ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union - UPU) နှင့် မြန်မာ့စာတိုက်လုပ်ငန်း
ကမ္ဘာ့ဒုတိယသက်တမ်းအကြာမြင့်ဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union - UPU )ကို ၁၈၇၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့၌ ဌာနချုပ်ရုံးထားရှိပါသည်။ UPUသည် ကုလသမဂ္ဂ၏ specialized agencyတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း၁၉၂နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာ့စာပို့တိုက်ကွန်ရက်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၁၉၄၉ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် UPU အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး UPUအဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက်၍ အပြည်ပြည်ဆိုင်ရာချောပစ္စည်းများကို လက်ခံ၊ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာချောများကို လက်ခံ၊ပေးဝေခြင်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံတိုင်းမှ လိုက်နာရမည့် စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ငွေစာရင်းရှင်းလင်းခြင်းဆိုင်ရာ စနစ်များကို UPUမှ ချမှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရပါသည်။ နည်းပညာသစ်များ တိုးတက်လာသည့်အလျောက် UPUသည် Manual ဆောင်ရွက်နေသည့် လုပ်ငန်းနည်းစနစ်များကို သတင်းအချက်အလက်နည်းပညာ(Information Technology)များအသုံးချကာ ချောပစ္စည်းများ ရောက်ရှိမှုကို ခြေရာခံနိုင်သည့်စနစ် (Tracking System)များ ရေးဆွဲ၍ အဖွဲ့ဝင်နိုင်ငံများအားလုံး လိုက်နာဆောင်ရွက်နိုင်ရေး သင်တန်းများပို့ချခြင်း၊ ဒေသဆိုင်ရာစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ စနစ်အသုံးပြုသူများအတွက် အရည်အသွေးဆိုင်ရာ တိုင်းတာစိစစ်မှုများဖြင့် ဆန်းစစ်ကာ အဆင့်များသတ်မှတ်၍ တွန်းအားပေးခြင်းစသည်တို့ ဆောင်ရွက်လျက်ရှိပါသည်။ သုံးစွဲသူများအနေဖြင့် မိမိတို့၏ ချောစာထုပ်များ၏ ရောက်ရှိပေးဝေမှုအခြေအနေများကို Global Track and Trace System တွင် ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် ယုံကြည်မှုများရရှိလျက်ရှိပါသည်။
မြန်မာ့စာတိုက်လုပ်ငန်းသည် နိုင်ငံတကာအလယ်တွင် မျက်နှာပန်းလှ
မြန်မာ့စာတိုက်လုပ်ငန်းသည် UPU ၏ IPS.Post systemကို အသုံးပြုကာ အပြည်ပြည်ဆိုင်ရာ ချောပေးပို့ခြင်း၊ လက်ခံခြင်းများတွင် ဆောင်ရွက်ရမည့်အဆင့်များအား လိုက်နာဆောင်ရွက်ခဲ့ခြင်း ကြောင့် Quality Control Systemဖြင့် အစစ်ဆေးခံမှုများ ဆောင်ရွက်ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် Quality of Service Entry Levelကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် UPU Quality Management Certification Level A (Gold)အဆင့်ကိုလည်းကောင်း ထိုက်တန်စွာရရှိခဲ့သည့်အတွက် နိုင်ငံတကာအလယ်တွင် မျက်နှာမငယ်ခဲ့ရဘဲ မျက်နှာပန်းလှသည့် စာတိုက်လုပ်ငန်းအနေဖြင့် ရပ်တည်နိုင်ခဲ့ပါသည်။
UPU ၏ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ Quality of Service Fund ဖြင့် စာတိုက်လုပ်ငန်း၏ အခြေခံစာပို့လုပ်ငန်းများ အရည်အသွေးမြှင့်တင်ရေးအတွက် စီမံကိန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် “Establishment of a motorized street delivery system” Project အတွက် Quality of Service Fund Award for Best Management ဆုကို မြန်မာ့စာတိုက်လုပ်ငန်းမှ ရရှိခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ချောပေးပို့မှု ကြန့်ကြာမှုများ လျှော့ချနိုင်ခဲ့
