“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၅) (ဆောက်လုပ်ရေးဝန်ကြီးဌာန) “မိုခါ”နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များထဲတွင် ကြိုတင်ပြင်ဆင်မှုအပိုင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဟူ၍ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်ငြားလည်း ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော “မိုခါ” မုန်တိုင်းကို ရင်ဆိုင်ခဲ့ကြရာတွင် အချိန်ကာလ၊ ရာသီဥတုနှင့်လက်တွေ့မြေပြင် အခြေအနေတို့အရ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အချိန်ကာလ ခွဲခြားဆောင်ရွက်၍ မရတော့ဘဲ တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြရသည်ကို တွေ့မြင်ခဲ့ရပါသည်။ မုန်တိုင်းဝင်ရောက်ပြီးနောက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို အားချင်းဆောင်ရွက်ရသလို ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်လည်း အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခြင်း၊ ဆေးရုံဆေးခန်းများရှိ လူနာများအမိုးအကာအောက်သို့ ပြန်လည်ရရှိရေး၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်၊ ICU ခန်းမများ၊ ကျောက်ကပ်ဆေးသည့်စက်များ လေလုံမိုးလုံဖြစ်ရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ကိစ္စများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရသည်။ ဆေးရုံ၊ ဆေးခန်း အဆောက်အအုံများကို ချက်ချင်း ပြန်လည်ပြုပြင်တည်ဆောက် ခဲ့ကြရသည်။
အချိန်ကာလနှင့် ရာသီဥတုဟု ကျွန်တော်ပြောရခြင်းမှာလည်း မိုခါမုန်တိုင်းဝင်ရောက်လာသည့် မေလသည် မိုးကြိုကာလ၊ တစ်နည်းပြောရလျှင် ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးများစုဆောင်း၍ ထယ်ရေးထွန်ရေး ပြင်ရတော့မည့်ကာလဖြစ်သည်။ ယင်းအချိန်မှာမှ မိုခါဝင်ရောက်လာခြင်းကြောင့် မျိုးစပါးများ ဆုံးရှုံးခြင်း၊ ကျွဲ၊ နွားများဆုံးရှုံးခြင်း၊ ရေငန်တားတာများ ကျိုးပေါက်ခြင်းတို့ဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ရသည်။ ပညာရေးဝန်ကြီး ဌာနသည်လည်းပဲ ထိုနည်းတူစွာပင် ဇွန်လ ၁ ရက်နေ့တွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အရေးပေါ်တုံ့ပြန် ခြင်းလုပ်ငန်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်ရန် အချိန်ကာလက ခွင့်မပြုတော့ပေ။ ပုံမှန်ထက် နှစ်ဆ၊ သုံးဆ အားထည့်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရသည်။ အခြား သောဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ်စွမ်းအား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၊ ပြန်ကြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးစသည့် ဝန်ကြီးဌာနများသည်လည်းပဲ မိမိတို့၏ လုပ်ငန်းတာဝန်များကို အချိန် နှင့်တစ်ပြေးညီဆောင်ရွက်ရင်း မိုခါကို တုံ့ပြန်နိုင်ခဲ့ကြပါသည်။
အဆိုပါ ဝန်ကြီးဌာနများထဲတွင်ပါဝင်သော ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အောက်ဖော်ပြပါလုပ်ငန်း များကို ပါဝင်ဆောင်ရွက်ခဲ့ပါသည် -
(က) ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တွေမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများအပါအဝင် သူနာပြုသင်တန်း ကျောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေး အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊
