Skip to main content

ပဲခူးတိုင်းဒေသကြီးဖွံ့ဖြိုးဖို့ ကျေးရွာထုတ်ကုန်များ အားပေးစို့

အချို့အိမ်များတွင် ငရုတ်ဆုံဆိုဒ်စုံ အစုအပုံ၊ အချို့အိမ်များတွင် ဒယ်အိုးဆိုဒ်စုံအစုအပုံ၊ အချို့အိမ်များတွင်မူ စက်မှုလုပ်ငန်းသုံးကိရိယာမျိုးစုံ အစုအပုံများကို သပြုကျေးရွာ နေအိမ်တိုင်းတွင် တွေ့မြင်နိုင်သည်။ သတ္တုရည်ကျိုပုံလောင်း၊ သံရည်ကျိုပုံလောင်း လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပဈေးကွက် လိုအပ်ချက်နှင့်အညီ အိမ်တွင်းတစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချမှုမှသည် ကျေးရွာနေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေလျက်ရှိသည်။

ထိုသို့သော သတ္တုနှင့်သံရည်ကျိုပုံလောင်း လူသုံးကုန်အမျိုးအမည်များစွာကို ကျေးရွာမှ ထုတ်လုပ်ကာ အိုးမကွာအိမ်မကွာ ဝင်ငွေရလုပ်ငန်းအဖြစ် ရပ်တည်လာခဲ့သည်မှာ နှစ်တစ်ရာကျော် တိုင်ခဲ့ပြီဖြစ်သည်။ သပြုကျေးရွာ၏ မိရိုးဖလာအသက်မွေးမှု အိမ်တွင်းတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီနေသည့် ထုတ်ကုန်များကို ကျေးရွာသူကျေးရွာသားများက ထုတ်လုပ်ပေးနိုင်စွမ်းရှိနေ သည်။ ထို့ကြောင့် ကျေးရွာထုတ်ကုန်များကို နည်းပညာအင်အားဖြင့် ပေါင်းစပ်အဆင့်မြှင့်တင် ကာ တန်ဖိုးရှိသော၊ အရည်အသွေးရှိသောပြည်တွင်းထုတ်ကုန်များမှသည် ကြီးမားသည့် ပြည်ပ ဈေးကွက်ဝန်းကျင်အတွင်း ထိုးဖောက်ရပ်တည် သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကူညီ ကြိုးပမ်းပေးလျက်ရှိသည်။

ကျေးရွာထုတ်ကုန်မို့ အရည်အသွေး ဒီလောက်ပဲဆိုတဲ့ အခြေအနေတစ်ခုကို ကျွန်တော် တို့ကျေးရွာက လက်မခံဘူး။ ကျေးရွာထုတ်ကုန် ဖြစ်လို့ အရည်အသွေးကို စိတ်မချရတာမျိုး မဖြစ် စေရဘူး။ ပြည်တွင်းဈေးကွက်မှာတော့ နေရာတစ်ခုရှိထားပြီးဖြစ်တယ်။ ပြည်ပလည်း ကုန်သည်ဆီက နေတစ်ဆင့် ပို့နေတာရှိတယ်။ ဒါပေမဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့နဲ့ ခိုင်မာတဲ့ပြည်ပဈေးကွက်ရရှိဖို့က ကျွန်တော်တို့ကျေးရွာရဲ့ ရည်မှန်းချက်ပါ။ ကျေးရွာ ထုတ်ကုန်ပေမယ့် ခိုင်မာတဲ့ယုံကြည်ချက် ရှိချင်တယ်ဟု သပြုကျေးရွာမှ သတ္တုရည်ကျို ပုံလောင်း လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် ဦးအောင်မြင့်ဌေးက ပြောသည်။

စက်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်

သပြုကျေးရွာသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင်တည်ရှိပြီး အိမ်ခြေ ၁၆၀၀ ကျော် ရှိကာ စိုက်ပျိုးရေးနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်သည့်ကျေးရွာ ဖြစ်သည်။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် သတ္တုအရည်ကျိုလုပ်ငန်း၊ သံရည်ကျိုလုပ်ငန်းနှင့် သတ္တုသန့်စင်ခဲထုတ်လုပ်သည့်လုပ်ငန်းစသည်ဖြင့် အားသန်ရာလုပ်ငန်းကို အခြေပြုလုပ်ကိုင်ကြသည်။

ကျေးရွာတစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းမှ ဒယ်အိုး၊ ငရုတ်ဆုံ၊ ရေဖလား၊ ရေနွေးကရား စသည့် မီးဖိုချောင်သုံးပစ္စည်းများအပြင် ရေယာဉ်သုံးဒလက်ပန်ကာ၊ အသံချဲ့စက်ဟွန်းရိုး၊ မော်တော် ယာဉ်သုံးစက်ပစ္စည်း၊ မော်တော်ဆိုင်ကယ်သုံး စက်ပစ္စည်းစသည်ဖြင့် အမျိုးအမည်များစွာ ထုတ်လုပ်သည်။ အပ်ချုပ်စက်ကိုယ်ထည်၊ ရေပန့်ခေါင်းစသည့်သံရည်ကျိုပစ္စည်းများကိုလည်း ထုတ်လုပ်သည်။

မိရိုးဖလာ တစ်နိုင်တစ်ပိုင်လုပ်ငန်းဆိုပေ မယ့် ဒီလုပ်ငန်းနဲ့ဆက်စပ်ပြီး ကျွန်တော်တို့ ကျေးရွာ တင်မဟုတ်ဘူး။ အနီးအနားက ရွာခံလည်းအလုပ် အကိုင်တွေရပါတယ်။ ကိုယ်နိုင်တဲ့အင်အားနဲ့ လုပ်ကြတယ်။ ဈေးကွက်ထဲမှာ အသုံးပြုသူများတဲ့အတွက် ကျွန်တော်တို့ကျေးရွာက ထုတ်နိုင် သလောက်ရောင်းနေရတာပဲ။ ဒီတော့ ထုတ်သမျှ ရောင်းရရင် ချဲ့ထွင်လုပ်ကိုင်ချင်တာ သဘာဝပါ။ ဒီလိုချဲ့ထွင်ဖို့ စဉ်းစားတဲ့အခါ ကျွန်တော်တို့မှာ ကျော်လွှားသွားရမယ့် အခက်အခဲတွေတော့ ရှိတာ ပေါ့။ အခုက ကုန်ကြမ်းအတွက် ပူနေရတယ်ဟု သပြုကျေးရွာမှ လုပ်ငန်းလုပ်ကိုင်သူ ဦးဌေးဝင်းက ပြောသည်။

နေရာဒေသအသီးသီးသို့ ပို့ဆောင်ရောင်းချ

ထိုသို့ ကျေးရွာမှထွက်ရှိလာသည့် ပစ္စည်းများ ကို ပြည်တွင်းရှိ နေရာဒေသအသီးသီးသို့ ပို့ဆောင် ရောင်းချလျက်ရှိသည်။ ပြည်ပတင်ပို့ရောင်းချမှုကို ပြည်တွင်း ကုန်သည်ဝယ်လက်များမှတစ်ဆင့် ရောင်းချလျက်ရှိပြီး စစ်တွေ၊ မောင်တောနယ်စပ် လမ်းကြောင်းမှ တင်ပို့ရောင်းချမှုများကြောင်း သိရှိရသည်။

အဓိကက ပြည်တွင်းကသတ္တုကုန်ကြမ်းကို ပြည်ပနဲ့ ပြိုင်ဝယ်နေရတဲ့အတွက်ကြောင့်ပါ။ ဒီကုန်ကြမ်းကို ပြည်ပကကား၊ ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေစတာတွေနဲ့ ယှဉ်ဝယ်နေရတယ်။ သူတို့နဲ့ ကျွန်တော်တို့က ကုန်ကြမ်းလိုအပ်ချက်တူပေမယ့် ကုန်ကြမ်းအပေါ်မှာသုံးစွဲ ဝယ်ယူနိုင်တဲ့စွမ်းအားက တအားကွာသွားတယ်။ ပြီးတော့ သူတို့ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းတန်ဖိုးကမြင့်တော့ သူတို့ကကုန်ကြမ်းရဖို့ပဲ အဓိကထား တယ်။ သူတို့ မြှင့်ပြီးပေးဝယ်တဲ့ဈေးကို ကျွန်တော်တို့ လိုက်မမီနိုင်တော့ အခုနှစ်အတွင်းမှာ ဖောင်စီးရင်း ရေငတ်ဆိုတာမျိုးဖြစ်သွားတယ်။ ကျွန်တော်တို့ရွာတင်ကြုံရတာမဟုတ်ပါဘူး။ ဒီလိုမျိုးလုပ်ကိုင်တဲ့ ဆက်စပ်တဲ့သူတိုင်း ကြုံရတာပါဟု လုပ်ငန်း လုပ်ကိုင်သူ ဦးသန်းထွဋ်ဦးက ပြောသည်။

