Skip to main content

စိုက်ပျိုးရေ စီမံခန့်ခွဲမှုမှသည် တောင်သူစီးပွားတိုးပွားစေမည်

မြကမ္ဗလာ ခင်းထားသကဲ့သို့ စိမ်းစိုနေသော စပါးပင်များကို မျှော်ကြည့်ရင်း တောင်သူ ဦးစိုးတင့် သည် စပါးအထွက်ကောင်းမည်ဟု သုံးသပ်ရင်း စပါးပေါ်ချိန် ငွေပေါ်ချိန်အတွက် ကြိုတင်ပြုံးပျော်နေသည်။ တောင်သူဦးစိုးတင့်၏ လယ်ယာမြေသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုဂံမျှော် ကျေးရွာတွင်တည်ရှိပြီး ပုလင်းရေလှောင်တမံမှ စိုက်ပျိုးရေရရှိသည့်အတွက် သီးနှံရာသီပတ်လုံး စိုက်ပျိုးနိုင်သည်။

ကျွန်တော်တို့ဒေသမှာ ပုလင်းရေလှောင်တမံက ရေရရှိနေတော့ စိုက်ပျိုးရေးအတွက် တွက်ဆလို့ရသေးတယ်။ အခု စပါးကောင်းလို့ ပျော်ရပေမယ့် နှစ်တိုင်းပျော်ရအောင် စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲသွားရေးက ကျွန်တော်တို့အတွက် သင်ယူမှုအသစ်ပါ။ ဆည်ရေကို စိုက်ပျိုးရေးအတွက် လိုအပ်တဲ့အချိန် လိုအပ်သလောက် အလေအလွင့်မရှိ သုံးဖို့လိုအပ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုပြောင်းလဲမှုက သိသာလာတယ်။ မိုးရွာတော့လည်း ကမ်းပြည့်ကမ်းလျှံ ရွာချင်ရွာတယ်။ မရွာချင်လည်း မရွာပြန်ဘူးဆိုတော့ လိုအပ်တဲ့ စိုက်ပျိုးရေကို စနစ်တကျသုံးတတ်မှရတော့မယ် ဟု တောင်သူဦးစိုးတင့်က ပြောသည်။

စိုက်ပျိုးဧက ၁၀၀၀ ခန့်ကို ရေပေးဝေ

ပုလင်းရေလှောင်တမံသည် မြို့သစ်မြို့နယ်ရှိ စိုက်ပျိုးဧက ၁၀၀၀ ခန့်ကို မိုးစပါး၊ နွေစပါးအပါအဝင် ဆောင်းသီးနှံစိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေပေးဝေနေသည့် ရေလှောင်တမံဖြစ်သည်။ ပုလင်း ရေလှောင်တမံသည် ကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၁၂၂၀၀ ရှိပြီး အသုံးပြုနိုင်သည့် ရေပမာဏ ဧကပေ ၁၀၁၀၀ ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆည်က စိုက်ပျိုးရေပေးဝေတဲ့အခါ အထိရောက်ဆုံးက မျိုးတူသီးနှံ တစ်ကွင်းတစ်ဆက်တည်းကို တစ်ပြိုင်တည်းပေးရတာက အကောင်းဆုံးပါ။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာက ဒီအထိ မဆောင်ရွက်နိုင်သေးဘူး။ စပါးစိုက်ကြတယ်ဆိုရင် လည်း သက်တမ်းအမျိုးမျိုးရှိတယ်။ ဒီတော့ ရေပေးရာမှာလည်း တောင်သူနဲ့ ညှိနှိုင်းပေးရတယ်။ ဒီတော့ လက်ရှိ ရှိနေတဲ့အခြေအနေအပေါ်မူတည်ပြီး အကောင်းဆုံးဆောင်ရွက်ပေးရပါတယ်။ ဒါကြောင့် ပုလင်းဆည်ရေသောက်စနစ် တောင်သူတွေ အကောင်းဆုံးဖြစ်စေဖို့ ရှိတဲ့ရေကို စနစ်တကျ သုံးပြီး သီးနှံရာသီပတ်လုံး စိုက်ပျိုးနိုင်အောင် စီမံရတာပါဟု မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးဇော်ဦးက ပြောကြားသည်။

