Skip to main content

တစ်ဦးကျန်းမာ အားလုံးတွက်တာ၊ အားလုံးအတွက် ပန်းတိုင်တစ်ချက်

ဒေါက်တာခင်စန်းမော်

တိရစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ ပညာရပ်ဆိုင်ရာစာပေများကို ရေးသားသော စာရေးဆရာလည်း ဖြစ်သောကြောင့် တိရစ္ဆာန်အကိုက်ခံရ၍ မေးမြန်းကြသော မေးခွန်းများကို အင်တာနက်မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဖြေကြားရသောအခါ အလျင်ဆုံးပြန်လည်မေးမိသည့် မေးခွန်းများသည် “ဘ”နှင့်စသော မေးခွန်းများ ဖြစ်ကြပါသည်။

ထိုမေးခွန်းများမှာ...

(၁)     ဘယ်နေ့က ကိုက်မိတာလဲ။

(၂)      ဘယ်နေရာကို ကိုက်မိတာလဲ။

(၃)     ဘယ်သူ့ကို ကိုက်မိတာလဲ။

(၄)     ဘယ်တိရစ္ဆာန်က ကိုက်တာလဲတို့ ဖြစ်ကြသည်။

နောက်ဆက်တွဲ လိုက်လာသည့် မေးခွန်းများ ကတော့...

(၅)     အကိုက်ခံရသည့်အနာ နက်သလား။

(၆)     တိရစ္ဆာန်က အိမ်မွေးတိရစ္ဆာန်လား။

(၇)     ပိုင်ရှင်ရှိသလား။

(၈)     ကာကွယ်ဆေး မှန်မှန်ထိုးထားသလား စသည်တို့ ဖြစ်ပါသည်။

(၁) ဘယ်နေ့က ကိုက်မိတာလဲ

တိရစ္ဆာန်အကိုက်ခံရသည့်ကိစ္စများတွင်ဤ မေးခွန်းသည် အရေးကြီးဆုံးမေးခွန်းဖြစ်သည်။ ရှေးယခင်ကခွေးကိုက်ခံရလျှင် ခွေးကိုဆယ်ရက်ခန့်စောင့်ကြည့်ပြီးမှ ခွေးရူးကာကွယ်ဆေးထိုးပေးလေ့ ရှိခဲ့ကြသည်။ ကိုက်သောခွေးသည် လမ်းဘေးလေလွင့်ခွေးဖြစ်နေပါက သွားချင်ရာသွားတတ်သောကြောင့် စောင့်ကြည့်ရန် အဆင်မပြေနိုင်ပါ။

ခွေးကိုက်ခံရသောအခါ လူအများစုက မေးခိုင်ကာကွယ်ဆေးကို မဖြစ်မနေထိုးကြပါ၏။ ခွေးရူးကာကွယ်ဆေးထိုးရန်လို၊ မလိုကို မေးမြန်းပြီးမှ ထိုးတတ်ကြသည်။ အမှန်မှာ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးရန်ကိစ္စက ပထမဦးစားပေး ဖြစ်ရပါမည်။ အောက်ပါမေးခွန်းများကိုကြည့်ပါ။

“သမီးကို ခွေးကိုက်ခံရလို့ပါ။ မေးခိုင်ကာကွယ်ဆေးတော့ ထိုးပြီးပါပြီ။ ခွေးရူးကာကွယ်ဆေး ဘယ်တော့ထိုးရပါမလဲ”

“သမီးကို ဒီနေ့ခွေးကိုက်သွားလို့ပါ။ ခွေးကအိမ်မွေးခွေးပါပဲ။ သမီးကာကွယ်ဆေးထိုးရမှာလား သိချင်လို့ပါ”

“သမီးကို အိမ်မှာမွေးထားတဲ့မျောက်က ကိုက်လိုက်လို့ပါ။ သူ့ကို ဘာကာကွယ်ဆေးမှ မထိုးထားပါဘူး။ အဲဒါ သမီး ခွေးရူးကာကွယ်ဆေး ထိုးရမလားဟင်”

