သနပ်ခါးမြို့တော် အရာတော်မှ တန်ဖိုးမြှင့် သနပ်ခါး ထုတ်ကုန်များ
ခင်ဦးစိုးဝေ၊ ဓာတ်ပုံ - ရွှေစင်
မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးက မြတ်နိုးတန်ဖိုးထားကြသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သည့်အပြင် အပူပိုင်းဒေသ၏ ရတနာတစ်ပါး လည်းဖြစ်သည်။ မြန်မာ့သနပ်ခါးသည် မြန်မာအမျိုးသမီးကလေးများ၏ အလှအပအတွက် မြတ်နိုးစွာလိမ်းခြယ်လေ့ရှိသကဲ့သို့ မြန်မာ့ရေမြေရာသီဥတုနှင့်လိုက်ဖက်သည့် ကျန်းမာရေးအထောက် အကူပစ္စည်းများဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာတစ်ခု
နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းတွင် ဗုဒ္ဓဘုရားရှင်ကိုရည်မှန်းကာ သနပ်ခါးအစရှိသော အမွှေးနံ့သာတို့ဖြင့် မြတ်စွာဘုရားရှင်ကိုရည်မှန်းကာ မီးပူဇော်လေ့ရှိသည့် ပွဲတော်မှာလည်း မြန်မာတို့၏ ရိုးရာဓလေ့မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာတစ်ခုဖြစ်သည်။ ရှေးအစဉ် အဆက်မှစ၍ သနပ်ခါးသားဖြင့် မီးပူဇော်ခဲ့သည်ကို အကြောင်းပြုကာ တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” ဟူ၍လည်း မြန်မာနိုင်ငံ သနပ်ခါးအသင်းက ကြီးမှူးကာ သတ်မှတ်ထားကြောင်း လေ့လာသိရှိရသည်။
မြန်မာ့သနပ်ခါးကို ရှေးအခါကစပြီး ကလေးကအစ လူကြီးအဆုံး အရွယ်သုံးပါးစလုံးက သနပ်ခါးကို မြတ်နိုးစွာ လိမ်းခြယ် အသုံးပြုခဲ့ကြသည့်အပြင် မိဘတို့သည် သနပ်ခါးအနှစ်ကို ကလေးငယ်များအတွက် ဆေးအဖြစ်တိုက်ကျွေးခဲ့ကြသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်ကို အခိုးပွင့်စေခြင်း၊ အအေးပတ်ခြင်းကို ကင်းဝေးစေခြင်း၊ သွေးသားစင်ကြယ်မှုတို့ကို ဖြစ်စေ နိုင်သည်ဟု ယုံကြည်ကြသည်။ ခန္ဓာကိုယ်ကို လိမ်းကျံခြင်းဖြင့် အသားအရေ ဝင်းဝါစိုပြည် လှပစေခြင်း၊ ခန္ဓာကိုယ်ယားယံမှုများလည်း ပျောက်စေခြင်းနှင့် သနပ်ခါး လိမ်းကျံထား သူသည် ဆောင်းရာသီတွင်နွေးစေပြီး နွေရာသီတွင်အေးမြစေမှုကို ရရှိခံစားရပေသည်။ ထို့အတူ သနပ်ခါး၏ ဆေးဖက်ဝင်မှုများကား အလွန်များပြားလှပါသည်။
သနပ်ခါးမြို့တော် အရာတော်
မြန်မာနိုင်ငံတွင် သနပ်ခါးအများဆုံး စိုက်ပျိုးသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က “သနပ်ခါး မြို့တော်အရာတော်” ဟု ကမ္ပည်းတင် သတ်မှတ်ခဲ့သည်။ အရာတော်မြို့နယ်တွင် သနပ်ခါးစိုက်တောင်သူ များစွာရှိကြပြီး သဘာဝသနပ်ခါးကိုအခြေခံပြီး ထုတ်လုပ်လျက်ရှိသော “ရွှေစင်” သဘာဝသနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသည့် ကျန်းမာရေးနှင့် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ သိရှိရသည်များကို ပြန်လည်မျှဝေဖော်ပြလိုပါသည်။
၂၀၁၆ ခုနှစ်က လုပ်ငန်းစတင်
ရွှေစင် သဘာဝသနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို ၂၀၁၆ ခုနှစ်က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအတွက် အထောက်အကူပြု အညောင်းပြေ သနပ်ခါး မြစ်ရည်၊ ကျီးပေါင်းသက်သာ သနပ်ခါး မြစ်ပေါင်းခံရည်၊ သနပ်ခါးအလှဆီ၊ ဆေးမြစ်စုံ သနပ်ခါးခဲ၊ သနပ်ခါးရွက်နှင့် မြင်းခွာရွက် ကျန်းမာရေးလက်ဖက် ခြောက်၊ ဆီးချို၊ သွေးချိုကျ သနပ်ခါးမြစ် အခေါက် ဆေးပြား၊ သနပ်ခါးမျက်နှာ သစ်ဆပ်ပြာ၊ သနပ်ခါးလက်သွေးခဲ စသည်တို့ကို ရွှေစင်သဘာဝသနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်များဟု မှတ်ပုံတင်ပြီး ဆန်းသစ်သော ထုပ်ပိုးမှုစနစ်များနှင့်အတူ စံချိန်စံညွှန်းမီ အရည်အသွေးပြည့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည်။ ထို့ပြင် သနပ်ခါး ဗုဒ္ဓရုပ်ပွားတော်၊ သနပ်ခါးပုတီး၊ သနပ်ခါး ပန်းအိုး ကလောင်ခွက်၊ သနပ်ခါးပန်းချီကား၊ သနပ်ခါးဘီး၊ သနပ်ခါးလည်ဆွဲ၊ လက်ပတ်၊ သော့ချိတ် စသည့်ထုတ်ကုန် ပစ္စည်းများ အပါအဝင် တန်ဖိုးမြှင့် ထုတ်ကုန် အမျိုးအစား ၃ဝ ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ရွှေစင် သဘာဝသနပ်ခါးလုပ်ငန်းမှ ၂၀၁၉ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော နိုင်ငံတကာ သဘာဝထုတ်ကုန်များ ကုန်စည်ပြပွဲကို HELVETAS MYANMAR မှ ဦးဆောင်ကာ မြန်မာနိုင်ငံ သနပ်ခါးအသင်း ဗဟိုအလုပ်အမှုဆောင် ခုနစ်ဦးနှင့်အတူ သဘာဝသနပ်ခါး အမြစ်မှုန့်၊ အပွေးမှုန့် စသည့်သနပ်ခါးအမှုန့်များကို ပါဝင်ပြသခဲ့သည်။ ပြပွဲကာလအတွင်း မြန်မာ့သနပ်ခါးအမှုန့်များကို ထိုင်းနိုင်ငံ SPA ဝန်ဆောင်မှုလုပ်ငန်းရှင်များက စိတ်ဝင်စားစွာဖြင့် ဝယ်ယူကြကြောင်း၊ သဘာဝသနပ်ခါးအမှုန့်ဖြင့် အသားအရေ ထိန်းသိမ်းခြင်း (Beauty SPA) များ ပြုလုပ်ကြကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင် ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာခဲ့ကြရာ သနပ်ခါးတွင် အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိသည့်အပြင် အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေသော ဓာတ်များနှင့် အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းတွေလည်း သဘာဝအလျောက်ပါရှိကြောင်း လေ့လာတွေ့ရှိ ခဲ့ကြသည်။
သနပ်ခါးတန်ဖိုးမြှင့်ထုတ်ကုန်များ
ယခင်က ရွှေစင်သဘာဝသနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန်များကို ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ကောလင်းမြို့နှင့် ကသာမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်။ ကျီးပေါင်းသက်သာ သနပ်ခါးမြစ်ပေါင်းခံရည်၊ သနပ်ခါး မျက်နှာသစ်ဆပ်ပြာ၊ သနပ်ခါးမြစ် အခေါက်မှုန့် ထုတ်ကုန်များမှာ လူကြိုက်များပြီး အရောင်းရဆုံးပစ္စည်းဖြစ်ပြီး မြန်မာမှုလက်ရာများ ပါဝင်သည့် သနပ်ခါး ဗုဒ္ဓရုပ်ပွားတော်၊ သနပ်ခါး ပန်းချီကား၊ သနပ်ခါးပန်းအိုး၊ ကလောင် ခွက်တို့ကို နိုင်ငံခြားသားများ အထူး ကြိုက်နှစ်သက်စွာ ဝယ်ယူကြကြောင်း သိရသည်။
သနပ်ခါး စိုက်ပျိုးထုတ်လုပ်သည့် မြန်မာနိုင်ငံတွင် သနပ်ခါးမစိုက်ပျိုးသည့် နိုင်ငံအချို့မှ သနပ်ခါးအမည်ခံပြီး သနပ်ခါးလုံးဝမပါသည့် သနပ်ခါးအလှကုန်များ နေရာဝင်ယူနေသည်ကို စိတ်မကောင်းဖြစ်ရကြောင်း သက်ဆိုင်ရာဌာနမှလည်း စိစစ်ပေးစေလိုကြောင်း၊ နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးကူညီရာတွင် အမှန်တကယ် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကိုစိစစ်ပြီး အကူအညီ ပေးစေလိုကြောင်း ရွှေစင်သဘာဝသနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းမှတာဝန်ရှိသူက ပြောသည်။
အသေးစားလုပ်ငန်းများကို အားထားနေရသော မြန်မာနိုင်ငံသည် သနပ်ခါးကို အခြေခံသော အဆင့်မြင့်ကျန်းမာရေး၊ လူသုံးကုန်ပစ္စည်းများအား ပြည်တွင်း မှတစ်ဆင့် ပြည်ပအထိ ထုတ်လုပ် ဖြန့်ဖြူးခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်မည်ဖြစ်ကာ မြန်မာ့စီးပွားရေး တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်ပြီး ကမ္ဘာ့အလယ်တွင် မြန်မာတို့ဂုဏ်ထည်ဝင့်ကြွားနိုင်စေရန် ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားသည့် အလှကုန်ပစ္စည်းများကို လိမ်းမည့်အစား ရှေးထုံးမပျက် မြန်မာ့ရိုးရာ သနပ်ခါးအေးအေး မွှေးမွှေးလေးကို လိမ်းခြယ်ပြီး အလှဆင် သင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။