Skip to main content

ငြိမ်းချမ်းရေးတံခါး ဆက်ပြီးဖွင့်ထားဆဲပါ

မိုးမြင့်

မြန်မာနိုင်ငံတစ်နံတစ်လျား ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက စစ်မှန်သော ငြိမ်းချမ်းရေးအရသာကို တောင့်တဆဲ၊ ငတ်မွတ်ဆဲဖြစ်သည်။ ယခုအချိန်တွင် အလိုချင်ဆုံးကား တည်ငြိမ်အေးချမ်းမှု၊ အဖြစ်ချင်ဆုံးကား တည်ငြိမ်သောလူမှုစီးပွားဘဝ၊ ပညာသင်ချင်ကြသည်၊ အေးချမ်းစွာနေထိုင်စီးပွားရှာ လိုကြသည်သာဖြစ်သည်။ သို့သော် နိုင်ငံ ၏လက်နက်ကိုင်ပြဿနာကား မပြီးသေး။ နိုင်ငံရေးအရသဘောထားများ ကွဲနေဆဲ၊ တိုင်းရင်းသားအရေးမတူသော အမြင်များရှိနေဆဲ၊ ဘာသာရေးအရ ကွဲပြားမှုအချို့ရှိဆဲဖြစ်သည်။ ဤသည်ပင် ယနေ့လက်နက်ကိုင်ပဋိပက္ခများ၏ အကြောင်းရင်းခံအဖြစ် မှတ်ယူကြဆဲဖြစ်သည်။

အမှန်တကယ်သတ္တိရှိ၍ ငြိမ်းချမ်းရေးကို အမှန်လိုလားလျှင်

ခေတ်အဆက်ဆက် နိုင်ငံရေးအယူဝါဒအမျိုးမျိုးကွဲခဲ့ကြ၍ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစပြီး နိုင်ငံရေးဖြေလျှော့မှုများပေးခဲ့သည်။ တစ်ပါတီစနစ်မှ ပါတီစုံ၊ ဆိုရှယ်လစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ တပ်မတော်ခင်းပေးသည့်လမ်းအတိုင်း လျှောက်ခဲ့ကြသည် မဟုတ်ပါလား၊၊ တိုင်းရင်းသားအရေးကွဲလွဲမှုများမှာမူ နယ်ချဲ့တို့ထားခဲ့သည့် ဆိုးမွေတစ်ခုဖြစ်၍ ဤကွဲပြားမှုကိုလည်း လုံးဝလျစ်လျူရှုထားခြင်းမရှိပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ တတ်နိုင်သမျှ ပိုင်းခြားခွဲခြားသတ်မှတ်ထားပြီးဖြစ်သည်။ ဘာသာရေးအရလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အမာ ပြဋ္ဌာန်းပြီးဖြစ်သည်။ ဤအချိန်မှာ ယင်းကဲ့သို့အချက်များကို အကြာင်းပြု၍ သဘောကွဲလွဲမှုများ ထပ်ကာထပ်ကာ ရမည်ရှာ၍ ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့လေးတစ်ခုအတွက် အမြတ်ထုတ်မှုများ မရှိ သင့်တော့၊ ရပ်သင့်ပြီဟု ယူဆပါသည်။

အချို့သော လက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့ကိုယ်စားပြုသည် ဆိုသော တိုင်းရင်းသားများ၏မျက်နှာနှင့် ပြည်သူများ၏ဘဝ၊ နိုင်ငံတော်နှင့် ပြည်ထောင်စုကြီး၏အကျိုးကို ပြန်ကြည့်ချိန်တန်ပြီ၊ ငဲ့ကွက်သင့်ပြီဟူ၍သာ တိုင်းရင်းသားပြည်သူအားလုံးကိုယ်စား တောင်းဆိုချင်ပါသည်။ စစ်ကိုခေါ်၍ စစ်၏အနိဋ္ဌာရုံများနှင့် ပြည်သူကိုချောက်ထဲတွန်းပို့၊ နိုင်ငံကိုတစ်စစီဖြစ်အောင် လုပ်နေသည့်တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်များရှိနေသေးသရွေ့ ဤနိုင်ငံကြီး ငြိမ်းချမ်းဖို့မမြင်‌သေးပါ။