ထိုမေးခွန်းများအတွက် အဖြေမှာ တိရစ္ဆာန်အကိုက်ခံရပြီး ၂၄ နာရီအတွင်း ခွေးရူးကာကွယ်ဆေး ထိုးရန် လိုအပ်သဖြင့် ဆရာဝန်ထံပြသပြီး ချက်ချင်းထိုးပါဟူ၍ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးရမည် ဆိုသောအသိ ရှိနေသောကြောင့် ထိုအသိပညာ ဗဟုသုတအတွက်တော့ ကျေနပ်ရပါသည်။

နောက်ထပ်မေးခွန်းတစ်ခုမှာ...

“သမီးက တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်ပါ။ ခွေးရူးကာကွယ်ဆေးထိုးထားတာ တစ်လလောက်ပဲရှိသေးတဲ့ခွေးလေးကို ဆေးတိုက်လိုက်တာလက်ကို သွားနဲ့နည်းနည်းလေးခြစ်မိသွားပါတယ်။ သမီးကအသက်ရှစ်လအရွယ်ကလေးကို နို့တိုက်နေတဲ့ ကလေးအမေပါရှင်။ လက်ကိုတော့ အထပ်ထပ်ဆေးပြီး အရက်ပြန်သုတ်ထားပါတယ်။ ညှစ်တော့ သွေးထွက်ပါတယ် ဆရာမ။ သမီးကာကွယ်ဆေးထိုးဖို့လိုလားဟင်”

ထိုသို့သော မေးခွန်းမျိုးအတွက် လိုအပ်သော အချက်အလက်များ စစ်ဆေးရန် အောက်ပါတို့ကို မေးမြန်းကြည့်ရပါသည်။

(၂) ဘယ်နေရာကို ကိုက်မိတာလဲ

ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြောအဖွဲ့ကို အဓိကတိုက်ခိုက်သည်။ အကိုက်ခံရသောနေရာသည် ဦးနှောက်အာရုံကြောအဖွဲ့နှင့် နီးကပ်သော ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ကျောစသည့်နေရာများကို ကိုက်မိပါက အထူးအရေးကြီးပါသည်။ မေးခွန်းတချို့ကိုကြည့်ပါ။

“သမီးရဲ့မျက်နှာကို သမီးရဲ့ခွေးလေးက ကိုက်လိုက်လို့။ အဲဒါ RIP ဆိုတဲ့ ဆေးထိုးရမှာလားဟင်” (HRIG ကို RIP ဟု နားစွန်နားဖျားအကြားနှင့် မေးရှာသောသူ့ကို မရယ်ရက်ခဲ့ပါ။)

“သမီးကို ခွေးကိုက်သွားလို့ပါ။ ညာဘက်ပေါင်ကို ကိုက်လိုက်တာပါ။ ဂါဝန်ခံနေလို့ အသားတော့ မပေါက်သွားပါဘူး။ အညိုအမည်းစွဲပြီး ကျန်ခဲ့ပါတယ်။ ဆေးထိုးဖို့လိုပါသလား”

“အိမ်မွေးခွေးကိုက်မိတာပါ။ သမီးရဲ့ခွေးလေးပါ။ ကာကွယ်ဆေး မှန်မှန်ထိုးထားပါတယ်။ ချီထားရင်းသူ့ကိုစလိုက်တာ သူကပြန်ကိုက်တော့ နဖူးနဲ့မျက်ခွံကို ထိသွားပါတယ်။ အနာကနည်းနည်း နက်ပါတယ်ရှင့်။ သွေးလည်းများများထွက်ပါတယ်။ ဆေးရုံတစ်ခုမှာ ခွေးရူးပြန်ကာကွယ်ဆေးသွားထိုးတာ အကိုက်ခံရတာက မျက်နှာမှာဆိုတော့ အနာပတ်လည်ကို Immunoglobulin (HRIG) ဆေးထိုးရမယ်ပြောလို့ ဆရာမကြီးကို မေးကြည့်တာပါ။ အဲဒီ ဆေးထိုးဖို့ လို၊ မလို ဖြေကြားပေးပါရှင်”