(ခ) ကျောင်းများ အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တက္ကသိုလ်များ၊ နည်းပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက် တန်းကျောင်းများနှင့် အထက် တန်းခွဲကျောင်းများကို ပြုပြင်တည်ဆောက်ပေးခြင်း၊
(ဂ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဆောက်အအုံများအား ပြုပြင်ဆောင်ရွက်ပေးခြင်း၊
(ဃ) ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ၏ ပင်မလုပ်ငန်းတာဝန် ဖြစ်သော ပြည်နယ်အတွင်းလမ်း/ တံတားများ၊ အခြားအခြေခံအဆောက်အဦများအား ပြန် လည်ပြင်ဆင် တည်ဆောက်ပေးခြင်း၊
(င) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စစ်တွေမြို့တွင်း ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါသည်။
ကြိုတင်စုဖွဲ့၊ တာဝန်ခွဲဝေသတ်မှတ်
မုန်တိုင်းသတင်းများ အတည်ပြုပြီးနောက် မိုခါမဝင်ရောက်မီ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့မှစတင်ကာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၏ စီစဉ်ညွှန်ကြားမှုဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မုန်တိုင်းဝင်ရောက်ရန် ခန့်မှန်းထားသော ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့၌ စက်ယာဉ်ယန္တရားစီးရေ ၂၁၀၀ ကျော်ကို စုဖွဲ့ထားရှိခဲ့ပါသည်။ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ တံတားများ ထိခိုက်ပျက်စီးနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေးမပြတ် တောက်စေရန်အတွက် ဘေလီတံတားများ အရေးပေါ်တည်ဆောက်နိုင်ရေး ဘေလီသံပေါင်နှင့် ဆက်စပ်ပစ္စည်း ၅၂၄၈ ပေ ကြိုတင်စုဆောင်းထားရှိခဲ့ ပါသည်။ ရခိုင်ပြည်နယ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ခရိုင်/ မြို့နယ်များနှင့် လမ်း/ တံတားအထူး အဖွဲ့များမှ စက်ယာဉ်ယန္တရား ၁၉၅ စီး၊ ဘေလီသံပေါင် ပေ ၆၈၀၊ လူအင်အား ၇၂၂ ဦး စုဖွဲ့ပြင်ဆင်ထားရှိခဲ့သည်။
၎င်းပြင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများ၏ အဆောက်အအုံများ ပြန်လည်ပြုပြင် ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေး အထူးအဖွဲ့များအပြင် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် MCEF၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင် များအသင်း MDA ၊ အခြားသော ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့ များ၊ မြို့မိမြို့ဖများက တာဝန်ယူပြင်ဆင်ပေးမည့်အဖွဲ့များစသည်ဖြင့် စုဖွဲ့ဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့်အတူ မေလ ၁၅ ရက်နေ့တွင် ပြည်နယ် ပြည်သူ့ဆေးရုံကြီးအပါအဝင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆောက်အဦ အထူးအဖွဲ့ငါးဖွဲ့နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းသုံးသင်းတို့ကို လုပ်ငန်းများ အမြန်စတင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းမှာကြားခဲ့သည်။
စစ်တွေမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့မှ အဆောက်အအုံ အလုံး ၉၀ ကို အဆောက်အဦ အထူးအဖွဲ့ငါးဖွဲ့မှ တာဝန်ယူပြင်ဆင်ဆောင်ရွက်ပေးခဲ့သည်။ ကျန်မြို့နယ် ၁၆ မြို့နယ်အတွင်းရှိဆေးရုံများ၊ ကျန်းမာရေးဌာန၊ ကျန်းမာရေးဌာနခွဲများမှ အဆောက်အအုံ ၂၄၉ လုံးကို မြို့နယ်ဆရာဝန်များ၏ ကြီးကြပ်မှုဖြင့်လည်းကောင်း၊ အဆောက်အအုံ ၁၆၈ လုံးကို MLCA၊ MCEF အသင်းတို့ကို တာဝန်ခွဲဝေ၍လည်းကောင်း ပြင်ဆင်ဆောင်ရွက်စေကာ ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။
