နိုင်ငံနဲ့လူ့အဖွဲ့အစည်းရဲ့အနာဂတ်ဟာ ဆရာများရဲ့ပခုံးပေါ်မှာပါ
(ယမန်နေ့မှအဆက်)
နိုင်ငံပြန်လည်ထူထောင်ရေးအစ ကျောင်းဆရာများက
ယနေ့တွင် မြန်မာ့သမိုင်းက အမျိုးသားကျောင်းဆရာများ၏ ကောင်းမြတ်သောအစဉ် အလာဖြစ်သည့် ခေတ်ကိုကြိုမြင်မှုနှင့် တိုင်းကျိုးပြည်ပြု နိုင်ငံရေးအမြင်ကျယ်ပြန့်မှုတို့ကို ဆက်လက်ရယူထိန်းသိမ်းပြီး လက်ဆင့်ကမ်း အကောင်အထည်ဖော်ရမည့်ကာလဟု မြင်မိပါသည်။ မြန်မာ့ကျောင်းဆရာကြီးများ သူတို့ခေတ်တွင် လွတ်လပ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးရအောင် ဦးဆောင်ကြိုးပမ်းခဲ့သလို တိုင်းပြည်ကို သူများတွေလို တူတူတန်တန် ဖွံ့ဖြိုးတိုးတက်အောင်၊ သူများ ထက်မနိမ့်အောင် သယ်ပိုးကြမည့် နိုင်ငံရေးအမြင်ကျယ်သော မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးသည် ယနေ့မိမိတို့ကျောင်းဆရာများ၏ ပခုံးပေါ်ရောက်နေသော တာဝန်ဖြစ်ပါသည်။ ယနေ့ခေတ်၏ သမိုင်းက မိမိတို့ ပခုံးပေါ်တင်ပေးလိုက်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် အထူးလိုအပ်နေပါပြီ။ ဂျပန်ခေတ်မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က “ဂျပန် သတ်လို့သေရမှာထက် ခေတ်က ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်မကျေမှာကို ပိုပြီးကြောက်ပါသတဲ့”ဟူသည့် “သမိုင်းပေးတာဝန်ကျေပွန်မှု”အား အထူးအလေးထားမှုကို အတုယူသင့်ပါသည်။
ယခုအချိန်သည် ဦးသန့်၊ ဦးနု၊ ဦးရာဇတ်၊ ဦးဘဝင်းတို့ခေတ်လို နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းနေရမည့်အချိန်မဟုတ်တော့ပါ။ လွတ်လပ်ရေးခေါင်းဆောင်များ မွေးဖွားရမည့်ကာလ မဟုတ်ပါ။ နိုင်ငံထူထောင်ရေးခေါင်းဆောင်များ မွေးဖွားရမည့်၊ တိုင်းပြည်ကို ပြန်လည်ထူထောင်ရမည့် အချိန်ဖြစ်ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ကျောင်းဆရာကြီး ဦးနုက “နိုင်ငံတော်ကို ဖိုးသုညနှင့် (စာမတတ်၊ ပေမတတ်၊ ပညာမဲ့တွေ၊ ကျောင်း မပျော်၊ ကျောင်းမနေ၊ ကျောင်းမတက်တဲ့သူတွေ) တည်ဆောက်၍မရပေ”ဆိုပြီး ခေတ်ကို ကြိုမြင်ခဲ့၍ “လူထုပညာရေးဥပဒေ”ထုတ်ပြီး စာတတ်မြောက်ရေး ကြိုးပမ်းခဲ့ပါသည်။ ယနေ့ခေတ်က စာတတ်ရုံအဆင့်တွင် မကတော့ပါ။ အဖျက်သမားကြောင့် နာလန်မထူနိုင်သေးသည့်နိုင်ငံကို တိုင်းပြည်ပြန်လည် ထူထောင်မည့် “အသိပညာရှင်” “အတတ်ပညာရှင်” စသည့် အဆင့်မြင့်ပညာရှင်များစွာ မွေးဖွားပေးရမည့် အချိန်ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ကမ္ဘာ့ဆရာများနေ့ (၂၀၁၀)၏ ဆောင်ပုဒ်ဖြစ်သည့် “ပြန်လည် ထူထောင်ရေးစွမ်းဆောင်မှု၊ ဆရာများဖြင့်အစပြု” သည် ယနေ့မိမိတို့နိုင်ငံအနေဖြင့် အကိုက်ညီဆုံး အချိန်ဖြစ်နေပါသေးသည်။ “နိုင်ငံထူထောင်ရေးကို သမိုင်းထဲက ဆရာများလိုပင် ပညာတတ်များဖြစ် သည့် မြန်မာ့ဆရာကောင်း၊ ဆရာမြတ် ဆရာများက စလိုက်ပါစို့”ဟု တိုက်တွန်းချင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဆရာများသည် တော်သလောက်ကောင်းသည့် မျိုးဆက်တစ်ဆက် ပြီးတစ်ဆက် မွေးထုတ်နိုင်သောကြောင့် ဖြစ်ပါသည်။ အထက်ပါကဲ့သို့ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကောင်းကျိုးကို သယ်ပိုးသူများ မွေးထုတ်လေ့ကျင့်ပေးသည့် အစဉ်အလာကောင်းများကို သမိုင်းစဉ်ဆက်ပိုင်ဆိုင်လာခဲ့သော ဆရာများဖြစ်သောကြောင့် “ရစ်ချတ်-အာ-ဂရင်း” (Richand R.Green) ဆိုသည့် ပညာရှင်က “နိုင်ငံတော်၏အနာဂတ်သည် ဆရာများ၏ပခုံးပေါ်တွင် ကျရောက်နေသည်။ တပည့်များကို ဘယ်လိုသင်ကြားပေးနေသလဲအပေါ် မူတည်နေသည်။ ကမ္ဘာကြီး၏ အနာဂတ်သည် ဆရာများသင်ကြားပေးနေသည့် ကျောင်း၏စာသင်ခန်းများတွင် ရှိနေပါသည်”ဟူ၍ ယနေ့ကမ္ဘာတွင် မြတ်ဆရာ၏ အခန်းကဏ္ဍကြီးမားပုံကို ဖော်ညွှန်းခဲ့ပါသည်။
ဆောင်းပါးအစ တစ်နေရာမှာ ဖော်ညွှန်းခဲ့သည့် ဆရာမြတ်များ၏တာဝန်မှာ “ဤအမိမြန်မာနိုင်ငံ မှာမွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ရခြင်းကို ဂုဏ်ယူတတ်ကာ မိမိနိုင်ငံနှင့်လူမျိုး မိမိကြောင့် ဂုဏ်တက်အောင် စွမ်းဆောင်ပေးမည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းလာသည်အထိ” ဆရာများ၏ စာသင်ခန်းများက မဖြစ်မနေလေ့ကျင့်ပေးရပါလိမ့်မည်။
ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးသမားပါ
ကျောင်းဆရာများသည် ကာကွယ်ရေးအမြင် ရှိရမည်ဆိုသည်ကိုလည်း ကမ္ဘာကျော်အတွေးအခေါ် ပညာရှင်ကြီး ဘာထရန်ရပ်ဆဲလ်က “နိုင်ငံကာကွယ်ရေးမှာ လက်နက်ကိုင်များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိပေသည်။ ဤသည်မှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ တာဝန်လည်းဖြစ်ပေသည်”ဟု ကျောင်းဆရာ၏ တာဝန်ကြီးမားပုံကို ဖွင့်ဆိုထားပါသည်။ နိုင်ငံကာကွယ်ရေးဟုဆိုလိုက်လျှင် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ် စသည့်အဖွဲ့အစည်းများလောက်သာ ပြေးမြင်မိကြသည်။ သူတို့ ရင်ဆိုင်ကာကွယ်သည့်နေရာသည် ဒုတိယကာကွယ်ရေး ဒုတိယခံကတုတ်ဟု မြင်မိပါသည်။ “မူလပထမ ခံကတုတ်နေရာသည် ကျောင်းဆရာများ၏ ကျောင်းစာသင်ခန်း”များပင် ဖြစ်ပါသည်။ ကျောင်းဆရာများသည် နိုင်ငံကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အောက်ပါတို့ကို မျိုးဆက်တိုင်း ပြည့်ဝနေအောင် သင်ပေး၊ လေ့ကျင့်ပေးနေသည်။ ယင်းတို့မှာ-
