Skip to main content

မြန်မာ့သမိုင်းထဲမှ ထူးချွန်ထက်မြက်သော သံကြီးတမန်ကြီးများ

ရှေးက (တက္ကသိုလ်) တက္ကသီလာ (Texila) ကို ပညာသင်သွားရတဲ့ မင်းညီမင်းသားတွေ အဋ္ဌာရသပညာ(၁၈)ပါး သင်ယူကြရာမှာ ကေတုသံတမန်အတတ်ဆိုပြီး ဟိန္ဒူနဲ့ ဗုဒ္ဓစာပေတွေမှာ ဖော်ပြခဲ့တဲ့ ပညာတစ်ပါးလည်း ဖြစ်ပါတယ်။ သံတမန်ဆိုတဲ့ မြန်မာဝေါဟာရကို အင်္ဂလိပ်ဝေါဟာရတွေဖြစ်တဲ့ သံဆိုသည်မှာ သံရုံး (Embassy)ကို ဆိုလိုခြင်းဖြစ်ပြီး တမန်ဆိုတာ သတင်းစကားပေးပို့သူ (Messenger) လို့သတ်မှတ်လို့လည်းရပါတယ်။ ဒါကြောင့် သံတမန်ဆိုတာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ မင်းအစိုးရနှစ်ရပ်၊ အုပ်ချုပ်သူတစ်ဦးနဲ့ တစ်ဦး၊ လူတစ်ယောက်နဲ့ တစ်ယောက်အကြား သွားလာဆက်သွယ်မှုပြုရသူဖြစ်ပါတယ်။

မြန်မာအစဉ်အလာအရ တမန်၊ သံ၊ တန်ဆေး၊ သုံ့သေးနဲ့ မင်းစေဆိုတဲ့ သံငါးမျိုးမှာ အရှင်မှာ တိုင်းဆိုသူကို တမန်၊ မင်းနှစ်ပါး သင့်အောင်ဆိုသူကို တန်ဆေး၊ သူ့စကားကိုထောက်ပြီး ယုတ်လွန်မရှိဆိုသူကို သုံ့သေး၊ လိုတာကို တောင်းလာတာကို သံ၊ မှာတိုင်းဆို၍ စေဖက်ရမှ သွားသူကို မင်းစေလို့လည်း မှတ်သားရပါတယ်။ ဒါကြောင့် ရှင်မဟာ ရဋ္ဌသာရရဲ့ သံဝရပျို့မှာ “တမန်တို့လည်း၊ နှစ်ကိုယ်တကိုယ် ချစ်လိုတည့်တည့်၊ နှစ်ပြည့်တပြည် ဖြစ်စိမ့်သည်ဟု၊ လည်လည်လျားလျား မင်းတပါးကို၊ အကြားစပ်တတ် ကိုယ်သို့ညွှတ်မှ ဆိုပြီး စပ်ဆိုခဲ့ပါတယ်။ အဲဒီသံတမန်ဟာ နိုင်ငံရဲ့ကိုယ်စား တိုင်းတစ်ပါးကို စေလွှတ်ရတဲ့ပုဂ္ဂိုလ်ဖြစ်လို့ အောက်ပါအင်္ဂါရပ်တွေနဲ့ ပြည့်စုံသူဖြစ်ရပါမယ်။ ဒါမှ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ သံတမန်အင်္ဂါရပ်တွေကိုလည်း အမျိုးမျိုးပြဆိုလေ့ရှိပါတယ်။

ဗုဒ္ဓဟောကြားခဲ့တဲ့ သံတမန်အင်္ဂါရှစ်ပါး

ဂေါတမဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဝိနရစူဠဝဂ်မှာ သံတမန်ကောင်းတို့ရှိအပ်တဲ့ အရည်အချင်းရှစ်ပါးကို အင်္ဂုတ္တရပါဠိတော်မှာလည်း သံတမန်အင်္ဂါရှစ်ပါးအနေနဲ့ ဖော်ပြထားပါတယ်-

