ယဉ်ကျေးမှုသည် ကိုယ်ပိုင်အလှတရား
သီဟစည်သူ
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာနှင့်တန်ဖိုးကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။
အဆိုပါ ပြိုင်ပွဲကြီးသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မြန်မာ့အနုသုခုမပညာရှင်များ မျှော်လင့်တောင့်တ အားပေးအားမြောက် ပြုကြသည့် ပြိုင်ပွဲကြီးဖြစ်သကဲ့သို့ မြန်မာ့ရိုးရာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက်သစ်အနုပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရေးတို့အတွက် များစွာအရေးပါသော ပြိုင်ပွဲကြီးလည်းဖြစ်သည်။ ယဉ်ကျေးမှု၏ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်တွင် သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားနေသော လူနေမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိသော ဓလေ့ထုံးတမ်းများဟူ၍ ဖော်ပြထားသည်။
တစ်ဖန်ယဉ်ကျေးမှုကို မနုဿဗေဒပညာရှင်များက လူ့သမိုင်းစဉ်တစ်လျှောက်လုံးပင်ဖြစ်သည်ဟု ဖွင့်ဆိုခဲ့ကြသည်။ ၎င်းတို့က လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုသည်မှာ ထိုလူမျိုးတို့၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ ထုတ်လုပ်သုံးစွဲသောပစ္စည်းများ၊ ပြောဆိုသော ဘာသာစကား၊ ဝတ်စားဆင်ယင် ထုံးဖွဲမှု၊ ယုံကြည်ကိုးကွယ်မှု၊ လူမှုဆက်ဆံရေးစနစ်၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်နှင့်အယူအဆ၊ လက်မှုအနုပညာနှင့် သုခုမအနုပညာတို့ ပေါင်းခြုံထားခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့ကြပေသည်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) ကမူ ယဉ်ကျေးမှု အမွေအနှစ်ဟူသည်မှာ အဆောက်အအုံများ၊ ပြတိုက်များတွင် စုဆောင်းထားရှိသော ရုပ်ဝတ္ထုပစ္စည်းများ စသည်တို့သာမကဘဲ လူသားတို့၏ ဘိုးဘေးဘီဘင် အစဉ်အဆက်မှ လက်ဆင့်ကမ်းလာခဲ့ကြသည့် ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ၊ ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊ လူမှုရေး အစဉ်အလာအလေ့အထများ၊ ရိုးရာဓလေ့များနှင့် ပွဲတော်များ၊ သဘာဝနှင့် စကြဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာအလေ့အထများ၊ ရိုးရာလက်မှုပညာရပ်များတို့ ပါဝင်ကြောင်း သတ်မှတ်ထားပါသည်။ ယနေ့ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုများ (Globalization) ကြီးထွားလာပြီး ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့၏ယဉ်ကျေးမှုများအား ထိန်းသိမ်းရာတွင် ဒြပ်မဲ့ယဉ်ကျေးမှုများကို အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
မြန်မာ့လူသားယဉ်ကျေးမှုအစ
လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀ ခန့်ကဟု ယူဆရသည့် အံသွားပါသည့် ပရိုင်းမိတ်မေးရိုးပုံတောင် ဂျီးယား (Pondaungia) ကျောက်ဖြစ်ရုပ်ကြွင်းကို ၁၉၇၈ ခုနှစ် ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိကဦးဘမော်နှင့်အဖွဲ့သည် ပုံတောင်ဒေသ မိုးကောင်းရွာအနီး သံတောင်အရပ်တွင် တွေ့ရှိခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ထိုအချိန်ကတည်းက လူတူပရိုင်းမိတ်များတည်ရှိရာ နိုင်ငံဖြစ်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ကမ္ဘာ့လူမျိုးအစပုံတောင်ပုံညာကဟု ကမ္ဘာ့ပညာရှင်များက အသိအမှတ်ပြုခဲ့ကြသည်။
