“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၄) (ရခိုင်ပြည်နယ်အစိုးရအဖွဲ့)
မြင့်စိုး(နတလ)
မိုခါအလွန် ရခိုင်ဒေသ
ရခိုင်ပြည်နယ်အတွင်းသို့ “မိုခါ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်သည့် အချိန်ကာလမှာ စက်တင်ဘာ ၁၄ ရက်က လေးလပြည့်ခဲ့ပြီ။ မုန်တိုင်းဒဏ်သင့် မေလ ၁၄ ရက်နေ့ မှ ယနေ့ချိန်အထိ ကာလတစ်လျှောက်လုံး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ အနီးကပ်ကြီးကြပ်ကွပ်ကဲနေသော ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကဏ္ဍအလိုက် ပူးပေါင်းကူညီဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်မှုများနှင့် စနစ်တကျဖွဲ့စည်းဆောင်ရွက်မှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးကိန်းဂဏန်းများဖြစ်အောင် လျှော့ချတုံ့ပြန်နိုင်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံတော်တော်များများက မျှော်မှန်းထားသလောက်၊ ထင်သလောက်မဖြစ်ပွားအောင် တားဆီးကာကွယ်နိုင်ခဲ့သည်။ မိုင် ၁၀၀ ကျော် လေတိုက်နှုန်းပြင်းအားက မကြီးမား၍မဟုတ်၊ ကွပ်ကဲကြပ်မတ်သူများ၏ အမြော်အမြင်ကြီးမားမှု၊ ကြိုတင်စုဖွဲ့စီမံဆောင်ရွက်နိုင်မှု၊ အဖွဲ့အစည်းအဆင့်ဆင့်၏ အမိန့်နာခံတတ်မှု၊ အရေးကြီးလျှင် သွေးနီးတတ်သော မြန်မာ့စိတ်ဓာတ်၊ စိတ်ရင်းစိတ်ထားတို့ကြောင့် “မိုခါ” သည် ရခိုင်ဒေသကို ဦးညွတ်ထွက်ခွာသွားခဲ့သည်။
“မိုခါ” အလွန်ကာလတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လျင်မြန်သွက်လက်စွာ ဆောင်ရွက်ခဲ့ကြပြီးနောက် ရခိုင်ဒေသသည် မူလအခြေအနေနီးပါးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုမူ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပေးနေဆဲဖြစ်သည်။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်သို့ အစောဆုံးရောက်သည့်အထဲတွင် မပါဝင်သော်လည်း နောက်အကျဆုံးပြန်ခဲ့သူများမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စာရေးသူကျွန်တော်တို့ဖြစ်ပါသည်။ ဇူလိုင်လ ၃၁ ရက်တွင် စစ်တွေမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြ၏။ မပြန်ခင်လေးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဦးဆောင်၍ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီက ကြီးမှူးကျင်းပသော မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမှာ ကျွန်တော်တို့သုံးဦးစလုံး ပါဝင်ဆင်နွှဲခဲ့ကြသေးသည်။ ဌာနဆိုင်ရာဝန်ထမ်းများ (သက်ကြီးဝန်ထမ်းများ)နှင့် စစ်တွေတက္ကသိုလ်မှ သမီးပျိုလေးများအသင်းတို့ ကစားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုများချီးမြှင့်ခဲ့သည်။
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ ကျင်းပ
မကြာမီနေပြည်တော်၌ ကျင်းပပြုလုပ်တော့မည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ဘာသာရပ်အလိုက် အဆင့်မီစွာဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်ပွဲများ ရယူနိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း ခရိုင်အဆင့်ပြိုင်ပွဲများကို စက်တင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်ယှဉ်ပြိုင်ခဲ့ကြသည်။ မောင်တောခရိုင်၊ တောင်ကုတ်ခရိုင်၊ ကျောက်ဖြူခရိုင်၊ အမ်းခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့်သံတွဲခရိုင်တို့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့သည်။
လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်ထဲမှ လူမှုရေးဦးတည်ချက်(၃)ရပ်သည် နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးတို့အတွက် ဦးတည်ချက်များ ချမှတ်ကျင့်သုံးနေခြင်း ဖြစ်ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် စစ်တွေခရိုင် ပြန်/ဆက်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ စစ်တွေတက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ နည်းပြဒေါ်မေဘုတို့ ဦးဆောင်၍ ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူခြောက်ဦးတို့က လူငယ်နှင့်လောကနီတိ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများနှင့်လည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းနှင့် အကဖျော်ဖြေရေး အစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။ ဤမြင်ကွင်း၊ ဤလှုပ်ရှားမှုများသည် မိုခါမုန်တိုင်း အလွန်ကာလရခိုင်ပြည်နယ်၏ လန်းဆန်းတက်ကြွသော၊ လင်းလက်တောက်ပသော၊ စဉ်ဆက်မပြတ် ရှင်သန်လှုပ်ရှားနေသော ပုံရိပ်များအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
စစ်တွေညဈေး ဖွင့်လှစ်ပြီ
သည်တစ်ခါမှာတော့ဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ထူးခြားသော စွမ်းဆောင်မှု တစ်ခုပေါ်ထွက်လာခဲ့သည်။ စစ်တွေမှာ ညဈေးဖွင့်လှစ်လိုက်ပြီ…တဲ့။ စက်တင်ဘာ ၉ ရက် ညနေပိုင်းက စစ်တွေမြို့ ကမ်းနားလမ်းနှင့်အကောက်ရုံလမ်းဆုံ၊ သံပုရာသီးခွဆုံနေရာ၌ ညဈေးဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တပျော်တပါး တက်ရောက်ကြပါသည်။ ၎င်းညဈေးတန်းတွင် အစားအသောက် ဆိုင်ခန်း ၂၀၊ မုန့်ပဲသရေစာဆိုင်ခန်း ၃၃ ခန်း၊ လူသုံးကုန်ပစ္စည်းဆိုင်ခန်း ၂၄ ခန်း၊ အထွေထွေပစ္စည်းဆိုင်ခန်း ၁၀ ခန်း စုစုပေါင်း ၈၇ ခန်းဖြင့် စတင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုထက်ပို၍ စည်ကား များပြားလာပါက နေရာတိုးချဲ့စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညဈေးဖွင့်လှစ်သည့် ရည်ရွယ်ချက်လည်းကောင်းပါသည်။ စစ်တွေမြို့တွင်း အဓိကလမ်းများ၌ အလျဉ်းသင့်သလို ဈေးဆိုင်များ တည်ဆောက် ၍ ရောင်းချနေကြသူများ၊ လမ်းဘေးဈေးရောင်းသူများ၏ စားဝတ်နေရေးအဆင်ပြေစေရန်၊ မြို့သန့်ရှင်းသာယာလှပမှုကို မထိခိုက်စေရန်၊ ပြည်သူလူထုစိတ်အပန်းပြေစွာဖြင့် ဝယ်ယူအားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ရခိုင်ပြည်နယ် စစ်တွေမြို့သည်လည်းပဲ အခြားပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှ မြို့ကြီးများနည်းတူ ရင်ပေါင်တန်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ မိုခါမုန်တိုင်းသင့် ရခိုင်ဒေသမှာ ယခုကဲ့သို့ညဈေးဖွင့်လှစ်ခြင်း၊ လူငယ်စကားဝိုင်းများ၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် ရခိုင်ပြည်နယ်သူ ပြည်နယ်သားတို့၏ စိတ်ဓာတ်ခွန်အား ပြန်လည်မြင့်မားလာမှုကို မီးမောင်းထိုးပြလျက်ရှိသည်။ အချိန်ကာလ လေးလတာအတွင်း ယခုလိုကျော်ဖြတ် နိုင်ဖို့ရာမှာ လွယ်ကူလှသည်တော့မဟုတ်ချေ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းအပေါ် ရင်ဆိုင်တုံ့ပြန် ဆောင်ရွက်ခဲ့မှုများကို အောက်ပါအတိုင်း ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လေ့လာသိရှိခဲ့ရပါသည်-
ကြိုတင်အမိန့်များ ထုတ်ပြန်အသိပေး
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအတိုင်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် သတင်းများကို ၇၂ နာရီအတွင်း ကြိုတင်ရရှိချိန်တွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ၄၈ နာရီ ကြိုတင်ရရှိချိန်၊ ၁၂ နာရီ ကြိုတင်ရရှိချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ခရိုင်ခုနစ်ခုဖြစ်သည့် စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းခရိုင်များသို့ ၂၀၂၃ ခုနှစ် မေလ ၅ ရက်ကတည်းက ထုတ်ပြန်ပေးခဲ့ကြောင်း တွေ့ရသည်။ မိုခါမုန်တိုင်းမဝင် ရောက်မီ ၁၀ ရက် အလိုကတည်းကဖြစ်၏။ ဒေသအလိုက် မုန်တိုင်းသတင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေးရန်၊ ဆက်သွယ်မှု