သဘောထားကွဲမှုများ၊ အမြင်မတူမှုများကို တူအောင် နီးစပ်အောင် ကြိုးစားရမည့်အစား တပ်မတော်နှင့် ပြည်သူကိုလက်နက်အားကိုးဖြင့် ကန့်လန့်တိုက်နေခြင်းမှာ ပညာဉာဏ်နည်းရာရောက်ပါသည်။ မိမိဒေသအကျိုး၊ မိမိတို့လူမျိုးအကျိုး အမှန်တကယ်လိုလားသည်ဆိုလျှင် လူသတ်လက်နက်ကိုင်ရန်မလိုပါ၊ လက်နက်ကိုင်တာချင်း တူသည်ဆို၍ တပ်မတော်နှင့် နှိုင်းယှဉ်ရန်လည်း အကြောင်းမရှိပါ။ ယနေ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်၊ စစ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ ထမ်းရွက်နေရသောတပ်မတော်ဖြစ်သည်၊၊

နိုင်ငံတော်ကိုဖျက်ဆီးသူနှင့် နိုင်ငံတော်ကိုကာကွယ်သူ ကွာခြားလွန်းပါသည်။ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် အမှန်တကယ်သတ္တိရှိလျှင် ဒေသခံတို့၏ မဲဆန္ဒလက်နက်ကိုကိုင်၍ မိမိတို့ဒေသဖွံ့ဖြိုးမှုရလဒ်ကောင်းများ ရရှိအောင်နှင့် ပြည်ထောင်စုကြီးအကျိုးကို များစွာဖော်ဆောင်ပေး၍ရပါသည်။ ငြိမ်းချမ်းရေးကို အမှန်လိုလားလျှင်၊ ဒီမိုကရေစီကိုနှစ်သက်လျှင် ရွေးကောက်ပွဲလမ်းကြောင်းမှလွဲ၍ အခြားမရှိပါ။ နောင်လာမည့် လွှတ်တော်များမှတစ်ဆင့် မိမိတို့၏လိုလားချက်များ မိမိတို့တိုင်းရင်းသားများ၏ လိုလားချက်များကို တရားဥပဒေနှင့်အညီ တောင်းယူ၍ရပါသည်။

နိုင်ငံကို ဖျက်သူနှင့် ကယ်သူ သဘောပေါက်ကြရန်သာ

ယခုမူ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အချို့သည် လူသတ်လက်နက်များကိုင်စွဲ၍ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ကလုပ်ပေးထားသော အများပြည်သူသုံး ရထားလမ်း၊ ကား လမ်း၊ တံတားများ၊ ကျောင်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များ စသည့်အခြေခံအဆောက် အအုံများကို မိုင်းခွဲ၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးပစ်ကြသည်။ ဘုန်းကြီးကျောင်းများနှင့် စေတီပုထိုး၊ ယဉ်ကျေးမှုနယ်မြေများတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သည်။ ဒေသခံတိုင်းရင်းသားများ၏လူ့စွမ်းအား၊ လူမှုစီးပွားဘဝနှင့် ဘာသာရေးအရင်းအမြစ်များ ခန်းခြောက်အောင် ဖျက်ဆီးပစ်ခြင်းဖြစ်သည်။

ထို့အတွက် ဒေသခံတိုင်းရင်းသားများ အလွန်နစ်နာကြရသည်။ ဖွံ့ဖြိုးမှုများနောက်ကျကုန်သည်။ ကျောင်းသားအရွယ် ကလေးသူငယ်လူမမည်များစွာ စစ်ပြေးဘဝရောက်ကြရသည်။ အရွယ်မတိုင်မီ ရောဂါဘယထူပြောပြီး မသေသင့်ဘဲ အသက်ဆုံးရှုံးကြရသူများရှိလာသည်။ ဘယ်ပြည်သူစစ်စစ်၊ ဘယ်တိုင်းရင်းသားစစ်စစ်မှ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်အတွင်း၌ တိုက်ပွဲများဖြစ်မည်ကို မလိုလားပါ။ အေးအေးချမ်းချမ်း သာသာယာယာသာနေလိုကြသည်။ ကလေးများ၊ လူငယ်များကပညာသင်ချင်သည်။ မိဘများ၊ လူကြီး‌များက ကောင်းကောင်းမွန်မွန် စီးပွားရှာနေထိုင် လုပ်ကိုင်လိုကြသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကလည်း လမ်းခင်း၊ တံတားဆောက်၊ ကျောင်းဆောက်၊ ဒေသဖွံ့ဖြိုးရေးကို အားကြိုးမာန်တက်လုပ်ပေးချင်ကြသည်။

