ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်းရိုးရာပဲပုပ်လုပ်ငန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ရာ ဒေသဖြစ်သည်။ ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ အိမ်တိုင်းအတွက် မရှိမဖြစ်စာသုံးလေ့ရှိသော ပအိုဝ်းပဲပုပ်ကို ကြိုက်နှစ်သက်သူများပြားလှသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးဦးတည်ချက်များချမှတ်၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက် လျက်ရှိသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် အသေးစားစက်မှုလက်မှု လုပ်ငန်း ၁၁၄ ခုကို မှတ်ပုံတင်ထားရှိပြီး ဒေသထွက်ကုန် မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းမူး အသင့်စားပဲပုပ်မှုန့်လုပ်ငန်းသည် ဒေသထွက်ကုန်တစ်ခုအဖြစ်ဆွဲဆောင်မှုရှိသည့် အသေးစားစက်မှုလုပ်ငန်း (MSME)အဖြစ် တိုးတက်လျက်ရှိသည့် ရိုးရာလုပ်ငန်းတစ်ခုလည်းဖြစ်သည်။
ပဲပုပ်မှုန့်သည် ပအိုဝ်းအိမ်တိုင်းတွင် စားသောက်မှုများပြားသည်။ ပဲပုပ်ကို မီးကင်ပြီးနောက် ငရုတ်သီး၊ ဆားစသည် တို့ထည့်၍ ပဲပုပ်ထောင်းကို နေ့စဉ်စားသောက်ကြသည်။
ပအိုဝ်းလူမျိုးတို့ ကြိုက်နှစ်သက်သည့်ပဲပုပ်ကို အသင့်စားသုံးနိုင်အောင် စိတ်ကူးမိပြီး မိမိတို့စားသုံးပုံကို မျှဝေပေးလိုသည့်အတွေးဖြင့် အသင့်စားသက်သတ်လွတ်ပဲပုပ်မှုန့်ကို ထုတ်လုပ်သွားဖို့ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပဲပုပ်လုပ်ငန်းရှင် ဒေါ်နန်းနုနုရီက ပြောသည်။
တစ်နိုင်တစ်ပိုင်လုပ်ငန်းမှ စတင်ခြင်းဖြစ်၍ လုပ်သားအင်အားအနည်းငယ်ဖြင့်သာ စတင်ဆောင်ရွက်ခဲ့သည်။ လုပ်ငန်းအတွက် လိုအပ်သည့် ပဲပုပ်စေ့နှင့် ငရုတ်သီးကို ကုန်ကြမ်းစိုက်ပျိုးရောင်းချရာ တောင်သူများထံမှနှစ်စဉ်ဝယ်ယူခဲ့ပြီး ယခုနှစ်မှစ၍ ငရုတ်သီးကို ကိုယ်တိုင်စိုက်ပျိုးနိုင်ခဲ့သည်။
ပဲပုပ်မှုန့်ဖြစ်ရန် ပဲပုပ်ချပ်ကို ဦးစွာ လုပ်ယူရသည်။ ပဲပုပ်စေ့ကို ရေဖြင့်နှစ်ကြိမ်ဆေးကြောသန့်စင်ပြီး နူးအိသွားအောင်ပြုတ်ရသည်။ ထို့နောက်ပဲပြုပ်ကို ခြင်းတောင်းထဲတွင် ရေစစ်ပြီးနောက် လေလုံအောင်ဖုံးအုပ်၍ နှစ်ရက် ခန့်နှပ်ထားရသည်။ နှပ်ထားသည့် ပဲပြုပ်များကို စက်နှင့်ကြိတ်၍ ပဲပုပ် တစ်ချပ်စာအလုံးလေးများကို လုံးထားရသည်။ ပဲပုပ်လုံးလေးများကို လိုအပ်သည့် ပုံစံနှင့်အရွယ်အစားအတိုင်း လက်ဖြင့်ဖိ၍ ခြောက်သွေ့အောင်နေ လှန်းပြီးပဲပုပ်ချပ်ရအောင် ပြုလုပ်ရသည်။ ၎င်းပဲပုပ်ချပ်များကို မီးကင်ပြီးနောက် စက်ဖြင့်သုံးကြိမ်ကြိတ်၍ အမှုန့်ဖြစ်အောင်ပြုလုပ်ရသည်။ ရရှိလာသော ပဲပုပ်မှုန့်နှင့် ငရုတ်သီးမှုန့်များကို အိုင်အိုဒင်းဆားနှင့် အချိုးအစားညီမျှ အောင်ရောနှော၍ အသင့်စားသက်သတ် လွတ်ပဲပုပ်မှုန့်ရရှိကြောင်းကို ပဲပုပ်လုပ်ငန်းရှင် ဒေါ်နန်းနုနုရီကဆက်လက် ပြောသည်။