(က) အသိဉာဏ်ပညာမြင့်မားအောင် ဆောင်ရွက်ခြင်း၊
(ခ) နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝအောင် ဖြည့်ဆည်းခြင်း၊
(ဂ) ခိုင်မြဲသည့်အကျင့်စာရိတ္တ ရှိနေအောင် စွမ်းဆောင်ခြင်း၊
(ဃ) အမျိုးသားရေး “စံ” များ ပျက်သုဉ်းမှုကို ကာကွယ်စောင့်ရှောက်ခြင်း၊
(င) အစွန်းရောက်မှု မြင့်မားခြင်းနှင့် တရားမျှတခြင်း အားနည်းမှုမရှိရလေအောင် ဆောင်ရွက်ပေး ခြင်း၊
(စ) ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့် ခေါင်းပါးမှုကင်းဝေးအောင် လေ့ကျင့်ပေးခြင်း၊
(ဆ) ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးထိန်းသိမ်း ကာကွယ်လိုသည့်ခံယူချက်မြင့်မားအောင် ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ပါသည်။
နိုင်ငံသားတစ်ဦးချင်းစီတွင် တောင့်တင်းခိုင်မာစွာရှိနေမည့် အထက်ပါအရည်အသွေးများ ပြည့်ဝနေစေရန် ဆရာများက ကျောင်းများတွင် လေ့ကျင့်ပေးနေပါသည်။ နိုင်ငံသားတစ်ဦးချင်းစီတွင် မရှိမဖြစ်လိုအပ်သည့် အရည်အသွေးများ ချွတ်ခြုံကျမှုကို တွန်းလှန်ကာကွယ်နေခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားတိုင်းရှိရမည့် အဆိုပါကိုယ်ခံအားများ ကျဆင်းလာပြီဆိုလျှင် အမှားအမှန်ခွဲခြားနိုင်မှုကင်းပြီး ပြောသမျှ ယုံ၊ ခိုင်းသမျှသာ လုပ်တတ်သည့်အဆင့်သို့ လူ့အရည်အသွေးနိမ့်ဆင်းလာတော့သည်။ ဤသည်ကို အကွက်ချောင်းနေသော ခေတ်သစ်ကိုလိုနီ နယ်ချဲ့များက မီဒီယာမျိုးစုံဖြင့် မှိုင်းတိုက်၊ ယုံအောင် ဇာတ်သွင်းကြတော့သည်။
တိုင်းရင်းသားစည်းလုံးမှု၊ ညီညွတ်မှု၊ ချစ်ကြည်မှုကို ဖြိုခွဲ၏။ ပြီးလျှင် ခေတ်သစ်ကျွန်ပြုရန် အကြံဖြင့် “အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းသည့် ပမာသို့” အချင်းချင်းရန်တိုက်ပေး၏။ နိုင်ငံသားများ၏ စည်းလုံးမှုအင်အား ချည့်နဲ့အောင်လုပ်ပြီးနောက် အဝေးထိန်းဖြင့် အချုပ်အခြာအာဏာကို ယိုင်နဲ့ အောင်ပြု၏။ ကျွန်ဇာတ်သွင်းလို၏။ ဤဇာတ်ညွှန်း မျိုးအတိုင်းလိုက်ပြီး မကမိစေရန် ဆရာများက ခေတ်အဆက်ဆက်ကြိုမြင်ခဲ့၏။ ကြိုကာကွယ်ခဲ့၏။ ထိန်းသိမ်းတည့်မတ်ပေးခဲ့ကြ၏။ ဉာဏ်ပညာဖြင့် တွန်းလှန်၏။ နိုင်ငံသားတိုင်းကို အမျိုးသားရေးကိုယ်ခံအားများချည့်နဲ့နေမှု ကင်းဝေးစေရန်နှင့် ပိုမိုတောင့်တင်းခိုင်မာသည်ထက် ခိုင်မာအောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လေ့ကျင့် တည်ဆောက်ပေးနေကာ နိုင်ငံတော်ကို ပထမအဆင့် ခံကတုတ်နေရာမှ ကာကွယ်နေသည်က ယနေ့ကျောင်းဆရာများဟု မြင်မိပါသည်။ “နိုင်ငံတော်ကာကွယ်ရေးအစ စာသင်ခန်းက”ဟု ညွှန်းဆိုချင်ပါသည်။ ယနေ့မြန်မာ့မြတ်ဆရာများ၏ တာဝန်ကြီးလေးမှုဟု ဖော်ညွှန်းပါရစေ။ စာသင်ပေးရုံဖြင့်၊ ကျောင်းသားစာမေးပွဲအောင်မှတ်များများရရုံဖြင့် ဆရာ့တာဝန်ကျေပွန်ပြီဟု မမှတ်ယူအပ်ပေ။