တည်ငြိမ်မှုအပေါ် မူတည်၍ တတ်နိုင်သမျှ ဒေသဖွံ့ဖြိုးရေးကိုလုပ်ပေးသည်။ တန်းတူညီမျှဖြစ်အောင်၊ စည်းလုံး ညီညွတ်မှုရှိအောင်၊ အတူတကွတိုးတက်အောင် ရှိသမျှအင်အားဖြင့် ညှိပေးသည်။ သို့သော်တည်ငြိမ်မှု၊ မတည်ငြိမ်မှုအပေါ်မူတည်၍ ဖွံ့ဖြိုးတိုးတက်မှုများ သိသိသာသာ ကွာသွားမည်သာဖြစ်သည်။ ဤကွာခြားချက်ကို မသိနားမလည်သေးသည့် အချို့လက်နက်ကိုင်များ ရှိသေး သလို အချို့လက်နက်ကိုင်များအနေဖြင့်လည်း မသိ၍မဟုတ်၊ သိသိကြီးနှင့် ကိုယ့်ဒေသကိုယ် မပျက်ပျက်အောင် ပြန်ဖျက်နေကြခြင်းမှာ အံ့ဩစရာကောင်းလှသည်။ ထို့ကြောင့်လည်း ပညာဉာဏ်နည်းသူများဟု ထောက်ပြခဲ့ခြင်းဖြစ်သည်။

အဓိကအချက်က မိမိတစ်ကိုယ်ကောင်းအတ္တဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသခံ၊ ကိုယ့်ပြည်နယ်ကို ချနင်းနေကြခြင်းပင်ဖြစ်သည်။ နိုင်ငံရေး၊ တိုင်းရင်းသားအရေးကြားကောင်း အောင်အော်၍ မျောက်ပြဆန်တောင်း ပြနေခြင်းလည်းဖြစ်သည်။ NCA စာချုပ်အရ တပ်မတော်က ခွဲပေးထား၍ရပ်တည်နေရသည့် နယ်မြေများရှိ တိုင်းရင်းသားလက်နက်ကိုင်များကား သူတို့အချင်းချင်း လောဘဇောတိုက်၊ သွေးခွဲ၊ နယ်လု၊ စားကျက်လုကြခြင်းဖြင့်သာ အချိန်ကုန်နေသည်ကို တွေ့ရသည်။

တပ်မတော်ကမူ တိုင်းရင်းသား လက်နက်ကိုင်များ၏ ကြိုးအရှုပ်ကို ဖြေနေရပြီး သူတို့ကမူ ပြည်ပဩဇာခံယူ၍ ငွေယူ၊ လက်နက်ဝယ်သည်၊ ထိုလက်နက်များဖြင့် ရသမျှအကုန်ဖျက်ဆီးသည်၊ အနိုင်ကျင့်သည်၊ လူသတ်ဆက်ကြေးကောက်သည်။ ကြာသော် လက်နက်၏အရသာကို ကောင်းကောင်း သိထားပြီးဖြစ်၍ လက်နက်ကို မစွန့်လွှတ်ချင်တော့။ ထို့ကြောင့် တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ဘယ်သူက တိုင်းပြည်ကိုချနင်းသူလဲ၊ ဘယ်သူကတိုင်းပြည်ကို ကယ်တင်နေသူလဲ သဘောပေါက်ကြရန်သာ ဖြစ်ပါတော့သည်။

တစ်ချိန်လုံး လက်နက်ကိုင်ခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် အခြေအနေအရပ်ရပ်ကို သိချိန်တန်ပြီဖြစ်၍ နိုင်ငံပျက်စီးရေးလမ်းစဉ်ကို စွန့်လွှတ်ရန် အချိန်တန်ပြီဟုသာ ဆိုချင်သည်။ လူ့သက်တမ်းတိုတိုသည် မိမိ တစ်ဦးတည်းအတွက် စဉ်းစားရမည့် အချိန်မဟုတ်မူ၍ အများအတွက်၊ မိမိသားသမီးမြေးမြစ်များအတွက် တွေးခေါ်ရမည့် အရွယ်ရောက်နေပါပြီ။ ကိုယ်တိုင်လည်း နိုင်ငံခြားသားခံယူ၊ မိမိသားသမီးများကိုလည်း လက်နက်မကိုင် ခိုင်း၊ နိုင်ငံခြားကျောင်းများသို့ပို့ စာသင်ခိုင်းထားသည့် အခြေအနေနှင့် အလွန်ကွဲပြားခြားနားသော မိမိတို့တိုင်းရင်းသား လူမမည်ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် ဘာများစဉ်းစား ထားကြပါသလဲ၊ ဆင်းဆင်းရဲရဲဖြစ်နေရ ရှာသည့် မိမိတို့ဒေသခံကလေးများအတွက် နိုင်ငံတော်က ဖွင့်ပေးထားသည့် ကျောင်းများကိုမူ မဖွင့်ခိုင်း၊ ကျောင်းများကိုပိတ်ရန်၊ စာမသင်ရန် ဆရာဆရာမများကို ခြိမ်းခြောက်၊ နိုင်ငံ့ဝန်ထမ်းများကို တာဝန်မှစွန့်ခွာရန် ခြိမ်းခြောက်အကျပ်ကိုင်နေသည့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၎င်းတို့၏ လက်နက်ကိုင်လမ်းစဉ်နှင့် ရည်မှန်းချက်များကဘာလဲ၊ မေးခွန်းထုတ်လိုသူများ ရှိနေကြပါသည်။

