Skip to main content

ဌာနဆိုင်ရာလုပ်ငန်းများတိုးတက်စေရန် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း၏ ထိရောက်အောင်မြင်မှုရလဒ်များ

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသည် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ဥပဒေအမြင်ဖြင့်သုံးသပ်ကာ ဆောင်ရွက်ခြင်းဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စေရန် လမ်းပြပေနိုင်သော အရေးပါသည့်သင်တန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ ကြီးကြပ်ဆောင်ရွက်မှုတို့ဖြင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ဥပဒေရေးရာ ဝန်ကြီးဌာနတွင် တတိယအကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃)တွင် စာရေးသူအပါအဝင် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား၃၇ဦး တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသည် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအား မိမိတို့၏ဌာနဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေအမြင်ဖြင့်  ရှုမြင်သုံးသပ်ကာ ဆောင်ရွက်တတ်စေရန် လှုံ့ဆော်ပေးနိုင်သည့်အပြင် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရနိုင်သည့် ဥပဒေရေးရာပြဿနာများကို ဌာန၏ ရည်မှန်းချက်ပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေပြီး  ဘက်ပေါင်းစုံမှ ပြောင်းလဲကြည့်မြင်၍ ဖြေရှင်းဆောင်ရွက်နိုင်စေရန် ပို့ချပေးနိုင်ခဲ့ပါသည်။ အောက်ဖော်ပြပါအချက်များသည် သင်တန်းမှရရှိခဲ့သော ဌာနဆိုင်ရာလုပ်ငန်းများတိုးတက်စေရန်  အဓိကအချက်များပင်ဖြစ်ပါသည်-

ဌာန၏ ဥပဒေရေးရာလိုအပ်ချက်များကို နားလည်သဘောပေါက်ခြင်း

ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ဥပဒေအမြင်ဖြင့် ကြည့်ရှုသုံးသပ်ကာ ထိရောက်စွာဆောင်ရွက်နိုင်စေရေးအတွက် မိမိတို့ဌာန၏ ဥပဒေရေးရာလိုအပ်ချက်များနှင့် အခက်အခဲစိန်ခေါ်မှုများကို  ဦးစွာသိရှိနားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အရေးကြီးပြီး ဌာနကအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစာချုပ်များကို စီမံခန့်ခွဲခြင်း၊ ဌာန၏အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်များကို ကာကွယ်ခြင်း၊ ဝန်ထမ်းခန့်ထားခြင်းတို့နှင့် စပ်လျဉ်းသည့်ဥပဒေများကို သိရှိနားလည်ရမည် ဖြစ်ပါသည်။

လက်ရှိဥပဒေဘောင်ကို အကဲဖြတ်ခြင်း

ဌာနဆိုင်ရာ အဖွဲ့အစည်းများသည် မိမိတို့ဌာနက အကောင်အထည်ဖော်နေသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစာချုပ်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်လျက်ရှိသည့် လက်ရှိဥပဒေမူဘောင်ကို သုံးသပ်အကဲဖြတ်ရန်လိုအပ်သည့်အပြင် ဥပဒေနှင့်အညီ ထိရောက်အောင်မြင်စွာ မြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ်သည့် လုပ်ငန်းနယ်ပယ်များကို  ခွဲခြားသတ်မှတ်ရန် လိုအပ်ပါသည်။

ဥပဒေအရ အန္တရာယ်ဖြစ်နိုင်မည့်ကိစ္စများကို အကဲဖြတ်ခြင်း

ဥပဒေအရ အန္တရာယ်ဖြစ်နိုင်မည့်ကိစ္စများကို ပြည့်စုံစွာအကဲဖြတ်နိုင်စေရန် ဌာနဆိုင်ရာများအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သော ဥပဒေအရအန္တရာယ်ဖြစ်နိုင်မည့် အလားအလာရှိသောကိစ္စများနှင့် တာဝန်ရှိလာနိုင်မည့်ကိစ္စများကို သေချာစွာ ဆန်းစစ်ရန်လိုအပ်ပါသည်။ ထိုသို့ဆန်းစစ်ရာတွင် စာချုပ်စာတမ်းများ ဆန်းစစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ လိုက်နာမှုကို ပြန်လည်သုံးသပ်ခြင်း၊  ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေအရ ခိုင်မာမှုကို အကဲဖြတ်ခြင်း စသည်တို့ပါဝင်ပါ သည်။

