ဆက်သွယ်ရေးလိမ်လည်မှုနှင့် ပတ်သက်သမျှ သတင်းမှားချေဖျက် ပူးပေါင်းဆောင်ရွက်
မိုးမြင့်
မကောင်းမှုဒုစရိုက်များ ကြီးစိုးရာသည် အမှောင်လောက၊ အမှောင်လောကသားများ တွင်ကျယ်ရာသည် မြေအောက်လောက။ အပြန်အလှန် အမှီသဟဲပြုနေသည့် သဘောတရားတစ်ခုကို တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့နေသည့် နယ်စပ်ဒေသအချို့ရှိ ဥပဒေမဲ့လုပ်ရပ်များနှင့် ဆက်စပ်စဉ်းစားလိုက်သည့်အခါ အချို့သောနယ်စပ် ဖြတ်ကျော်မှုခင်းများသည် နိုင်ငံ၏ပုံရိပ်၊ ဒေသ၏ပုံရိပ်ကိုကျဆင်းသွားစေသည့်အပြင် သက်ဆိုင်ရာနိုင်ငံများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ၊ ကိုယ်ကျင့်တရားများကိုပါ ထိခိုက်ပျက်စီးသွားစေသည်ကို တွေ့ရှိရသည်၊၊ နောက်ဆက်တွဲအနေဖြင့် နယ်နိမိတ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများ ကြောင့်ပင် အိမ်နီးချင်းပြည်သူအချင်းချင်းကြား အထင်မှား၊ အမြင်မှားဖြစ်ကြရသည်။
အဓိကတရားခံမှာ
တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းနှင့်ဖုန်းမှ ငွေလိမ်လည်မှု၊ လူကုန်ကူး၊ မူးယစ်ဆေးဝါး၊ မှောင်ခိုကုန်ကူး၊ လူသတ်ပြန်ပေးဆွဲ ဓားပြတိုက်၊ အဓမ္မခိုင်းစေမှု၊ ငွေညှစ်မှု စသည့် တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်၍ သတင်းများကြားသိနေရသည်မှာကြာပါပြီ။ အထူးသဖြင့် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်နေရာများတွင်ဖြစ်သည်။ အမှောင်လောကသတင်းဟူသည် အတိအကျသိရှိရန် ခဲယဉ်းလှပြီး ပြဿနာဖြစ်ပွားရာ နေရာအများစုမှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အပြည့်အဝ ထိန်းချုပ်ထားခြင်းမရှိ၊ တစ်နည်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်ကြီးစိုးသည့် နေရာများသာ ဖြစ်နေသည်။
တရားမဝင်ပုံစံအမျိုးမျိုးဖြင့် ရပ်တည်နေကြသူများဖြစ်၍ ရာဇဝတ်မှုများထူပြောပြီး ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားမျိုးစုံစိမ့်ဝင်ကြမည်ကို အထူးပြောစရာလိုမည်မထင်ပါ၊၊ ဒေသခံလက်နက်ကိုင်အဖွဲ့များက ပြည်ပမှကော ပြည်တွင်းကပါ ဥပဒေမဲ့ လာရောက်လုပ်ကိုင်ကြသူများကို အခကြေးငွေယူ နေရာပေးထားသည်၊ ဥပဒေမဲ့လုပ်ရပ် မှန်သမျှ တရားမဝင် လုပ်ခွင့်ပေးထားကြသည်။ ဥပဒေမဲ့ဝင်ရောက်နေသည့် တရားမဝင် နိုင်ငံခြား သားများက တရုတ်နိုင်ငံသားများအပါအဝင် မြန်မာ လူငယ်လူရွယ်များကိုခေါ်၍ အလုပ်ပေးထားသည်။ ပြည်တွင်းအလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာ နည်းပါးသည့် အခြေအနေများကြောင့် ဘဝရပ်တည် မှုခက်ခက်ခဲခဲဖြင့် ရွှေ့ပြောင်းသွားလာ မြန်မာ လူငယ်များအတွက် နယ်စပ်ဒေသရှိ တရားမဝင် အလုပ်များက ဆွဲဆောင်မှုတစ်ခုဖြစ်နေသည်။
