နိုင်ငံရေးနည်းဖြင့်သာအဖြေရှာ… ပြိုင်တူတွန်းရင် ရွေ့ပါတယ်
လူ့အဖွဲ့အစည်းတစ်ခုမှာ မငြိမ်းချမ်းဘူးဆိုတဲ့အချက်ဟာ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ယုံကြည်မှုတစ်ခုခု၊ နားလည်မှုတစ်ခုခု အားနည်းနေကြလို့သာဖြစ်ပါတယ်။ ဆက်ဆံရေးရဲ့အစဟာ ယုံကြည်မှု၊ ပူးပေါင်းမှုရဲ့အစဟာ နားလည်မှုဆိုတာကို လေးလေးနက်နက်သိသူတွေကတော့ ပျက်စီးနေတဲ့ဆက်ဆံရေး၊ အေးစက်နေတဲ့ ပူးပေါင်းပါဝင်မှုကို မရရအောင် တည်ဆောက်ဖို့ဝန်မလေး၊ အမြဲအဆင်သင့် ရှိနေတတ်ကြတယ်။ ဒါကြောင့်ပဲ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို လိုချင်တဲ့အတွက် အတ္တတွေမာန်မာနတွေ ခဏဘေးဖယ်၊ တလွဲမတွေး၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲ၊ ဒေသစွဲတွေဘေးချိတ်၊ အများအတွက်ဆိုတဲ့ဦးတည်ချက်လေးထားပြီး ငြိမ်းချမ်းရေးလမ်းစဖော်ပေးရပြန်တယ်။
အဓိပ္ပာယ်ရှိရှိ အနှစ်သာရအပြည့်နဲ့ အလေးအနက်ထား
အားလုံးသိကြတဲ့အတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ အဓိပ္ပာယ်ရှိရှိ အနှစ်သာရအပြည့်နဲ့ အလေးအနက်ထားကျင်းပ သွားဖို့ရှိပါတယ်။ ဒီနေရာမှာ ယခင်နှစ်များနဲ့မတူ အတိအလင်းဖော်ပြသုံးနှုန်းသွားတဲ့ “အဓိပ္ပာယ်ရှိ ခြင်းနဲ့ အနှစ်သာရရှိခြင်း၊ အလေးအနက်ထားခြင်း” ဆိုသော စကားလုံးတွေကို သတိထားမိလိုက်တယ်၊၊ သေချာအဓိပ္ပာယ်ဖော်ရင်တော့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့တိုင်းရင်းသားခေါင်းဆောင်အားလုံးကို ပါဝင်စေလိုတဲ့ဆန္ဒ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့အတူ ထာဝရငြိမ်းချမ်းရေး ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်၊ တရားမျှတခြင်း လွတ်လပ်ခြင်းနဲ့ သာတူညီမျှအခွင့်အရေးကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်စတဲ့မူတွေ၊ အယူအဆတွေ ပါဝင်နေလိမ့်မယ်လို့ ယူဆမိပါတယ်။
ဘာဖြစ်လို့ အလေးအနက်ထားကျင်းပရသလဲဆိုတော့ တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်ရေးနဲ့ ပြည်သူအားလုံးလူမှုစီးပွားဘဝ ပုံမှန်တိုးတက် ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့အချိန်အခါ ကျရောက်နေလို့ပဲဖြစ်ပါတယ်။ ပြောရရင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက် နေတဲ့ကြားက ယခုအထိ တည်ငြိမ်အေးချမ်းမှုကို မရရှိသေးတဲ့အတွက် ဖြစ်ပါတယ်။ နိုင်ငံရေးသဘောထားအမြင်တွေ၊ တိုင်းရင်းသားအရေး အယူအဆတွေ ကွဲပြားနေဆဲအခြေအနေမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ဖို့ အခွင့်အလမ်းတစ်ခုကို အမိအရဆုပ်ကိုင်နိုင်ကြဖို့ ဒီ NCA အခွင့်အရေးကို အလေးအနက်ထားနိုင်အောင် ရည်ရွယ်ပါတယ်။
