Skip to main content

အစိမ်းရောင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အားလုံးပါဝင်ကြိုးစားပေး

ထက်ဝေအောင်(စစ်ကိုင်း)

မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် မြန်မာ့ရေမြေတောတောင်သဘာဝအလှများက ချစ်စရာကောင်းလှသည်။ ကမ္ဘာတစ်လွှား နိုင်ငံခြားသားခရီးသွားများ၏ နှလုံးသားကို ရိုးသားပွင့်လင်းစွာ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ မြန်မာ့အပြုံး သူတို့နှလုံးသားထဲအရောက် စွမ်းဆောင်နိုင်သည်။ မြန်မာလူမျိုးများအတွက်လည်း ဘာသာ၊ သာသနာ စည်ပင်ထွန်းကားရာနိုင်ငံတွင် လူဖြစ်ကြရခြင်းက အလွန်ဂုဏ်ယူစရာကောင်းသည်။ မြန်မာလူမျိုးများသည် ဘာသာတရားကို အလေးအမြတ်ပြုပြီး ကောင်းမှုနှင့်မကောင်းမှု၊ အမှားနှင့်အမှန်၊ အဖြူနှင့်အမည်း သဘောတရားများကို ကောင်းစွာနားလည်သိရှိကြသကဲ့သို့ ရိုးသားမှုကို အဖော်ပြုထားသူများဖြစ်ကြသည်။ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်နည်းတူစွာ လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံတို့ကို အမှီပြု၍ သမ္မာအာဇီဝကျသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိမိတို့ကိုးကွယ်ရာ ဘာသာတရားကို ဦးထိပ်ပန်ဆင်ပြီး သမထ၊ ဝိပဿနာတရားများနှင့် သာသနာရေရှည်တည်တံ့ရေး ကျင့်ကြံပွားများအားထုတ်ကြသည့် ဆရာတော်ကြီးများကို ပေးလှူဒါနမြတ်ဓမ္မနှင့် မွေ့ပျော်ကြသည့် အစဉ်အလာ ကောင်းများလည်းရှိပါသည်။

ဒေသအလိုက် မတူကွဲပြားမှုကို စူးစမ်းလေ့လာ

ပြည်တွင်း ပြည်ပခရီးသွားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် နယ်မြေဒေသလေ့လာလိုစိတ်၊ စွန့်စားသွားလာလိုစိတ်ဖြင့် ခရီးထွက်ကြသည်။ ခရီးသွားလာသူများအတွက် ခရီးစဉ်ချောမွေ့မှုသည် လိုအင်ဆန္ဒတစ်ခုဖြစ်သည်။ တောတောင်အလှသဘာဝကို လေ့လာခြင်း၊ ရှုမျှော်ခင်းများကို ဓာတ်ပုံရိုက်ခြင်း၊ လူနေမှုသဘာဝကို မှတ်တမ်းပြုစုခြင်းများသည် ခရီးသွားအများစု၏ အဓိကအာသီသဖြစ်သည်။ မြန်မာနိုင်ငံတွင် စိမ်းလန်းသော တောတောင်သဘာဝအလှများနှင့် ပြည့်နှက်နေပေသည်။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် စိမ်းလန်းစိုပြည်သော ထင်းရှူးပင်များ၊ အစိမ်းရောင်သစ်တောအုပ်ကြီးများ၊ ရှုခင်း များ၊ သစ်ပင်ပန်းမန်များ၊ ရေခဲတောင်များ၏ အလှအပများ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အသစ်များ၊ လင်းနို့မျိုးစိတ်များ၊ သဘာဝအခြေခံဂေဟစနစ်များ၊ ငှက်မျိုးစိတ်များ၊ ရေပေါ်စိုက်ခင်းများ၊ ရွှေသမင်များ၊ ဒေါင်းများ၊ ကြိုးကြာများနှင့် လိပ်များ၊ ရေပေါ်ငှက်များ၊ ဆောင်းခိုငှက်များ၏ ရွှေ့ပြောင်းသွားလာမှုများ၊ မျောက်များ၊ ဆေးဖက်ဝင်အပင်များ၊ စန္ဒကူးအပင်များ၊ လမုတောများ၊ ရှားပါးသစ်ခွမျိုးစိတ်များ၏ ဒေသအလိုက် မတူကွဲပြားမှုကို စူးစမ်းလေ့လာခံစားနိုင်ပေသည်။