ပဲပုပ်မှုန့်ကို ထမင်းပူပူဖြင့် ရောနယ်၍ပဲပုပ်ထမင်းသုပ်သုပ်၍လည်းကောင်း၊ ခရမ်းချဉ်သီးနှင့် ရောနှောချက်၍ ပဲပုပ်ချက်အဖြစ်လည်းကောင်း၊ ရေနွေး(သို့မဟုတ်)ရေအေးနှင့် ဖျော်စပ်၍ ဟင်းရည်အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်၏ ရိုးရာအစားအစာဖြစ်သည့် နမ့်ဖစ်ဖူး(ခေါ်)ပဲပုပ်အရည်ဖျော်အဖြစ် လည်းကောင်း၊ အချဉ်သီးတစ်မျိုးမျိုးနှင့် တွဲဖက်၍လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်သည့် ပုံစံဖြင့် စားသုံးနိုင်ကြောင်း၎င်းက ဆက်လက်ပြောပြသည်။
အသင့်စားပဲပုပ်မှုန့်ကို စားသုံးသူများအဆင်ပြေစေရန် လူတိုင်းစားသုံးနိုင်သည့် ပဲပုပ်အစပ်နှင့် အစပ်ကြိုက် နှစ်သက်သူများအတွက် ငရုတ်သီးပိုမို အသုံးပြုထားသည့် ငရုတ်မီးတောက်ပဲပုပ်မှုန့်ဟူ၍ နှစ်မျိုးခွဲခြား ထုတ်လုပ်ထားသည်။ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာတွင် ၁၀၀ ဂရမ်ပါဝင်သည့် ဘူးကြီးနှင့် ၇၀ ဂရမ်ပါဝင်သည့် ဘူးပုံစံနှစ်မျိုးဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။
ပအိုဝ်းမူးအသင့်စား ပဲပုပ်မှုန့်ကိုအသေးစားစက်မှုလက်မှု လုပ်ငန်းအဖြစ် မှတ်ပုံတင်ဆောင်ရွက်လျက်ရှိပြီး ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် တောင်ကြီးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး စားသုံးသူများ၏ အားပေးမှုကို ရရှိနေသည့်ပအိုဝ်းရိုးရာ ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်ကြောင်း မျှဝေလိုပါသည်။
ပအိုဝ်းမူးအသင့်စားပဲပုပ်လုပ်ငန်းမှ ပဲပုပ်မှုန့်ထုတ်လုပ်သည့်အပြင် ပဲပုပ်စေ့ကြော်၊ ပဲပုပ်ချက်၊ ဆီတိုဟူးစသည့်ပဲပုပ်မှ အခြေခံထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်၍ စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ပအိုဝ်းမူးအသင့်စားသက်သတ် လွတ်ပဲပုပ်မှုန့်လုပ်ငန်းသည် ပအိုဝ်းလူမျိုးများအတွက် လွယ်ကူစွာစားသုံးနိုင်ရေးနှင့် ဒေသနေပြည်သူများအတွက် ရိုးရာလုပ်ငန်းအဖြစ် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေမည့် အသေးစားစက်မှုလက်မှု လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။