စစ်တွေမြို့ ပြည်သူဆေးရုံကြီး၏ ကျောက်ကပ်ဆောင်၊ သွေးလှူဘဏ်၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်လူနာဆောင်၊ ငှက်ဖျားတိုက်ဖျက်ရေးရုံး၊ မွေးခန်းနှင့် မွေးလူနာဆောင်၊ အောက်ဆီဂျင်စက်ရုံ၊ ဆေးသိုလှောင်ရုံ၊ ငါးထပ်ဆောင်အသစ်၊ ကိုဗစ်လူနာကုသဆောင်၊ CT Scan ဆောင်၊ တီဘီလူနာဆောင်များနှင့် ဆေးရုံဝန်ထမ်းအိမ်ရာများ အပါအဝင် အဆောက်အအုံပေါင်းများစွာကို အမြန် ပြုပြင်ပေးခဲ့သည်။ သူနာပြုသင်တန်း ကျောင်းတွင်လည်း နှစ်ထပ်စာသင်ဆောင်၊ သင်တန်းသူအိပ်ဆောင်၊ သုံးထပ်စာသင်ဆောင်၊ နှစ်ထပ်အိပ်ဆောင်ဟောင်း၊ ထမင်းစားဆောင်နှင့် မီးဖိုဆောင်၊ သားဖွား L-Shape တစ်ထပ်စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာ သုံးထပ်ဆောင်၊ သားဖွားနှစ်ထပ် စာသင်ဆောင်၊ နှစ်ခန်းတွဲသုံးထပ် အာရ်စီဝန်ထမ်းအိမ်ရာ၊ သားဖွားသင်တန်းသူ ၁၀၀ ဆံ့ နှစ်ထပ်အာရ်စီအိပ်ဆောင်စသည်တို့ကို မွမ်းမံပြုပြင်ပေးခဲ့ရသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဆေးသို လှောင်ရုံ၊ အအေးခန်းဆေးသိုလှောင်ရုံ၊ ပြည်သူ့ကျန်းမာရေးမှူးရုံး အမှတ် (၁) နှင့် (၂)၊ လေးခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ၊ ခြောက်ခန်းတွဲ လေးထပ်ဝန်ထမ်း အိမ်ရာ၊ မိခင်နှင့် ကလေးကျန်းမာရေးဆောက်အအုံ၊ မင်းဂံဒေသန္တရကျန်းမာ ရေးဆေးပေးခန်းတို့ကို ပြုပြင်ပေးခဲ့သည်။ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ပြည်နယ်တိုင်းရင်းဆေးပင်မဆေးရုံ၊ တိုင်းရင်း ဆေးနှစ်ထပ်တိုးချဲ့ဆေးရုံ၊ လေးခန်းတွဲလေးထပ်ဝန်ထမ်းအိမ်ရာ အမှတ် (၁) နှင့် (၂)၊ လေးခန်းတွဲတစ်ထပ် ဝန်ထမ်း အိမ်ရာ၊ တိုင်းရင်းဆေး ဆေးရုံအုပ်ကြီး နေအိမ်၊ လူနာစားဖိုဆောင် စသည်တို့ကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
တက္ကသိုလ်နှင့် အခြေခံပညာအထက် တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများနည်းတူ ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက လိုက်နာဆောင်ရွက်လျက်ရှိရာ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လိုအပ်သည့် ကူညီပံ့ပိုးဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည်။ တက္ကသိုလ်သုံးခုဖြစ်သော စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ အဆောက်အအုံ ၆၉ လုံး၊ အစိုးရနည်းပညာအထက် တန်းကျောင်းမှအဆောက်အအုံ ၁၈ လုံး၊ စုစု ပေါင်း ၈၇ လုံးကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် MLCA၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ် MCEF တို့က တာဝန်ခွဲဝေပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသည် အထက်တန်းကျောင်း ၂၉ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၄ ကျောင်းကို တာဝန်ယူပြုပြင်ဆောင်ရွက်ခဲ့ပြီး MLCA သည် အထက်တန်းကျောင်း ၂၇ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၄၀ ကိုလည်းကောင်း၊ MCEF သည် အထက်တန်းကျောင်း ၃၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၈ ကျောင်းကိုလည်းကောင်း၊ MDA သည် အထက်တန်း ကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၀ ကိုလည်းကောင်း တာဝန်ယူပြုပြင်ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း ၂၉၅ ကျောင်းဖြစ်ပါသည်။ အခြေခံပညာမူလတန်း၊ အခြေခံပညာအလယ်တန်းကျောင်းအားလုံးကိုမူ ပညာရေးဝန်ကြီးဌာနမှပင် တာဝန်ယူတည်ဆောက်ပြုပြင် မွမ်းမံဆောင်ရွက်ပေးခဲ့သည်။
ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများ ပြုပြင်