မပြတ်တောက်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်၊ သရုပ်ပြလေ့ကျင့်မှုများ ကြိုတင်ပြုလုပ်ကြရန်၊ အရန်ရေ၊ ရိက္ခာ၊ ဆေးဝါးများ စုဆောင်းထားရှိရန်၊ အရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ ရွှေ့ပြောင်း သိမ်းဆည်းရန်၊ အရေးပေါ်စုရပ်နေရာများ သတ်မှတ်ထားရန်၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်ကြရန် စသည်တို့ပါဝင်သည်။ ထို့ပြင် မုန်တိုင်းဝင်ရောက် တိုက်ခတ်ဖြတ်သန်းချိန်တွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ကြိုတင်ဖြန့်ဝေပေးပို့ထားကြောင်း တွေ့ရသည်။ ကြိုတင်ထုတ်ပြန်ချက်များထဲတွင် ဒေသတွင်း ငါးဖမ်းလှေများအားလုံး ပင်လယ်ပြင်သို့ ရက်ရှည်သွားလာမှုကို မေလ ၆ ရက်မှစ၍ ခွင့်မပြုရန်၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချိန်တွင် အသုံးပြုရန်အတွက် ခရိုင်အလိုက် ဖိုက်ဘာလှေများ ခွဲဝေထားရှိရန်၊ ခရိုင်အလိုက်တင်ပြထားသည့် ကယ်ဆယ်ရေးပစ္စည်း လိုအပ်ချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ တင်ပြရန်၊ ဆေးရုံ၊ ဆေးခန်းများတွင် ကလိုရင်းဆေးရည်မှအစ လိုအပ်သောဆေးဝါးများ ကြိုတင်စုဆောင်းထားရှိရန်၊ မုန်တိုင်းကျရောက်နိုင်သော ဒေသအားလုံးတွင် အရေးပေါ်စားသုံးနိုင်ရန်အတွက် Ready Made Food များ စီစဉ်ထားရှိရန်၊ ပြည်နယ်အတွင်း SSB ဆက်သွယ်ရေးစက်များ အသုံးပြုနိုင်ရန်အတွက် အနောက်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်နှင့် ဆက်သွယ်၍ စစ်ဆေးပြင်ဆင်ထားရန်တို့ပါဝင်သည်။
ခရိုင်အလိုက် ကြိုတင်စီမံဆောင်ရွက်မှုများ ပြုလုပ်သကဲ့သို့ မေလ ၁၁ ရက်မှ ၁၃ ရက်အထိ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူဒေသများရှိ IDP စခန်းများသို့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး၍ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများကို ဦးစားပေးရွှေ့ပြောင်းပြီး ကျန်သူများကိုပါ အသုတ်လိုက် ပြောင်းရွှေ့ပေးခဲ့ရာ IDP စခန်း ၁၇ ခုမှ ရွှေ့ပြောင်းရန်လိုအပ်သော လူဦးရေ ၆၃၃၀၂ ဦးကို ဘေးလွတ်ရာ နေရာဒေသများသို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးချိန်မှာလည်း ထိုနေရာများအတွက် ရိက္ခာနှင့်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။
Command Post များ ဖွဲ့စည်းထားရှိ
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး၊ သတင်းထုတ်ပြန်ရေး၊ အချက်အလက်များ တိကျစွာ စုဆောင်းနိုင်ရေးနှင့် သဘာဝဘေးဒဏ်ခံ ပြည်သူ များ ပြန်လည်နေရာချထားနိုင်ရေးအတွက် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် မေလ ၅ ရက်တွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ် Command Post အဖွဲ့ ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအားဥက္ကဋ္ဌ တာဝန်ပေး၍အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ၎င်းပြင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာရုံးအဖွဲ့များကိုလည်း တစ်ပါတည်းဖွဲ့စည်းပေးကာ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့သည်။
အလားတူခရိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ် Command Post များကိုလည်းမေလ ၇ ရက်တွင် အပြီးဖွဲ့စည်းထားရှိရေး ညွှန်ကြားဆောင်ရွက်ခဲ့သည်။ ခရိုင်၊ မြို့နယ်များအလိုက် လုံခြုံရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကနဦးလိုအပ်ချက်များ စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုများ အတည်ပြုရေး၊ လိုအပ်ချက်များ စိစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများကိုလည်း ကြိုတင်ဖွဲ့စည်းကာ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။
မုန်တိုင်းမဝင်ရောက်မီ တစ်ရက်အလို