သပြုကျေးရွာမှ ထုတ်ကုန်များအတွက် အသုံးပြုသည့် ကုန်ကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စော်ဘွားကြီးကုန်း၊ တောင်ဒဂုံစသည့်နေရာများ ၏စွန့်ပစ်သတ္တုပစ္စည်းအဟောင်းဈေးကွက်မှ ရရှိသည်။ လက်ရှိတွင် သတ္တုပစ္စည်းအဟောင်း အကြမ်းများနှင့် သန့်စင်ပြီးအချောသတ္တုကုန်ကြမ်းများကို ယခင်ဈေးနှုန်းထက် နှစ်ဆမြင့်မားသည့် နှုန်းတစ်ခုဖြင့် ဝယ်ယူရသည့် အခက်အခဲရှိနေသည်။

ထိုကဲ့သို့ သပြုကျေးရွာမှ လုပ်ငန်းလုပ်ကိုင်သူ များအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်း ရှင်များသည် ယခုနှစ်အတွင်း ကုန်ကြမ်းပစ္စည်း ရရှိရန် ခက်ခဲသည့်အခြေအနေကို တွေ့ကြုံနေရ ကြောင်း တိုင်းဒေသကြီးအတွင်း လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

လုပ်ငန်းရှင်များအားဖိတ်ခေါ်၍ ဆွေးနွေးပွဲများပြုလုပ်

သပြုကျေးရွာမှ လုပ်ငန်းလုပ်ကိုင်သူများ အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ တွေ့ကြုံလာသည့် အခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ဖိတ်ခေါ်၍ ဆွေးနွေးပွဲများပြုလုပ်ကာ နည်းလမ်းပေါင်းစုံဖြင့် ပေါင်းစပ်ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိသည်။

MSME လုပ်ငန်းကော်မတီနှင့် စက်မှုဝန်ကြီးဌာနသို့ သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျို ပုံလောင်းလုပ်ငန်းရှင်များက လိုအပ်သောကုန်ကြမ်း ပစ္စည်းများအတွက် ကူညီပံ့ပိုးနိုင်ပါရန် တင်ပြခဲ့ကြ သည်။ ထို့အတွက် စက်မှုဝန်ကြီးဌာနက ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် သတ္တုနှင့်သံရည်ကျိုလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း သတ္တုလုပ်ငန်းများနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းများ လိုအပ်သော ကုန်ကြမ်းပစ္စည်းများဖြစ်သည့် သတ္တုတွင်းစာ၊ သတ္တုချော်ချီးနှင့် အခြားစွန့်ပစ် သံ၊ ဒန်သတ္တုများ ပံ့ပိုးပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

ယင်းသို့ တွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် ရေနံချိုး ကုန်ကြမ်းရရှိရေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME အေဂျင်စီမှတစ်ဆင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ထို့အတူ သတ္တုနှင့် သံရည်ကျိုလုပ်ငန်းများ နည်းပညာရရှိရေးအတွက် စက်မှုဝန်ကြီးဌာနမှ ပညာရှင်များဖိတ်ခေါ်၍ နည်းပညာပေးသင်တန်းများကို သုံးကြိမ်တိုင် ပို့ချ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ မှတ်ပုံတင်ထားတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း စုစုပေါင်း ၃၀၀၀ ကျော် ရှိပါတယ်။ ဒီထဲမှာ သတ္တုနဲ့ သံရည်ကျိုပုံလောင်းလုပ်ငန်း တွေဟာလည်း ကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ ဒီလုပ်ငန်းတွေနဲ့ ကျွန်တော်တို့ဌာနဟာ အများစုထိတွေ့ဆက်ဆံရတယ်။ သူတို့မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အားလုံးနဲ့ပေါင်းစပ်ဖြေရှင်းပေးရတယ်။ ဒီအတွက် အားလုံးပါဝင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့အတွက် သက်ဆိုင်ရာဌာနအလိုက် နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ကူညီပေးခဲ့ကြပါတယ်ဟု ပဲခူးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