NCA အပေါ် အဘယ်ကြောင့် အခိုင်အမာရပ်တည်နေရသလဲ

လက်ရှိ သက်တမ်း(၈)နှစ်ပြည့်တော့မည်ဖြစ်သည့် NCA (Nationwide Ceasefire Agreement) သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးမုခ်ဦးအဝင် တံခါးဝတစ်ခုလည်းဖြစ်သည်ဟု တင်စားရပါမည်။ ငြိမ်းချမ်းရေး ရောင်ခြည်ပွင့်ထွန်းလာမည့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် အာမခံချက်တစ်ခုအဖြစ် သတ်မှတ်ထားပြီးဖြစ်သောကြောင့် တပ်မတော်က ၎င်း NCA အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နေခြင်းဖြစ်သည်။

နိုင်ငံရေးထွက်ပေါက်တစ်ခု၊ ငြိမ်းချမ်းရေးလမ်းစ တစ်စအဖြစ်လက်တွေ့ကျပြီး အဓိပ္ပာယ်ပြည့်ဝသော စာချုပ်တစ်ခုဖြစ်၍ တပ်မတော်ဘက်က ဤမျှ အလေးအနက်ထားနေခြင်းလည်း ဖြစ်သည်။ NCA ကို အယူအဆမူဝါဒအရကော လက်တွေ့အရပါ နိုင်ငံတော်ဘက် က အလေးအနက်တန်ဖိုးထားပါသည်။ တိုင်းရင်းသားများ တောင်းဆိုနေသော ဖက်ဒရယ်နှင့် ဒီမိုကရေစီအတွက်ကော တန်းတူညီမျှ အယူအဆရေးရာအတွက် ပါ NCA လောက် စိတ်ချရသည့် အနေအထားတွင်မရှိ၊ ငြိမ်းချမ်းရေးဆိုသည့် အရိပ်အယောင်လေးအတွက် NCA ကို အခြေခံသဘောတရား တစ်ခုအဖြစ် တစ်သမတ်တည်း လက်ကိုင်ထားပါသည်။ သို့သော် NCA ကို ဖျက်ချင်သူက ဖျက်နေသည်။ ဖျက်ရန်ကြံနေသူရှိသလို မပျက်အောင် ကာကွယ်နေသူများလည်းရှိသည်၊၊ NCA ကို မပျက်စီးစေချင်သည့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များလည်းရှိကြပါသည်။

မပျက်စေချင်သူတို့ကား မိမိတို့ဒေသတွင် စစ်ပွဲများဖြစ်လာမည်ကို မလိုလား၊ NCA ကြောင့်သာ စည်းလွတ်ဝါးလွတ်တိုက်ပွဲများ မဖြစ်ခြင်းဖြစ်သည်ကို သဘောပေါက်သူများဖြစ်သည်၊၊ အပစ်အခတ်နှင့် ပဋိပက္ခများနေရာတွင် ဆွေးနွေးပွဲစားပွဲဝိုင်းဖြင့် အစားထိုးခင်းကျင်းလိုသူများလည်း ဖြစ်သည်။ NCA ကြောင့် တည်ငြိမ်နေသည်များ၊ NCA ကို ဂရုမစိုက်၍ ထိခိုက်သေကျေနေရ သည့်အဖြစ်များကို သူတို့သိပါသည်။ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့က NCA ကို တန်ဖိုးထား ဖက်တွယ်ထား၍သာ ကိုယ့်မြန်မာနိုင်ငံသား၊ တိုင်းရင်းသားအသက်များ ယခုထက်ပို၍ မဆုံးရှုံးရခြင်းဖြစ်သည်ကို နားလည်ထားသင့်ပါသည်၊၊