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော၊ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၅ မိုင်မှ ၁၁၅ မိုင်ခန့်ဖြင့် တိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုရှောင်ရှားကြပါရန် သတိပေးချက်များကို ၂၀၂၃ ခုနှစ် မေလ ၁၃ ရက် နံနက် ၇ နာရီ အချိန်မှ စတင်ထုတ်လွှင့်ပေးနေပါသည်။
ယင်းထုတ်ပြန်ချက်များအပေါ် အလေးထား၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များသို့ လိုအပ်သောအမိန့်ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ညွှန်ကြားခဲ့သည်။ ယင်းညွှန်ကြားချက်များထဲ၌ ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး လိုအပ်သောအင်အားနှင့် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေးအတွက်ခရိုင်နှင့် မြို့နယ်အလိုက် ကြီးကြပ်ဆောင်ရွက်ကြရေး၊ စည်ပင်သာယာရေးအဖွဲ့များသည် မြို့နယ်များအလိုက် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များ၊ Bill Board များ ဖြုတ်သိမ်းထားကြရေး၊ ရေတွင်း၊ ရေကန်များအတွင်းသို့ ရေငန်များဝင်ရောက်မှုမှ တားဆီးကာကွယ်ရန် ကြိုတင်စီမံဆောင်ရွက်ထားကြရေး၊ ရေချိုများသိုလှောင်ထားရှိရေး၊ လျှပ်စစ်အန္တရာယ် မကျရောက်စေရေးနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီးမှုနည်းပါးစေရေး၊ ဆေးရုံ၊ ဆေးခန်းများကဲ့သို့ အရေးပေါ်နေရာများသို့ အရန်မီးစက်များဖြင့် မီးပေးနိုင်ရေး၊ ခရိုင်အလိုက်ဆန်အိတ်များ ကြိုတင်သိုလှောင်ရန်အတွက်နေရာ စီစဉ်ထားရှိရေး၊ စက်သုံးဆီများ သုံးစွဲရန်လိုအပ်လာမည်ဖြစ်၍ ကြိုတင်စီမံဆောင်ရွက်ထားရေးတို့ကို ထုတ်ပြန်ပေးခဲ့သည်။ ယင်းထုတ်ပြန်ချက်များထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ ကိုရင်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ မုန်တိုင်းကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စများ အခက်အခဲ မရှိစေရေးအတွက် ကပ္ပိယအဖွဲ့များ ကြိုတင်စုဖွဲ့ဆောင်ရွက်ထားရှိရန်၊ လိုအပ်ချက်ရှိပါက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့နှင့် သက်ဆိုင်ရာ Command Post များသို့ ဆက်သွယ်ဆောင်ရွက်ကြရန်အတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သာသနာရေးမှူးများသို့ ညွှန်ကြားမှုများလည်း ပါဝင်ပါသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်မျှော်တွေး၍ ဆောင်ရွက်ခဲ့သော လုပ်ငန်းများထဲတွင် အခြေခံစားသောက်ကုန်များ ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။ မုန်တိုင်းကို အကြောင်းပြု၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်းမပြုလုပ်စေရေး၊ စားသုံးဆီအပါအဝင် အစားအသောက်များကို ရောနှောရောင်းချခြင်း၊ သက်တမ်းလွန်ပစ္စည်းများကိုရောင်းချခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်စေရန် ဈေးကွက်ကို ချုပ်ကိုင်ထားခြင်းများ မပြုလုပ်နိုင် စေရန်အတွက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ရခိုင်ပြည်နယ် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီကို အဖွဲ့ဝင်ခုနစ်ဦးဖြင့် ကြိုတင်ဖွဲ့စည်းကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
မိုခါကိုရင်ဆိုင်၍ အနိုင်ယူခဲ့သည်