မိုခါမုန်တိုင်းဒဏ်ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ စစ်တွေမြို့ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်များ၏ ခေါင်မိုးများပျက်စီးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်ပြုပြင်ပေးခဲ့သည်။ ၎င်းအဆောက်အဦများနှင့်အတူ ပြတိုက်ဝန်းအတွင်းရှိ အရာထမ်းနေအိမ်၊ အမှုထမ်းနေအိမ် ခုနစ်လုံးကိုပါ အဆောက်အဦအထူးအဖွဲ့က ပြန်လည်ပြုပြင်ပေးခဲ့သည်။
လမ်း/ တံတားများ ပြုပြင်တည်ဆောက်
ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းဖေသည် မေလ ၁၉ ရက်နေ့တွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ သွားရောက်ခဲ့ကြသော ဒုတိယဝန်ကြီး လေးဦးထဲမှ တစ်ဦးဖြစ် သည်။ ဦးဝင်းဖေ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးကြည်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စာရေးသူကျွန်တော်တို့ ပါဝင်ပါသည်။ ဦးဝင်းဖေ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အထက်ဖော်ပြပါပညာ၊ ကျန်းမာ အဆောက်အအုံများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်နေသကဲ့သို့ မူလလုပ်ငန်းတာဝန်ဖြစ်သော လမ်း/ တံတား ပျက်စီးမှုများကိုပြုပြင်၍ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားမှုမရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဇွန်လ ၄ ရက်နေ့မှ ၂၃ ရက်နေ့အထိလည်းကောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိလည်းကောင်း လာရောက်နေထိုင် ကွပ်ကဲစီမံဆောင်ရွက်ခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စစ်တွေ - ပလ္လင်ပြင် လမ်းပေါ်ရှိ ပေ ၁၀၀ သဲချောင်းတံတား ကို ပေ ၁၄၀ ဘေလီတံတား တည်ဆောက်ပေးခြင်း၊ ပေ ၄၀ ဒါးပိုင်တံတား ကို ပေ ၆၀ ဘေလီတံတား တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ ကျွန်တော်တို့တာဝန်ထမ်းဆောင် စဉ်ကာလ၌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်ကို အမှတ်ရမိသည်။
မြို့တွင်းရှင်းလင်းရေးလုပ်ငန်းများ ကူညီ
မိုခါမုန်တိုင်းဒဏ်ကြောင့် မြို့နယ် ၁၀ မြို့နယ်ဖြစ်သော စစ်တွေ၊ ပုဏ္ဏား ကျွန်း၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ မြို့တွင်းရှင်းလင်းရေး လုပ်ငန်းများကို တာဝန်ပေးထားသည့် တပ်မတော်အရာရှိကြီးများက ကြီးကြပ်၍ ဆောင်ရွက်ခဲ့သည်။ စစ်တွေမြို့တွင်လည်း လာရောက်ကြီးကြပ်ကွပ်ကဲနေသော ပြည်ထောင်စုဝန်ကြီးများက ဦးဆောင်၍ မြို့တွင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဌာနပိုင်ယာဉ်၊ ယန္တရားအစီး ၂၀ ပူးပေါင်းပါဝင်အားဖြည့် ကူညီဆောင်ရွက်ခဲ့သည်။ မေလ ၁၇ ရက်နေ့တွင် မြို့တွင်းလမ်း အားလုံးကို တစ်လမ်းသွား ဖွင့်ပေးနိုင်ခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် မူလလမ်းအကျယ်အတိုင်း သွားလာနိုင်ရေး ရှင်းလင်းဖယ်ရှား ဆောင်ရွက်နိုင်ခဲ့ပါသည်။
စစ်တွေကမ်းခြေပတ်လမ်း ပြုပြင်မှု
စစ်တွေ Viewpoint မှ စစ်တွေဟိုတယ်အထိ ကမ်းခြေပတ်လမ်းသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး မှုအချို့ဖြစ်ပေါ်ခဲ့သည်။ ယင်းလမ်းသည် စစ်တွေမြို့၏ အထင်ကရနေရာ၊ မြို့သူမြို့သားများ Super Sunday တွင် အပြည့် အဝအပန်းဖြေနားနေရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ သို့ဖြစ်၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ယင်းလမ်းကို အမြန်ပြုပြင်ဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့သည်။ ယင်းလမ်းညွှန်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်ကြီးကြပ်၍ ပြုပြင်ဆောင်ရွက် မှုများစတင်ခဲ့သည်။ လတ်တလော သွားလာနိုင်ရေးအတွက် အမာခံလမ်းရအောင် တည်ဆောက်ပေးခဲ့သည့်အပြင် ရေရှည်ကောင်းမွန်ရေးအတွက်ပါ အစီအမံများ ရေးဆွဲတင်ပြဆောင်ရွက်လျက် ရှိပါသည်။ မုန်တိုင်းဒဏ်သင့် နေရာဒေသအားလုံးတွင် ပြန်လည်ပြုပြင် တည်ဆောက်ပေးသမျှ မူလအခြေအနေထက် သာလွန်ကောင်းမွန်ရမည်ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အေးချမ်းသာယာလှပသော ကမ်းခြေပတ်လမ်းတစ်ခုကို စစ်တွေ မြို့သူမြို့သားများ ပိုင်ဆိုင်ခွင့်ရကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိသည်။
