ငြိမ်းချမ်းရေးချိုးငှက်တွေ ကမ္ဘာမြေအနှံ့ ပြေးလွှားဆော့ကစားစေ
မောင်ကမ္ဘာ
ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးလောကတွင် သဘောထားတင်းမာသူများ၊ စစ်လိုလားသူများကို လင်းယုန်များ၊ စွန်ရဲများ၊ hard-liner တရားသေအမာဂိုဏ်းသားများဟုလည်းကောင်း၊ သဘောထားပျော့ပျောင်းသူ၊ ငြိမ်းချမ်းရေးကို လိုလားသူများကို ရွှေပြည်အေးဝါဒီများ၊ ပြုပြင်ပြောင်းလဲရေးသမားများ၊ ချိုးငှက်များ၊ အပျော့ဂိုဏ်းသားများဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြပါသည်။
အမာဂိုဏ်းသားများက ဆတ်ဆတ်ထိမခံ လက်တုံ့ပြန်တတ်သူတွေမို့ အရာရာကို ချင့်ချိန်သည်းခံပြီး ပြဿနာတစ်ရပ်ကို စားပွဲဝိုင်းပေါ်မှာပင် စိတ်ရှည်လက်ရှည် ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်သူ အပျော့ဂိုဏ်းသားတွေထက် ကမ္ဘာ့မြင်ကွင်းတွင် ပို၍ပေါ်လွင် ထင်ရှားလေ့ရှိသည်။ သွေးပူနေသည့် ပရိသတ်၏ လက်ခုပ်သံကိုလည်း ပို၍ရလေ့ရှိကြသည်။
သဘောထားတင်းမာသော ခေါင်းဆောင်များ
စာရေးသူတို့ နုငယ်စဉ်အခါကလည်း ကမ္ဘာ့ခေတ်ပြိုင် ခေါင်းဆောင်များဖြစ်ကြသည့် အမေရိကန်သမ္မတရီဂင်၊ အစ္စရေးဝန်ကြီးချုပ် ဘီဂင်၊ ရှာမီးယား၊ အေရီယယ်ရှာရွန်၊ ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်နှင့် အီဇာဝိုက်ဇမန်းစသော သဘောထားတင်းမာသည့် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒီ ခေါင်းဆောင်များနှင့် တစ်ချက်ထိလျှင် နှစ်ချက်ပြန်ပြီး လက်တုံ့ပြန် တိုက်ခိုက်တတ်သည့် စစ်ခေါင်းဆောင်များကို ပို၍သဘောကျပါသည်။
အမေရိကန်သမ္မတ ရီဂင်ကရှေးရိုးစွဲ ကွန်ဆာဗေးတစ်ဝါဒီပီပီ ဆိုဗီယက်ပြည်ထောင်စုနှင့် ပတ်သက်လျှင် သဘောထားတင်းမာလွန်းသည်။ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သော အရှေ့အုပ်စု ကွန်မြူနစ်နိုင်ငံများနှင့် ဆက်ဆံရေးတွင် ချိတ်ဆက်တုံ့ပြန်ဆောင်ရွက်ရေးပေါ်လစီကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ပြိုင်ဘက်အုပ်စုက ခြေတစ်လှမ်းလှမ်းလျှင် သူကလည်း အလားတူခြေလှမ်းမျိုး လှမ်းမည်ဟူသည့် သဘောပင်။
ထို့ကြောင့်ပင် ၁၉၈၀ ကျော်လွန်ကာလ ရီဂင်၊ ယူရီအင်ဒရိုပေါ့တို့ ခေတ်ပြိုင်ခေါင်းဆောင်နှစ်ဦးတို့၏ ခေတ်တွင် အမေရိကန် - ဆိုဗီယက် မဟာအင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးသည် တင်းမာမှုမြင့်တက်ခဲ့သည်။