တိုင်းရင်းသား အချင်းချင်းကြား အမုန်းစိတ်များ ပိုနက်ရှိုင်းမသွားအောင် NCA ကြီးကို ယခုကဲ့သို့ အလေးထားနေ ခြင်းလည်းဖြစ်သည်၊၊ အဓိကအချက်က အလုံးစုံသော ငြိမ်းချမ်းရေးရရှိရန် အတွက် NCA သည် ငြိမ်းချမ်းရေးလမ်းကြောင်းအဝင်ဝ တံခါးပေါက်လေး တစ်ခုသာဖြစ်သည်ကို အားလုံးက သိရှိ သဘောပေါက်ထားရန်ပင်ဖြစ်သည်။ သဘောထား မတိုက်ဆိုင်မှုများ၊ မတူညီနိုင်သော အကျိုးစီးပွားများအတွက်လည်း အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး စားပွဲဝိုင်းတွင် ဆက်လက်အဖြေရှာ၍ ရပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာ၍ လက်နက်မကိုင်ဘဲ ရလာသည့် ငြိမ်းချမ်းရေးကသာ အမှန်ကန်ဆုံးနှင့်ထာဝရ ဖြစ်ပါသည်။ အစဉ်မပြတ် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ အသင့်တော်ဆုံးနှင့် လက်တွေ့အကျဆုံးဖြစ်ပါသည်။ နောက်ဆုံးတွင်ရလာသည့် သဘောတူညီချက်များ ထွက်လာသည့် ရလဒ်များဖြင့် ငြိမ်းချမ်းရေးအဖြေတစ်ခုခုကို ရကိုရရမည်ဟု ယုံကြည်ပါသည်။

မည်သို့ပင်ဖြစ်စေ တပ်မတော်အနေဖြင့် သမိုင်းဝင်စာချုပ်တစ်ခုကို မည်သည့်အခါမျှ ပျက်ပြယ်ခံမည်မဟုတ် မှာသေချာပါသည်။ UN အပါအဝင် နိုင်ငံ တကာအသိသက်သေနှင့် ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် EAOs များက စိတ်တူကိုယ်တူပါဝင် လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကြီးဖြစ်၍ ယခုကဲ့သို့ (၈) နှစ် မြောက် နှစ်ပတ်လည်အခမ်းအနားကို လက်တွေ့ကျကျအနှစ်သာရရှိရှိ အလေးအနက်ထား ကျင်းပသွားမည်ဟု သိရသည့်အခါ ထိုအချက်အပေါ် သက်ဆိုင်သူအားလုံးက နိုင်ငံချစ်စိတ်ဖြင့် အလေးအနက်ထား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်သာ အဓိကကျပါသည်။

ဆွေးနွေးညှိနှိုင်း၍ရလာမည့် နိုင်ငံရေးထွက်ပေါက်တစ်ခုကို ဖွင့်ပေးပြီးဖြစ်ရာ ဤလမ်းကြောင်းအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း လျှောက်လှမ်းရန်သာရှိပါသည်။ ပူးပေါင်းဆောင်ရွက်ကြရန် အချိန်တန်ပြီဖြစ်၍ မိမိတို့နယ်မြေ အလိုက် တည်ငြိမ်အေးချမ်းရေးမှာ မိမိ တို့တွင် တာဝန်အရှိဆုံးဖြစ်သည်ဆိုသောအချက်ကို အလေးအနက်ခံယူကြရန် ပင်ဖြစ်သည်။ ငြိမ်းချမ်းသည့်ခေတ်များ၊ နှစ်များအင်မတန်နည်းခဲ့ရသည့် မြန်မာပြည်ကြီးမှာ သေနတ်သံ၊ ဗုံးသံများကို မည်သူမျှ ဆက်ပြီးကြားချင်တော့မည်မဟုတ်ပါ၊ ကျွန်တော်တို့နိုင်ငံတွင် ယုတ်စွအဆုံး အများကြိုက်သည့် ဒီမိုကရေစီခေတ်မှာပင် ငြိမ်းချမ်းခဲ့သည် မဟုတ်ပါဘူး။ သို့ပေမဲ့ သမိုင်းပေး တာဝန်အရ ငြိမ်းချမ်းရေးတံခါးကို ဖွင့်မည့်သူကတော့ ဆက်ပြီးဖွင့်ပေးထားဦးမှာပါပဲ။ ။