(၁)     သောတာ။      မှာကြားလိုက်သော စကားတို့ကို နားလည် ခြင်း၊

(၂)      သာဝေတာ။    မှာကြားလိုက်သောအတိုင်း ပြောဆိုနိုင်ခြင်း၊

(၃)     ဥဂ္ဂ မောတာ။  မမေ့မလျော့အောင် မှတ်သားထားနိုင်ခြင်း၊

(၄)     ဓာရေတာ။     မချွတ်မယွင်းအောင် ဆောင်နိုင်ခြင်း၊

(၅)     ဝိညာတာ။      စကားရှိတိုင်း အနက်အဓိပ္ပာယ်ကို သိနားလည်ခြင်း၊

(၆)     ဝိညာပေတာ။  သူတစ်ပါးနားလည်အောင် ပြောဆိုတတ်ခြင်း။

(၇)     သဟိတာသဟိတကုသလာ။ အကျိုးရှိသည် မရှိသည်၌ တတ်သိလိမ္မာခြင်း။

(၈)     နောစကလဟကာရက။ ငြင်းခုံခိုက်ရန်မဖြစ်အောင် ဆောင် ရွက်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

ရာဇနီတိမှာ ဖော်ပြထားတဲ့ သံတမန်အင်္ဂါခြောက်ပါးကတော့ (၁) ပညဝါ (ဉာဏ်ပညာရှိခြင်း)၊ (၂) ဝါကျဆေက (စကားတတ်ခြင်း၊ စကားပြောလိမ္မာခြင်း)၊ (၃) သူရ (ရဲစွမ်းသတ္တိရှိခြင်း)၊ (၄) ပရစိတ္တဇာ နန (သူတစ်ပါး၏ စိတ်နေစိတ်ထားကိုသိခြင်း)၊ (၅) ဒန္တ (ယဉ်ကျေး သိမ်မွေ့ခြင်း)၊ (၆) ပဋိဝါကျ (သူတစ်ပါး သင်ဆိုသောစကားကို ပြန်လည်ချေပနိုင်ခြင်း) တို့ပဲဖြစ်ပါတယ်။ သုတောဒိတ မဟာရာဇဝင်ကြီး တတိယတွဲမှာ ဖော်ပြထားတဲ့ သံတမန်အင်္ဂါခုနစ်ပါးကတော့ (၁) အမျိုးမြတ်ခြင်း၊ (၂) တတ်သိလိမ္မာခြင်း၊ (၃) တည်ကြည်ခြင်း၊ (၄) ရဲရင့်ခြင်း၊ (၅) အရိပ်အခြည်သိခြင်း၊ (၆) စည်းစိမ်ချမ်းသာရှိခြင်း၊ (၇) တော်မှန်ခြင်းတို့ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် သံတမန်ရေးရာတည်ရှိမှု

သံတမန်ရေးရာတည်ရှိမှုဟာ ရှေးအချိန်ကတည်းက တရုတ်၊ အိန္ဒိယနဲ့ အီဂျစ်စတဲ့နိုင်ငံတွေမှာ တည်ရှိပြီးဖြစ်သလို ရှေးဟောင်းဂရိနဲ့ ရောမမြို့တွေမှာလည်း အဲဒီအခြေခံအလေ့အကျင့်တွေကို စနစ်တကျ ဖွဲ့စည်းခဲ့တယ်လို့ မှတ်တမ်းတွေအရ တွေ့ရှိရပါတယ်။ နိပါတ်တော်၊ ရာဇဝင်၊ သာသနာဝင်၊ နီတိအစရှိတဲ့ စာအုပ်စာတမ်းတွေမှာလည်း သံတမန်စေလွှတ်ခြင်း၊ ခန့်ထားခြင်းနဲ့စပ်လျဉ်းတဲ့ အကြောင်းအရာတွေကို တွေ့မြင်ရလို့ သံတမန်စေလွှတ်ခြင်း၊ ခန့်ထားခြင်းအလေ့အထဟာ ရှေးရှေးအခါကတည်းကရှိခဲ့မယ်ဆိုတာ ထင်ရှားပါတယ်။ စစ်ရေးကဏ္ဍအတွက် ကြည့်မယ်ဆိုရင်လည်း တိုင်းနိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံစစ်ခင်းကြတယ်၊ အဲဒီကနေ စစ်ပြေငြိမ်းရေး စာချုပ်တွေချုပ်ဆိုကြရမယ်၊ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင် အကြား စစ်မက်မပြုဖို့ သဘောတူညီချက်တွေ ရယူထားကြမယ်၊ မဟာမိတ်ဖွဲ့ကြမယ်၊ လိုအပ်လာရင် စစ်ရေးအကူအညီပေးကြဖို့ ကတိထားကြမယ်။ ဒါတွေဟာ ယနေ့ခေတ်ဆိုရင်တော့ ကာကွယ်ရေးဆိုင်ရာ သံခင်းတမန်ခင်း (Defense Diplomacy)ပဲ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ကြတဲ့အခါမှာလည်း နှစ်ပြည်ထောင်အကြား (Bilateral) ရှိသလို ခုနစ်ပြည်ထောင်မင်း အပေါင်းဆိုတဲ့စကားလို စိတ်တူညီမျှရှိကြတဲ့ မင်းတွေအကြား စုပေါင်းဆောင်ရွက်တဲ့ Multilateral လည်း ရှိနိုင်တာမို့လို့ ခေတ်သစ်ဒီပလိုမေစီ (Modern Diplomacy) အခြေခံသဘောတရားတွေပဲ ဖြစ်ပါတယ်။