အဆိုပါသဘာဝအလှအပများ ကြည့်ရှုခံစားနိုင်ရန်အတွက် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ ချပ်သင်းဘေးမဲ့တော၊ အင်းတော်ကြီးအိုင်၊ ခါကာဘိုရာဇီတောင်၊ အင်းလေးဒေသ၊ လောကနန္ဒာဘေးမဲ့တော၊ ပုပ္ပားဒေသများဆီသို့ သွားရောက် လည်ပတ်နိုင်သည်။ ရေမြေဒေသအလှအပကို ခံစား၍လှေစီးခြင်း၊ တောင်တက်ခြင်းများ စိတ်အပန်းပြေဆောင်ရွက်နိုင်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အထူးနှစ်ခြိုက်သည့် ခရီးစဉ်ဒေသများဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းအားလုံးတွင် ဧည့်သည်များ၏ စိတ်ကျေနပ်မှုသည် လွန်စွာအဓိကကျပေသည်။ သူတစ်ပါး စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးရသည့် သိမ်မွေ့ သောအလုပ်လည်းဖြစ်သည်။ တစ်ဖက်လူ၏စိတ်ကို အကဲခတ်လေ့လာပြီး စိတ်ကျေနပ်မှုရရှိအောင် မိမိဘက်မှဖြည့်ဆည်းပေးရသည်။ အရည်အသွေးပြည့်မီ သည့်ဝန်ဆောင်မှုတွင် အလုပ်ကိုတန်ဖိုးထားသည့် ဝန်ထမ်းများအပေါ်၌ များစွာတည်မှီနေပေသည်။ ခရီးသွားလုပ်ငန်းနှင့် နှီးနွှယ်ဆက်စပ်သည့် ဧည့်လမ်းညွှန်များ မွေးထုတ်ခြင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းပေးခြင်း၊ မိတ်ဖက်လုပ်ငန်းရှင် အချင်းချင်း အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ ခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအစီအမံများ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် များစွာအရေးပါလှသည်။

သို့ဖြစ်၍ မြန်မာ့ရေမြေ၊ တောတောင်သဘာဝအလှ အထင်ကရနေရာတစ်ခုအဖြစ် အမွှမ်းတင်ကျန်ရစ်နေစေရေး ဝိုင်းဝန်းကြိုးစားကြရမည်။ ရိုးသားရမည်။ ယဉ်ကျေးဖော်ရွေရမည်။ အစဉ်သဖြင့် နာမည်ရှင်သန်နေရမည်ဖြစ်သည်။ ခရီးသွားများအတွက် ချောမွေ့သောခရီးစဉ်များ ဖြစ်ရေးကြိုးပမ်း ရပေမည်။ ခရီးစဉ်တွင် မဖြစ်မနေ ထိတွေ့ဆက်ဆံနေကြရသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အငှားယာဉ်များ၏ နွေးထွေးပျူငှာသော ဆက်ဆံရေးတစ်ရပ်ကို မျှော်လင့်ကြသဖြင့် ခရီးသွားလိုသူများအတွက် ခရီးသွားအိပ်မက်များကို ဝန်ဆောင်မှုအပြည့်အဝဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ခရီးသွားအများစုသည် ရေစိမ်းမြေစိမ်းဒေသ၏ အငွေ့အသက်ကို ခံစားလိုကြသည်။ မထိတွေ့ဖူးသော ရေမြေတောတောင်အလှ၏ အေးမြမှုကိုခံစား၍ ကိုယ်စိတ်နှစ်ပါး အပန်းဖြေလိုကြသည်။ ပြည်ပခရီးသွားအများစုသည် သုတေသနနှင့်သက်ဆိုင်သော လုပ်ငန်းများ၊ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကို သုတေသနပြုလေ့လာရန်အတွက် ခရီးထွက်ကြလေ့ရှိသည်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ

ပြည်တွင်းခရီးသွား လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအချင်းချင်း၊ ဒေသအချင်းချင်းလူ့တန်ဖိုး၊ စီးပွားရေးအတွေးအမြင်၊ သမိုင်းအမွေအနှစ် ထိန်းသိမ်းခြင်း၊ တောတောင်သဘာဝဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ရိုင်းပင်းကူညီခြင်းဆိုင်ရာ လိုက်နာသင့်သည့်ကျင့်ဝတ်များသည် နိုင်ငံ ဖွံ့ဖြိုးမှုနှင့်အတူ တစ်ပါတည်း ရှင်သန်ဖွံ့ဖြိုးလာနိုင်သည်။ သို့ဖြစ်၍ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရန် စဉ်ဆက်မပြတ်လေ့လာအားထုတ်ရမည်ဖြစ်သည်။ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အချက်အလက်များကို သဘောပေါက်နားလည်ပြီး ဒေသထွက်ပစ္စည်းများ၏ အရည်အသွေးနှင့် တန်ဖိုးမျှတ အမှတ်တရပစ္စည်းများ ထုတ်လုပ်ရောင်းချရာတွင် ခရီးသည်များအတွက် ခရီးစဉ်ရောက်ဒေသထွက် အမှတ်တရပစ္စည်းများ ကြံ့ခိုင်ရေး၊ တာရှည်ခံရေး၊ မြတ်နိုးတန်ဖိုးထားစေရေးအတွက် မိမိတို့ဘက်က ပေးစွမ်းရမည်မှာ စေတနာသာဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ခရီးသွားလုပ်ငန်းများကို သူ့နည်းသူ့ဟန်ဖြင့် မြှင့်တင်လျက်ရှိကြသည်။ အကြောင်းရင်းမြစ်မှာ ခရီးသွားလုပ်ငန်း များမှတစ်ဆင့် ဒေသအလိုက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ခြင်း၊ ဒေသခံများ၏ ကိုယ်တိုင်စီမံခန့်ခွဲမှု၊ ကိုယ်ရည်ကိုယ်သွေး၊ စီးပွားရေးအမြင်၊ မျှဝေခံစားနိုင်စွမ်းအားနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အတွေးအမြင်များကို မြှင့်တင်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ဖွံ့ဖြိုးမှု၊ မဖွံ့ဖြိုးမှုကို အဖြေညှိနိုင်သည့် ခရီးသွားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဗဟိုပြု၍ နိုင်ငံဖွံ့ဖြိုးရေးအတွေးအမြင်ဖြင့် ခရီးသွားလုပ်ငန်းစီမံကိန်းများကို အားပေးဆောင်ရွက်ခြင်းနည်းတူ နိုင်ငံတော်အနေဖြင့်လည်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးရန် လမ်းညွှန်တိုက်တွန်းလျက်ရှိပေသည်။ တစ်နည်းအားဖြင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေသော၊ သဘာဝ သယံဇာတများကို စနစ်တကျအသုံးပြုသော၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို သုံးစွဲသော၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲသော စီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရေရှည်မျှော်မှန်းချက်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့ လျှောက်လှမ်းရာတွင် အစိမ်းရောင်စီးပွားရေး ချဉ်းကပ်မှုနည်းလမ်းများ၊ အစိမ်းရောင်နည်းပညာများနှင့် အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် လိုအပ်သည်ကို တွေ့ရှိရပါသည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတများ ကြွယ်ဝသောနိုင်ငံများအနက် တစ်နိုင်ငံအဖြစ်ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ သဘာဝအရင်းအနှီးများသည် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါလှပြီး စီးပွား ရေးအရင်းအမြစ်သဖွယ် နိုင်ငံကို ကျောထောက် နောက်ခံပြုလျက်ရှိသည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရေး အတွက် အသုံးချနိုင်သကဲ့သို့ ရာသီဥတုပြောင်းလဲမှု ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံ၏သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအဖြစ်လည်း တည်ရှိနေသည်။ သစ်တောများ၏ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနိုင်စွမ်းအားဖြင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်စွမ်းကို ယုံကြည်လျက် သဘာဝကပေးစွမ်းသည့် အင်အားဖြင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

ယနေ့ကမ္ဘာ့မျက်နှာစာတွင် အစိမ်းရောင်စီးပွားရေးရင်းနှီးမြှုပ်နှံပေးရေး ကြွေးကြော်သံသည် တဖြည်းဖြည်းကျယ်ပြန့်လာသည်။ လူသားများ သက်ရှည်ကျန်းမာရေး၊ သဘာဝဘေးလျော့ပါးရေး၊ သဘာဝအရင်းအနှီးများကို စနစ်တကျထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပျက်စီးမှုကိုပြုပြင်ခြင်းထက် စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းသည် ကုန်ကျစရိတ်နည်းပါးပြီး ပိုကောင်းသောဝန်းကျင်ကို ဖြစ်ပေါ်စေသည်။ သဘာဝအရင်းအနှီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးသည် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါလှသော အဓိကအချက်များဖြစ်ပါသည်။ သဘာဝအရင်း အမြစ်များမှရရှိသော ဂေဟစနစ်တန်ဖိုးနှင့် စီးပွားရေးအကျိုးအမြတ်များကို ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်လျက် ရေရှည်အကျိုးစီးပွားကို မျှော်မှန်း တည်ဆောက်သွားကြရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများ

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်ဆောင်ရွက်ရာတွင် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊ အစိမ်းရောင်အခြေခံအဆောက်အအုံများ တည်ဆောက်မှုမြှင့်တင်ရေးနှင့် သဘာဝဘေး အန္တရာယ် ကြံ့ကြံ့ခံနိုင်မှုရှိစေရေး၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးစသော အချက်များပါဝင်သည်ကို တွေ့ရှိရသည်။ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု၏ အားသာချက်တစ်ရပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်နိုင်စေသည်။ သဘာဝတန်ဖိုးကို နားလည်သိရှိလျက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးပုံစံဖြင့် ဆောင်ရွက်ပါလျှင် ဂေဟစနစ်ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ယနေ့ကမ္ဘာ တစ်လွှားတွင် ရင်ဆိုင်ကြုံတွေ့နေကြရသည့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုပြဿနာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးပြဿနာများ အထိုက်အလျောက် ပြေလည်သွားမည်ဖြစ်သည်။ ကျယ်ပြန့်သည့်လုပ်ငန်း၊ ကောင်းမွန်သောအစုအဖွဲ့အဖြစ် ရေရှည်တည်တံ့စေရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသီးသီးတွင် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါကြောင်း ယုံကြည်မျှော်လင့်စွာဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွေးအမြင်ဖြင့် ရေးသားတင်ပြလိုက်ရပါသည်။   ။