မက်လုံးပေးစည်းရုံးမှုအောက်မှာ မြန်မာလူငယ်များ၊ တရုတ်လူငယ်လူရွယ်များ လုပ်အား ခေါင်းပုံဖြတ်ခံရ၊ လိင်အမြတ်ထုတ်ခံရမှုများမှာ ကြာပြီဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု၊ လူလည် နိုင်ငံခြားသားဒုစရိုက်သမားများ၏ပစ်မှတ်သည် တရုတ်နိုင်ငံသားများဖြစ်ကြသလို မြန်မာနိုင်ငံသား များကိုလည်း အလွတ်မပေးပါ။ သူတို့လူအချင်းချင်း လိမ်လည်မှုဖြစ်စဉ်များသည် မြန်မာပြည်တွင်းမှာ အများဆုံးဖြစ်သည့်အတွက် အလိမ်ခံရသူများက မြန်မာနိုင်ငံအပေါ် အထင်လွဲကြခြင်းဖြစ်သည်။ မြန်မာများက လူလိမ်များ၊ ရာဇဝတ်ကောင်များ ဖြစ်ကုန်သည်။ အမှောင်ချထားသည့် သတင်းမှား များအောက်တွင် မြန်မာများ နာမည်ပျက်ရသည်၊၊
လက်တွဲဆောင်ရွက် ပူးပေါင်းတိုက်ဖျက်
အမှန်တွင် တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာ အစိုးရများနှင့်တကွ ပြည်သူများ၏ စိုးရိမ်ပူပန်မှု အပေါ် များစွာအလေးအနက်ထားပါသည်။ ထိုကဲ့သို့သော အွန်လိုင်းဒုစရိုက်အပါအဝင် ဥပဒေမဲ့လုပ်ရပ်မှန်သမျှ တရုတ်ပြည်သူများ စက်ဆုပ်မုန်းတီးသလို မြန်မာ့လူ့အဖွဲ့အစည်းများကလည်း လက်မခံ ရွံရှာစက်ဆုပ်ကြသည်ဖြစ်၍ ဆက်လက်နှိမ်နင်း ထိန်းချုပ်ဆောင်ရွက်သွားရန် အသင့်ရှိနေပါသည်။ နယ်စပ်ဒေသများရှိ ထိုတရားမဝင်လုပ်ငန်းများအပေါ် သက်ဆိုင်ရာဆက်စပ်နိုင်ငံများအကြား သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ် ပူးပေါင်းညှိနှိုင်း စစ်ဆင်ရေးပမာဆောင်ရွက်ကြမှသာ ထိုတရားမဝင်လုပ်ငန်းများချုပ်ငြိမ်းမည် ဖြစ်ပါသည်။
ထို့ကြောင့်လည်း တရုတ်နှင့်မြန်မာ နှစ်နိုင်ငံနီးနီးကပ်ကပ် လက်တွဲဆောင်ရွက်မှုများနှင့်အတူ ထိုက်သင့်သော ရလဒ်ကောင်းများရရှိနေပြီဆိုသော သတင်းစကားများလည်း ကြားသိလာရခြင်းဖြစ်ပါသည်။ ယခင်ကတည်းကပင် သက်ဆိုင်ရာအစိုးရများနှင့် ပြည်သူအချင်းချင်းကြား ကောင်းသည်များ၊ တူသည်များ လက်တွဲလုပ်ခဲ့ကြသည့်အတွက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများကား ခိုင်ခိုင်မာမာရှိပြီးဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် အကောင်းမြင် သဘောထားများအောက်တွင် အထူးအထွေ ပြောစရာမရှိပါ။
ကိုယ်ကျိုးရှာ အဖျက်သမားများ၏ နာမည်ဖျက်၊ အဖျက်အမှောင့်များကို များစွာသတိထား ရမည်ဖြစ်ပါသည်။ သူတို့လုပ်ရပ်များကြောင့် နိုင်ငံလုံခြုံရေးစည်းကျိုးပေါက်သွားနိုင်သည်ကို အမှုမဲ့ အမှတ်မဲ့မနေသင့်ပါ။ အရေးယူမှုများမှတစ်ဆင့် သားကောင်အဖြစ်ခံရသူများကို ကယ်တင်ခြင်း၊ နိုင်ငံခြားသားဆိုလျှင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခြင်းများကို စီမံချက်အသွင် ဆက်လက်ဆောင်ရွက်ကြရပါမည်။
ပထဝီနိုင်ငံရေးအရေးပါမှုကလည်း အကြောင်းတရားတစ်ခု
ယခုလိုဆက်စပ်နယ်မြေများမှာ ခိုအောင်း လှုပ်ရှားနေသည့် ဥပဒေပြင်ပလုပ်ရပ်များကြောင့် နှစ်နိုင်ငံပြည်သူများကြား သူ့အပေါ်ကိုယ့်အပေါ် အထင်လွဲအမြင်မှားမှုများ ရပ်တန့်နိုင်ရေး ဦးတည် ရာတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ပထဝီဝင်တည်နေရာအနေအထားအရ အချက်အချာကျကျတည်ရှိနေသော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသအတွက်ပါ အရေးကြီးလှသည်။ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် အစားအစာနှင့် စွမ်းအင်လုံခြုံမှု၊ BRI