တိုင်းနိုင်ငံအစိုးရတွေဟာ သံတမန်တွေကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုရဘဲ ပြေပြေပြစ်ပြစ် ဆက်ဆံရပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်အေးချမ်းနေတဲ့အချိန် မဆိုထားနဲ့ စစ်မက်ဖြစ်နေလို့ စစ်တိုက်နေဆဲ အခါမျိုးမှာတောင် တစ်နိုင်ငံမှ တစ်နိုင်ငံကို စေလွှတ်လိုက်တဲ့ သံတမန်နဲ့စစ်တပ်တစ်ခုမှ စစ်တပ်တစ်ခုကိုစေလွှတ်လိုက်တဲ့ သံတမန်တွေကို နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမျိုး မပြုရပါ၊ ပြေပြေပြစ်ပြစ် ဆက်ဆံကြပါတယ်။ ဒါပေမယ့် (၁၇) ရာစု ကျမှသာသံတမန်ရေးရာ လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ်ထွက်လာပြီး ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းမှာ သံတမန်ရေးရာ ကင်းလွတ်ခွင့်လို အခြားအချက်တွေကို ပြဋ္ဌာန်းနိုင်ခဲ့တာပါ။

ယခုခေတ်ဆိုရင်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့ဟာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမဟာမိတ်ဖြစ်ပြီး အဆက်အသွယ်ကောင်းဖို့ သံတမန်အလဲအလှယ်ပြုကာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို သံတမန်စေလွှတ်ခန့်ထားကြပါတယ်။ သံတမန်တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားမှာ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေး အရသော်လည်းကောင်း ကူးလူးဆက်ဆံရာမှာ အလွန်အရေးပါလျက်ရှိ ပါတယ်။ သံတမန်ဟာ အခြားအချုပ်အခြာအာဏာပိုင် နိုင်ငံခြားတိုင်းပြည်တစ်ပြည်ကို မိမိရဲ့အစိုးရအဖွဲ့ကိုယ်စား တရားဝင် စေလွှတ်ခန့်အပ်ခြင်းခံရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တိုင်းတစ်ပါးကို စေလွှတ်ခန့်ထားတဲ့ သံတမန်ဟာ အလွန်အရေးကြီးတာနဲ့အညီ ရှေ့မှာဖော်ပြထားတဲ့ သံတမန်အင်္ဂါရပ်တွေနဲ့ ပြည့်စုံလုံလောက်တဲ့ ပုဂ္ဂိုလ်တွေကိုသာ စေလွှတ်ခန့်ထားရပါမယ်။

