Skip to main content

အတိတ်ကိုသင်ခန်းစာယူ သတင်းမှားတို့ကို ပြန်လည်သုံးသပ်ရင်း အနာဂတ်ကိုဖော်ဆောင်ရမည်

မင်းသော်

မိမိတို့နိုင်ငံသည် လက်ရှိတွင် အရေးပေါ်ကာလတစ်ရပ်ကို ဖြတ်သန်းနေကြရပြီး နိုင်ငံတော်၏ ကိစ္စအဝဝကို အိမ်စောင့်အစိုးရတစ်ရပ်ဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဦးဆောင်လျက်ရှိသည်။ မကြာသေးသည့် အတိတ်ကိုပြန်လည်သုံးသပ်ရလျှင် လက်ရှိကာလကို အစပျိုးခဲ့သည့် အရင်းအမြစ်ပြဿနာမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်၌ မဲဆန္ဒပေါင်း ၃၈ သန်းကျော်အနက် ၁၀ သန်းကျော်သည် ကြီးမားသည့် မဲမှားယွင်းမှုဖြစ်ခဲ့ပြီး မှတ်ပုံတင်မပါရှိသည့် မဲဆန္ဒပေါင်းလေးသန်းအထိ ရှိခဲ့ခြင်းမှ အစပြုခဲ့သည်။ မဲမသမာမှုများကို မသိကျိုးကျွန်ပြုကာ မိမိတို့ပါတီ အနိုင်ရရှိရေးကိုသာ တရားမဲ့လုပ်ဆောင်ခဲ့ကြသူများကြောင့်ပင် မြန်မာ့တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အားကာကွယ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ တစိုက်မတ်မတ် အကောင်အထည်ဖော်နေရခြင်းဖြစ်ပါသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ထိန်းသိမ်းကာကွယ်တည်ဆောက် အကောင်အထည်ဖော်ရာတွင် နိုင်ငံသားများဖြစ်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျပြီး အားလုံးပူးပေါင်း ပါဝင်မှသာ နိုင်ငံတော်သည် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုကို အလျင်မြန်ဆုံး ရရှိနိုင်မည် ဖြစ်ပါသည်။ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ထိုးနှက်တိုက်ခိုက်မှုများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးအရ ဖိနှိပ်ခြင်း၊ သံတမန်ရေးအရ ပစ်ပယ်ခြင်း၊ တည်ဆဲအစိုးရအား ဆန့်ကျင်နေသူများကို စစ်ရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်း၊ လေလှိုင်းအစိုးရတည်ထောင်၍ အဖျက်လုပ်ငန်းများလုပ်ဆောင်ခြင်း စသည့်နည်းလမ်းမျိုးစုံတို့ဖြင့် နိုင်ငံတော်အာဏာကို တွန်းလှန်ဖြိုဖျက်ရန် ကြိုးစားနေကြသည်။

အကြမ်းဖက်မှုတို့ကို ပြည်သူ၊ အစိုးရနှင့်နိုင်ငံ့ဝန်ထမ်းများ လက်တွဲညီစွာဖြင့် တွန်းလှန်တိုက်ဖျက်ခြင်းကြောင့် အဖျက်အင်အားစုများ၏ တိုင်းပြည်ပျက်စီးအောင် ကြိုးပမ်းနေခြင်းတို့မှာ အရာမထင်ဘဲဖွံ့ဖြိုးရေးလုပ်ငန်းများကိုပင် တိုးတက်ဆောင်ရွက် လာနိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း အဖျက်အမှောင့်လုပ်ငန်း အကြွင်းအကျန်များနှင့် တိုင်းပြည် တည်ဆောက်ရန် အခက်အခဲအချို့ကို ထည့်သွင်းစဉ်းစား၍ အခြေအနေမှန်ကို ပြည်သူများသိရှိ နားလည်ခြင်းမှသည် ပူးပေါင်းပါဝင်လာကြရန်လည်း လိုအပ်လျက်ရှိသည်။

ဒီမိုကရေစီအမည်ခံ၍ အပြစ်မဲ့ပြည်သူများနှင့် အများနှင့်ဆိုင်သော လမ်းတံတားများ၊ အဆောက်အအုံများ ဖျက်ဆီးခြင်း၊ ဘာသာနှင့် သာသနာတော်အပေါ် ခုတုံးလုပ်အပြစ်ရှာ၍ ညှိုးနွမ်းအောင်လုပ်ဆောင်ခြင်း၊ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များအပြင် ပညာရေးဝန်ထမ်း ဆရာဆရာမများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ခွင့်မရအောင် ကြံဆောင်ခြင်းများနှင့် အကြမ်းဖက်လူသတ်လုပ်ရပ်များမှာ နိုင်ငံတော်အနာဂတ် ပျက်စီးစေကြောင်းကို နိုင်ငံ တကာအသိုင်းအဝိုင်းနှင့် ပြည်သူအားလုံး သဘောပေါက်နားလည်စေရန်လည်း တစိုက်မတ်မတ် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။