ငြိမ်းချမ်းရေးခရီးလမ်းက ခက်ခဲကြမ်းတမ်း တယ်ဆိုပေမယ့် ယခုလာမယ့် (၈) နှစ်မြောက် NCA နှစ်ပတ်လည်အခင်းအကျင်းဟာ ငြိမ်းချမ်းရေးအိပ်မက်ခပ်သဲ့သဲ့ အရိပ်အယောင်လေးတစ်ခုအဖြစ် အပြုသဘောမြင်လာမိပါတယ်၊၊ မငြိမ်းချမ်းခြင်းရဲ့အရသာကို ခါးသီးစွာခံစားနေရတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီးကတော့ လက်ရှိဒီအခင်းအကျင်းကို အမျှော်လင့်ကြီး မျှော်လင့်ကြမှာ သေချာပါတယ်။ အားလုံးမှာကြီးမားတဲ့ မျှော်လင့်ချက်တွေရှိပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်၊ ကိုယ့်ဒေသကိုယ့်လူမျိုးအရေး ကိုယ်စားပြုစေတနာထား ပညာဉာဏ်အမြော်အမြင်ရှိပြီး သဘောထားကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုယ့်နိုင်ငံကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် ရပ်တည်ပေးမယ့် ခေါင်းဆောင်တွေ NCA မှာ ပါဝင်လာမယ်ဆိုရင် ထိုသို့ပါဝင်လာမှုဟာ အကောင်းမြင်မျှော်လင့်နေကြတဲ့ ပြည်သူအမြောက်အမြားရဲ့ ခံစားချက်တွေကို အမှန်တကယ်နားလည်မှုရှိတဲ့အတွက်ကြောင့်ဟု ယူဆပါတယ်။
ယူတတ်ရင် အခွင့်အလမ်းကောင်းတစ်ခု
ယခုလက်ရှိအခြေအနေမှာ ကျီးလန့်စာစားဘဝ နဲ့ ပြည်သူတွေရဲ့စိုးရိမ်ရေမှတ်က မြင့်တက်နေဆဲ ပါ။ သူတို့ရဲ့စိုးရိမ်သောကကို အပြန်အလှန်ယုံကြည်မှုက ပြေပျောက်စေနိုင်မလား၊ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ဖိအားတွေအောက်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကိုကယ်တင်ပေးနိုင်မလား ကြည့်ရပါမယ်။ အဓိကကယ်တင်ရှင်က လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်နေလို့ပါပဲ။ သူတို့လက်ထဲမှာပဲ ရှိပါတယ်။ ငြိမ်းချမ်းရေးတံခါးကို တပ်မတော်ဘက်က ဖွင့်ပေးပြီးသားပါ။ ထာဝရငြိမ်းချမ်းရေးအတွက် အာမခံချက်တစ်ခုဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့ NCA ပါ ပေးထားချက်တွေအတိုင်း အခိုင်အမာ ဆက်လျှောက်ဖို့ သန္နိဋ္ဌာန်ချပြီးဖြစ်ပါတယ်။ NCA ဟာ စတင်ဆွေးနွေးစဉ်က ပါဝင်ခဲ့တဲ့တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့အညီ ပဏာမအများ သဘောတူညီမှုရယူထားတဲ့ ယန္တရားတစ်ခုဖြစ်တဲ့အတွက် နောက်ပြန်လှည့်ဖို့ အခြေအနေပေးမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တာကို ဦးစားပေးရမယ့် အချိန်ရောက်နေတဲ့အတွက် သင်ခန်းစာယူသင့်တာယူပြီး အပြောထက်အလုပ်နဲ့သက်သေပြဖို့ပဲ ရှိပါတော့တယ်။