ဆိုဗီယက်က သူ့မဟာမိတ် အရှေ့ဥရောပမှ ဝါဆောစစ်အုပ်စုဝင်နိုင်ငံများတွင် အက်စ်အက်စ်-၂၀ နျူကလီးယားထိပ်ဖူးတပ် တာလတ်ပစ်ဒုံးပျံများကို ဖြန့်ကြက်လာသောအခါ အမေရိကန်ကလည်း သူ့မဟာမိတ် အနောက်ဥရောပမှ နေတိုးစစ်အုပ်စုဝင်နိုင်ငံများတွင် နျူကလီးယားထိပ်ဖူးတပ် ပါရှန်-၂ နှင့် ခရုစ်ဒုံးပျံများကို တုံ့ပြန်ဖြန့်ကြက်ခဲ့ သည်။
ငြိမ်းချမ်းရေးကိုလိုလားသူ ကမ္ဘာ့ပြည်သူများက ၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံအရေးအခင်းကဲ့သို့ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား စစ်အေးတိုက်ပွဲမှ ကမ္ဘာ့စစ်မီးကြီးများ ထတောက်လာလေမလားဟု ရင်တမမ၊ စိုးရိမ်တကြီးဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲကျင်းပ၍ တုံ့ပြန့်ဆန္ဒပြခဲ့ကြသော်လည်း စာရေးသူကမူရီဂင်၏လုပ်ရပ်ကို သဘောကျခဲ့သည်။
ကမ္ဘာ့အရေးအခင်းသည် ပို၍ရှုပ်ထွေးမှုများ
သမ္မတရီဂင် ခေတ်ကာလတွင် ကမ္ဘာ့အရေးအခင်းသည် ပို၍ရှုပ်ထွေးမှုများခဲ့သည်။ အမေရိကန်၏ ဝင်ရောက်ပါဝင်စွက်ဖက်မှုများကလည်း ကမ္ဘာလုံးဆိုင်ရာ နေရာအနှံ့နီးပါး ဖြစ်ခဲ့သည်။ အလယ်ပိုင်း အမေရိကဂရင်နေဒါနိုင်ငံတွင် လက်ဝဲအာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ရာ အမေရိကန်က အမေရိကန် ဆေးကျောင်းသားများကို ကယ်ထုတ်ရန်အကြောင်းပြချက်ဖြင့် ဂရင်နေဒါနိုင်ငံငယ်လေးကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
အီရန်-အီရတ်စစ်ပွဲကာလတွင် အမေရိကန်က ဆက်ဒမ်ဟူစိန်ခေါင်းဆောင်သော အီရတ်အစိုးရကို ထောက်ခံပြီး အီရန်ကို ဖိအားပေးခဲ့သည်။ အီရန်တို့၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်ဟုဆိုကာ ဟော့စ်မုဇ်ရေလက်ကြားတွင် အမေရိကန်စစ် သင်္ဘောများက အင်အားပြကင်းလှည့်လာသည်။ ဆော်ဒီ၊ ကူဝိတ်၊ ဘာရိန်းစသည့်အာရပ်နိုင်ငံများ၏ ရေနံတင်သင်္ဘောများကို အမေရိကန်အလံလွှင့်ထူပြီး လိုက်ပါစောင့်ကြပ်ပေးလာသည်။ ထိုနောက်ပိုင်းတွင် အမေရိကန်စစ်သင်္ဘောအချို့က အီရန်၏ ရေနံတွင်းတူးစင်များကို အမြောက်နှင့်ပစ်ခတ်မှု၊ ရေလက်ကြားအတွင်း ရေမြုပ်ဗုံးလာထောင်သည့် အီရန်၏ကင်းလှည့်စစ်ရေယာဉ်ငယ်ကို ဖမ်းဆီးမှုများ ဆက်တိုက်ပေါ်ပေါက်လာသည်။