ဥပဒေလိုက်နာမှု အားကောင်းစေခြင်း

အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသည် မိမိတို့ဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအားလုံးကို အပြည့်အဝလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေအရ အန္တရာယ်ဖြစ်နိုင်မည့်ကိစ္စများနှင့် တာဝန်ရှိလာနိုင်မည့်ကိစ္စများကို လျော့ပါးသက်သာစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

စာချုပ်စာတမ်းများ စီမံခန့်ခွဲခြင်း

ဌာနဆိုင်ရာ အဖွဲ့အစည်းများက မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စာချုပ်စာတမ်းများကို ချုပ်ဆိုပြီးပါက စာချုပ်ပါတာဝန်များကို လိုက်နာဆောင်ရွက်ရန်နှင့် တာဝန်ယူစီမံခန့်ခွဲ ရန်လိုအပ်ပါသည်။ စာချုပ်စာတမ်းများ ချုပ်ဆိုရာ၌  ဥပဒေကြောင်းအရ အားနည်းချက်မဖြစ်စေရန်နှင့် ဌာန၏ အကျိုးစီးပွားကို ကာကွယ်နိုင်စေရန် စာချုပ်ပါအချက်များကို  သုံးသပ်၍ စနစ်တကျချုပ်ဆိုရမည်ဖြစ်ပါသည်။

မူဝါဒချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း

ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မူဝါဒများသည် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ထိရောက်စွာ ဆက်သွယ်မှုရှိနေရန် လိုအပ်ပါသည်။ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မိမိတို့ဌာန၏ မူဝါဒများနှင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များသည်  အကောင်းဆုံး လိုက်နာကျင့်သုံးမှုများ၊ ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အချိန် နှင့်တစ်ပြေးညီ ပြန်လည်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အငြင်းပွားမှုဖြေရှင်းခြင်းနှင့် ကြားဝင်ဖျန်ဖြေခြင်း

ဌာနတွင်း   အငြင်းပွားမှုများနှင့် ပဋိပက္ခများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူရခြင်းများကို လျော့နည်းစေပါသည်။ ဌာနတွင်း အငြင်းပွားမှုများကို ဖြေရှင်းခြင်းနှင့် ကြားဝင်ဖျန်ဖြေခြင်းတို့  ဆောင်ရွက်ရာတွင်  ဥပဒေဆိုင်ရာကျွမ်းကျင်မှုများကို  အသုံးချနိုင်ရန်  လိုအပ်ပါသည်။

ဌာနဆိုင်ရာအချက်အလက်များလုံခြုံမှုရှိစေခြင်း

ဌာနဆိုင်ရာ အချက်အလက်များ၏ အရေးပါမှုကို တိုးမြှင့်ဆောင်ရွက်သင့်ပြီး အရေးကြီးသော ဌာနဆိုင်ရာသတင်းအချက်အလက်များကို မည်သို့ထိန်းသိမ်းရမည်၊ ပေါက်ကြားမှု မရှိစေရေးအတွက် မည်သို့ကာကွယ်ရမည်စသည့် စီမံဆောင်ရွက်မှုများကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်   အက်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

တရားစွဲဆိုမှုများ  မဖြစ်ပွားအောင် ရှောင်ကြဉ်ခြင်း

ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အငြင်းပွားမှုများနှင့် တရားစွဲဆိုခြင်းများတွင် တတ်နိုင်သမျှ ပါဝင်ရခြင်းမရှိစေရန် ကနဦးပြဿနာများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကာ ဖြေရှင်းပေးနိုင်မည့်လုပ်ငန်း စဉ်များပါဝင်သည့် မဟာဗျူဟာချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

တရားဝင်ဘဏ္ဍာငွေသုံးစွဲခြင်းနှင့် ကုန်ကျစရိတ်ထိန်းချုပ်ခြင်း

နိုင်ငံတော်၏ ဘဏ္ဍာငွေကိုသုံးစွဲရာတွင် သုံးစွဲသည့်ငွေနှင့် ထိုက်တန်သည့်ပမာဏရရှိရန် ဆွေးနွေးညှိနှိုင်းဖြေရှင်းသည့်နည်းလမ်းများကို   အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဥပဒေနှင့်အညီ ခွဲဝေချထားပေးသည့် ဘဏ္ဍာငွေကို ထိထိရောက်ရောက်စီမံခန့်ခွဲကာ အသုံးစရိတ်များသည် ဌာန၏ဘဏ္ဍာရေးပန်းတိုင်များ၊ ဦးစားပေးများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။