“မြန်မာနိုင်ငံ၌ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ကြောင်းကို မြန်မာပြည်အထက် အညာဒေသတွင် အများဆုံးတူးဖော်တွေ့ရှိခြင်းကြောင့် မြန်မာ့ကျောက်ခေတ်ယဉ်ကျေးမှုကို အညာသား ယဉ်ကျေးမှု (Anyathian Culture)ဟု သုတေသီများက အသိအမှတ်ပြုခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ ခန့်ကပင် လူများနေထိုင်ခဲ့ကြသည်ဟု ဆိုပါသည်။ မြန်မာ့ရေမြေတွင် လွန်ခဲ့သော အနှစ်သန်း ၄၀ က လူတူပရိုင်းမိတ်မှစ၍ လွန်ခဲ့သော အနှစ်တစ်သန်း တစ်သိန်း၊ တစ်သောင်းမှသည် ကျောက်ချောခေတ် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ခန့်အထိ မြန်မာလူသားမျိုးရင်းများ အဆက်မပြတ် နေထိုင်ခဲ့သည်ကို တွေ့ရပါ၏။
မြန်မာနိုင်ငံတွင် ကျောက်ခေတ်အသီးသီးကို လွန်မြောက်ပြီး ကြေးလက်နက်ပစ္စည်းများကို စွဲကိုင်အသုံးပြုသော ကြေးခေတ်သည်လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်ကစတင် ရောက်ရှိခဲ့သည်။ ထို့နောက် ကမ္ဘာတွင်ရော မြန်မာမှာပါ ကြေးခေတ်ကို သံခေတ်က ဆက်ခံခဲ့သည်။” ဟု ဒေါက်တာတင်သိန်း(ဘူမိဗေဒ)၏ “လူသားအစ မြန်မာက” စာအုပ်ကို ကိုးကား၍ စာရေးဆရာ ချစ်စံဝင်းက မြန်မာအစမြန်မာက ဆောင်းပါးတွင် ဖော်ပြထားသည်။
မြန်မာအစမြန်မာက
ထို့အတူ “တကောင်းကို လေ့လာသောအခါ တကောင်းတွင် ကျောက်ခေတ်နေလူသားတို့နေထိုင်ခဲ့သော ဂူများကျောက်ကြမ်း၊ ကျောက်လယ်၊ ကျောက်ချောခေတ်ပစ္စည်းများ ကြေးခေတ်နှင့် သံခေတ်ပစ္စည်းများ သံချက်ဖိုကြီးများကို တွေ့ရှိရသောကြောင့် တကောင်းသည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်လောက်မှစ၍ မြန်မာနိုင်ငံသားတို့နေထိုင်ခဲ့သောအရပ်ဟု ဆိုနိုင်ပါ၏။ ပြဒါးလင်းဂူတွင် ကျောက်လက်နက်ပစ္စည်း ပြုလုပ်သော အလုပ်ရုံကို တွေ့ရှိခြင်းသည် ပြဒါးလင်းဂူမှပန်းချီများ အဆင့်အတန်းမြင့်မားခြင်းတို့သည် ရှေးအစဉ်အဆက် မြန်မာရေမြေပေါ်တွင် နေထိုင်ကြသော သူတို့ကုန်ထုတ်ပစ္စည်းများ၊ အနုပညာဖန်တီးမှုများ မိမိတို့ဘာသာ မိမိတို့ပြုလုပ်နေထိုင်ခဲ့ကြသည်ကို ပြဆိုလျက်ရှိပါ၏။ ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ်အခါက နိုင်ငံပိုင်းခြားသတ်မှတ်မှုမရှိဘဲ မိမိတို့လူအုပ်စု အလိုက်ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်မှုရှိလေရာ အခြားတစ်ပါးမှ လူမျိုးများ ဝင်ရောက်လာမှုသည်လည်း ပြဿနာတစ်ရပ် မဟုတ်ဘဲ အတူတကွ ယဉ်ကျေးမှုခြင်း ရောနှောနေထိုင်နိုင်ကြသည်။
တိုင်းတစ်ပါးမှ ဝင်ရောက်လာသူတို့သည် မြန်မာဒေသနေလူသား မျိုးရင်းများထက် အုပ်ချုပ်မှုပညာ ပိုမိုတတ်ကျွမ်းသူများ ဖြစ်နိုင်သည်။ ဒေသခံ မြန်မာလူသား မျိုးရင်းအနွယ်များသည် မိမိတို့ရှိရင်းစွဲ ယဉ်ကျေးမှုအစဉ်အလာများ ရာသီဥတု သဘာဝပတ်ဝန်းကျင် အတွေ့အကြုံများ၊ ဘဝအတွေ့အကြုံများနှင့် ဝင်ရောက်လာသောလူမျိုးများ၏ အုပ်ချုပ်မှုမြို့ပြ တည်ထောင်မှု၊ အတတ်ပညာများ ပေါင်းစပ်နေထိုင် လာကြမည်ဖြစ်ရာ မြန်မာ၏အစသည် မြန်မာပြည်တွင်း၌သာ စတင်ခဲ့သည်ဟု ဆိုဖွယ်ရာသာ ရှိပါတော့သတည်း။” ဟု ဆရာချစ်စံဝင်းက မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ၊ စာ ၂၆၃ တွင် ဖော်ပြထားသည်။