သံတမန်တွေရဲ့တာဝန်ဝတ္တရားတွေက ကြီးလေးလှသလို အမြော်အမြင်ကြီးကြီးနဲ့ ပရိယာယ်ကြွယ်ဝပြီး ဆက်ဆံတဲ့အခါမှာလည်း လိမ္မာရေးခြားရှိရမှာဖြစ်ပါတယ်။ ဒါမှသာ နှစ်နိုင်ငံဆက်ဆံရေးဟာ ပြေပြစ်ချောမွေ့ပြီး ကြာရှည်ချစ်ကြည် လေးစားစွာပေါင်းသင်းသွားနိုင်မှာ ဖြစ်ပါတယ်။ သံတမန်ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်မက်အင်္ဂါ ဖြစ်ပွားစေနိုင်တဲ့ အထင်မှားအမြင်မှားမှုမျိုး မရှိစေဖို့ကိုလည်း အထူး သတိပြုရမှာလည်း ဖြစ်ပါတယ်။ အရေးကြီးတဲ့ တာဝန်တစ်ခုကတော့ မိမိကိုစေလွှတ်ထားရှိတဲ့ နိုင်ငံရဲ့လူထုသဘောထားကို လေ့လာစုံစမ်းပြီး နိုင်ငံရေးအရ ဘယ်အခြေအနေမျိုး ဖြစ်ပေါ်နေတယ်။ ဘယ်လို တိုးတက်ပြောင်းလဲလျက်ရှိနေတယ်ဆိုတာကိုလည်း မိမိနိုင်ငံရဲ့အစိုးရထံ အမြဲအစီရင်ခံနေရတာပဲ ဖြစ်ပါတယ်။

သံတမန်ရေးရာ ဆိုရာဝယ်

Diplomacy သံတမန်ရေးရာဆိုတဲ့ဝေါဟာရမှာ တိုင်းရေးပြည်ရာတွေမှာ ဝင်ရောက်စွက်ဖက်သူလို့လည်း ပါရှိပါတယ်။ သံတမန်ရဲ့ ထူးခြားချက်က သူ (သို့မဟုတ်) သူ(မ) အနေနဲ့ မိမိရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ငြိမ်းချမ်းသော စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် နိုင်ငံများအကြား သံတမန်ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် လုပ်ဆောင်မှုလို့ လည်း ဖွင့်ဆိုထားရှိပါတယ်။ အင်္ဂလိပ်ဝေါဟာရ သံတမန်ရေးရာဆိုတဲ့ စကားလုံးဟာဂရိစကားမှ ဆင်းသက်လာတာပါ။ “Diplomatia”ဆိုတာ နိုင်ငံတွေအကြား သံတမန်ရေးဆိုင်ရာလုပ်ဆောင်ချက်တွေ၊ ညှိနှိုင်း ဆွေးမှုရလဒ်တွေနဲ့သက်ဆိုင်တဲ့ Diploma ဆိုတဲ့ နှစ်ခေါက်ချိုးထားတဲ့ တရားဝင်စာရွက်စာတမ်း၊ အသိအမှတ်ပြုလက်မှတ်တွေလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ သံတမန်ရေး (Diplomacy) ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် အစိုးရတစ်ခုဟာ မိမိရဲ့ အကျိုးစီးပွားကို အခြားနိုင်ငံခြားအစိုးရထံမှာ (သို့မဟုတ်) အဲဒီနိုင်ငံမှာ တိုးပွားရောက်ရှိ မြှင့်တင်အောင် ပြုလုပ်တဲ့ အနုပညာပဲ ဖြစ်ပါတယ်။

သံတမန်ရေးရဲ့ အဓိကလုပ်ငန်းဆောင်တာ (Functions) တွေကို ၎င်းတို့နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးသဘော တူညီချက်တွေရရှိစေဖို့၊ ဒါမှမဟုတ်လည်း အခြားသော တတိယအဖွဲ့အစည်းရရှိစေဖို့ ရည်ရွယ်ချက်နဲ့ စေ့စပ်ညှိနှိုင်းပေးတာမျိုးနဲ့ နိုင်ငံတကာဆက်ဆံရေးကို စီမံခန့်ခွဲတာမျိုးပဲ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ရည်ညွှန်းချက်အရဆိုရင်တော့ သံတမန်ဆက်ဆံရေးတွေမှာ ပါဝင်နိုင်တဲ့ပုဂ္ဂိုလ်တွေ (သို့မဟုတ်) အဖွဲ့အစည်းတွေဟာ နိုင်ငံတကာအသိုက်အဝန်းမှ နိုင်ငံတော်အကြီးအကဲတွေ၊ သံအမတ်ကြီးတွေ၊ သံတမန်တွေ၊ အစိုးရအဖွဲ့အစည်း အသီးသီးကို ကိုယ်စားပြုရသူတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန (သို့မဟုတ်) သံတမန်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခံရသူတွေလို့ပဲ ယေဘုယျသတ်မှတ်ရမလို ဖြစ်နေပါ တယ်။