project၊ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်စင်း သီအိုရီအရ၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာအရ အရေးပါမှုစသည့် အချက်များအပေါ် တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုများသည် ယခုအခါ ပို၍ကြီးထွားလာသည်ကို သတိထားမိပါသည်။ ထိုအချက်ကို မြန်မာနှင့် တရုတ်တို့ကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးက အားဖြည့် ပေးရမည်ဆိုသောအချက်သည် နှစ်နိုင်ငံလုံး၏ ခံယူချက်ဖြစ်သည်။ သို့မှသာ တစ်ဖက်က အမေရိကန်၏ ဖိအားပေးပိတ်ဆို့မှုများရန်ကို အန်တုရင်ဆိုင်နိုင် မည်ဟူသည့် ယုံကြည်ချက်သည် ဆက်လက်ခိုင်မာ နေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံပုံရိပ်ပြန်လည်မြင့်မားလာမည့်ဖော်ပြချက်တစ်ခု
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု၊ ခိုင်မာသောနားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုများသည် အငြင်းပွားစရာ အချက်များမဟုတ်ပါ။ တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံ၏ဖြစ်စဉ်ဖြစ်ရပ်များအပေါ် မားမားမတ်မတ် ရပ်တည်၍ အစဉ်တစိုက် ကူညီအားပေးလျက်ရှိသည် သာဖြစ်သည်။ ထိုအချက်ကို ထင်ဟပ်သည့် တရုတ် နိုင်ငံခေါင်းဆောင်များ၏မှတ်ချက်များ၊ ထင်မြင်ချက်များကို သူတို့နှင့်ပတ်သက်သည့် သတင်းဌာန များ၊ မီဒီယာများ၊ WeChat စသည့် သတင်းစာ မျက်နှာများတွင် မကြာခဏ ဖတ်ဖူး၊ လေ့လာ မှတ်သားဖူးပါသည်၊၊
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်ခေါင်းဆောင်များ၏ ထင်မြင်ချက်များသည် အပြုသဘောဆောင်ပြီး တတ်နိုင်သမျှ အကောင်းမြင်ပေးလေ့ရှိသည်။ အထူးသဖြင့် (၁၄)ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ၊ Tianjin News Media Association ၏ ဒုတိယဥက္ကဋ္ဌနှင့် Tianjin Red Coast Culture Development တည်ထောင်သူ Mr. Zhou Xiaoping ၏ “မြန်မာနိုင်ငံအကြောင်းသိကောင်းစရာများနှင့် ဆက်သွယ်ရေးလိမ်လည်မှု နှင့်ပတ်သက်၍ အဓိကတရားခံအား ဖော်ထုတ်နိုင်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ၂၀-၈-၂၀၂၃ ရက်နေ့ က ၎င်း၏ WeChat သတင်းစာမျက်နှာပါ ဖော်ပြ ချက်ပါ သိသင့်သိထိုက်သည်များကို ဖတ်ရှုလိုက်ရသည်။ သူ၏ဖော်ပြချက်များကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဖြစ်ရပ်မှန်များအပေါ် ထင်ဟပ်သည့် အနီးစပ်ဆုံးဖော်ပြချက်များအဖြစ် နားလည် သဘောပေါက်သွားမိပါသည်။
တရုတ်မီဒီယာများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပျံ့နှံ့လျက်ရှိသော သတင်းမှားများကို အသေးစိတ် ပြန်လည်ရှင်းလင်းရေးသားထားသည့်အတွက်လည်း အဖိုးတန်သည့် ဖော်ပြချက်များအဖြစ် မှတ်ယူပါသည်။ ထိုဖော်ပြချက်များက မြန်မာနိုင်ငံ ၏ပုံရိပ်ကို ပြန်လည်မြင့်မားလာစေပြီး နှစ်နိုင်ငံ အစိုးရများနှင့် ပြည်သူအချင်းချင်းကြား နားလည်မှု ကို ပိုမိုခိုင်မြဲစေမည်ဟု သုံးသပ်ပါသည်။ ထိုဖော်ပြ ချက်ကြောင့်ပင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသား အဖွဲ့လိုက် ပြည်ပခရီးသွားများ၏ စိတ်ဝင်စားမှု ပြန်လည်မြှင့်တင်လာနိုင်မည့် အလားအလာများ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်မိခြင်း ဖြစ်ပါသည်။