ဆိုလိုရင်းမှာ ယဉ်ကျေးမှုဟူသည် လူမျိုးတို့၏ အစဉ်အလာ၊ စရိုက်လက္ခဏာ၊ ရေမြေတောတောင် သဘာဝအပေါ်အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်ပေရာ လူသားမျိုးနွယ်အစဟုပင် ခေါ်ဆိုရလောက်သည့် ကျောက်ခေတ်မှသည် ယနေ့အချိန်အထိ မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာများသည် ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာခဲ့ခြင်း၏ သက်သေအထောက်အထားများစွာကို တကောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ ပုဂံမြို့များကို တူးဖော်ရာမှ တွေ့ရှိခဲ့သည့် အထောက်အထားများက သက်သေပြလျက် ရှိပေသည်။ ထိုထိုသောအထောက်အထားများကြောင့်ပင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာနှင့် ပုဂံမြို့များသည် ကမ္ဘာ့အမွေအနှစ် နေရာများအဖြစ် သတ်မှတ်ခံရပြီး မြန်မာ့ဂုဏ်ကို ဆောင်လျက်ရှိပေပြီ မဟုတ်ပေလော။
အဓိကသွင်ပြင်လက္ခဏာများ
မြန်မာနိုင်ငံသည် မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ပြည့်စုံသည့် နိုင်ငံဖြစ်ပေရာ နိုင်ငံ၏သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာဒြပ်ရှိဒြပ်မဲ့ အထောက် အထားများအပြင် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှုအနုသုခုမ အစဉ်အလာများသည် မြန်မာနိုင်ငံ၏ ထူးခြားပေါ်လွင်သည့် အဓိကသွင်ပြင်လက္ခဏာများပင် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဩဂုတ် ၁၁ ရက်က ပြုလုပ်သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မ (၂၇)အရ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည့်အချက်ကိုလည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော်အနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ကြောင်းနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည့်အချက်ကို လည်းကောင်း၊ ပုဒ်မ ၃၉၀(က)အရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအချက်ကိုလည်းကောင်း အထူးအလေးထားကာ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိပါသည်။
ယဉ်ကျေးမှုအမွေအနှစ်သည် နိုင်ငံတစ်နိုင်ငံအတွက် အဖိုးအနဂ္ဃထိုက်တန်သော ရတနာတစ်ပါးဖြစ်ပေသည်။
ယဉ်ကျေးမှုအမွေအနှစ်သည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ တန်ဖိုးထားအပ်သည့်အရာ ဖြစ်သည်။ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား လာခြင်းသည် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မားလာခြင်း၏ ပြယုဂ်ပင်ဖြစ်သည်။ ဘာသာအယူဝါဒများ၊ ဓလေ့ထုံးစံများ၏ အဆုံးအမနှင့် လမ်းညွှန်မှုများအောက်တွင် ကိုယ်အမူအရာနှင့် စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့ခြင်း၊ စာနာထောက်ထားခြင်း၊ ခေတ်မီတိုးတက်သည့်၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ ထူထောင်ခြင်း၊ ယဉ်ကျေးလာအောင်ပြုလုပ်ခြင်း၊ ခေတ်ကာလအလျောက် ထွန်းကားလာသော ယဉ်ကျေးမှုအနုပညာများကို ခံစားနားလည်ခြင်း၊ မြတ်နိုးတန်ဖိုးထားခြင်း၊ အဆိုပါ အစဉ်အလာကောင်းများ ဓလေ့ထုံးတမ်းများကို အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်ခြင်းများသည်ပင် ယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သည်။