တစ်ဖက်ကို ဗီလိန်လုပ်အပြစ်ဖို့ အမြတ်ထုတ်ရမယ့် အခါလည်းမဟုတ်၊ ကိုယ့်မြန်မာနိုင်ငံသား အချင်းချင်း အထင်သေးပုတ်ခတ် စော်ကားနေရမယ့် အခြေအနေလည်းမဟုတ်၊ အနိုင့်ကျင့်ရန်လို တိုက်ခိုက်နေရမယ့်သူများလည်း မဟုတ်ပါဘူး။ နိုင်ငံသမိုင်းမှာ အချိုးအကွေ့များလှတဲ့ အခြေအနေချည်းပဲရှိခဲ့တာမို့ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု များပေးရမယ့်အချိန်လည်း ရောက်ပါပြီ။ လက်နက်တွေ ခဏဘေးချပြီး ရင်ထဲကလာတဲ့တကယ့် စေတနာမေတ္တာမှန်နဲ့ စားပွဲဝိုင်းမှာ ခေါင်းချင်းဆိုင် အဖြေရှာရတော့မယ် အရွယ်တွေပါ။ စစ်ကိုမလိုလားတဲ့ ပြည်သူတွေကိုငဲ့ကွက်ပြီး ကရုဏာတရား ပြသရတော့မယ့် အချိန်တွေပါ။ ကိုယ့်ဒေသက ပညာငတ်၊ အစာငတ်နေတဲ့ သနားစရာအနာဂတ် မျိုးဆက်တွေကို ပြန်ကြည့်ရပါမယ်။ ငြိမ်းချမ်းပြီး တိုးတက်နေတဲ့ဒေသက ပြည်သူတွေကိုကြည့်ပြီး မုဒိတာပွားနိုင်အောင် ကြိုးစားသင့်ပါတယ်။
အနာဂတ်မျိုးဆက်တစ်ဆက်မက၊ နှစ်ဆက်မက အမုန်းတွေချန်ရစ်တဲ့ သမိုင်းတရားခံတွေမဖြစ်အောင် တာဝန်ယူ၊ တာဝန်ခံမှုတွေ ပြသရပါတော့မယ်။ နိုင်ငံတကာ သက်သေတွေရှေ့၊ ပြည်တွင်း partner သက်သေတွေရှေ့မှောက် အပြန်အလှန်ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေအတွက် ကတိတည်သူ၊ သစ္စာရှိသူများအဖြစ် ပြသကြရပါတော့မယ်။ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ယူတတ်ရင် အခွင့်အလမ်းကောင်းတွေချည်းဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို လိုချင်လွန်း၍
နိုင်ငံတော်ရဲ့ လက်ရှိပကတိလိုအပ်ချက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့်လည်း ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ နိုင်ငံတော်ဘက်က တောက်လျှောက်ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမျှော်လင့်ချက်နဲ့ အပစ်အခတ်ရပ်ပေးထားတာ ၅ နှစ်ရှိခဲ့တဲ့နောက်မှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကိုတော့ စိန်ရတုငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ နိုင်ငံအကြီးအကဲကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့မယ် ကမ်းလှမ်း၊ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး အဖြေရှာနေခြင်းက ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ဆိုတာ ထင်ရှားပါတယ်။