ဒီလိုတော့လည်း မဟုတ်ပါဘူး။ ရှေးယခင်ကတည်းက ဒေသတစ်ခုမှတစ်ခုသို့ စူးစမ်းလေ့လာလိုတဲ့ စိတ်ဆန္ဒနဲ့လှည့်လည် သွားလာသူတွေ၊ ဘုရားဖူးတွေ၊ သာသနာပြုသူတွေ၊ ကုန်သွယ်ကူးသန်း သွားလာသူတွေ၊ သုခုမအနုပညာအတွက်ဖျော်ဖြေသူတွေထံမှ ရရှိလာသော သတင်းစကားတွေကြောင့် အခြားသောနိုင်ငံ၊ တိုင်းပြည်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေ၊ တစ်နည်းအားဖြင့် အမျိုးသား အကျိုးစီးပွားတွေအပေါ် ပြည်ပနိုင်ငံတွေက ထောက်လှမ်းသိရှိနိုင် သလိုပဲ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့လည်း လေ့လာသိရှိနိုင်တာကြောင့် အထက်ကဖော်ပြခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ တရားဝင်ခန့်အပ်ထားတာ မဟုတ်တဲ့ သံတမန်တွေလို့ သတ်မှတ်နိုင်ပါတယ်။

ဒီလိုနည်းလမ်းနဲ့ဆောင်ရွက်တာဟာ ယခုခေတ်မှာဆိုရင်တော့ Commercial Diplomacy ပုံစံမျိုး ကုန်သွယ်ကူးသန်းရာမှအစပြုခဲ့တဲ့ စီးပွားရေးသံခင်းတမန်ခင်း (Economic Diplomacy) နဲ့ အများပြည်သူ သံခင်းတမန်ခင်း (Public Diplomacy) ကဏ္ဍတွေထဲမှာ အကျုံးဝင်နေတဲ့ စီးပွားဆက်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သာသနာရေးဆိုင်ရာ သံတမန်ကိစ္စရပ်တွေဖြစ်လို့ ခေတ်သစ်ဒီပလို မေစီသင်ရိုးတွေထဲမှာ အခြေခံသမားရိုးကျအနေနဲ့ စီးပွားရေးရာနဲ့ အများပြည်သူဒီပလို မေစီဆိုတာ မူလကတည်းက ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် လည်း သံတမန်ဆိုတာ နိုင်ငံတော်ကခန့်ထားတဲ့ သံတမန်သာမက စီးပွားကုန်သွယ်၊ ဈေးဝယ်၊ အလယ်အပတ်၊ ဘုရားဖူး၊ ပညာသင်၊ အားကစား၊ ဆေးကု၊ အလုပ်လုပ်ကိုင် စတဲ့ကိစ္စတွေနဲ့ တရားဝင် နိုင်ငံခြားကိုရောက်ရှိနေတဲ့ နိုင်ငံသားတိုင်းဟာ မိခင်နိုင်ငံကို ကိုယ်စားပြုနေသူများဖြစ်ကြလို့ သူတို့ကိုလည်း သံတမန်တွေလို့ သတ်မှတ်နိုင်ပါတယ်။ သူတို့အနေနဲ့ မိခင်နိုင်ငံရဲ့အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်သလို နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ့် တာဝန်ရှိပါတယ်။ လိုအပ်လာရင် သူတို့တွေကို နိုင်ငံတော်က တစ်စုံတစ်ရာသော တာဝန်တွေကိုလည်း ပေးအပ်နိုင်ပါတယ်။

နောက်ပိုင်း ခေတ်ပြိုင်ကမ္ဘာ့အရေးကိစ္စ (Cotemporary Global Issues) ဖြစ်စဉ်တွေအရ ရာသီဥတုပြောင်းလဲလာမှုတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအရေးတွေ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာတွေကြောင့် (၂၁) ရာစုမှာ သဘာဝပတ်ဝန်းကျင်အရေးဒီပလိုမေစီ (Environmental Diplomacy)၊ လူသားချင်း စာနာမှုအရေး ဒီပလိုမေစီ (Humanitarian Diplomacy)နဲ့ ဒစ်ဂျစ်တယ် ဒီပလိုမေစီ (Digital Diplomacy) စတဲ့ ဒီပလိုမေစီဘာသာရပ်အပေါ် ချဲ့ထွင်လေ့လာ ကျင့်သုံးလာရပါတယ်။ ဒီလိုချဲ့ထွင်လာရတာနဲ့အမျှ နိုင်ငံခြားရေးဝန်ထမ်းသံတမန်နဲ့ ဘာသာရပ်နယ်ပယ်အလိုက်အစိုးရတာဝန်ရှိသူတွေသာမက ပြင်ပမှဘာသာရပ်ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ သတင်းမီဒီယာသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုက်ရိုက်နဲ့ သွယ်ဝိုက်ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းတွေအထိ သက်ဆိုင်ရာလုပ်ငန်းစဉ်မှာ မဖြစ်မနေ ပါဝင်လာရပါတယ်။