စိုက်ခင်းများအတွက် စိုက်ပျိုးရေကို အချိန်ကိုက်လိုအပ်သည့်ပမာဏ ပေးဝေနိုင်ရန်နှင့် ပိုလျှံရေများ အလွယ်တကူနုတ်ပေးနိုင်ရန်အတွက် ရေပေးမြောင်း၊ ရေနုတ်မြောင်းများနှင့် ရေထိန်း အဆောက်အအုံများကို တည်ဆောက်ပေးခြင်း၊ သီးနှံရေလိုအပ်မှု တွက်ချက်ခြင်းနှင့် တွက်ချက်မှုအတိုင်း စနစ်တကျရေပေးဝေမှုကို တိုင်းတာခြင်းစသည့် လုပ်ငန်းစဉ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စနစ်တကျစီမံလာရသည်။

ဆည်ရေသောက်စနစ်များကို အဆင့်မြှင့်တင်ပြုပြင်

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက စိုက်ပျိုးရေများ အဆင်ပြေစွာ ပေးဝေနိုင်ရန်အတွက် တည်ဆောက်ပြီးဆည်ရေသောက် စနစ်များကို အဆင့်မြှင့်တင်ပြုပြင်ခြင်းဖြင့် စိုက်ပျိုးရေများအလေအလွင့်မရှိဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သလောက်ပေးဝေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ရေသောက်စနစ်အလိုက် သဲနုန်းတူးဖော်ခြင်း၊ ရေပေးပြွန်များနှင့် ရေတံခါးတပ်ဆင်ခြင်း၊ ရေပေးအဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဖော်ဆောင်လျက်ရှိသည်။

ဒီဒေသက မိုးနည်းတဲ့အတွက် စိန်ခေါ်မှုအသစ်က ဆည်ရေကို စနစ်တကျ ဘယ်လိုအသုံးပြုရမယ် ဆိုတာပါပဲ။ အဲဒီအတွက် တောင်သူတွေကိုယ်တိုင် ပါဝင်စီမံခန့်ခွဲတဲ့စနစ်ဖြစ်တဲ့ ရေအသုံးချသူများ အဖွဲ့ (Water User Group) တွေ ပုလင်းရေလှောင် တမံရေသောက်စနစ်မှာ ဖွဲ့စည်းထားပြီး ပိုမိုအားကောင်းအောင်ဆောင်ရွက်မယ်။ ပြီးတော့ ရေအသုံး ချသူများအသင်း (Water User Association) အထိ ဆက်လက်ဖွဲ့စည်းသွားဖို့ရှိပါတယ်။ ပြီးတော့ ရှိတဲ့ရေကို အလေအလွင့်နည်းစေဖို့ ပြန်လည်အသုံးချ နိုင်မယ့်နည်းလမ်း (Reuse) တွေ၊ ရေအသုံးလျှော့ချ နိုင်မယ့်နည်းလမ်း (Reduce) တွေကိုလည်း ပုလင်းရေသောက်စနစ်မှာ ဖော်ဆောင်သွားမှာပါ ဟု မကွေးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဝဏ္ဏက ပြောကြားသည်။

ရေအလေအလွင့်မရှိစေရန် စီမံဆောင်ရွက်

ပုလင်းဆည်ရေသောက်စနစ်အတွင်း မြောင်းရင်းရှိ အထက်ပိုင်းလယ်မြေများမှ ပိုလျှံထုတ်နုတ် ရေများကို ရေဆိုးထုတ်မြောင်းများမှတစ်ဆင့် ရေမြှင့်အဆောက်အအုံထည့်သွင်း တည်ဆောက်၍ မြောင်းဖျားအောက်ပိုင်းရှိ လယ်မြေများသို့ ပြန်လည်အသုံးပြုခြင်း (Reuse) ဖြင့်လည်းကောင်း၊ နတ်မောက်လက်ဝဲမြောင်းမကြီးထဲသို့ စီးဝင်စေပြီး ပြန်လည်အသုံးပြုခြင်းဖြင့်လည်းကောင်း ရေအလေ အလွင့်မရှိစေရန် စီမံဆောင်ရွက်ထားသည်။