စစ်ပွဲတွေ၊ တိုက်ပွဲတွေဟာ အဖြေမဟုတ်တဲ့အတွက် တွေ့ဆုံညှိနှိုင်းရေးလမ်းကို အစဉ်တစိုက် ဖွင့်ထားခြင်းလည်းဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အတွက်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဆွေးနွေးအဖြေရှာဖို့ နိုင်ငံတော်ဘက်က အမြဲအဆင်သင့်ပါ။ ယုံကြည်မှု၊ နားလည်မှုရှိလာရင် အပြန်အလှန်အသိအမှတ်ပြုနိုင်ဖို့နဲ့ လေးစားမှုပြုနိုင်ဖို့ဆိုတဲ့ အင်္ဂါရပ်တွေအတွက် အခက်အခဲမရှိနိုင်တော့ဘူး ဆိုတဲ့အချက်ကို သဘောတူပါတယ်၊၊ အေးအတူ၊ ပူအမျှနေထိုင်လိုပြီး တန်းတူရည်တူတန်ဖိုးထားတဲ့ ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဟာတပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ်ထားတဲ့ ခံယူချက်ပါပဲ။ ဒီခံယူချက်နဲ့ပဲ ပြည်သူတွေကို ငြိမ်းချမ်းခြင်းရဲ့အရသာကိုပေးနိုင်ဖို့ တပ်မတော်က အပြင်းအထန်ကြိုးပမ်းနေခြင်း ဖြစ်တယ်ဆိုတာ လက်တွေ့လုပ်ရပ်များအရ ချိန်ထိုးကြည့်နိုင်ပါတယ်။
ငါတို့နိုင်ငံ ငါတို့နိုင်ငံသား ငါတို့ဒေသအတွက်ဆိုတဲ့ စိတ်ဓာတ်ဖြင့်
နိုင်ငံတော်နဲ့ တပ်မတော်ဘက်ကချည်း အပြုသဘောဆောင် တာဝန်ယူနေရုံနဲ့ လက်တွေ့ကျပြီး တရားမျှတတဲ့ရလဒ်ကောင်းတွေဟာ ဘယ်တော့မှ ထွက်ပေါ်မလာနိုင်ပါဘူး။ ဒီအချက်ဟာကောင်းစွာ သိရှိထားရမယ့်အချက်ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်များ၊ အဖွဲ့များအားလုံးမှာ တာဝန် သိစိတ်နဲ့ တာဝန်ရှိကြပါတယ်။ ငါတို့နေတဲ့ ငါတို့ နိုင်ငံအချုပ်အခြာအတွက် ငါတို့မှာတာဝန်ရှိတယ်၊ တို့ဟာတို့နိုင်ငံသား၊ တို့တိုင်းရင်းသားတွေနဲ့ တစ်သွေးတည်း တစ်သားတည်းရှိတယ်ဆိုတဲ့ သဘောထားတွေပြသနိုင်မှသာ ငြိမ်းချမ်းရေးခရီးက ချောမွေ့မှာဖြစ်ပါတယ်။ “တန်းတူညီမျှမှု” “တရား မျှတမှု” “လူနည်းစုအခွင့်အရေး” စတဲ့ စကားလုံးတွေကို လက်တွေ့ခံစားချင်ရင် ပူးပေါင်းပါ၊ ပါဝင်ပါ၊ လက်တွေ့အကောင်အထည်ဖော်ကြရအောင်ပါလို့ တောင်းဆိုချင်ပါတယ်။
ထိုစကားလုံးတွေရဲ့အနှစ်သာရဟာ ဖက်ဒရယ်ဆိုတဲ့ အခြေခံအချက်မှာပါဝင်ပြီး ဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ပေးကြပါလို့ ဖိတ်ခေါ်နေရခြင်းဖြစ် ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလမ်းပြမြေပုံမှာ ဖက်ဒရယ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ခွဲခြားဆက်ဆံခြင်း သဘော တရားတွေမပါပါဘူး။ အတူတကွ ပူးပေါင်းကြိုးစား၊ ရလာတဲ့အသီးအပွင့်တွေကို အတူတူမျှဝေခံစားကြဖို့ သာပါပဲ။ တိုင်းရင်းသားလူမျိုးအသီးသီးကြား ခွဲခြားဆက်ဆံခြင်းမရှိ၊ တန်းတူညီမျှမှုနဲ့ဒေသတိုင်းမှာ နေထိုင်ကြတဲ့လူနည်းစုနဲ့ လူများစုအားလုံးကို တန်းတူအကာအကွယ်ပေးချင်တဲ့အတွက် လူမျိုးကိုအခြေမခံ၊ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်ကိုရအောင် လုပ်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ပကတိ အခြေအနေတွေနဲ့စပ်ဟပ်ပြီး လက်တွေ့ကျကျ အားလုံးလက်ခံနိုင်မယ့် ဖက်ဒရယ်စံနှုန်းတွေ ပါဝင်နေတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ်၊ ဖက်ဒရယ်နဲ့ဒီမိုကရေစီ အပြန်အလှန်အာမခံချက်များအဖြစ် အလေးအနက်ထားယုံကြည်မှုပေးဖို့ လိုအပ်ပါတယ်။
ညှိနှိုင်းမှုစွမ်းရည်များမှတစ်ဆင့်ရလာသော ယုံကြည်မှု
ဒီဆောင်းပါးမှာ စာရေးသူဟာ “အပြန်အလှန်ယုံကြည်မှု” ဆိုတဲ့စကားလုံးကို ထပ်တလဲလဲ တင်ပြပေးနေပါတယ်။ ငြိမ်းချမ်းရေးမှာ ထိုစကားလုံးဟာ အင်မတန် တန်ဖိုးထားအပ်တဲ့အတွက် ဖြစ်ပါ တယ်။ အလွန့်အလွန် ကွဲပြားခြားနားနေပြီး ပဋိပက္ခအသွင် အလွန်အမင်းဖြစ်နေတဲ့ နှစ်ဖက်အကြားမှာ အတူတကွ ရှေ့ဆက်ချီတက်ကြမယ်၊ ပူးပေါင်းကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု Trust မရှိဘဲ ဘယ်လိုမှ ရှေ့တက်လို့မရပါဘူး။ တစ်ဖက်တည်းက ပေးနေလို့လည်း မရပြန်ပါဘူး။ တစ်ဖက်တည်းရဲ့ ယုံကြည်မှုဆိုတာ တလွဲအသုံးချခံရတတ်ပါတယ်၊၊ ဒါကြောင့် ယုံကြည်မှုကိုရယူမယ်၊ ခိုင်မာတဲ့ယုံကြည်မှုကို တည်ဆောက်ကြမယ်ဆိုရင် ဘက်နှစ်ဖက်ကြားအဆက်မပြတ် ထိတွေ့ဆက်ဆံပြီး တွေ့ဆုံဆွေးနွေးနေကြဖို့ပဲဖြစ်ပါတယ်။
အပြန်အလှန် ဆုံတွေ့ဆွေးနွေးမှုက ရင်းနှီးခင်မင်မှုကိုပေးပြီး အရေးကြီးဆုံးဖြစ်တဲ့ တစ်ဖက်နဲ့ တစ်ဖက်အကြား စိုးရိမ်မှုအနေအထားကို လျော့ပါး စေတယ်၊ အဆုံးမှာ သံသယစိတ်တွေ၊ အာဃာတတွေပါ ပပျောက်ပြီးယုံကြည်မှု (အောက်ခြေမြေပြင် တပ်ဖွဲ့ဝင်များမှသည် အထက်ဗဟိုအဆင့်အထိ) ကို ရလာစေမှာဖြစ်ပါတယ်။ ယုံကြည်မှုရလာရင် နားလည်မှု ပေးလာနိုင်မယ်၊ ထိုမှတစ်ဆင့်ဆန့်ကျင်ဘက်ဆီက လေးစားမှုတွေကတစ်ဆင့် အပြန်အလှန် အသိအမှတ်ပြုနိုင်ခြင်းမျိုးအထိ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မပြတ်တွေ့ဆုံဆွေးနွေးမှုက ရင်းနှီးမှုကို ဘယ်လိုရယူနိုင်သလဲဆိုရင် သည်းခံမှု၊ စေတနာထားမှု၊ မျှမျှတတဖြင့် သဘောထားကြီးမှု၊ အကောင်းမြင်မှု၊ အပြုသဘောဆန်မှု သူ့အကျိုး ကိုယ့်အကျိုး အပြန်အလှန်ကြည့်ရှုပြီး သူလည်းအနိုင် ကိုယ်လည်းအနိုင်ရစေမယ့် ညှိနှိုင်းမှုစွမ်းရည်တွေကတစ်ဆင့် တည်ဆောက်နိုင်ပါတယ်။ ညှိနှိုင်းမှုကောင်းရင် တစ်ဦးလိုလားချက် တစ်ဦးကသိလာပြီးနောက်မှာ ငါလုပ်တာလည်း သူ့အကျိုးသူလုပ်တာလည်း ငါ့အတွက်ပါလားဆိုတဲ့ ခံစားချက်မျိုးအထိ ထိမိသွားစေပါတယ်။
