Skip to main content

ကမ္ဘောဒီးယားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု

(ယမန်နေ့မှအဆက်)

ကွန်မြူနစ်ကောင်စီ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၀၂-၂၀၁၈)

ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင် ပေးရန်နှင့် ဒေသဆိုင်ရာအဆင့်၌ အတူပူးပေါင်းပါဝင် သည့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များ တိုးမြှင့် ပေးရန်အတွက် ကွန်မြူနစ်ကောင်စီဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ် (CCDP) ကို နိုင်ငံတကာအဖွဲ့အစည်း များ၏အကူအညီဖြင့် ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဓိကအပိုင်းလေးပိုင်းကို ဆောင်ရွက်ခဲ့ပြီး ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အတူပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူကို ဗဟိုပြုသောသဘာဝ သယံဇာတများ စီမံခန့်ခွဲမှုတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း(CDD)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) တို့ကဲ့သို့ ဒီဇိုင်းလုပ်ငန်းစဉ်များ တူညီပါသည်။

ထိုအစီအစဉ်သည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ပြီး စောင့်ကြည့်ကြီးကြပ်ရန်အတွက် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ၊ အတူပူးပေါင်းပါဝင်မှုအစီအစဉ် ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းအပိုင်းရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်မှု မြှင့်တင်ပေးရန်ရည်ရွယ်ပါသည်။ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ငန်းများ ခွဲခြားသတ်မှတ်၍ ဖြေရှင်းဆောင်ရွက်နိုင်စေရန် လူထုဖွံ့ဖြိုးရေးကော်မတီများနှင့် လူထုအကြံဉာဏ်ရယူရေး အဖွဲ့အစည်းများ ထူထောင်မှုကို အထောက်အပံ့ပေးခဲ့ပါသည်။

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းသည် ကျေးလက်နေပြည်သူလူထု၏ လူနေမှု အဆင့်အတန်းများ မြင့်မားလာစေရေးအတွက် ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် လမ်းများ ကဲ့သို့သော အခြေခံဝန်ဆောင်မှုများ တိုးမြှင့်ရရှိစေရန်ရည်ရွယ်ပါသည်။ ထိုအစီအစဉ်သည် ကျေးလက်ဒေသအခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို ထောက်ပံ့ပေးခဲ့ပြီး ထိရောက်သောစီမံကိန်းစီမံခန့်ခွဲမှုရရှိစေရန် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများအား နည်းပညာအကူအညီနှင့် သင်တန်းများပေးခဲ့သည်။

ပြည်သူအခြေပြု သဘာဝသယံဇာတစီမံခန့်ခွဲမှု အပိုင်းသည် စဉ်ဆက်မပြတ်သဘာဝသယံဇာတ စီမံခန့်ခွဲမှုအလေ့အကျင့်များ တိုးမြှင့်ပေးရန်နှင့် ပြည်သူလူထုအား ၎င်းတို့၏ကိုယ်ပိုင်သဘာဝသယံ ဇာတများကို စီမံခန့်ခွဲနိုင်စေရန် လုပ်ပိုင်ခွင့်အာဏာ ပေးရန် ရည်ရွယ်ပါသည်။ ထိုအစီအစဉ်သည် ရပ်ရွာ၊ သစ်တောနှင့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုအဖွဲ့များ ထူထောင်ရန်ကူညီပေးခဲ့ပြီး စဉ်ဆက်မပြတ် သယံဇာတစီမံခန့်ခွဲမှုအလေ့အကျင့်များနှင့် ပတ်သက်သည့်သင်တန်းများ ထောက်ပံ့ပေးခဲ့ပါသည်။

CCDP သည် ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ဒေသဆိုင်ရာအဆင့်၌အတူ ပူးပေါင်းပါဝင်သည့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်များ တိုးမြှင့်ပေးခြင်းတို့တွင် အောင်မြင်မှုရရှိခဲ့သည်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကို ထောက်ပံ့ပေးခဲ့ပြီး ကျေးလက်နေပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုများရရှိရေး၊ ပြည်သူလူထုအား ကိုယ်ပိုင်သဘာဝသယံဇာတများကို စီမံခန့်ခွဲနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့သည်။

ဆန်းသစ်တီထွင်မှု၊ ဘေးဒဏ်ခံနိုင်မှုနှင့် တိုးချဲ့မှုတို့အတွက် လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု လုပ်ငန်းများအစီအစဉ် (၂၀၁၈ - ယခု)

