ်ပြီး မိသားစုနှင့် ချစ်ချစ်ခင်ခင် ကျန်းမာပျော်ရွှင်စွာဖြတ်သန်းရမည့် ကလေးဘဝကို ကျူရှင်ကြောင့် မပျက်သုဉ်းစေသင့်ပါ။ ပြန်လည် အစားထိုးမရနိုင်သည့် မိသားစုနှင့် ကလေးဘဝ၏ တန်ဖိုးအရှိဆုံးအချိန်မို့ပါ။ မိဘများဘက်က ကျူရှင်ကို ဆေးလို အသုံးချနိုင်ရပါမည်။ ဘေးမဖြစ်စေအပ်ပါ။ သို့မှသာ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်ဉာဏ်ရည် ထက်မြက်သူဖြစ်ပြီး ကိုယ်တိုင်လည်း ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝတစ်ခုကို ဆက်လက်တည်ထောင်နိုင်ကာ မိမိကို ပြုစုပျိုးထောင်ပေးခဲ့သည့် မိသားစု၏ဂုဏ်ကိုလည်း မြှင့်တင်ပေးနိုင်သူ၊ ထိုမှတစ်ဆင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို သင့်သားသမီးက ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းဘဝ ရောက်မည်ဖြစ်ပါသည်။
“ဒုတိယအချက်” ဖြေကြားမှုအနေဖြင့် စာမေးပွဲရမှတ်သာပြိုင်နေသည့် “ပညာရေးတံလျှပ်” ကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ရေအစစ်ကဲ့သို့ ထင်နေမှုကြောင့် အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် “ကမ္ဘာ့ပညာရေးမြစ်နဒီ” ထဲသို့ ကျွန်တော်တို့၏ ပညာရေးတံလျှပ်ချောင်း စီးဝင်၍မရသည့်ဘဝမှ ကင်းလွတ်မည်ဟု ကျွန်တော်၏ကျူရှင်နှင့်ပတ်သက်၍ လေ့လာထားမိသည့် ပညာရေးအမြင်ကို ကျောင်းသားမိဘများ အောင်မြင်စွာအသုံးချခြင်းဖြင့် မြန်မာ့ပညာရေးမြင့်မားမှု အထောက်အကူပြုစေရန် ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။ ။
ဒေါက်တာမောင်သင်း