တရားဝင်ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့သာ ဆောင်ရွက်ကြတဲ့ လမ်းကြောင်း- ၁ (Track-1) ဒီပလို မေစီမှ အခြားသောလမ်းကြောင်းများဆီသို့ ခွဲဖြာဆောင်ရွက်ရတာနဲ့အမျှ အများပြည်သူဒီပလိုမေစီကဏ္ဍဟာ အရေးပါသည်ထက် ပါလာခဲ့ရပါတယ်။ ယနေ့ခေတ်လို ဆက်သွယ်ရေးနည်းပညာ တိုးတက်ဖွံ့ဖြိုးလာတဲ့ သတင်းမီဒီယာခေတ်ကြီးမှာတော့ ခရီးအကွာအဝေး ဘယ်လောက်ဝေးကွာနေသည်ဖြစ်စေ ဒေသတစ်ခုမှ ဖြစ်စဉ်အကြောင်းအရာတွေကို အခြားဒေသနေရာ အသီးသီးက အချိန်နဲ့တစ်ပြေးညီ သိရှိလာနိုင်ပြီး ဒစ်ဂျစ်တယ်ဒီပလိုမေစီ (Digital Diplomacy) ကဏ္ဍကို စနစ်တကျအသုံးချလာမှုကြောင့် နိုင်ငံသားတစ်ဦးချင်း၊ အစုအဖွဲ့နဲ့ အသင်းအဖွဲ့အစည်းတွေရဲ့ ပြောဆိုပြုမူ လုပ်ဆောင်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုမှုရှိနေတာမျိုးကြောင့် နိုင်ငံများအကြား တရားဝင်လုပ်ဆောင်လျက်ရှိတဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ဒီပလိုမေစီ (International Relation and Diplomacy) ကဏ္ဍအပေါ် သက်ရောက်မှုများစွာ ရှိနေပါတယ်။ အနာဂတ်မှာဆိုရင် နိုင်ငံသားဒီပလိုမေစီ (Citizenship Diplomacy) မျိုးအထိ တိုးတက်ဖြစ်ပေါ်သွားနိုင်တာကြောင့် သာမန်နိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတော်အတွက် ပိုမိုအရေးပါလာမှာဖြစ်ကြောင်း ပညာရှင်တွေက ခန့်မှန်းထား ကြပါတယ်။

