ဒေသထုတ်ကုန်အဖြစ် ရေရှည်ရပ်တည်သွားနိုင်ရေး ကုန်ကြမ်းမှ ကုန်ချောအဆင့်သို့ တိုးမြှင့်ထုတ်လုပ်မည့် ချင်းတို့ဌာနေမှ ဝဥစိုက်ပျိုးရေး
အေးမြသောတောင်ပေါ်ဒေသ ချင်းတို့ဌာနေ၏ တောင်တန်း၊ တောင်စောင်းများ၊ ဆင်ခြေလျှောလှေကားထစ်စိုက်ခင်းများ၊ တောင်ယာခင်းများရှိ ကောင်းမွန်သောမြေဆီလွှာပေါ်၌ သဘာဝအတိုင်း စိုက်ပျိုးရှင်သန်ကြသည့် ဝဥများသည် အရည်အသွေးထူးကဲကောင်းမွန်လှသည်ဖြစ်ရာ ပြည်တွင်းသာမက ပြည်ပပို့ကုန် စက်မှုကုန်ကြမ်းသီးနှံ ဒေသထုတ်ကုန်တစ်ခုအဖြစ် တည်ရှိနေသည်။
ရှေးယခင်ကတည်းက ချင်းပြည်နယ်အတွင်း သဘာဝအတိုင်း အလေ့ကျပေါက်ရောက်ရှင်သန်နေသည့် ဝဥများသည် ဈေးကွက်ဝယ်လိုအား မြင့်တက်လာသည့်အတွက် လွန်ခဲ့သောဆယ်စုနှစ် ကျော်မှစတင်ကာ စီးပွားဖြစ်စိုက်ပျိုးလာခဲ့ခြင်း ဖြစ်သည်။
“ချင်းပြည်နယ်က ဝဥကြိုက်တဲ့ မြေအမျိုးအစားထဲမှာ ပါပါတယ်။ ချင်းတောင်ကထွက်တဲ့ ဝဥက အရည်အသွေးလည်းကောင်းတော့ ဝယ်လိုအားများတယ်၊ ဈေးကောင်းလည်းရတယ်။ ဝဥစိုက်ပျိုးခဲ့တာ ခုဆိုရင် နှစ်ပေါင်းမနည်းကြာခဲ့ပါပြီ” ဟု တောင်ယာစိုက်ပျိုးလုပ်ကိုင်သူ ဟားခါး မြို့နယ်မှဦးဆန်အုပ်မန်းက ပြောသည်။
တိုင်းရင်းဆေးဝါးနှင့် ခေတ်မီဆေးဝါးများ ထုတ်လုပ်
ပြည်ပနိုင်ငံများတွင် ဝဥကုန်ကြမ်းသီးနှံများအား ခေတ်မီနည်းစနစ်များဖြင့် ကုန်ချောအသွင်ပြောင်းကာ မုန့်မျိုးစုံ၊ အချိုရည်စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်းရင်းဆေးဝါးနှင့် ခေတ်မီဆေးဝါးများ ထုတ်လုပ်ကြပြီး စွန့်ပစ်ပစ္စည်းများကို တိရစ္ဆာန်အစာများအဖြစ် အသုံးပြုကြသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများသည် အာရှတိုက်အတွင်းရှိ အခြားသောဒေသများမှ ထွက်ရှိသည့် ဝဥအရည်အသွေးထက် ပိုမိုကောင်းမွန်သဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများက အထူးကြိုက်နှစ်သက်ဝယ်ယူကြသည်။
အထူးသဖြင့် ချင်းပြည်နယ်က ထွက်ရှိသည့် ဝဥများသည် Glucoman-nan ပါဝင်မှု ကောင်းမွန်သည့်အတွက် ပြည်တွင်းမန္တလေးဈေးကွက်သို့ အများဆုံးတင်ပို့ရပြီး မန္တလေးကုန်စည်ဒိုင်များမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံတို့သို့ တင်ပို့ရောင်းချသည်။ ထိုအထဲတွင်မှ တရုတ်နိုင်ငံသည် ဝယ်လိုအားအများဆုံးနိုင်ငံဖြစ်သည်။
ဝဥကို ချင်းပြည်နယ်အတွင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ဟားခါးမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ မင်းတပ်တွင် ၄၃၂၅ ဧက၊ မတူပီတွင် ၁၅၆၅ ဧက၊ ဟားခါးတွင် ၁၅၅၉ ဧက၊ တီးတိန်တွင် ၈၄၇ ဧက၊ ဖလမ်းတွင် ၆၀၉ ဧက၊ ကန်ပက်လက်တွင် ၂၀၃ ဧကနှင့် အခြားမြို့နယ်တို့တွင် ၉၃၃ ဧက စုစုပေါင်း ဝဥစိုက်ဧက ၁၀၀၄၁ ဧကစိုက်ပျိုးထားသည့်အတွက် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့်နှိုင်းယှဉ်လျှင် ချင်းပြည်နယ်သည် ဝဥစိုက်ပျိုးမှုအများဆုံးပြည်နယ်ဖြစ်သည်။