တစ်ဖန် ဆီဒရာပင်လယ်ကွေ့တွင် အမေရိကန်နှင့် လစ်ဗျားစစ်သင်္ဘောများ အခြေအတင်အင်အားပြစစ်ကစားမှုများ၊ ထိုမှအမေရိကန်စစ်သား အများအပြား ကျင်လည်ကျက်စားရာ အနောက်ဂျာမနီနိုက်ကလပ် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် လစ်ဗျားနိုင်ငံ၏ လက်ချက်မကင်းဟုဆိုကာ ၁၉၈၆ ခုနှစ် ဧပြီလတွင် အမေရိကန်စစ်လေယာဉ်အချို့က လစ်ဗျားခေါင်းဆောင် ကဒါဖီ၏နေအိမ်နှင့် ဘင်ဂါဇီ မြို့ရှိ စစ်ရေးပစ်မှတ်များကို သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့မှုများ ဖြစ်ပွားပြန်သည်။
Heroism ဝါဒနှင့် လုပ်ရပ်ကို
မည်သို့ဆိုစေ စာရေးသူကတော့ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသလို သမ္မတရီဂင်ကို သဘောကျနှစ်သက်ပါသည်။ နုပျိုလန်းဆန်းတက်ကြွချိန်မို့ ရီဂင်၏ Heroism ဝါဒနှင့် လုပ်ရပ်ကိုမှန်သည်ဟု ယူဆသည်။
အလားတူ ရန်ဘက်နိုင်ငံများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် လက်မြန်ခြေမြန် လက်တုံ့ပြန် တတ်သည့် အစ္စရေးဝန်ကြီးချုပ်မီနာချန်ဘီဂင်၊ ယစ်ဇတ်ရှာမီးယား၊ အေရီယယ်ရှာရွန်တို့၊ မိုရှေဒါ ယန်၊ အီဇာဝိုက်ဇမန်းတို့ကိုလည်း စာရေးသူသဘောကျနှစ်ခြိုက်ခဲ့ပါသည်။
၁၉၈၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရှလိုမိုအာဂေါ့ကို လက်နက်ကိုင်တစ်စုက ပစ်ခတ်လုပ်ကြံခဲ့ရာမှ ဒဏ်ရာအပြင်းအထန်ရရှိခဲ့မှုအပေါ် အစ္စရေးက လက်တုံ့ပြန်သည့်အနေဖြင့် ဇွန်လ ၆ ရက်နေ့တွင် လက်ဘနွန်နိုင်ငံရှိ ပါလက်စတိုင်းပြောက်ကျားများအား ဝင်ရောက်ချေမှုန်းခဲ့သည့် ဘီရွတ်စစ်ပွဲ ပေါ်ပေါက်လာသည်။ ဘီရွတ်စစ်ပွဲတွင် လက်ဘနွန်နှင့် ပါလက်စတိုင်းအပြစ်မဲ့ပြည်သူ ၁၇၀၀၀ ကျော် သေဆုံးခဲ့ရသည့်တိုင် အစ္စရေး၏ လက်တုံ့ပြန်မှုအပေါ် မှန်ကန်သည်ဟု ယူဆခဲ့မိသည်။
ငြိမ်းချမ်းရေးဝါဒီများအဖြစ် ကူးပြောင်းလာ
သို့သော် နောက်ပိုင်းကာလတွင် တစ်ချိန်က စစ်သွေးစစ်မာန်အပြည့်ဖြင့် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့ပြီး စာရေးသူသဘောကျ နှစ်ခြိုက်ခဲ့သည့် မိုရှေဒါယန်၊ အီဇာဝိုက်ဇမန်း၊ ယစ်ဇတ်ရာဘင်၊ အေရီယယ်ရှာရွန်စသည့်အစ္စရေး ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကို လိုလားသူ၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်သူ ငြိမ်းချမ်းရေးဝါဒီများ အဖြစ် ကူးပြောင်းလာသည်။