ဒီလိုကိုယ်ရည်ကိုယ်သွေးတွေနဲ့ ညှိနှိုင်းမှုစွမ်းပကားတွေနဲ့သာလျှင် နှစ်ဖက်သဘောထား ကွဲလွဲမှုတွေနဲ့ မတူညီတဲ့အမြင်တွေ နီးသထက် နီးလာမှာဖြစ်ပါတယ်။ အကျိုးစီးပွားချင်းဝေးနေသူတွေကြား နီးစပ်မှုရှိလာတဲ့အခါ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ပဋိပက္ခတွေကို ရှောင်လာနိုင်မှာဖြစ်သလို လက်တွေ့ကျတဲ့ ရလဒ်ကောင်းများကိုလည်း အကြမ်းမဖက်တဲ့နည်းနဲ့ ရယူပေးလာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အလွယ်တကူနဲ့ ရရှိခဲ့ခြင်းမဟုတ်တဲ့ သမိုင်းဝင် NCA ကို လွယ်လွယ်နဲ့ပျက်ပြယ်သွားဖို့ မသင့်ပါကြောင်းနဲ့ လေးစားလိုက်နာဖို့ လိုအပ်ကြောင်း တင်ပြလိုပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အာရုံမှာ တစ်ဖက်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်သံတွေနဲ့ အဆက်မပြတ် တောင်းဆိုသံတွေကြောင့် ငြိမ်းချမ်းရေးလမ်းစတွေ့မြင်ရနေဆဲပါ၊ အပျောက်ခံလို့ မဖြစ်ပါဘူး။ တည်ငြိမ်အေးချမ်းမှုနဲ့ သာယာဝပြောမှုအတွက် အာမခံချက်ရှိမယ့် ဒီမိုကရေစီဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးခရီးရှည်ကို ဆက်လျှောက်ကြရဦးမှာပါ။ သို့မှသာ နိုင်ငံရေးအရ တည်ငြိမ်မှုကတစ်ဆင့် စီးပွားရေးတည်ငြိမ်မှုရရှိပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုဘဝတွေ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုမှသည် ဆင့်ကဲဖွံ့ဖြိုးမှု၊ ဖွံ့ဖြိုးမှုမှသည် တစ်ဖန်ငြိမ်းချမ်းမှုဆီသို့ ကောင်းကျိုးသံသရာ Virtuous cycle ကို ထပ်ကာထပ်ကာ လည်စေတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဘာဖြစ်လို့ ကျွန်တော်တို့တွေ စစ်ပွဲတွေကြောင့် တန်ဖိုးရှိလူ့စွမ်းအား အရင်းအမြစ်တွေ အဆုံးရှုံးခံတော့မလဲ... နိုင်ငံနာအောင်ဘာကြောင့် လုပ်ကြ မှာလဲ၊၊
အဓိကအချက်က လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းခြင်းမှ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးမှ သာယာဝပြောမှုဆီ၊ ထိုမှ...ထိုမှ ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်အဖြစ်သို့ ရောက်မယ်ဆိုတာ သေချာသိနေတဲ့ ဘက်တစ်ဖက်မှာတော့ အဆုံးပန်းတိုင် Ends အတွက် NCA ဆိုတဲ့ Means နည်းလမ်းများရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် အရွေ့တစ်ခုရောက်အောင် အားလုံးက ပြိုင်တူတွန်း ဖို့ပဲလိုပါတော့တယ်။ ။
မိုးကေနိုင်