သတင်းများကိုချင့်ယုံ

မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက “မြန်မာ အစိုးရသည် ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးခြင်းကို ရပ်တန့်လိုက် သည့်အတွက် မုန်တိုင်းဒဏ်သင့်ဒေသများသို့ ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခြင်းကို ပြတ်တောက်စေခဲ့သည်” ဟုပြောကြားခဲ့သည်။ အမှန်မှာ မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ် သို့ ကူညီထောက်ပံ့မှုများကို အချိန်မဆိုင်းစတင်ခဲ့ပြီး တပ်မတော်နှင့် အစိုးရက ကူညီမှုများကို ယနေ့တိုင်ပေးအပ်နေဆဲဖြစ်သည်။ သို့သော်နိုင်ငံတကာတွင် သတင်းအမှန်တို့ထက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သတင်းအမှားတို့ကသာ ကြီးစိုးထားသည်။

ထို့အတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံသည် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကိုသိသာစွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံသည် အာဆီယံထိပ်သီး အစည်းအဝေး သို့မဟုတ် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် အချိန်စောသေးသည်” ဟု မှတ်ချက်ပြုခဲ့ဖူးသလို၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် (Antony Blinken) ကလည်း “ဤရွေးကောက်ပွဲသည် ထောက်ထားငဲ့ကွက်ပေးခြင်းရှိသော်လည်း ကိုယ်စားပြုနိုင်ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ၏ အဓိကပါတီအားလုံးသည် (မြန်မာ့တပ်မတော်၏) ရွေးကောက်ပွဲကို ငြင်းဆန်ကြလိမ့်မည်။ ထို့အပြင်ကြီးမားသော သွေးထွက်သံယိုမှုများကိုလည်း ဖြစ်ပေါ်စေလိမ့်မည်” ဟု ပြောကြားခဲ့ခြင်းတို့မှာ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေကို မသိရှိဘဲ သတင်းအတု၊ သတင်းအမှားများကို အခြေခံ၍မှားယွင်းသော ကောက်ချက်များသာဖြစ်နေပါသည်။

ပြည်ပအင်အားစုများသည် လူမှုကွန်ရက်များကို ထိန်းချုပ်ထားကြပြီး နိုင်ငံတော်၏ တရားဝင်သတင်းစာမျက်နှာများကို ပိတ်ဆို့ကာ နိုင်ငံတော်၏ တံဆိပ်၊ လိုဂိုများကို ပေါ်ပေါ်တင်တင် ကူးယူအသုံး ပြုကြပြီး သတင်းတု၊ သတင်းမှားများဖြန့်ဝေကြ ရင်းအစိုးရနှင့် ပြည်သူအကြားအတိုက်အခံစိတ်များ ဖြစ်ပေါ်လာအောင် သွေးထိုးမှုကြောင့်ပင် ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့ရသည်။ အရေးပေါ်ကာလအစပိုင်းတို့တွင် အကြီးအကျယ်ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သော်လည်း နှစ်လအကြာတွင် လျော့နည်းလာကာ ခြောက်လအကြာတွင် ပုံမှန်အားဖြင့် တည်ငြိမ်မှု ရှိလာသော်လည်း နေ့ထူးနေ့မြတ်နှင့် အထိမ်းအမှတ်နေ့များတွင် သွေးထိုးလှုံ့ဆော်သူများကို တစ်ခါတစ်ခါ ပြန်လည်မြင်တွေ့ရတတ်သည်။

ပြည်သူကို အဆိပ်ခတ်ကြသူများ

ထို့အတူ နေ့စဉ်နှင့်အမျှ တပ်မတော်ကို မည်သို့မည်ပုံတိုက်ခိုက်အနိုင်ရရှိခဲ့သည်ဟူသည့် မဟုတ်မမှန်သတင်းများ၊ မြို့ရွာများကို သိမ်းပိုက်လိုက် နိုင်သည်ဟူသည့် သတင်းတုများကို ထုတ်လွှင့်လျက်ရှိသည့်အပြင် တပ်မတော်သားများ မည်ရွေ့မည်မျှ သေကျေပျက်စီးကြရသည်ဟူသည့် သတင်းမှားများကိုလည်း လူမှုကွန်ရက်တို့တွင် မြင်တွေ့ရသည်။ အကြမ်းဖက်အဖွဲ့များက ပိုမိုများပြားသောနယ်မြေများကို ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မြို့နယ် ၃၃၀ တွင် ၇၂ မြို့နယ် ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်းသတင်းမှားများကို မပြတ်ထုတ်ပြန်လျက်ရှိပြီး ပြည်သူလူထု၏ စိတ်တွင်းမှ တပ်မတော်၏အနေအထားကို ယိမ်းယိုင်စေရန် ကြံရွယ်နေသည်ကိုလည်း မြင်တွေ့ရသည်။