အာရပ်-အစ္စရေး ခြောက်ရက်စစ်ပွဲကာလတွင် ကာကွယ်ရေးဝန်ကြီးတစ်ဦးအဖြစ် အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်စသည့်ပြိုင်ဘက်အာရပ်နိုင်ငံများကို အချိန်တိုအတွင်း အလဲထိုးအနိုင်ယူပြီး လျှမ်းလျှမ်းတောက်ကမ္ဘာကျော်ခဲ့သူ မိုရှေဒါယန်သည် ဒေးဗစ်စခန်းသဘောတူညီချက် ငြိမ်းချမ်းရေးစာချုပ်တွင် အစ္စရေးနှင့်အီဂျစ်တို့ အောင်မြင်စွာချုပ်ဆိုနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးတစ်ဖြစ်လဲ အဓိကဗိသုကာအခန်းကဏ္ဍမှ ပါဝင်ပုံဖော်ဆောင်ရွက်ပေးသွားခဲ့သည်။ ထို့ပြင်အစ္စရေးအသိမ်းပိုက်ခံ ပါလက်စတိုင်းဒေသများတွင် ဂျူးအခြေစိုက် လူနေတိုက်တာ အိုးအိမ်များ တည်ဆောက်မှုနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘီဂင်နှင့်သဘောထားအကြီးအကျယ် ကွဲလွဲခဲ့ရာမှ နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်သွားခဲ့ပြန်သည်။
ထို့အတူ တစ်ချိန်က သဘောထားတင်းမာပြီး အမာဂိုဏ်းသားအဖြစ် ထင်ရှားခဲ့သူ ကာကွယ်ရေးဝန်ကြီး အီဇာဝိုက်ဇမန်းသည် နောက်ပိုင်းတွင် အစ္စရေး၏လက်တုံ့ပြန်တိုက်ခိုက်မှု စစ်ဆင်ရေးများအပေါ် ပင်တိုင်ကန့်ကွက်သူ၊ ငြိမ်းချမ်းရေးကို ရှေးရှုလိုလားသူတစ်ဦးအဖြစ် ပြောင်းလဲလာသည်။
အလားတူ တစ်ချိန်ကကာကွယ်ရေးဝန်ကြီးအဖြစ် ဘီရွတ်စစ်ပွဲကို ဦးဆောင်ခဲ့ရုံမက အိုးအိမ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဘဝတွင် အစ္စရေးအသိမ်း ပိုက်ခံ အနောက်ဘက်ကမ်းဒေသနှင့် ဂါဇာဒေသအတွင်း ဂျူးအခြေစိုက် လူနေအိမ်ရာများကို အလုံးအရင်းနှင့်တည်ဆောက်ခဲ့သူ အေရီယယ်ရှာရွန်သည် ဝန်ကြီးချုပ်ဖြစ်လာတော့ ကန့်ကွက်မှုများကြားမှပင် ဂျုးအခြေစိုက်လူနေအိမ်ရာများကို ပြန်လည်ဖယ်ရှားပစ်ခဲ့ပါသည်။
စစ်၏ အနိဋ္ဌာရုံများကို သိရှိနားလည်
တစ်ချိန်က စစ်သွေးစစ်မာန်အပြည့်ဖြင့် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့ကြသည့် အစ္စရေးနိုင်ငံမှ ထိုထိုသော ခေါင်းဆောင်များ၏ ပြောင်းလဲလာသောသဘောထားနှင့် ငြိမ်းချမ်းရေး ခြေလှမ်းများကို ငယ်ရွယ်စဉ်က အမေးပုစ္ဆာတစ်ပုဒ်လို ဝေခွဲမရဖြစ်ရသော်လည်း ယခုအသက်အရွယ် တွင် နားလည်သဘောပေါက်လာမိသည်။ အဖြေက Old Soldier Never Fight ဆိုသည့်နှယ် ဝါရင့် စစ်သားအိုကြီးများသည် စစ်၏အနိဋ္ဌာရုံများကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်သဘောပေါက် သွားခဲ့ကြ၍ ဖြစ်ပါလိမ့်မည်။
သို့နှင့်အမျှ ငြိမ်းချမ်းရေးအတွက် အသက်စွန့်သွားခဲ့ရသည့် အီဂျစ်သမ္မတ ဆာဒတ်နှင့် အစ္စရေးဝန်ကြီးချုပ် ယစ်ဇတ်ရာဘင်တို့ကို ပို၍အမှတ်ရ လေးစားလာမိသည်။