အားပေးမြှင့်တင်ဆောင်ရွက်

မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) လေးသောင်း ကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်းအရ စီးပွားရေးလုပ်ငန်းအရေအတွက် အများဆုံးသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်း ၉၀ ကျော်သည် လုပ်ငန်းငယ်များသာဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်သည့် သတ္တုလုပ်ငန်းများနှင့် သံရည်ကျိုပုံလောင်း လုပ်ငန်းကို စဉ်ဆက်မပြတ် ထိတွေ့ဆက်သွယ်ကာ ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း သတ္တုလုပ်ငန်းများနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်း ၁၂၆ ခုရှိကြောင်း သိရှိ ရပြီး ယင်းလုပ်ငန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေ သည်။ ယခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ Online Registration စနစ်ဖြင့် SME Member Card အသစ် လျှောက်ထားသူများကို ယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးလျက်ရှိသည်။

ကျွန်တော်တို့ အခက်အခဲတွေ ဒီလိုမျိုးရှိလာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ MSME အေဂျင်စီ၊ ပြည်ထောင်စုအစိုးရက တွေ့ဆုံဆွေးနွေးပေးတယ်၊ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်။ နိုင်ငံတော်က ကျွန်တော်တို့လုပ်ငန်းတွေ ဖွံ့ဖြိုးအောင် အားပေးနေတာ သိရှိခံစားမိပါတယ်။ ကျွန်တော်တို့သပြုကျေးရွာမှာဆိုရင် လုပ်ငန်း လုပ်ကိုင်တဲ့သူတွေ အဆင်ပြေအောင်၊ ကုန်ကြမ်းအတွက် သုံးနိုင်အောင် ချေးငွေထုတ်ပေးတယ်။ နည်းပညာအတွက် သင်တန်းပေးတယ်။ လုပ်ငန်းအတွက် မီးရရှိရေးဆောင်ရွက်ပေးတယ်။ လောင်စာရရှိအောင် ကူညီပေးတယ်။ ဒီလိုမျိုး ကျွန်တော်တို့ရပ်တည်နိုင်အောင် ကူညီပေးလို့ အားလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရေရှည်သွားနိုင်အောင် ကုန်ကြမ်းနဲ့ ပတ်သက်ပြီး ပြည်ပလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင် ဝယ်ယူရတဲ့အခြေအနေတွေကို ထိန်းကျောင်းပေး စေလိုပါတယ်ဟု သပြုကျေးရွာမှ လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်နိုင်က ပြောသည်။

သင်တန်း/ ဆွေးနွေးပွဲများကို

စဉ်ဆက်မပြတ်ပြုလုပ်

တိုင်းဒေသကြီးအတွင်းရှိ သတ္တုလုပ်ငန်းများ နှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းများအပါအဝင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှုရရှိစေရန် နည်းပညာဆိုင်ရာ အကူအညီရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း/ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်း/ ဆွေးနွေးပွဲများဆောင်ရွက်မှုအနေဖြင့် ၁၄၆ ကြိမ်ရှိကြောင်း တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

အခုနှစ်ပိုင်းမှာ ကျွန်တော်တို့လုပ်ငန်းတွေမှာ ကုန်ကြမ်းရရှိမှုနဲ့ သုံးရမယ့်အရင်းအနှီးအတွက် အခက်အခဲရှိလာကြတာကို အများဆုံး ကြားလာရပါ တယ်။ ဒီအတွက် သက်ဆိုင်ရာဌာနတွေက တတ်နိုင်သမျှ ပါဝင်ဖြေရှင်းပေးကြပါတယ်။ လုပ်ငန်းရှင်တွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ကူညီပေးတယ်။ ဒီအတွက် ဝမ်းမြောက်ရပြီးတော့ ထပ်ပြီး တော့လည်း အားပေးမြှင့်တင်ပေးစေလိုပါတယ်။ ကျွန်တော်တို့လို လုပ်ငန်းတူ လုပ်ငန်းရှင်တွေ အတွက် ကုန်ကြမ်းရရှိရေးလမ်းကြောင်း အဆင်ပြေ စေချင်ပါတယ်။ ပြီးတော့ ပြည်တွင်းမှာလည်း ရောင်းချသလို ပြည်ပအထိ တင်ပို့တဲ့လုပ်ငန်းတွေ လည်းရှိပါတယ်။ ကျွန်တော်တို့နိုင်ငံကနေ ပြည်ပကို များများပို့နိုင်မှ နိုင်ငံခြားဝင်ငွေ များများရနိုင်မှာဖြစ်လို့ လုပ်ငန်းရှင်တွေကလည်း ကြိုးစားကြပါတယ်။ အရင်က ပို့နေကျနိုင်ငံတွေကိုပဲ အခုလည်းတင်ပို့တာပါပဲ။ ဒါပေမဲ့ အခုကျတော့ မြန်မာနိုင်ငံကတင်ပို့တဲ့ ပစ္စည်းအပေါ် စည်းမျဉ်းစည်းကမ်းတွေ များလာတာကို ကြုံတွေ့ရပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့လုပ်ငန်းရှင်တွေကို ကူညီပေး စေလိုပါတယ်ဟု ပဲခူးမြို့ ရွာသစ်ကိုင်းတာကျေးရွာ အေးမြကြည် သံရည်ကျို၊ သံနန်းဆွဲနှင့် တွင်အချော ကိုင်လုပ်ငန်းလုပ်ကိုင်သူ ဦးအေးဝင်းက ဆိုသည်။

တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်များကိုသိရှိပြီး လိုအပ်သည့် ပံ့ပိုးမှုများကို ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန်၊ ဒေသအတွင်းရှိလုပ်ငန်းများအချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ ထုတ်ကုန်များ ထုပ်ပိုးမှုစနစ် ပိုမိုကောင်းမွန်လာရန်၊ ထုတ်ကုန်အရည်အသွေး မြင့်မားလာရန်၊ ဈေးကွက်ပိုမိုရရှိလာရန်နှင့် တီထွင် ဆန်းသစ်မှုများကို ပိုမိုသိရှိလာရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ MSME အေဂျင်စီ ဦးဆောင်မှုဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းကြိုးပမ်းပေးလျက်ရှိသည်။

လုပ်ငန်းတိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာရှိကြပါတယ်။ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတိုင်းကနေ သူတို့ရဲ့အခက်အခဲကို သိရတယ်။ အားနည်းချက်အပေါ်မှာ ကျွန်မတို့ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာအားလုံးက ပူးပေါင်းဖြေရှင်း ပေးနိုင်ဖို့ ကြိုးပမ်းရပါတယ်။ အားသာချက်တွေ ပိုအားကောင်းလာအောင် ကျွန်မတို့က ပေါင်းစပ် ကူညီပေးရတယ်။ အခု သတ္တုနဲ့သံရည်ကျိုပုံလောင်း လုပ်ငန်းတွေ တိုင်းဒေသကြီး စီးပွားရေးအတွက် ခိုင်မာအားကောင်းတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပဲတိုင်းဒေသကြီးကထွက်ရှိတဲ့ ကျန်တဲ့ ထွက်ကုန်တွေအပေါ်မှာ အခြေခံထားတဲ့လုပ်ငန်း တွေလည်း အများကြီးရှိပါတယ်။ ဒီကဏ္ဍတွေ အားလုံးအဆင်ပြေစေဖို့၊ ဖွံ့ဖြိုးစေဖို့ကျွန်မတို့ ဌာနအနေနဲ့ ကြိုးစားသွားမှာပါဟု တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန SME ဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

အချုပ်အားဖြင့်ဆိုရလျှင် တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ပြည်တွင်း/ ပြည်ပအသုံးချနိုင်သည့် အရည်အသွေးမြင့်ထုတ်ကုန် များထုတ်လုပ်လျက်နိုင်ငံတော်၏ အကျိုးစီးပွား၊ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ကြိုးပမ်းကြ ရမည်ဖြစ်သည်။ ထို့အတွက် ကျော်လွှားဖြေရှင်း ရမည့်စိန်ခေါ်မှုများ တည်ရှိနေနိုင်သော်လည်း နိုင်ငံတော်အကြီးအကဲကိုယ်တိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အစိုးရအဖွဲ့ဝန်ကြီးချုပ်များ ကိုယ်တိုင်ကျေးရွာများအထိ ကွင်းဆင်းကာ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသ တစ်ခု ထွက်ကုန်တစ်မျိုးထွက်ရှိရေး အားပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်မှာ MSME ဖွံ့ဖြိုးရေးအတွက် အင်အားအမှန်ပင်ဖြစ်စေနိုင်ပါ ကြောင်း တင်ပြလိုက်ရပါသည်။ ။

မြတ်သူ