ထို့ပြင် ချင်းပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် ဝဥတန်ချိန် နှစ်သိန်းငါးထောင်ကျော်နီးပါးထွက်ရှိသည်။
တောင်သူများအနေဖြင့် တစ်နှစ်အတွင်း စျေးကွက်ဝင်သည့် ဝဥမျိုးများ စိုက်ပျိုးရာတွင် တစ်ဧကလျှင် စိုက်ပျိုးကုန်ကျငွေ ငွေကျပ်သိန်း ၄၀ ခန့်ရင်းနှီးရပြီး ပြန်ရငွေမှာ မြေအခြေအနေနှင့် ပြုစုမှုအပေါ်မူတည်၍ ငွေကျပ်သိန်း ၈၀ မှ ၁၀၀ ကြား ပြန်ရနိုင်သည့်အတွက် အရင်းကြီးသလို အမြတ်လည်းကြီးသည့်သီးနှံမျိုးဖြစ်သည်။
ချင်းပြည်နယ်၏ ပြည်ပပို့ကုန်စျေးကွက် အခိုင်အမာရရှိပြီးဖြစ်သည့် ဝဥသည် ကိုဗစ်-၁၉ ရောဂါနှင့် ဒေသတွင်းမတည်ငြိမ်မှုများကြောင့် လက်ရှိအချိန် တွင် စျေးကွက်အခြေအနေမှာ အေးလျက်ရှိသည်။
“တောင်သူတွေအနေနဲ့လည်း မိရိုးဖလာစိုက်ပျိုးတဲ့ စီးပွားရေးတစ်ရပ်အနေနဲ့ စိုက်ပျိုးတာဖြစ်တဲ့ အတွက် စိုက်ပျိုးတဲ့ဧကတွေကတော့ ပြောပလောက်အောင် လျော့သွားတာမရှိပါဘူး။ ဈေးကွက်အနေ အထားကတော့ ကိုဗစ်-၁၉ ကာလမှာ လမ်းပန်းဆက်သွယ်ရေး အနေအထားတွေအရ ကန့်သတ်ထားတာရှိတဲ့အတွက် ဝဥဈေးကွက်က ဟိုတုန်း ကလောက် တွင်တွင်ကျယ်ကျယ်မရဘူးပေါ့” ဟု သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းကပြောသည်။
ဝဥအလွှာခြောက်စက်ရုံ
၂၀၁၉- ၂၀၂၀ ပြည့်နှစ်ခန့်က ချင်းပြည်နယ် မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရှိ ဝဥအလွှာ ခြောက်စက်ရုံမှနေ၍ ဒေသခံတောင်သူများထံမှ ဝဥအစိုများအား တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ၂၀၀၀ ကြားဈေးနှုန်း ပေးဝယ်ယူခဲ့သည့်အတွက် တောင်သူများ အဆင်ပြေခဲ့သော်လည်း လတ်တလောကာလတွင် အဆိုပါစက်ရုံမှာလည်း လည်ပတ်နိုင်ခြင်းမရှိသေး သည့်အတွက် တောင်သူများအခက်ကြုံနေရသည်။
“လက်တလောအခြေအနေအရ အဲဒီစက်ရုံက မလည်ပတ်နိုင်တဲ့အနေအထားမှာ ရှိတဲ့အခါကျတော့ မန္တလေးကိုပဲ ပခုက္ကူကတစ်ဆင့် တင်ပို့ရတယ်၊ ဝဥအစို ကုန်ကြမ်းတစ်ပိဿာကို လက်ရှိ ၇၀၀ လောက်ပဲရတဲ့အခါမှာ တောင်သူတွေအနေနဲ့ မှန်းသလောက် ဝင်ငွေမရဘူး”ဟု ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းက ပြောသည်။
ဝဥအလွှာခြောက်ဈေးနှုန်းမှာလည်း ကိုဗစ်-၁၉ မတိုင်ခင်က တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်းခွဲ ဝန်းကျင်ရရှိရာမှ လတ်တလောကာလတွင် ငွေကျပ် ခုနစ်ထောင်ခန့်သာ ရရှိတော့ကြောင်း ဝဥစိုက်တောင်သူ ဦးဆန်အုပ်မန်းထံမှ သိရသည်။
ချင်းပြည်နယ်အတွင်း ဒေသခံတောင်သူများ၏ ဝဥစိုက်ပျိုးရေး တိုးချဲ့ဖြစ်ထွန်းအောင်မြင်ပြီး ဝဥ ကုန်ကြမ်းဈေးကွက်မှ ကုန်ချောဈေးကွက်သို့ မျက်နှာပန်းလှလှ တင်ပို့ရောင်းချလာနိုင်ရေးတို့ အတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ ပေါင်းစည်းကာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးမီ ဝဥများစိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရန် တောင်သူပညာပေးသင်တန်းများ၊ နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သမဝါယမဦးစီးဌာနအနေဖြင့်လည်း ဒေသတွင်း ဝဥစိုက်တောင်သူများစုစည်း၍ သမဝါယမအသင်းအဖွဲ့ ဖွဲ့စည်းပေးပြီး ဝန်ကြီးဌာနမှတစ်ဆင့် တစ်သင်းနှင့်တစ်သင်း ချိတ်ဆက်ကာ ဈေးကွက် ဖော်ဆောင်နိုင်ရေးကို ကြိုးပမ်းလျက်ရှိသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ဝဥစိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူများအား အခင်းဟောင်းတစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် သုံးဧကအတွက် ငွေကျပ် ခြောက်သိန်း၊ အသစ်စတင်စိုက်ပျိုးသည့် တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် သုံးဧကအတွက် ငွေကျပ် ၄၅ သိန်းနှုန်း ပံ့ပိုးပေးထား ပြီးဖြစ်သည်။
သမဝါယမအသင်းသားများ စိုက်ပျိုးထားရှိသည့် ဝဥစိုက်ဧက ၃၇၅ ဒသမ ၅ ဧကအတွက် ငွေကျပ် ၁၉၇ ဒသမ ၉ သန်း ပံ့ပိုးပေးထားပြီး နောက်ထပ်တင်ပြလာသည့် တောင်သူများအတွက် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။
“သမဝါယမအသင်းအနေနဲ့ ဝဥစိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကြီးရဲ့ လမ်းညွှန်ချက်အရ ပြည်နယ်အတွင်းမှာ စိုက်ပျိုးလုပ်ကိုင်နေတဲ့ လုပ်ငန်းတူအားလုံးကို သမဝါယမလုပ်ငန်းတွေအနေနဲ့ ဆောင်ရွက်ဖို့ ညွှန်ကြားထားတာရှိပါတယ်။
“ဒီလိုမျိုး အသင်းတွေ ဖွဲ့စည်းပေးတယ်ဆိုတာ အဓိကက ဈေးကွက်ပါပဲ။ ချင်းပြည်နယ်အစိုးရ အဖွဲ့က ဝဥစိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ဖို့ အားပေးမယ်၊ ကုန်ချောထုတ်လုပ်နိုင်အောင် စီမံပေး မယ်၊ ထွက်ရှိလာတဲ့ ကုန်ချောတွေကို ပြည်တွင်း ပြည်ပဈေးကွက်ကိုရောက်အောင် ကျွန်တော်တို့ သမဝါယမအသင်းတွေအနေနဲ့ ဦးစီးဌာနကတစ်ဆင့် ဝန်ကြီးဌာနနဲ့ သမဝါယမအချင်းချင်းချိတ်ဆက်ပြီးတော့မှ ဈေးကွက်ရရှိအောင် ဖန်တီးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဇော်ထွန်းကပြောသည်။
ဒေသတွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ
လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်သည့်လုပ်ငန်းများမှ ဝဥလွှာခြောက်၊ ဝဥအိတုံ၊ ဝဥခေါက်ဆွဲစသည်တို့ကို ဒေသတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ပြီး မကြာမီကာလတွင် ဟားခါးမြို့၌လည်း ဝဥလွှာခြောက်စက်ရုံကို သမဝါယမအသင်းစုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ် တောင်ပေါ်ဒေသနှင့် လိုက်လျောညီထွေစွာ သဘာဝအတိုင်း ရှင်သန်ပေါက်ရောက် နိုင်သည့်ဝဥကို ကုန်ကြမ်းမှကုန်ချောအဆင့် ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက ချင်းပြည်နယ်၏ဝဥသည် ဈေးကောင်းရရှိပြီး ဒေသထုတ်ကုန်အဖြစ် ရေရှည်ရပ်တည်သွားနိုင်မည်ဖြစ်ကာ ချင်းပြည်နယ်အတွင်းရှိ ပြည်သူများသည် ဝဥစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းရှိ တောင်သူများ၏ မိသားစုဝင်ငွေများသည်လည်း တိုးတက်ရရှိလာမည် ဖြစ်သည်။ ။
နဒီမင်း