သူတို့က မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့် ပြည်သူများအတွက် အရေးပါသော နိုင်ငံတစ်ခု အဖြစ် အမြဲရှုမြင်ကြပြီး မြန်မာနိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံလိုကြသည်မှာ ထင်ရှားပါသည်။ နှစ်နိုင်ငံအနာဂတ် ဘက်စုံအကျိုးအမြတ်ဖြစ်ထွန်းမှုနှင့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံဖြစ်ထွန်းမှု အပြန်အလှန် မှီတည်နေကြသည့်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးသည် မည်သည့်အချိန်၊ မည်သည့်နည်းနှင့်မျှ ထိခိုက်ပျက်စီးသွားမည်မဟုတ်ကြောင်း နားလည်ထားပါသည်။
ဆန့်ကျင်ဘက်က ဘယ်သူလဲ
Mr . Zhou Xiaoping အဓိကထောက်ပြသည်မှာ ရာဇဝတ်မှုဆိုင်ရာ တရားမဝင်လုပ်ငန်းအများစု သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေပြုလှုပ်ရှားသွားလာရာ နယ်မြေများနှင့် အခိုင်အမာဆက်စပ်နေသည်ဆိုသော အချက်ပင်ဖြစ်သည်။ ပထဝီအနေအထားအရ တောတောင်များ ထူထပ်ရာ အဆိုပါဒေသအများစုတွင် မြန်မာနိုင်ငံ မြောက်ပိုင်းနယ်မြေများနှင့် ရွှေတြိဂံနယ်မြေများ ပါဝင်ပြီး UWSA၊ AA၊ ကိုးကန့်၊ KIA လက်နက်ကိုင် အဖွဲ့များ အဓိကလှုပ်ရှားကြသည်။ “ဝ”ဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှုများကို တရုတ်အစိုးရ ဘက်မှ တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်ဟု ဆိုခြင်းနှင့် ဆန့်ကျင်ဘက် KIA ကမူ အမေရိကန်နှင့် အဆက်အသွယ်ရှိနေပြီး အမေရိကန်က ပံ့ပိုးထား သည့် အဆင့်မြင့်လက်နက်များ ကိုင်ဆောင်ထားသည်ဟု သိရသည်။
KIA ၏ ရည်မှန်းချက်က တရုတ်-မြန်မာ နှစ်ဖက်အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း သာဖြစ်ပြီး KIA သည် AA နှင့်လက်တွဲ၍ အမေရိကန် လုပ်လက်နက်များအသုံးပြုကာ ဘင်္ဂလားပင်လယ် အော်ထွက်ပေါက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ပိတ်ဆို့နှောင့်ယှက်လာမည့် အလားအလာများရှိနေကြောင်း Mr . Zhou က သုံးသပ်တင်ပြထားပါသည်။ ထို့အတူ ကိုးကန့်ဒေသရှိ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများမှ ငွေကြေးလက်နက်များ ရယူပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုနည်းပညာ များတိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ တဖြည်းဖြည်း ၎င်းဒေသသည် ငွေကြေးခဝါချရာ ဝန်ဆောင်မှုပေးသည့် အခြေစိုက်စခန်းကြီးတစ်ခု ဖြစ်လာနေကြောင်း သတိပေးချက်ကို သိရှိလိုက် ရပါသည်။
သတင်းမှားများဖြင့် နာမည်ပျက်အောင်ပုံဖျက်နေ