“လူသားချင်းစာနာမှုအကူအညီ”ကို ဗန်းပြ၍ မြန်မာ့တပ်မတော်ကို စုံစမ်းစစ်ဆေးပြီး သက်သေခံစုဆောင်းရန် ထောက်ခံအားပေးခဲ့ကြသည်ကိုလည်း မြင်တွေ့ရသည်။ ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှ ယနေ့အထိ USAID, NED, NDI တို့သည် NGO နှင့် NUG အဖွဲ့များ နှင့်ပူးပေါင်းပြီး အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ ထိုင်းနိုင်ငံတွင် စီမံရေးရုံးတည်ထောင်ပြီး Server တပ်ဆင်ကာပြည်တွင်းရှိ ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်သော သက်သေများကို နည်းလမ်းမျိုးစုံဖြင့် ရယူစုဆောင်း လျက်ရှိသည်။ (မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သဘောကျ ဆောင်ရွက်ပေးနိုင်ရန် ကလေးသူငယ်ဆိုင်ရာအခွင့် အရေးကိစ္စကို စုဆောင်းပေါင်းထည့်ထားသည်။)

USAID သည် တရားမဝင်ဖွဲ့စည်းထားသည့် လေလှိုင်းအစိုးရ NUG ၏ ကျန်းမာရေးဝန်ကြီးဌာနမှ တစ်ဆင့် ရန်ကုန်အွန်လိုင်းဆေးကုသရေးအဖွဲ့သို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၈ သန်း ထောက်ပံ့ပေးခဲ့သည်။ “ပဋိပက္ခဖြစ်ပွားနေသောဒေသများသို့ အရေးပေါ်ဆေးဝါးများ ထောက်ကူပေးခြင်း”ဟု အမည်ခံထားသော်လည်း လက်တွေ့တွင် မည်သည့်ပြည်သူများကိုမျှ ကုသမှုမပေး၊ ဆေးတစ်လုံးပင်မဖြန့်ဝေနိုင်ဘဲ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကျယ်ပြန့်စွာ စုံစမ်းစစ်ဆေး မှတ်တမ်းတင်နိုင်ရန်အတွက် ထောက်ပံ့ပေးခြင်း သက်သက်သာဖြစ်ကြောင်းကို နိုင်ငံတကာအသိုင်း အဝိုင်းကသိပါလေစ . . . ။

ပြည်ပနိုင်ငံများသည် ကာလရှည်ကြာစွာကပင် ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးခြင်းဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society) ကဲ့သို့သော တရားမဝင်အဖွဲ့အစည်း ရာပေါင်းများစွာကို မွေးထုတ်ပျိုးထောင်ခဲ့ပြီး သတင်းစုံစမ်းခြင်း၊ အစိုးရကို ဝေဖန်အပြစ်တင်ခြင်း၊ ဝါဒဖြန့်ခြင်းနှင့် ယဉ်ကျေးမှုနှင့် ဘာသာသာသနာဖျက်ဆီးခြင်းစသည့် စွမ်းရည်များကို အထူးသင်ကြားပေးခဲ့သည့် အပြင် NLD အစိုးရလက်ထက် အကြံပေးအရာရှိများ မှတစ်ဆင့် အစိုးရ၏ဝါဒပေါ်လစီများနှင့် လျှို့ဝှက် ချက်များကို ဝင်ရောက်စွက်ဖက်ခြင်း၊ ရှောင်တာနယ် (SeanTurnell) အပါအဝင် Evan Gershkovich စသည့် ပြည်တွင်းရှိ အနောက်တိုင်းအရာရှိများသည် နိုင်ငံတော်လျှို့ဝှက်ချက်များကို ကာလရှည်ကြာစွာ စုံစမ်းထောက်လှမ်းခဲ့ကြလျက် အစိုးရဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီးများကို ဆန္ဒပြခြင်း စသည့်အတိုက်အခံလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်စေခဲ့ကြောင်းကို ထည့်သွင်း သတိပြုရန် လိုအပ်ပါသည်။

လက်ရှိကာလသည် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်ဖြစ်ရာ သတင်းအချက်အလက်အမှန်ရရှိရေးသည် အလွန်အရေးကြီးပြီး အခြေအနေမှန်ကို သုံးသပ်နိုင်မှသာ တိုင်းပြည်အတွက် ဖြည့်ဆည်းနိုင်ကြမည်ဖြစ်ရာ မိမိတို့ပြည်သူအားလုံးကလည်း သတင်းအမှားများကို ဖယ်ရှား၍ မှန်ကန်သည့်အသိအမြင်တို့ကို ရရှိပိုင်ဆိုင်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ရာ၌ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။