မေလ ၁၄ ရက် နံနက်ပိုင်းမှစ၍ မိုခါသည် လေတိုက်နှုန်းတစ်နာရီ မိုင် ၁၂၀ ခန့်ဖြင့် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီး ချိန်မှစ၍ ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရသည်။ ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သလို ကျန်းမာရေးနှင့် ဝမ်းလျှော ဝမ်းပျက်အပါအဝင် ကပ်ရောဂါဘေးတို့ ကင်းဝေးစေရန် အထူးအလေးထား ကြပ်မတ်ဆောင်ရွက် ခဲ့ကြသည်။ မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်နေ့မှာပင် စစ်တွေမြို့သို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိလာကာ လိုအပ်သည့်လမ်းညွှန်မှုများနှင့်အတူ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းငွေများပေးအပ်ခဲ့သည်။ ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထပ်မံရောက်ရှိလာပြီး မုန်တိုင်းသင့်ဒေသများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအနေဖြင့် မိမိတို့၏ ဝန်ကြီးဌာနနှင့် လုပ်ငန်းတာဝန်များအလိုက် ရခိုင်ပြည်နယ်၌ လာရောက်တာဝန် ထမ်းဆောင်ခဲ့မှုများကို ကျွန်တော်ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ကြီးချုပ်ဦးထိန်လင်းဦးဆောင်၍ မေလ ၁၄ ရက် မှ ယနေ့ချိန်အထိ မုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အောက်ဖော်ပြ ပါကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်-
(က) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသော ကယ်ဆယ်ရေးပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးဦးစီးကော်မတီ
( ခ ) ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးထွန်းမြင့် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော စားရေရိက္ခာများ လက်ခံထိန်းသိမ်း ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ
( ဂ ) ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်ဥက္ကဋ္ဌ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော စက်ယာဉ်ယန္တရားများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ
(ဃ) ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းဥက္ကဋ္ဌ၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံဦးသက်ထွန်း အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သော စက်သုံးဆီနှင့်အထွေထွေ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ
( င ) ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးဥက္ကဋ္ဌ (ယခုလူမှုရေးဝန်ကြီးမှာ ဦးစောနိုင်ဖြစ်ပါသည်)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော ကျန်းမာရေးပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးလုပ်ငန်းကော်မတီ
( စ ) ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ဥက္ကဋ္ဌ၊ ပြည်နယ်လမ်း ဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သော တည်ဆောက်ရေးပစ္စည်းများ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေး လုပ်ငန်းကော်မတီ
(ဆ) ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းဥက္ကဋ္ဌ၊ ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်ဟိုးလှိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော အလှူငွေများ လက်ခံထိန်းသိမ်းထုတ်ပေးရေး လုပ်ငန်းကော်မတီ
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည် ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ဟူသောခေါင်းစဉ်ဖြင့် ကျွန်တော်ရေးသားတင်ပြလာခဲ့ရာ ယခုအမှတ်စဉ် (၁၄) ဖြစ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါပြီ။ ယခင် နတလဝန်ထမ်း ဘဝဖြင့်တစ်သွယ်၊ ယခုမိုခါကိုအကြောင်းပြု၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအနေဖြင့် စုစုပေါင်း ၄၂ ရက် သွားရောက်တာဝန် ထမ်းဆောင်ခဲ့မှုကတစ်မျိုး။ မည်သို့ဆိုစေ ရခိုင်ဒေသအပေါ် ပို၍သံယောဇဉ် တိုးသွားမိသည်ကတော့အမှန်ပင်ဖြစ်၏။ နေပြည်တော်မှာ ဘာအားကစားပဲ လာပြိုင်ပြိုင် ရခိုင်ပြည်နယ်အသင်းကို အားပေးပါဦးမည်။ ရခိုင်ပြည်နယ်၊ ရခိုင်တိုင်းရင်းသား၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သော ဆောင်းပါးများလည်း ဆက်၍ရေးသားပါဦးမည်။ သာလီစွပါအမျိုးတို့။ ။