ထိုမေးခွန်းနှစ်ခုကို ယှဉ်ကြည့်လိုက်လျှင် အကိုက်ခံရသောနေရာ၏ အရေးကြီးပုံကို သိမြင်နိုင်မည်ဖြစ်သည်။ ဦးနှောက်အာရုံကြောအဖွဲ့နှင့် နီးကပ်သောနေရာမှာ အကိုက်ခံရခြင်းက ပိုမို၍ အန္တရာယ်များပါသည်။ ထို့ကြောင့်ပင် အနာပတ်လည်ကိုထိုးရသော ခွေးရူးရောဂါကာကွယ်ဆေး အသင့်ကိုယ်ခံအား(Human Rabies Immunoglobulin - HRIG)ကိုပါ တွဲ၍ထိုးပေးခြင်းဖြစ်ပါသည်။

(၃) ဘယ်သူ့ကို ကိုက်မိတာလဲ

ကိုယ်ခံအားနည်းသည့်အုပ်စုထဲတွင် ပါဝင်သော ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားနည်းဝေဒနာရှင်များ၊ ကိုယ်အင်္ဂါအစားထိုး လဲလှယ်ထားသူများကို တိရစ္ဆာန်တစ်ကောင်က ကိုက်လိုက်ပါက သာမန်လူများထက် အထူးဂရုပြုရမည့်ကိစ္စဖြစ်ပါသည်။ ထို့ကြောင့် ဤမေးခွန်းကို မေးရခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ်နှစ်တိုင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးရသူလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်နေကြသဖြင့် ကလေးငယ်များ ခွေးကိုက်ခံရလျှင် မပေါ့ဆသင့်ပါ။

“သမီးရဲ့သားလေး အသက်ခုနစ်နှစ်အရွယ်ကို အိမ်မှာမွေးထားတဲ့ခွေးက လက်မောင်းကို ဟပ်လိုက်တာသွေးစို့သွားလို့ ကာကွယ်ဆေးထိုးဖို့လိုပါသလား”

“ကျွန်မတူလေး သူ့ဘာသာဆော့နေတာကို ဘေးအိမ်ကခွေးဝင်ကိုက်လို့ ခြေဖနောင့်မှာ သွေးထွက် သွားပါတယ်။ ကာကွယ်ဆေးထိုးရမလားရှင်”

ကလေးများကိုအကိုက်ခံရသောကြောင့် မေးမြန်းမှုများသည် အများဆုံးမေးလေ့ရှိကြသော မေးခွန်းများဖြစ်ပါသည်။

(၄) ဘယ်တိရစ္ဆာန်က ကိုက်တာလဲ

Rabies ဟုခေါ်သော ခွေးရူးရောဂါသည် ခွေး၊ ကြောင်၊ လင်းနို့နှင့် အသားစားသတ္တဝါတို့၌ အဓိက ကျရောက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး လူ၊ နွား၊ မြင်း၊ ဆိတ်၊ ဝက် စသော သွေးနွေးသတ္တဝါအားလုံးကို ရောဂါကျရောက်စေနိုင်သည်။ ခွေးရူးရောဂါဖြစ်ပွားလျှင် ကုရာနတ္ထိဆေးမရှိဘဲ အသက်ဆုံးရှုံးမှုဖြင့်သာ အဆုံးသတ်သောကြောင့် ကိုက်လိုက်သော တိရစ္ဆာန်အမျိုးအစားကို မေးမြန်းရခြင်းဖြစ်သည်။