ကျောင်းဆရာဆိုတာ ငြိမ်းချမ်းရေးဗိသုကာများပါ
ကုလသမဂ္ဂအဖွဲ့ကြီးက ငြိမ်းချမ်းရေးဆောင်ရွက်လာသည်မှာ နှစ် ၈၀ နီးပါးရှိခဲ့ပါပြီ။ သို့သော် ယနေ့ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသော စစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ အနှံ့အပြားရှိနေဆဲပင်ဖြစ်သည်။ ထိုသို့ဖြစ်နေကြခြင်းမှာ အစွန်းရောက်မှုအယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်း ကြောင့်ဖြစ်ပါသည်။ ပြီးလျှင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား နိမ့်ကျနေသောဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံများက ထင်ရှားသည့်သာဓက ဖြစ်ပါသည်။
ပညာရည်မြင့်မားသည့် အရပ်ဒေသများ မတွေ့ရပေ။ ယင်းမှာ မှန်ကန်ကြောင်းကို တောင်ကိုရီးယား၊ ဂျပန်၊ အနောက်ဥရောပနိုင်ငံများ၊ ကနေဒါနှင့် စင်ကာပူနိုင်ငံတို့က သက်သေပြနေပါသည်။ ဘက်စုံအတွေးအခေါ်၊ မှန်ကန်သော ပညာဉာဏ်ရင့်သန်မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ တပည့်များကို ဘက်စုံတွေးတတ်၊ မြော်မြင်တတ်သည့် မျိုးဆက်များအဖြစ် ပညာအလင်းရောင် ထွန်းညှိပေးနိုင်သူများမှာ ကျောင်းဆရာများပင်ဖြစ်သည်။ ကမ္ဘာတွင် ပညာမဲ့ မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်းရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်စွမ်းရှိသူများသည် “ကျောင်းဆရာ” များဆိုသည်ကို အသိအမှတ်ပြုပြီး ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့လေးဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့”ဟု သတ်မှတ်ဂုဏ်ပြုခဲ့ကြပါသည်။
“သမိုင်းမှာရော၊ ယနေ့မှာရော ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ စစ်ပွဲတွေဟာ လူ့စာရိတ္တအားနည်းမှုကြောင့် ပေါ်ပေါက်လာတာပါ”ဟု ပညာရှင်များက မှတ်ချက်ပြုခဲ့ပါသည်။ လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှုကင်းဝေးရေးနှင့် တရားမျှတမှု လွှမ်းမိုးရေးသည် ကျောင်းဆရာ များက လေ့ကျင့်ပေးလိုက်သော မျိုးဆက်သစ်များ၏ ဓမ္မနှင့်အဓမ္မ၊ အမှားနှင့်အမှန် ခွဲခြားနိုင်မှု၊ လူမှု ပြဿနာအဝဝကို ပညာရည်ပြည့်ဝသည့် ဓမ္မဓိဋ္ဌာန်ကျနစွာ ချဉ်းကပ်နိုင်မှုစွမ်းအားအပေါ် မှီတည်နေပါသည်။ ထိုသို့ဖြစ်ရန် ကြံ့ခိုင်သည့်စာရိတ္တမဏ္ဍိုင် လိုပါသည်။