လုပ်ကွက်ငယ်တောင်သူများ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဘေးဒဏ်ခံနိုင်မှုတို့ မြှင့်တင်ပေးရန်နှင့် စဉ်ဆက်မပြတ်စိုက်ပျိုးရေးအလေ့အထများ တိုးပွားလာစေရန်၊ ဆန်းသစ်တီထွင်မှု၊ ဘေးဒဏ်ခံနိုင်မှုနှင့် တိုးချဲ့မှုတို့အတွက် လယ်ယာစိုက်ပျိုးရေးဝန်ဆောင် မှုလုပ်ငန်းများအစီအစဉ်(ASPIRE)ကို နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဓိကအပိုင်းသုံးပိုင်းကို အလေးထားဆောင်ရွက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ တိုးချဲ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုတို့ဖြစ်ပါသည်။ ထိုအစီအစဉ်သည် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသစ်များ လက်ခံကျင့်သုံးခြင်းကို မြှင့်တင်ရန်၊ တောင်သူလယ်သမားများအား နည်းပညာအကူအညီနှင့် သင်တန်းများ ထောက်ပံ့ ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ချိတ်ဆက်မှုများနှင့် တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုအပိုင်းသည် အထွက်နှုန်းကောင်းသော သီးနှံမျိုးစေ့များ၊ ဆည်မြောင်းဖောက်လုပ်ခြင်းစနစ်များနှင့် လုပ်ငန်းစဉ်များကဲ့သို့သော အသစ်တိုးပွားလာသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသုံးချမှုမြှင့်တင်ရန် ရည်ရွယ်၍ လုပ်ကွက်ငယ်တောင်သူများအား အကျိုးဖြစ်ထွန်းစေသည့် အသစ်တီထွင်ထား သည့်နည်းပညာများကို ခွဲခြားသတ်မှတ်ရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကူညီထောက်ပံ့ပေးပါသည်။ တိုးချဲ့ရေးဝန်ဆောင်မှု လုပ်ငန်းများအပိုင်းသည် အထွက်နှုန်းကောင်းသော သီးနှံမျိုးစေ့များ၊ ဆည်မြောင်းဖောက်လုပ်မှုစနစ်များနှင့် စက်မှုလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ ကဲ့သို့သော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသစ်များအား အသုံးချမှုမြှင့်တင်ပေးရန် နည်းပညာအသစ်များ၊ အလေ့အထသစ်များနှင့်ပတ်သက်၍ တောင်သူလယ်သမားများကို လက်တွေ့သင်တန်းပေးပြီး လက်တွေ့သင်တန်းကျောင်းများ ထူထောင်ပေးခဲ့သည်။

တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းသည် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက် ချိတ်ဆက်မှုနှင့် တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုး တိုးတက်မှုကို ထောက်ပံ့ပေးရန်အတွက် လုပ်ကွက် ငယ်တောင်သူများအား ဝယ်ယူသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ရာတွင် ညှိနှိုင်းမှုစွမ်းရည်မြှင့်တင်ပေးနိုင်သော ထုတ်လုပ်သူအဖွဲ့များနှင့် သမဝါယမအသင်းများ ထူထောင်ပေးခဲ့ပြီး လုပ်ကွက်ငယ် တောင်သူများအတွက် ဈေးကွက်ရရှိမှု တိုးတက်လာစေရန် အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လည်း အထောက်အကူပြုကြောင်း တွေ့ရသည်။ လက်ရှိဆောင်ရွက်နေဆဲဖြစ်ပြီး လုပ်ကွက်ငယ် တောင်သူများ၏ ဘေးဒဏ်ခံနိုင်မှုတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အလားအလာကောင်းသော ရလဒ်များရရှိခဲ့သည်ကို တွေ့ရသည်။

သင်ခန်းစာယူစရာ လူမျိုးတုံးသတ်ဖြတ်မှု အတွေ့အကြုံများ

ပိုလ်ပေါ့သည် ၁၉၆၉ ခုနှစ်တွင် လက်ဝဲအဖွဲ့အစည်းများအားလုံး၏ ခေါင်းဆောင်နေရာကိုရယူကာ ဝါဒဖြန့်ချိရေးစနစ်များကို ပြောင်းလဲခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဘုရင်သီဟာနု ပြည်ပခရီးထွက်စဉ်တွင် အစိုးရအဖွဲ့က ဘုရင်သီဟာနုအား အကြီး အကဲအဖြစ်မှ ဖယ်ရှားလိုက်သည်။ ထို့နောက်တွင် ခမာနီတို့သည် ပိုလ်ပေါ့၏ ဦးဆောင်မှုအောက်တွင် မြေယာပြုပြင်မှုများ၊ လူတန်းစားပြုပြင်မှုများအတွက် စီမံချက်များရေးဆွဲရင်း တစ်ဖက်တွင်လည်း ပြည်ပနိုင်ငံများ၏ လက်နက်၊ ငွေကြေးအကူအညီဖြင့် အစိုးရတပ်များအား ထိုးစစ်များဆင်ခဲ့ကြသည်။