မြန်မာတို့၏ ကိုယ်ပိုင်အလှတရား
ထို့အတူ အလှတရားဆိုသည်မှာ လူပုဂ္ဂိုလ်၊ တိရစ္ဆာန်၊ နေရာ၊ အရာဝတ္ထု သို့မဟုတ် အတွေးအမြင်တို့မှနေ၍ ပျော်ရွှင်မှု၊ အဓိပ္ပာယ်ရှိမှု၊ ကျေနပ်နှစ်သိမ့်မှု စသည်တို့ကို ခံစားသိရှိစေနိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ အလှတရားကို အနုသုခုမ ဒဿနပညာ၊ လူမှုဗေဒ၊ လူမှုရေးဆိုင်ရာ စိတ်ပညာနှင့် ယဉ်ကျေးမှုအစရှိသည့် ဘာသာရပ်တို့၏ အစိတ်အပိုင်းတစ်ခု အနေဖြင့် လေ့လာကြလေ့ရှိသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုသည် မြန်မာတို့၏ ကိုယ်ပိုင်အလှတရားပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်း ၁၃၅ မျိုးတို့ဖြင့် ဖွဲ့စည်းထားရှိပေရာ အရောင်အသွေးစုံလင်လှသည့် ယဉ်ကျေးမှုနှင့်အလှတရားပေါင်းစုံတို့၏ ပေါင်းစည်းရာ နိုင်ငံတစ်နိုင်ငံဟုဆိုလျှင်ပင် မမှားနိုင်ပေ။
ထို့ကြောင့်ပင် “ယဉ်ကျေးမှုပယ်၊ လူမျိုးကွယ်မည်၊ မပြတ်အစဉ်သတိယှဉ်၍၊ စောင့်ရှောက်ကြ လေတို့အမွေ” ဆိုသည့်အတိုင်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ တစ်ပါးသူများက တန်ဖိုးထားလာမည်ဖြစ်သည်။ ထို့ပြင် ဘိုးဘွားဘီဘင် အစဉ်အဆက်က ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် ယဉ်ကျေးမှုနှင့် အနုပညာကို ခေတ်စနစ်နှင့်အညီ တည်ဆောက်ဖန်တီးနိုင်မှသာ ယဉ်ကျေးသော လူမျိုးအဖြစ် ဂုဏ်ယူနိုင်မည်ဖြစ်သည်။ ဒြပ်ရှိယဉ်ကျေးမှုများကို သဘာဝဘေးအန္တရာယ်များနှင့် လူတို့အန္တရာယ်များ ကျရောက်မှုမှ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှုများမှာ တိုင်းရင်းသားလူမျိုးများ အားလုံးကြားတွင် တည်ရှိနေသဖြင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထိုသို့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးပါလှသည့် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးများကို နိုင်ငံတော်အစိုးရကကြီးမှူး ကျင်းပပေးနေခြင်းသည် မြန်မာမှုအနုသုခမနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးကြသူများအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပေသည်။ ယင်းကဲ့သို့ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အမျိုးသားရေး ဓလေ့စရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့် တာဝန်မှာလည်း နိုင်ငံတော်အစိုးရတွင်သာမက အမိမြန်မာနိုင်ငံသားတိုင်းအပေါ်တွင် တည်ရှိနေပေသည်။ အဘယ့်ကြောင့်ဆိုသော် “ကမ္ဘာမကျေ၊ မြန်မာပြည်၊ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဟု သံပြိုင်ဟစ်ကြွေးခဲ့ကြပြီး မဟုတ်ပါလော။ ။
ကိုးကား -
(၁) https://myanmar.gov.mm/my/culture-heritage
(၂) ၁၂-၈-၂၀၂၃ ရက်နေ့ထုတ်၊ မြန်မာ့အလင်း သတင်းစာ။
(၃) မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ စာအုပ်၊ ချစ်စံဝင်း။