တစ်ကမ္ဘာလုံးရှိ စာတိုက်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော အကောက်ခွန်ဌာနများမှ လက်ခံကျင့်သုံးနိုင်ရန် World Customs Organization-WCOနှင့် UPUတို့အကြား သဘော တူညီချက်များရယူကာ UPU ၏ နည်းပညာပံ့ပိုးမှုအဖြစ် Customs Declaration System -CDS အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ ချောပစ္စည်းများ တင်ပို့ရာတွင် အချက် အလက်များ ကြိုတင်ပေးပို့၍ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ချောပေးပို့မှုတွင် အကောက်ခွန်စစ်ဆေးချိန် ကြန့်ကြာမှုများ လျှော့ချနိုင်ခဲ့ပါသည်။
UPU သည် ကမ္ဘာ့နိုင်ငံအသီးသီး၏ လိပ်စာတပ်ညွှန်းရာတွင် စည်းစနစ်တကျရှိစေရေးနိုင်ငံ အသီးသီး၏ စာရေးသားပုံအလေ့အထများအလိုက် နည်းစနစ်များ သတ်မှတ်ကာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်လျက်ရှိသည်။ မြန်မာ့စာတိုက်လုပ်ငန်းမှလည်း ယင်းအသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ကြိုးပမ်းလျှောက်ထားခဲ့ရာ ၂၀၁၈ ခုနှစ်တွင် S42 Addressing Standard Recognition Certificate ရရှိထားပြီးဖြစ်ပါသည်။ သို့သော် မိမိတို့နိုင်ငံတွင် စည်းစနစ်ကျနသော လိပ်စာရေးသားမှုကို လိုက်နာကျင့်သုံးရန် အလွန်အားနည်းလျက်ရှိနေပါသဖြင့် ပြည်သူအများ ပိုမို သိရှိစေရေး အသိပညာဖြန့်ဝေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
အဆင့်များသတ်မှတ်၍ ဆုများပေးအပ်လျက်ရှိ
UPU မှ သမားရိုးကျ စာ/ပါဆယ်ပေးပို့ခြင်း လုပ်ငန်းများအား အရည်အသွေးမြင့်တက်စေရန် သာမဟုတ်ဘဲ ခေတ်နှင့်အညီ ပေါ်ထွန်းလာသော ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းများကို ယှဉ်ပြိုင် နိုင်ရန် အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်း (Express Mail Service – EMS) အားလည်း အဖွဲ့ဝင် အရေအတွက် ၁၉၈ဖြင့် ဖွဲ့စည်းထားပြီး အရည်အသွေးထိန်းသိမ်းမှုများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ နှစ်စဉ်နိုင်ငံများကို Key Performance Indicatorsဖြင့် တိုင်းတာပြီး independent third-party auditorမှ ပြန်လည် စိစစ်အတည်ပြု၍ ချီးမြှင့်သည့် EMS Performance Awards အား အဆင့်များသတ်မှတ်၍ Level A (Gold), Level B (Silver), Level C (Bronze) ဆုများပေးအပ်လျက်ရှိပါသည်။
မြန်မာ့စာတိုက်လုပ်ငန်းမှလည်း EMS အဖွဲ့ဝင်အဖြစ် ၁၉၉၅ခုနှစ်ကပင် စတင်ပါဝင်ခဲ့ကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့်အတွက်
(၁) ၂၀၁၂ ခုနှစ်တွင် EMS Cooperative Performance Award – Gold Level
(၂) ၂၀၁၉ ခုနှစ်တွင် EMS Cooperative Performance Award – Bronze Level
(၃) ၂၀၂၁ ခုနှစ်တွင် EMS Cooperative Perfor-mance Award – Silver Level
(၄) ၂၀၂၂ ခုနှစ်တွင် EMS Cooperative Performance Award – Gold Levelတို့အား ရရှိခဲ့ပါသည်။
ထို့ပြင် EMS နှင့်သက်ဆိုင်သည့် Customer များ၏ စုံစမ်းမှုများ ပြုလုပ်ရာတွင် အသုံးပြုသော UPU ၏ Customer Care System ဖြစ်သည့် i-Care Systemတွင် Customer Service response quality အပေါ်အခြေခံ၍ ချီးမြှင့်သော Customer Care Award အား မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့ပါသည်။
ကမ္ဘာတစ်ဝန်း မြို့ပြနှင့် ကျေးလက်ဒေသပါမကျန် စာပို့ဝန်ဆောင်မှုများ ရရှိနိုင်စေရေး ကမ္ဘာ လုံးဆိုင်ရာ စာပို့တိုက်ကွန်ရက် ထူထောင်လျက်ရှိရာ နည်းပညာမြင့်မားလာမှုများကြောင့် စာပေးပို့မှု လျော့နည်းလာခဲ့သော်လည်း e-commerceများ ဖြစ်ထွန်းလာမှုကြောင့် ပါဆယ်များ ပေးပို့မှု မြင့်တက်လာခဲ့ပြီး ခေတ်နှင့်အညီ နည်းစနစ်များကို နည်းပညာအသုံးပြု၍ ပြုပြင်ပြောင်းလဲမှုများကို အစဉ်တစိုက် ဆောင်ရွက်နေသည့်အတွက် UPU အဖွဲ့ဝင်နိုင်ငံများအတွက် ခေတ်နောက်ကျမကျန်ရစ်ခဲ့ခြင်းအား ကျေးဇူးတင်ရမည်ဖြစ်ပါသည်။