၁၉၇၅ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ခမာနီတို့သည် မြို့တော်ဖနွမ်းပင်အား သိမ်းပိုက်လိုက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းကာ တိုင်းပြည်အား “ဒီမိုကရက်တစ် ကမ်ပူးချားဟု ခေါ်တွင်စေခဲ့ပါသည်။ ဘုရင်သီဟာနုအား အကျဉ်းချပြီး ဆလို့တ်ဆာသည် မိမိကိုယ်ကို ကွန်မြူနစ်အပေါင်းတို့၏ ပိုလ်ပေါ့ဟုကြေညာခဲ့ပါသည်။ ပါတီမူအတိုင်း မြို့ပေါ်လူတန်းစားများအား လူတန်းစားတန်းညှိရေးအတွက် လယ်ယာမြေလုပ်ငန်းခွင်အတွင်းသို့ အတင်းအကျပ် ပို့ဆောင်ခဲ့သည်ကိုတွေ့ရပါသည်။

၁၉၇၅ ခုနှစ် နွေဦးရာသီအစတွင် မြို့များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ဆေးရုံများ၊ စာသင်ကျောင်းများပိတ်ခြင်း၊ စက်ရုံများစွန့်ပစ်ခြင်း၊ ငွေနှင့်လုပ်ခများဖျက်သိမ်းခြင်း၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ အဖွဲ့အစည်းအသင်းအဖွဲ့အားလုံးသည် လေးနှစ် အတွင်း ပျောက်ကွယ်ခဲ့ရသည်။ ခမာနီများသည် ၎င်းတို့၏ဝါဒဖြစ်သည့် ခမာနီလူမျိုးရေးဝါဒ၊ နိုင်ငံတော်ဘာသာမဲ့ဝါဒ၊ လူမျိုးရေးခွဲခြားမှုဝါဒနှင့် မျက်ကန်းမျိုးချစ်စိတ်ဝါဒများအပေါ် တစ်ယူသန်ခဲ့သည်။ ထို့ကြောင့် S-21 ခေါ် ထိန်းသိမ်းရေးစခန်း (သုတ်သင်ရေးစခန်း) တွင် ၎င်းတို့ကိုဆန့်ကျင်မည့် သူများအားဖမ်းဆီးခဲ့ကြသည်။ S-21 ခေါ် ထိန်းသိမ်းရေးစခန်း (သုတ်သင်ရေးစခန်း) ရှိ အကျဉ်းသား ၂၀၀၀၀ အနက် ခုနစ်ဦးသာ လွတ်မြောက်ခဲ့၍ နာမည်ကြီးခဲ့ပါသည်။ ယင်းစခန်းအား တာဝန်ခံအဖြစ် တာဝန်ယူခဲ့သော ကန်ကက်လူးသည်လည်း စစ်ရာဇဝတ်မှုများနှင့် လူ့ကျင့်ဝတ်များအား ချိုးဖောက်သောပြစ်မှုများအတွက် ၂၀၁၀ ပြည့်နှစ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပေးခြင်းခံခဲ့ရ သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ် အတွင်း လူပေါင်း နှစ်သန်းခန့်သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ၏လေးပုံတစ်ပုံနီးပါးရှိသည်။ တိုက်ရိုက် ကွပ်မျက်သတ်ဖြတ်မှု ၆၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်ရှိသောသူများသည် နှိပ်စက်ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ပင်ပန်းဆင်းရဲခြင်းများကြောင့် ရောဂါများရရှိ၍ သေဆုံးခဲ့ကြရပါသည်။ နိုင်ငံသားအားလုံး အကျဉ်းသားများကဲ့သို့ ဖြစ်ခဲ့ရပါသည်။

ကျူးကျော်ခံရခြင်းနှင့် အသွင်ကူးပြောင်းရေးကာလ

၁၉၇၈ ခုနှစ် နိုဝင်ဘာလတွင် ဗီယက်နမ်စစ်တပ်က ခမာနီတို့၏ နယ်စပ်ကျူးကျော်တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားကို ကျူးကျော်ဝင်ရောက်၍ ခမာနီအစိုးရကို ဖြုတ်ချခဲ့သဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြီးဆုံးခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးနေရသော အစိုးရ၏အစုသုံးစုမှ ဒီမို ကရက်တစ်ကမ်ပူးချား၏ ညွန့်ပေါင်းအစိုးရအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၎င်းတွင် ခမာနီများ၊ ဘုရင်သီဟာနု၏ သစ္စာခံအစုအဖွဲ့များနှင့် ခမာပြည်သူ့ အမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ ပါဝင်ပါသည်။ ဗီယက်နမ်တို့အနေဖြင့်လည်း ကမ္ဘောဒီးယား နိုင်ငံအားကျူးကျော်ထားမှုကို ပြန်လည်ဆုတ်ခွာပေးရန် ငြင်းဆန်ခဲ့သဖြင့် အမေရိကန်နှင့်၎င်း၏ မဟာမိတ်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။