တမံအတွင်းမှ ရေကိုအတတ်နိုင်ဆုံးစုဆောင်းနိုင်ရေးအတွက် မိုးရွာသည်နှင့်တစ်ပြိုင်နက် ရေတံခါးပိတ်၍ စိုက်ပျိုးရေပေးဝေမှုကို ရပ်နားထားပြီး ရေလိုအပ်သည့်အချိန်မှသာ ရေတံခါးဖွင့်ပြီး လိုအပ်သလောက် ရေကိုထိန်းညှိလွှတ်ပေးခြင်းဖြင့် ရေလေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တည်ဆောက်ပြီး ဆည်တာတမံများမှ စိုက်ပျိုးရေပေးဝေရာတွင် ကွက်ဆင့်သောက်စနစ်ကို အသုံးပြုနေခြင်းကြောင့် ရေခွဲဝေမှုစနစ်မကျခြင်းဖြစ်ပေါ်၍ ရေလေလွင့်ဆုံးရှုံးမှုများရှိခြင်း၊ လယ်သမားအချင်းချင်း ပြဿနာဖြစ်ပွားခြင်း စသည်တို့တွေ့ကြုံရသည်။ ထိုအခြေအနေကို စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ခြင်း၊ လယ်ကြားမြောင်းများ ဖောက်လုပ်၍ ရေရယူသုံးစွဲခြင်း၊ ပိုလျှံရေများအား အကျိုးမဲ့ဆုံးရှုံးမှုမဖြစ်ရန် ပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ခြင်းနည်းလမ်းများဖြင့် ကျော်လွှားသွားနိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။ အခြားတစ်ဖက်မှလည်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေးလုပ်ငန်းများကို စူးစမ်းလေ့လာ၊ ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ပုလင်းရေသောက်စနစ်မှာပါတဲ့ တောင်သူတွေက စည်းလုံးကြပါတယ်။ ပူးပေါင်းမှုလည်း အားကောင်းတယ်။ ကျွန်တော်တို့လို သက်ဆိုင်ရာ ဌာနတွေက ဖော်ဆောင်တဲ့စနစ်တွေဟာလည်း တောင်သူတွေအတွက်ပဲဆိုတာ နားလည်မှုရှိတယ်။ ပုလင်းရေသောက်စနစ်တွင် ရေအသုံးချသူများ အသင်း (WUA) ကို ရှေ့ပြေးစီမံကိန်းအဖြစ် လာမယ့်နှစ်မှာ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အဖွဲ့ကနေ အသင်းအဖြစ် တိုးမြှင့်နိုင်အောင် ကြိုးစားသွားမှာပါ။ ဒါက ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ပါပဲဟု ညွှန်ကြားရေးမှူးက ပြောသည်။

ရေအသုံးချသူများအဖွဲ့များ ဖွဲ့စည်း

ဆည်ရေပေးဝေရာ၌ ဌာနဝန်ထမ်းအင်အားဖြင့် ရေသောက်စနစ်အတွင်း တူးမြောင်းများအားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း စိုက်ပျိုးရေပေးဝေရန် မဖြစ်နိုင်ပေ။ ထိုသို့ပေးဝေပါကလည်း စီမံခန့်ခွဲမှုအားနည်းချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် ဌာနနှင့်တောင်သူပူးပေါင်းပြီး ဖော်ဆောင်ရခြင်းဖြစ်သည်။ သို့အတွက် ရေသောက်စနစ် အလိုက် တောင်သူကိုယ်တိုင် ရေအလေအလွင့်မရှိစေရန် စီမံခန့်ခွဲသည့် ရေအသုံးချသူများအဖွဲ့ (Water User Group) များ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်း ကြရခြင်းဖြစ်သည်။