ပူးပေါင်းဆက်သွယ်ဆောင်ရွက်ခြင်း

ဥပဒေရေးရာ  ဝန်ကြီးဌာနကဲ့သို့ ဥပဒေဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများအကြား ပိုမို၍ ပူးပေါင်းဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဌာနဆိုင်ရာများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဥပဒေအမြင်ဖြင့်လည်း  ကြည့်ရှုဆုံးဖြတ်ဆောင်ရွက်ရန် အရေးကြီးပါသည်။

စွမ်းဆောင်ရည် တိုင်းတာခြင်း

အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် ဝန်ထမ်းများ၏ဥပဒေဆိုင်ရာပံ့ပိုးမှုဖြင့် လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်မှုကို တိုင်းတာရန် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ (Key Performance Indicators-KPIs) ကို သတ်မှတ်သင့်ပါသည်။ အဆိုပါ ညွှန်းကိန်းများတွင် ဥပဒေအရ အန္တရာယ်ဖြစ်နိုင်မည့်ကိစ္စများကို လျှော့ချနိုင်ခြင်း၊ ကုန်ကျစရိတ်များ  ချွေတာနိုင်ခြင်း၊ စည်းကမ်းလိုက်နာမှုနှုန်း တိုးတက်လာခြင်း၊ အငြင်းပွားမှုများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း စသည်တို့ ပါဝင်ပါသည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း

အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဌာန၏ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲသည့်အခါတိုင်း အမြဲသိရှိနေရန် စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ရန် လိုအပ်ပါသည်။ ဌာန၏ ဥပဒေရေးရာမဟာဗျူဟာများ၊ အစဉ်အလာအရဆောင်ရွက်နေမှုများကို ပြောင်းလဲလာသောဌာန၏ လိုအပ်ချက်များ၊ ဥပဒေပြင်ဆင်ချက်များနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် စဉ်ဆက်မပြတ်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ချိန်ညှိဆောင်ရွက်ခြင်း

အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ဌာန၏လုပ်ငန်းများ ထိရောက်အောင်မြင်မှုကို ပုံမှန်ဆန်းစစ်အကဲဖြတ်ရန် လိုအပ်သည့်အပြင် ပိုမိုကောင်းမွန်သောရလဒ် များရရှိရန် လိုအပ်သကဲ့သို့  ဌာန၏ မဟာဗျူဟာများကို ချိန်ညှိဆောင်ရွက် ရမည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့်  နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက်  ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းမှ ဆရာများ၏ပို့ချချက်များမှာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ တိုးတက်အောင်မြင်ရန် များစွာအထောက်အကူပြုသည့်အပြင် ဥပဒေနှင့်အညီ ဆောင်ရွက်တတ်စေသည့် အလေ့အကျင့်ကောင်းများကိုလည်း ရရှိစေပါသည်။ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတက်ရောက်ခြင်းဖြင့် စိတ်ကူးသစ်များရရှိလာကာ  တီထွင်ကြံဆ တွေးခေါ်မှုအသစ်များရရှိသည့်အပြင် ဌာနလုပ်ငန်းများကို  ဆောင်ရွက်ရာတွင်လည်း ဥပဒေဆိုင်ရာပြဿနာများကို ဖော်ထုတ်ဖြေရှင်းနိုင်ခြင်း၊ အန္တရာယ်ဖြစ်နိုင်မည့်ကိစ္စများ လျော့နည်းအောင် စီမံဆောင်ရွက်နိုင်ခြင်း၊ ဌာန၏ ရည်မှန်းချက်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိစေပါသည်။ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မိမိတို့ဌာန၏ ရည်မှန်းချက်ပန်းတိုင်များ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုများကို  နက်နက်နဲနဲသိရှိနားလည်လာပြီး သင်တန်းမှရရှိလာသော ဥပဒေအသိပညာဗဟုသုတများဖြင့် ပေါင်းစပ်ကာ ဘက်စုံကြည့်မြင် ဆောင်ရွက်နိုင်စွမ်းများရရှိစေသည့်အတွက် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းသည် ထိရောက်အောင်မြင်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။     ။

ဒေါက်တာသံလွင်ထွန်း (ကသ-၃၂)