၁၉၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံအဖြစ် စတင်ခဲ့ပြီး နှစ်နှစ်အကြာ ၁၉၉၁ ခုနှစ် အောက်တိုဘာလတွင် ပဲရစ်ငြိမ်းချမ်းရေး လုံးဝဥဿုံသဘောတူညီချက် ရရှိခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် ကမ္ဘောဒီးယားအစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသောခမာနီ ခေါင်းဆောင်အဖွဲ့ဝင်များကို စုံစမ်းရန် ကုလသမဂ္ဂ ကျောထောက်နောက်ခံရှိသော အထူးတရားရုံး (ခမာနီတရားရုံး) ကို တည်ထောင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင်စစ်ဆေးခဲ့ပြီး အသက်(၈၈)နှစ် အရွယ်နွမ်ချာနှင့် အသက် (၈၃) နှစ်အရွယ်ခူးဆမ် ဖန်တို့ကို တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါ သည်။ ပိုလ်ပေါ့အား ၁၉၉၇ ခုနှစ်၌ ကမ္ဘောဒီးယား နိုင်ငံနှင့်ထိုင်းနိုင်ငံနယ်စပ်တွင် ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ထားခဲ့သည်။ ၎င်းသည် ၁၉၂၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၉၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ အသက် (၇၂) နှစ်တွင် နှလုံး ရောဂါဖြင့် သေဆုံးခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မဖြစ်စေလို

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံခမာနီခေတ် (၁၉၇၅-၁၉၇၉) ကာလ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် ၎င်း၏အကျိုးဆက်များ ဖြစ်သော အခြေခံအဆောက်အအုံနှင့် လူသားအရင်း အမြစ်များ ပျက်စီးဆုံးရှုံးခြင်းတို့ကို သင်ခန်းစာယူသင့်ပါသည်။ နိုင်ငံသားတိုင်း ပညာအမြင်ဖြင့် မြင်အောင်ကြည့်ပြီး လူသားအရင်းအမြစ်များ မပြုန်းတီးအောင်၊ အခြေခံအဆောက်အအုံများ မပျက်စီးအောင် ကာကွယ်တားဆီးကြရမည် ဖြစ်ပါသည်။ ခမာနီတို့၏ အယူဝါဒ မတူသူမှန်သမျှ အချင်းချင်းသတ်ဖြတ်ခဲ့မှုနှင့် အစွန်းရောက်အယူဝါဒသည် ကမ္ဘောဒီးယားနိုင်ငံ၏ ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်ခဲ့ပါသည်။ နိုင်ငံကိုပြန်လည်တည်ထောင်မှုမှာလည်း အချိန်များစွာယူခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့မဖြစ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံကျေးလက်ဒေသများဖွံ့ဖြိုးရန်၊ ဆင်းရဲမှုနှုန်းများလျှော့ချနိုင်ရန် ကမ္ဘောဒီးယားနိုင်ငံမှ အတွေ့အကြုံကောင်းများကိုလည်း ယူသင့်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိကာလအတွင်း နိုင်ငံရေးတည်ငြိမ်မှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်းသည် ငြင်းမရသောအချက်ပင် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။ Ref:

-         https://www.bbc.com/news/world-asia- pacific-13006828

-         https://www.google.com/search?q=cambodia+prime+minister&sca_esv

-         https://www.usaid.gov/cambodia/agriculture-services-program-innovation-resilience-and-extension-aspire

-         https://www.worldbank.org/en/country/cambodia/overview

-         Ministry of Planning (2020). Cambodia Millennium Development Goals Progress Report 2019. Phnom Penh, Cambodia: Royal Government of Cambodia.

-         McNeill, D., & Epprecht, M. (2004). The Development of Cambodia’s agriculture since 1991. Journal of International Development, 16(3), 343-357.

-         Danida (2018). Commune council development program (CCDP).The Ministry of Interior, Royal Government of Cambodia.

-         Kiernan, B. (2002). The Pol Pot regime: Race, power and genocide in Cambodia under the Khmer Rouge, 1975-1979.Yale University Press.

-         Chandler, D (1991). The tragedy of Cambodian history: Politics, war and revolution since 1945. Yale University Press