တခြားနေရာဒေသက တောင်သူတွေ ရေအသုံးချသူအဖွဲ့ ဖွဲ့တာတွေ ကြားသိရပါတယ်။ အကျိုးကျေးဇူးများမှန်းလည်း သိကြပါ တယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလိုအဖွဲ့တွေ မရှိသေးတော့ ဆည်ရေယူတဲ့အခါမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံးပန်းကြရပါတယ်။ ရေမညီမမျှမှုတွေဖြစ်တယ်။ အဆင်မပြေမှုတွေ အများကြီးကြုံတွေ့ခဲ့ကြရတယ်။ အခုတော့ ဆည်မြောင်းဌာနအကူအညီနဲ့ ရေအသုံး ချသူများအဖွဲ့တွေ ဖွဲ့စည်းပေးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့အချင်းချင်းညှိနှိုင်းပြီး ရေပေးဝေမှုကို အဆင်ပြေအောင် ဆောင်ရွက်လာနိုင်တယ်။ အခက်အခဲတွေကိုလည်း ပူးပေါင်းဖြေရှင်းတတ်လာတယ်။ အချင်းချင်းနားလည်မှုတွေ တိုးလာတယ်၊ ရေလေလွင့်မှုနည်းလာပြီးတော့ ဧကတွေ ပိုစိုက်နိုင်လာပါတယ်။ ဆည်မြောင်းဌာနနဲ့ ပူးပေါင်းဆောင် ရွက်တဲ့အခါမှာ ဌာနရဲ့စည်းကမ်းတွေ၊ ဥပဒေတွေ သိရှိနားလည်လာသလို တောင်သူဘက်ကလည်း လိုက်နာရမယ့်လုပ်ငန်းတာဝန်တွေကို သိရှိနားလည် ဆောင်ရွက်ခဲ့ကြတဲ့အတွက်ကြောင့် ရေပေးဝေမှုအဆင်ပြေလာပြီး အကျိုးကျေးဇူးတွေများတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ် ဟု တောင်သူဦးစိုးတင့်က ဆိုသည်။

ဆည်ရေပေးသွင်းရာတွင် ဌာနမှ တူးမြောင်းမကြီးမှတစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ တိုက်ရိုက်မြောင်းတို့၏ ရေထုတ်ပေါက်များအထိ ပေးဝေပြီး ရေထုတ်ပေါက်မှ စိုက်ကွင်းများအတွင်းသို့ တောင်သူများက ရေသွင်းစိုက်ပျိုးသည့်အတွက် စိုက်ကွင်းများအတွင်း အချိန်တိုတိုဖြင့် လိုအပ်သည့်နေရာသို့ ဆည်ရေရောက်ရှိနိုင်ရန်၊ မိမိလယ်ကွက်အတွင်း လယ်ကြားမြောင်းများတူးဖော်၍ လိုအပ်သည့်အချိန် ရေယူနိုင်ရန်၊ အချင်းချင်းရေပဋိပက္ခများမှ ကင်းဝေးစေရန်၊ ရေအလေအလွင့်နည်းပြီး ပိုမိုများပြားသော လယ်ကွက်များသို့ ဆည်ရေတိုးချဲ့ ပေးနိုင်ရန်၊ ဆည်ရေပေးဝေရာတွင် မိမိတို့ကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင်ရန်တို့သည် ရေအသုံးချသူ များအဖွဲ့ (WUG) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်သည်။

ပုလင်းရေလှောင်တမံ ရေသောက်စနစ်အတွင်း ရေအသုံးချသူများအသင်း ဖွဲ့စည်းဖြစ်ပေါ်လာပါက ဆည်ရေသောက်စနစ်တစ်ခုလုံး ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များကိုအခြေခံ၍ သီးနှံအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်လာနိုင်ခြင်း၊ စိုက်ပျိုးရေလိုအပ်ချက်ကို လိုအပ်သည့်အချိန်တွင် လိုအပ်သလောက်ပေးဝေနိုင်ခြင်း၊ ဆည်ရေသောက် လယ်များကို စိုက်ပျိုးရေအညီအမျှပေးဝေနိုင်ခြင်း တို့ကိုလည်း ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

ပုလင်းရေလှောင်တမံ ရေပေးဝေမှုစနစ်တွင် ရေလှောင်တမံ၊ ရေလွှဲဆည်မှ ရေပေးတူးမြောင်းမ ကြီး၊ ထိုမှတစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ လယ်ကြားမြောင်းများသို့ အဆင့်ဆင့် ပေးဝေရသည်ဖြစ်ရာ ရေလိုအပ်ချက်ကို စနစ်တကျ ချွေတာသုံးစွဲခြင်းဖြင့် သီးနှံအလိုက် စိုက်ပျိုးရေလိုအပ်ချက်အတိုင်း အသုံးပြုသွားနိုင်အောင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဖော်ဆောင်ရင်း တောင်သူ့စီးပွားနှစ်ဆပွားနိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

မြတ်သူ