ရာဇဝင်ထဲက သံကြီးတမန်ကြီးများ

ဗုဒ္ဓမြတ်စွာခေတ်မှာ ဓမ္မဒူတ၊ တရားသံတမန်အဖြစ် ထင်ရှားတဲ့ရှင်သာရိပုတ္တရာနဲ့ အမတ်လည်းဖြစ်၊ ရဟန္တာလည်းဖြစ်တဲ့ အရှင်ကာဠုဒါရီတို့ဟာ ထင်ရှားကျော်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ကြီး မှာလည်း ရဟန်းတော်တွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ထင်ရှားကျော်ကြားလှတဲ့ သံခင်းတမန်ခင်း ဆောင်ရွက်ခဲ့မှုတွေရှိခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ပင်လယ်နဲ့တောင်တန်းတွေ ကာဆီးထားတဲ့အတွက် တိုင်းခြားကျူးကျော်မှုကနေ အတော်လုံခြုံတဲ့ အနေအထားရှိခဲ့တယ် ဆိုတဲ့ မြန်မာ၊ မွန်၊ ရခိုင်နဲ့ ရှမ်းပဒေသရာဇ် နိုင်ငံတွေဟာ တရုတ်၊ ခမာ၊ သီဟိုဠ်၊ ထိုင်း၊ ဘင်္ဂလား၊ ပေါ်တူဂီ၊ မဏိပူရ၊ ဗြိတိသျှ စတဲ့ ကျူးကျော်မှုတွေကို ကြုံတဲ့အခါတွေရှိခဲ့သလို ကိုယ်ကသွားပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ခေတ်တွေလည်း မနည်းခဲ့ပါဘူး။ ပြည်တွင်း မှာလည်း အာဏာစက်နဲ့ နယ်ပယ်ချဲ့ထွင်နိုင်ဖို့နဲ့ ဧကရာဇ် နိုင်ငံတော်ကြီး ထူထောင်နိုင်ဖို့အတွက် နှစ်ပေါင်းတစ်ထောင်အတွင်း စစ်မက်ဖြစ်ပွားခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုစစ်မီးနဲ့ ကြုံရတဲ့အခါတွေမှာ နှစ်ဖက်စစ်ပြေငြိမ်းရေးအတွက် သံတမန်တွေကို စေလွှတ်ရပါတယ်။ ဒါ့အပြင် တရုတ်လို အင်အားကြီးနိုင်ငံနဲ့ အိန္ဒိယကမဟာရာဇာတွေ၊ စူလတန်မင်းတွေနဲ့လည်း မြန်မာက သံအဆက်အသွယ်ရှိပါတယ်။ (၁၉) ရာစုထဲ ရောက်တဲ့အခါမှာ ဗြိတိသျှ၊ ပြင်သစ် စတဲ့အနောက်နိုင်ငံတွေနဲ့ မြန်မာဘုရင်တွေ အဆက် အဆံ ပိုများလာပါတယ်။ ကျော်ပုဂံ (ခေါ်) ဗီယက်နမ်၊ ပါရှား (ခေါ်) အီရန်နိုင်ငံတို့နဲ့လည်း မြန်မာသံတမန် အဆက်အသွယ်ရှိသလို တရုတ်ပြည်နဲ့လည်း ရာဇဝင်အစဉ်အလာအတိုင်း ဆယ်နှစ်တစ်ကြိမ် လက်ဆောင်ပဏ္ဏာလဲလှယ်ကြတဲ့ထုံးစံက မင်းတုန်းမင်းလက်ထက်အထိ တည်မြဲခဲ့ပါတယ်။ ပထမနဲ့ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွေဖြစ်အပြီး မြန်မာမင်းနိုင်ငံ နယ်နိမိတ်ပိုမိုကျုံ့ဝင်လာပြီးနောက် အင်းဝနဲ့ အမရပူရ မြို့တော်တွေမှာ ဗြိတိသျှသံကိုယ်စားလှယ်တွေ ရှိလာသလို မြန်မာဘက်ကလည်း လိုအပ်လာရင် အိန္ဒိယနဲ့ ဗြိတိန်အထိသွားပြီး စေ့စပ်ဆွေးနွေးရတာတွေ ရှိလာပါတယ်။ မင်းတုန်းမင်းလက်ထက်မှာတော့ အနောက်နိုင်ငံတွေအထိ သံတမန်တွေစေလွှတ်ပြီး မြန်မာ့ လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

မြန်မာမင်းအဆက်ဆက်လက်ထက်တော်က သံကြီးတမန်ကြီးများ

မြန်မာ့သမိုင်းနဲ့ ရာဇဝင်မှာ ထင်ရှားကျော်ကြားတဲ့ သံကြီးတမန်ကြီးတွေကတော့-

(၁)     မြန်မာဘက်က ပြည်ပကို ပထမဆုံးစေလွှတ်တယ်လို့ အထောက်အထားတွေ့ရတဲ့ သံအဖွဲ့ကတော့ အေဒီ ၈၀၂ ခုနှစ်၊ ပျူခေတ်မှာ တန်မင်းဆက်ခေတ် တရုတ်ပြည်ကို စေလွှတ်ခဲ့တဲ့ သံအဖွဲ့ခေါင်းဆောင် ပျူမင်းသားအိမ်ရှေ့မင်း နန်းရှင်သုနန္ဒရဲ့ လူ ၆ဝ ပါ သံအဖွဲ့ ဖြစ်ပါတယ်။ အေဒီ ကိုးရာစုက တရုတ်ပြည်သွားသံအဖွဲ့ပါ ပျူဂီတပညာရှင်တွေ ရဲ့ဗုဒ္ဓရဲ့ တံဆိပ်တော်၊ ကြိုးကြာငှက်လှည့်လည်ခြင်း၊ ဒေါင်းမင်းစတဲ့သီချင်းတွေနဲ့ ကကွက်တွေကို တရုတ် ဂန္ထဝင်စာပေတွေထဲမှာ အထင်အရှား မှတ်တမ်းတင်ထားပါတယ်။