ဒေသခံများတွင် အလုပ်အကိုင်အခွင့် အလမ်းများပေါ်ပေါက်
‘မိုခါ’မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရာတွင် ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူပြုပြင် တည်ဆောက်ပေးခဲ့သော ပညာရေးကဏ္ဍတည်ဆောက်ရေးလုပ်ငန်းများ အတွက် လုပ်သားဦးရေ ၁၈၉၅ ဦး၊ ကျန်းမာရေးကဏ္ဍတည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားဦးရေ ၂၀၄၅ ဦး၊ အခြားလုပ်ငန်းများအတွက် လုပ်သားဦးရေ ၁၄၂ ဦး စုစုပေါင်း ၄၀၈၂ ဦးကို ရက်၊ လ အတန်ကြာသည်အထိ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ခဲ့ကြောင်းတွေ့ရသည်။
MCEF မှ ဒေါ်မြသောင်းဝေ
ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေခိုက် အသိမိတ်ဆွေတစ်ဦး တိုးခဲ့သည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ် (MCEF) တွင် Project Coordinator အဖြစ် ဆောင်ရွက်နေသူ တူမမြသောင်းဝေဖြစ်သည်။ ဖခင်ဖြစ်သူမှာ နိုင်ငံကျော်စာရေးဆရာ သောင်းဝေဦး ဟု လူသိများခဲ့သော ဗိုလ်မှူးကြီးသောင်းဝေ (ငြိမ်း) ဖြစ်ပါသည်။ ဗိုလ်မှူး ကြီးသောင်းဝေသည် ကျွန်တော်၏ယောက္ခမဖြစ်သူ ကြည်း(၁၀၉၅၃)ဒုတိယ ဗိုလ်မှူးကြီးကျော်လွင် (ကျဆုံး) နှင့်လည်း သိကျွမ်းခဲ့ဖူးသလို ကျွန်တော်၏ စာပေရေးသားခြင်းကိုလည်း အားပေးချီးမြှောက်ခဲ့သူဖြစ်ပါသည်။ ကျွန်တော်အနေဖြင့်မူ စာရေးဆရာသောင်းဝေဦး (ခ) ဗိုလ်မှူးကြီးသောင်းဝေကို ၁၉၈၄ ခုနှစ်က ကျိုင်းတုံဒေသသို့ စစ်ဆင်ရေး ထွက်ရင်းတပ်မ ၈၈ ၏ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် စတင်မြင်ဖူးခဲ့ခြင်းဖြစ်၏။
ယခု သူ၏သမီးဖြစ်သူ တူမမြသောင်းဝေတို့အဖွဲ့သည် မိုးထဲရေထဲ၌ မြစ်ကူးချောင်းဖျားကျော်၍သွားကာ ရခိုင်ဒေသမောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များအတွင်းက ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေချိန်၊ အလုပ်သမား ရှားပါးနေချိန်၊ အစားအသောက်အနေအထိုင် ကျပ်တည်းနေချိန်မှာ စေတနာရှေ့ထားဆောင်ရွက်ပေးခဲ့ကြသော MCEF ၊ MLCA ၊ MDA အသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များ အားလုံးကိုလည်း မှတ်တမ်းတင်ဂုဏ်ပြု ဖော်ပြအပ်ပါသည်။
“မိုခါ” ဆောင်းပါးများနှင့် စပ်လျဉ်း၍
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များဆိုင်ရာဆောင်းပါးများ ရေးသားတင်ပြခဲ့ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များဖြင့် နိဂုံးကမ္ပတ်အဆုံးသတ်ပါတော့ မည်ဖြစ်ကြောင်းဖော်ပြခဲ့ဖူးပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနက မှတ်တမ်းစာအုပ် ပြုစုထုတ်ဝေတော့မည်ဖြစ်ရာ အချိန်ကန့်သတ်ချက်ရှိသဖြင့် ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန် အနည်းငယ်ရဦးမည်ဖြစ်၍ ကျန်ရှိနေသောဝန်ကြီးဌာန နှစ်ခုထဲမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြိုးပမ်းစွမ်းဆောင်မှုများကို ဂုဏ်ပြုရေးသားလိုက်ခြင်းဖြစ်ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ရေးသားတင်ပြပါဦးမည်။ ။
မြင့်စိုး(နတလ)