အကိုက်ခံရသည့်အနာ နက်သလား၊ တိရစ္ဆာန်က အိမ်မွေးတိရစ္ဆာန်လား၊ ပိုင်ရှင်ရှိသလား၊ ကာကွယ်ဆေး မှန်မှန်ထိုးထားသလားစသော မေးခွန်းတို့မှာ အကိုက်ခံရပြီးနောက် ထိုးရသည့်ခွေးရူးကာကွယ်ဆေး (Post Exposure Program-PEP)ထိုးဖို့ အုပ်စုခွဲရန်လိုအပ်သော မေးခွန်းများဖြစ်ကြပါ၏။

ကိုဗစ်-၁၉ ကပ်ရောဂါကာလကြီးအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးကို ဦးစားပေးပြီး ထိုးရ မလား၊ ခွေးရူးရောဂါ ကာကွယ်ဆေးကို အရင်ထိုးရမလားဆိုသော ဒွိဟဖြစ်မှုများအား ဖြေရှင်းပေးခဲ့ရပါ သေးသည်။ ခွေးရူးရောဂါကာကွယ်ဆေးကို ဦးစားပေးပြီးထိုးပါဟု အကြံပြုခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျှင် ပြန်လည်နာလန်ထ၍ ကျန်းမာနိုင်သေးသည်။ ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် ၁၀၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကြရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အကိုက်ခံရသူများထဲတွင် ထပ်တလဲလဲ အကိုက်ခံရသူများ၊ ပထမအကြိမ် အကိုက်ခံရသောကြောင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးနေစဉ် ကာကွယ်ဆေးအစီအစဉ် မပြည့်သေးခင် ထပ်မံအကိုက်ခံရ၍ မေးမြန်းသူများ၊ ခွေးရူးရောဂါကာကွယ်ဆေးအစီအစဉ် ပြည့်စုံစွာမထိုးဖြစ်ဘဲ ရက်ကျော်သွားသူများ၊ မေ့လျော့သွားသူများ လည်း ပါဝင်ကြသည်။

ခွေးရူးရောဂါသည် တိရစ္ဆာန်မှ လူကိုကူးစက်တတ်သော ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီး ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် ၁၀၀ ရာခိုင်နှုန်း သေဆုံးသည့် ကြောက်မက်ဖွယ်ရောဂါဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကျွန်းနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံအချို့တို့တွင် ခွေးရူးရောဂါကို အမြစ်ပြတ်သုတ်သင်ဖယ်ရှား ပြီးဖြစ်သော်လည်း အာရှနှင့် အာဖရိကတိုက်ကြီး များတွင် နိုင်ငံအလိုက်၊ ဒေသအလိုက် ရောဂါဖြစ်ပွားမှုများ ရှိနေသေးသောကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၆ဝဝဝဝ ခန့် ခွေးရူးရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးနေကြရာ ထိုလူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် အသက်(၁၅)နှစ်အောက် ငယ်ရွယ်နုနယ်သောကလေးများ ဖြစ်နေကြပါသည်။

ခွေးရူးရောဂါကာကွယ်ဆေး

ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်။ ခွေးရူးရောဂါအကြောင်း ရေးသားခဲ့ သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃၀ က မီဆို ပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ် ထဲတွင် အကယ်၍ မိမိမွေးမြူထားသောခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး အခြားလူတစ်ဦး တစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံး လျှင် ခွေးပိုင်ရှင်အား ကြီးလေးသောဒဏ်ငွေ ပေးဆောင်စေသည်ဟု မှတ်တမ်းတင်ခဲ့သည်။