(၂)      မြန်မာသမိုင်းအတွက် အထင်ရှားဆုံးသံတမန်ရေး ကြိုးပမ်းမှု တစ်ခုကတော့ (၁၃) ရာစု မှာ ဖြစ်ပွားခဲ့ပါတယ်။ ပုဂံနိုင်ငံကိုစေလွှတ်တဲ့ သံတွေကို ကွပ်မျက်ပစ်တဲ့အတွက် မွန်ဂို ကျူးကျော်မှုကြုံရပြီး နရသီဟပတေ့မင်း ပြည်အနောက်ဘက် လှည်းကျအထိ စုန်ဆင်းထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်မီး ငြိမ်းဖို့အတွက် လှည်းကျဆရာတော် ရှင်ဒိသာပါမောက် (ခေါ်) ဦးကျည်ပွေ့က တယ်တူခေါ် ဘေကျင်းမြို့တော်အထိ သွားပြီး ခန်မင်းကြီး(ခေါ်) ကူဘလိုင်ခန်ဆီမှာ မေတ္တာရပ်ခံပါတယ်။ “မင်းကြီးနိုင်သော ပြည်ကားများလည်း များစွ ကြီးလည်းကြီးစွ။ တံပြတိတ်ပြည်ကား အငယ်တည်း ဆိုတဲ့ ရှင်ဒိသာပါမောက် ကျောက်စာပါ တောင်းပန်စကားတွေကြောင့် ပြည်တွင်းမှာ ဝင်ရောက်တပ်စွဲနေတဲ့ တာတာစစ်သည်နဲ့ မဟာယနဘုန်းတော်ကြီးတွေ ပြန်လည်ဆုတ်ခွာရေးအတွက် အောင်မြင်စွာ စေ့စပ်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ပုဂံပြည်က မွန်ဂိုတပ်တွေ ပြန်ဆုတ်ပေးတယ်ဆိုပေမယ့် ပင်းယခေတ်အထိ မွန်ဂိုကျူးကျော်မှုရန်က ရှိနေခဲ့ပါတယ်။

(၃)     ပင်းယခေတ်၊ စတုရင်္ဂဗလအမတ်ကြီးဟာ မွန်ဂိုတာတာတွေ တပ်ရုပ်သွားနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းနိုင်ခဲ့ရုံမျှမက သင်းတွဲတူးမြောင်းဖောက်ရေးတွင်ပင် ဝင်ရောက်ကူညီ လုပ်ဆောင်ပေးခဲ့တဲ့အထိ သံတမန်ရေး ထူးချွန်လှသူဖြစ်ပါတယ်။

(၄)     အင်းဝခေတ်မှာတော့ ဟံသာဝတီနဲ့ အနှစ် ၄ဝ ကြာ စစ်ခင်းခဲ့ပါတယ်။ တစ်ကြိမ်မှာ အင်းဝကို စစ်ထိုးဖို့ တက်လာတဲ့ ရာဇာဓိရာဇ်ရဲ့ မွန်တပ်တွေကို စကြိုသူမြတ် ရဟန်းတော်ရဲ့ ဖျန်ဖြေမှုကြောင့် စစ်မထိုးဘဲ ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါ တယ်။ ဝန်မင်းဘိုးရာဇာဟာ မင်းလေးဆက်တိုင်အောင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာတွေမှာ အကြံဉာဏ်ကောင်း တွေ ပေးနိုင်ခဲ့လို့ ဘွဲ့၊ ရာထူး၊ ရွှေငွေ၊ ရတနာ၊ မြေယာတွေနဲ့ ချီးမြင့်မြှောက်စားခံခဲ့ရပါတယ်။

မောင်မောင်လင်း

(ဆက်လက်ဖော်ပြပါမည်)