ချောစာ/ပစ္စည်းပေးပို့မှုအပြင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း နိုင်ငံတွင်းနှင့် နိုင်ငံများအကြား ပေးပို့ဆောင်ရွက်နိုင်ရန် UPUမှ စီမံဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငွေပို့လွှာလုပ်ငန်းကိုသာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာသို့ ငွေလွှဲ ပေးပို့ခြင်းလုပ်ငန်းအတွက် ငွေကြေးဆိုင်ရာမူဝါဒ ကန့်သတ်မှုများကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။
မြန်မာနိုင်ငံသည် UPU အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် UPU ၏ စည်းကမ်းသတ်မှတ်ချက်များကို မိမိ၏ မပြည့်စုံသော စက်ကိရိယာ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုအင်အားဖြင့် မြန်မာ့စာတိုက် ဝန်ထမ်းများအားလုံးမှ အတတ်နိုင်ဆုံး ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဖော်ပြပါအတိုင်း အသိအမှတ်ပြုမှုများ ရရှိစွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်းရှိ စာတိုက်ဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် UPU စတင်တည်ထောင်ခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်သမဂ္ဂနေ့ (World Post Day) အဖြစ် ၁၉၆၉ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် UPU ညီလာခံတွင် သတ်မှတ်ခဲ့သည်ဟု သိရှိရပါသည်။ အဖွဲ့ဝင်နိုင်ငံအသီးသီးမှလည်း နှစ်စဉ်အသိအမှတ်ပြုပွဲများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်း များ၏ နေ့စဉ်ဘဝတွင် စာပို့တိုက်၏ အခန်းကဏ္ဍကို သတိပြုမိလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီမှုပေးရန် ရည်ရွယ်၍ ကျင်းပကြပါသည်။
World Post Day တွင် UPU ၏ Director General မှ အဖွဲ့ဝင်နိုင်ငံများသို့ World Post Day အတွက် သဝဏ်လွှာပေးပို့ခြင်း၊ နိုင်ငံတကာမှ အသက် ၁၅နှစ်အောက် လူငယ်များ နိုင်ငံတကာ ပေးစာရေးပြိုင်ပွဲများ ကျင်းပပေးပြီး နိုင်ငံအလိုက်ဆုရရှိသူများကို World Post Day ၌ ဂုဏ်ပြုချီးမြှင့် ခြင်း၊ နှစ်စဉ် World Post Day Poster များ ထုတ်ဝေခြင်း၊ နှစ်အလိုက် World Post Day Theme များ ထုတ်ပြန်ခြင်း၊ World Post Day အထိမ်းအမှတ် တံဆိပ်ခေါင်းများ ထုတ်ဝေခြင်း၊ World Post Day အမှတ်တရပစ္စည်းများ ထုတ်လုပ်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
World Post Day Theme များအနေဖြင့် Delivering Development, More Than Mail, Innovate to Recover, Post for Planetစသည်ဖြင့် ချမှတ်ခဲ့ပြီး ယခုနှစ် ၂၀၂၃တွင် စာတိုက်လုပ်ငန်း များအချင်းချင်း လုံခြုံစွာချိတ်ဆက်ထားသော အနာဂတ်စာတိုက်ကွန်ရက်ဖြစ်စေရေး အပြန် အလှန် အတူတကွ ယုံကြည်မှုတည်ဆောက်ကြရန် “Together for Trust” ဟုချမှတ်ထားပါသည်။
ယခု (၁၄၉) နှစ်မြောက် World Post Day ၏ Posterဒီဇိုင်းတွင် စာတိုက်တစ်ရုံးချင်းစီကိုယ်စား Pixel တစ်ခုစီဖြင့် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လက်ဆွဲနှုတ်ဆက်နေသည့်ဟန် အား စာအိတ်သဏ္ဌာန်အနားကွပ်ဖြင့် ပုံဖော်ထားပါ သည်။
မြန်မာ့စာတိုက်လုပ်ငန်း အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျရောက်သော (၁၄၉) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂနေ့ (149th World Post Day)အား ဂုဏ်ပြုသောအားဖြင့် UPU ၏ Themeများ၊ Poster များအတိုင်း မိမိတို့ စာတိုက်ဝန်ထမ်း အချင်းချင်းအကြား အတူတကွလက်တွဲညီညွတ်စွာ ကြိုးစားအားထုတ်၍ ရရှိထားသော အောင်မြင်မှု များ၊ ရလဒ်များကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ယုံကြည်စိတ်ချရသော စာတိုက်ကွန်ရက်ဖြစ်စေရေး ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ငုသီတာ