အီဂျစ်သမ္မတ အန်ဝါဆာဒတ်သည် ၁၉၇၇-၁၉၇၈ ခုနှစ်ကာလအတွင်းက မဟာရန်ဘက် အစ္စရေးနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့မှုကြောင့် ၁၉၈၁ ခုနှစ်တွင် အစွန်းရောက်အုပ်စု၏ လုပ်ကြံသတ်ဖြတ်ခဲ့မှုကို ခံခဲ့ရရှာသည်။
ထို့အတူ အာရပ် - အစ္စရေးခြောက်ရက်စစ်ပွဲ ကာလအတွင်းက အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဝန်ကြီးချုပ်ယစ်ဇတ်ရာဘင်သည် ၁၉၉၃ ခုနှစ် အောစလိုငြိမ်းချမ်းရေး သဘောတူညီချက်အရ အစ္စရေးနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ပီအယ်လ်အိုကို တရားဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် အသိအမှတ်ပြုပြီး ပီအယ်လ်အိုခေါင်းဆောင် ယာဆာအာရာဖတ်ကိုလည်း ပါလက်စတိုင်းလူမျိုး ခေါင်းဆောင်အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တကွအသိအမှတ် ပြုခဲ့သည့်အတွက် ၁၉၉၅ ခုနှစ်တွင် အစွန်းရောက် အစ္စရေးလူငယ်တစ်ဦး၏ သေနတ်နှင့်အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် ကွယ်လွန်ခဲ့ရရှာပါသည်။
စစ်၏အနိဋ္ဌာရုံများ ချုပ်ငြိမ်းပပျောက်ပြီး ဒေသအတွင်း ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ရရှိခံစားစေရန် ငြိမ်းချမ်းရေးအကျိုးကိုဆောင်ရင်း မသမာသူအစွန်းရောက်သမားများ၏ လက်ချက် ကြောင့် ငြိမ်းချမ်းရေးအတွက် အသက်ပေးဆပ်ခဲ့ရ သည့် ဆာဒတ်နှင့်ရာဘင်တို့အား ငြိမ်းချမ်းရေးကို လိုလားသူ ကမ္ဘာ့ပြည်သူများအနေဖြင့်လည်း အောက်မေ့အမှတ်ရနေကြမည်ဖြစ်ပါသည်။
သို့ရာတွင် သဘောထားတင်းမာသူများ၊ စစ်လိုလားသူစစ်ဝါဒီများ၊ hard-liner တရားသေ အမာဂိုဏ်းသားများ တွင်ကျယ်ကြီးစိုးသည်နှင့်အမျှ ခေတ်အဆက်ဆက် လူ့သမိုင်းတစ်လျှောက်တွင် ကြောက်စရာစစ်မောင်းသံနှင့် စစ်ချီသံများကို မရပ်မနားကြားနေကြရပါဦးမည်။
သို့နှင့်အမျှ သဘောထားပျော့ပျောင်းပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူ၊ ငြိမ်းချမ်းရေးကို ရှေးရှုသူ ငြိမ်းချမ်းရေးဝါဒီခေါင်းဆောင်များ ပိုမိုပေါ်ထွက်လာစေရန် ငြိမ်းချမ်းရေးကို လိုလားသူကမ္ဘာ့ပြည်သူများက ပိုမိုထောက်ခံအားပေးကြရပါမည်။ သို့မှသာ ကမ္ဘာ့ငြိမ်းချမ်းရေးသည် ပို၍အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲလာမည်ဖြစ်ပေသည်။ ။