၁၇၆၈ ခုနှစ်တွင် ဘော့စတွန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ခွေးရူးရောဂါသည် နှစ်အနည်းငယ်အတွင်း အခြားပြည်နယ်များသို့ ပျံ့နှံ့သွားပြီးနောက် ပြင်သစ်ပြည်နှင့် မြောက်အမေရိကတိုက်အထိ ရောက်ရှိသွားခဲ့သည်။ ၁၉ ရာစုအတွင်းက ခွေးရူးဟုသံသယဖြစ်သော ခွေးကကိုက်လိုက်လျှင် ထိုလူသည် သူ့ကိုယ်သူသတ်၍သေခြင်း သို့မဟုတ် အခြားလူများက ဝိုင်း၍သတ်ဖြတ်ခြင်းဖြင့် ကိစ္စတုံးအောင် စီရင်ခဲ့ကြသည်။

ဤသို့ပြုလုပ်ခြင်းသည် လူဝီပါစတာ(Louis Pasteur)ခေါ် ပြင်သစ်သိပ္ပံပညာရှင်ကြီးအဖို့ စမ်းသပ်မှုများပြုလုပ်ရန် အခွင့်အရေးများရရှိခဲ့သောကြောင့် ၁၈၈၅ ခုနှစ်တွင် “အကိုက်ခံရပြီးနောက်ထိုးရသော ကာကွယ်ဆေး- PEP” ကုထုံးကို တီထွင်နိုင်ခဲ့ပါသည်။

ထိုကာကွယ်ဆေး ပေါ်ထွန်းလာခြင်းကြောင့် မရေမတွက်နိုင်သော လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ခွေးရူးရောဂါကာကွယ်ဆေးကို တီထွင်ခဲ့သော ပြင်သစ်သိပ္ပံပညာရှင်ကြီး လူဝီပါစတာသည် ၁၈၉၅ ခုနှစ် စက်တင်ဘာလ၂၈ ရက် နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ ခွေးရူးရောဂါသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောဂါ ဆိုးကြီးတစ်ခုဖြစ်သည်။ သို့သော်အကိုက်ခံရပြီး နောက်ခွေးရူးရောဂါကာကွယ်ဆေး အစီအစဉ်ပြည့်စုံအောင်ထိုးထားလျှင် ကာကွယ်နိုင်သောရောဂါဖြစ်ကြောင်း သိရှိစေလိုပါသည်။

ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့

ပြင်သစ်သိပ္ပံပညာရှင်ကြီး လူဝီပါစတာသည် ခွေးရူးရောဂါကာကွယ်ဆေးကို တီထွင်ပေးခဲ့သည်။ သဘာဝသိပ္ပံပညာရပ်များ၏ ကွဲပြားခြားနားသော နယ်ပယ်အမျိုးမျိုးထဲမှ သူ၏ရှာဖွေတွေ့ရှိခဲ့မှုများသည် ပြည်သူ့ကျန်းမာရေးအတွက် ထောက်ပံ့ကူညီနိုင်သည့်အပြင် ယခုအချိန်အထိတိုင်အောင် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ဆဲ ဖြစ်ပါသည်။

ထို့ကြောင့် တစ်ကမ္ဘာလုံး ပူးပေါင်းပါဝင်သည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အစည်းကြီး (Global Alliance for Rabies Control-GARC)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)တို့က ၎င်းကွယ်လွန်ခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့တွင် ခွေးရူးရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး၏အရေးပါပုံကို လူတိုင်းသတိပြုမိကြစေရန် ၎င်းအား အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ (World Rabies Day) အဖြစ် သတ်မှတ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ၁၇ နှစ် ပြည့်မြောက်မည်ဖြစ်သည်။

ယခုနှစ်တွင်ကျရောက်သော ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “တစ်ဦးကျန်းမာ အားလုံးအတွက်တာ၊ အားလုံးအတွက် ပန်းတိုင်တစ်ချက်” ဖြစ်ပါသည်။ တစ်ဦးကျန်းမာရေးဆိုသည်မှာ ရွေးချယ်ထားသည့် လူနည်းစုတစ်ခုအတွက်မဟုတ်ဘဲ အားလုံးအတွက်ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်သည် တစ်ဦးချင်းကျန်းမာရေးကို တည်ဆောက်သည့် ဖွဲ့စည်းပုံအတွက် ကြီးမားသော စံနမူနာတစ်ခုဖြစ်သည်။ ကပ်ရောဂါများအပါအဝင် အခြားသောတိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်တတ် သောရောဂါများအတွက် အရေးပါသောစနစ်ကောင်းများ ဖန်တီးရာတွင် ယုံကြည်မှုလည်းရစေပါသည်။

ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် အကိုက်ခံရပြီးနောက် ခွေးရူးကာကွယ်ဆေးထိုးရန် မပြည့်စုံ မလုံလောက်သေးသည့် လူ့အဖွဲ့အစည်းများ၌ လိုအပ်သော ကိရိယာတန်ဆာပလာနှင့် ဆေးဝါးများထောက်ပံ့ပေးခြင်းသည် လူ့အသက်များစွာကို ကယ်တင်နိုင်သည့်အပြင် အမျိုးသားကျန်းမာရေးစနစ်ကို ကြံ့ခိုင်ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းမည်ပါ၏။

“၂၀၃၀ ပြည့်နှစ်တွင် ခွေးကိုက်ခံရ၍ဖြစ်သော ခွေးရူးရောဂါဘေးအန္တရာယ်ကြီး လူသားတို့မှာ ကင်းစင်ပပျောက်ရေး” ဟူသော မဟာဗျူဟာကို တစ်ကမ္ဘာလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်အောင် မျှဝေပေးရပါမည်။

ရှေးအကျဆုံးသော ရောဂါဆိုးကြီးတစ်ခုဖြစ်သည့် ခွေးရူးရောဂါကို ဖြတ်တောက်ဖယ်ရှားနိုင်ရန်ကာကွယ်ဆေးများ၊ ထိရောက်သောနည်းလမ်းများ၊ နည်းပညာသစ်များ ပေါ်ထွန်းနေပြီဖြစ်သောကြောင့် နောက်မှာကျန်နေခဲ့ခြင်းမျိုးမရှိစေဘဲ အတူတကွစုစည်းညီညွတ်စွာ ဆောင်ရွက်ကြရပါမည်။

ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင်

-         ခွေး၊ ကြောင် စသော တိရစ္ဆာန်များကို ခွေးရူး ကာကွယ်ဆေးထိုးခြင်း၊

-         တိရစ္ဆာန်ကောင်ရေ ထိန်းချုပ်ခြင်း၊

-         တိရစ္ဆာန်ဂေဟာများ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်း၊

-         အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအား ပညာပေး စည်းရုံးခြင်း၊

-         လေလွင့်တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက် သောဂေဟာများ တိုးပွားလာအောင် ဆောင်ရွက်ခြင်း၊

-         လူကိုအကိုက်ခံရသောအခါ အုပ်စုခွဲပြီး လိုအပ် သောကာကွယ်ဆေးများ ပြည့်စုံစွာထိုးခြင်း၊

-         ခွေးရူးဟု သံသယဖြစ်ဖွယ် တိရစ္ဆာန်ကို တွေ့လျှင် ချက်ချင်းသတင်းပေးခြင်း၊

-         ခွေးရူးရောဂါအကြောင်း အသိပညာပေးခြင်း စသည်ဖြင့် ပါဝင်ပါသည်။

လူ့ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး၊ ပတ်ဝန်းကျင်ကျန်းမာရေး ကဏ္ဍများအားလုံး စုပေါင်းလုပ်ဆောင်ပြီး ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရန် မီးမောင်း ထိုးပြသော “တစ်ဦးကျန်းမာ အားလုံးအတွက်တာ၊ အားလုံးအတွက် ပန်းတိုင်တစ်ချက် (All for one, one health for All)” ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၇)နှစ်မြောက် “ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့” ကို ကြိုဆိုလိုက်ရပါသည်။ ။