ထိုသို့သော အွန်လိုင်းငွေလိမ်လည်မှု စသည့် တရားမဝင်လုပ်ငန်းများ၏ သားကောင်ဖြစ်ရသူများ သည် မိမိတို့ဒေသတွင်းမှာသာမဟုတ် တစ်ကမ္ဘာလုံးတွင် အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့နေပြီဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော အမေရိကန်သည်ပင် ရှောင်လွှဲ၍မရသလို စင်ကာပူလည်း ခံရသည့်နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ထိုနိုင်ငံများက ရေနံသူဌေးချမ်းသာသူများ၏ လက်ခုပ်ထဲကရေပမာ ဖြစ်နေရသည်။ ဖိလစ်ပိုင်ဆိုလျှင် အထက်မှာဆိုခဲ့သည့် တရားမဝင်လုပ်ငန်းအားလုံး နိုင်ငံအတွင်း အတော်ပျံ့နှံ့နေပြီဟု ဆိုရမည်ဖြစ်သည်။ သူတို့ လူမျိုးများက ထိုဥပဒေမဲ့ ရာဇဝတ်မှုအားလုံးကို အပြစ်မရှိသည့်ပမာ ကျူးလွန်နေကြသည့်အပြင် တရားမဝင်မှုအားလုံးသည် ဖိလစ်ပိုင်ပြည်သူများ အတွက် ပျော်မွေ့ရာ သုခဘုံပမာ ဖြစ်လာသည်ဟုပင် ယူဆရမလိုဖြစ်နေသည်။
သို့သော် ဤသို့သောအမှုအခင်းများသည် မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပင် ဖြစ်နေသယောင် ယောင် တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လုံးဝနေချင့်စဖွယ်မရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်နှင့် အနောက်လွှမ်းမိုးသော မီဒီယာအများစုက ပုံဖော်နေကြသည်မှာ ဝမ်းနည်း ဖွယ်ဖြစ်သည်။ နာမည်ပျက်အောင်ဖျက်နေကြခြင်းသာဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအစိုးရ အုပ်ချုပ်မှုအောက်ရှိ ဒေသများနှင့် မြို့အများစုတွင် တရားဥပဒေစိုးမိုးမှုရှိနေပြီး တရားမဝင်အွန်လိုင်း လိမ်လည်ဇုန်ဟူ၍လည်း သတ်သတ်မှတ်မှတ်မရှိပါ။ အိမ်နီးချင်းနိုင်ငံများမှ ပြည်သူများအနေဖြင့် မြန်မာ နိုင်ငံနှင့်ပတ်သက်သည့်သတင်းများအပေါ် မှန်ကန်စွာနားစွင့်၍ လက်ရှိ ပြည်တွင်းပဋိပက္ခများနှင့် ရောထွေးကာ ပုံမှားရိုက် မှားယွင်းစွာရေးသား ဖော်ပြနေမှုများအပေါ် လက်သင့်မခံရန် လိုအပ်ပါ သည်။
အချုပ်အားဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ရာနေရာဒေသများတွင် တရားမဝင် နိုင်ငံခြားသားများကို ဖိတ်ခေါ်၍ တရားမဝင်အလုပ် များကိုခွင့်ပြုကာ မိမိတို့၏ ရပ်တည်ခွင့်ကို တလွဲ အသုံးချနေသူများသည် တစ်နည်းတစ်လမ်းအားဖြင့် နိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်သူများသာဖြစ်ပါသည်။ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကို မတည်မငြိမ်ဖြစ်စေပြီး နယ်မြေတည်တံ့မှုအပေါ် စိန်ခေါ်မှုတစ်ခု အဖြစ် မှတ်ယူရပါမည်။ ဒေသခံများနှင့် လာရောက် အလုပ်လုပ်ကြသော လူငယ်တို့၏ လူမှုစီးပွားဘဝများ၊ ကိုယ်ကျင့်သိက္ခာများ၊ ယဉ်ကျေးမှုများ ဆုတ်ယုတ်ပျက်စီးစေသည်ကို သတိပြုကြရမည် ဖြစ်ပါသည်၊၊
ယနေ့လူငယ်များအနေဖြင့် ပကတိအခြေ အနေမှန်များကို နားလည်အောင်လေ့လာပြီး မိမိဘဝရပ်တည်ရေးကို အဖျက်ဆီးမခံ ရိုးဖြောင့် မှန်ကန်စွာ သမ္မာအာဇီဝကျကျဖြင့် ကြိုးစားရုန်းကန် ကြရပါမည်။ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး သတင်းအချက် အလက်များကို မျှဝေကြရပါမည်။ သက်ဆိုင်ရာ နိုင်ငံများနှင့်ပူးပေါင်း၍ လုံခြုံရေးကိစ္စများတိုးမြှင့်ဆောင်ရွက်ကာ ရလဒ်ကောင်းများရရှိသည်အထိ ဆက်သွယ်ရေးလိမ်လည်မှုများကို ဆက်လက်တိုက်ဖျက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားကြမည်သာဖြစ်ပါသည်။ ။