ကျောင်းဆရာများသည် ခေတ်အဆက်ဆက် မျိုးဆက်တိုင်းကို စာရိတ္တကြံ့ခိုင်အောင် လေ့ကျင့် ပေးရင်း အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာမြှင့်တင်ပေးကာ လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု(ဓမ္မ) လွှမ်းမိုးအောင် တာဝန်ယူနေကြသူများ ဖြစ်ပါသည်။ ထိုတာဝန်ယူနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာတွင် ဆရာနှစ်စဉ် ၁ ဒသမ ၃ သန်း လိုအပ်နေပြီး နောင်ဆယ်စုနှစ်တွင် နှစ်ဆတိုးလာပါလိမ့်မည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေးဗိသုကာများသည် ကျောင်းဆရာများဟု ခံယူထားကြ၍ ဖြစ်သည်။ ကျောင်းဆရာသည် တပည့်များကို သူတို့ဘဝတစ်လျှောက်လုံး လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားများ ပိုင်ဆိုင်အောင်လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်းသာယာအောင် ဆောင်ရွက်တတ်ကြသူများ ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးဗိသုကာများဟု ဂုဏ်ပြုပါရစေ။
ကျောင်းဆရာလုပ်ကြရန် ဆန္ဒရှိသူများသည် ဆရာအတတ်ပညာစွမ်းရည်များတွင် စာသင်တတ် ရုံဆိုသည့်အဆင့်လေးရှိရုံမျှနှင့် မပြည့်စုံသေးပါဟု မြင်တတ်ရပါမည်။ အနာဂတ်ကို ကြိုမြင်နိုင်ရန်နှင့် “တိုင်းပြုပြည်ပြု အမျိုးသားနိုင်ငံရေးအမြင်ကျယ်မှု”ကို ထပ်ဖြည့်နိုင်မှ အနာဂတ်ကြယ်ပွင့်ကလေး များ၏ဘဝပဲ့ကိုင် ဆရာအတတ်ပညာပြည့်စုံသည်ဟု ခံယူထားရန်လိုပါသည်။
ဆောင်းပါးအစတွင် ညွှန်းခဲ့သည့် ဂျပန်နိုဘယ်ဆုရှင်ကြီးအဆိုသည် ခေတ်အဆက်ဆက် မှန်ကန် ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ရွက်မည်ဆိုလျှင် ပညာရေးမြင့်မားရန် ဦးစွာကြိုးပမ်းရန် လိုပါလိမ့် မည်။ ပညာရေးမြင့်မားနေရန်အတွက်လည်း တော်သလောက်ကောင်းကြသည့် ဆရာများ အရင်ဆုံးမွေးထုတ်ရန် လိုအပ်ပါလိမ့်မည်။ မြန်မာ့ပညာရေးကို အဓိကတာဝန်ယူ မောင်းနှင်နေကြ သည့် ထိပ်ဆုံးမှတာဝန်ရှိသူနှင့် စီမံခန့်ခွဲသူအဆင့်ဆင့်ကလည်း “ငါတို့သည် တိုင်းပြု၊ ပြည်ပြုနိုင်ငံရေးအမြင်ပြည့်ဝပါမှ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးမည်ဆိုသော ခံယူချက်ပြည့်ဝသည့် မြန်မာ့ဆရာများကို လေ့ကျင့်ပေးဖို့လိုပါကြောင်း”နှင့် “မြန်မာ့ဖွံ့ဖြိုးမှု မဏ္ဍိုင်အစ တော်သလောက်ကောင်းကြသည့် ဆရာများ လေ့ကျင့်မွေးထုတ်နိုင်မှုက”ဟု ခံယူအကောင်အထည်ဖော်နိုင်ရန်လိုပါကြောင်း စာရေးသူ၏အမြင်ကိုတင်ပြရင်း “သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော မြတ်ဆရာအပေါင်းတို့အား ဂုဏ်ပြုပူဇော်ကန်တော့” လိုက်ရပါ သည်။ ။
ဒေါက်တာမောင်သင်း