ပါဝင်ဆင်နွှဲ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ သြဂုတ်လ ၁၆ ရက်နေ့ကနေ ၂၀ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ (၇) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲနဲ့ (၂၇) ကြိမ် မြောက် တရုတ်(ကူမင်း) ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဂုဏ်ထူးဆောင်နိုင်ငံ အဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး
မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ အစောဆုံး သံတမန်ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တည်ထောင်ခဲ့ကြပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ ယူနန်ပြည်နယ်က အဓိကကျတဲ့ အခန်းကဏ္ဍက အစဉ်တစိုက်ပါဝင်ခဲ့ ပါတယ်။ မြန်မာဝန်ကြီးချုပ် ဦးဗဆွေနဲ့ တရုတ်ဝန်ကြီးချုပ် မစ္စတာချူအင်လိုင်းတို့ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလမှာ ယူနန်ပြည်နယ်မန်စီမြို့မှာ မြန်မာ-တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် စံကားဝါပင်ကို အတူတကွ စိုက်ပျိုးခဲ့ကြတာ ယခုဆိုရင် (၆၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။
ပထဝီအနေအထားအရအရေးပါမှု
မြန်မာ-တရုတ် နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ အခက်အခဲကြုံတွေ့တိုင်း အပြန်အလှန် ရိုင်းပင်းကူညီခဲ့ကြတဲ့ အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံတွေဖြစ်ပါတယ်။ တရုတ်၊ တောင်အာရှနဲ့ အရှေ့ တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံရဲ့ အရေးပါမှုကို ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်အသုံးပြုခဲ့တဲ့ လီဒိုလမ်းမကြီးက သက်သေပြနေတာ တွေ့ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ (၂၁) ရာစု ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနဲ့ BRI စီမံကိန်းတွေကို တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသအတွင်း မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ မဟာဗျူဟာမြောက် ချစ်ကြည် ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုက အားဖြည့်ပံ့ပိုး ပေးနိုင်မှာဖြစ်ပါတယ်။
တရုတ်-တောင်အာရှ ကုန်စည်ပြပွဲရဲ့ ဂုဏ်ထူးဆောင်နိုင်ငံ
ယခုလိုဒေသတွင်းမှာ ပထဝီအနေအထားအရ အရေးပါတဲ့ မြန်မာနိုင်ငံကို ကိုဗစ်ကာလအလွန် ပထမဆုံးအကြိမ်ကျင်းပတဲ့ (၇)ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲရဲ့ ဂုဏ်ထူးဆောင်နိုင်ငံအဖြစ်ပါဝင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက ဖိတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကူမင်းမြို့မှာ ကျင်းပတဲ့ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနဲ့ တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွေမှာ နှစ်စဉ်ပါဝင်ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တရုတ်-တောင် အာရှကုန်စည်ပြပွဲရဲ့ ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်မှာ ဒုတိယအကြိမ် ပါဝင်ဆင်နွှဲခြင်းဖြစ်ပါတယ်။
ထည်ဝါတင့်ဆန်း ဂုဏ်ထူးဆောင်နိုင်ငံပြခန်း
ဂုဏ်ထူးဆောင်နိုင်ငံပြခန်းဆောင်ကို မြန်မာ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေဖြစ်တဲ့ မန္တလေး ရွှေနန်းတော်နဲ့ ပုဂံခေတ်ယဉ်ကျေးမှုတို့ကို အခြေခံ တည်ဆောက်ထားသလို ခေတ်မီဆန်းသစ်တီထွင်မှုတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ မြန်မာပြခန်းဆောင်မှာ နိုင်ငံရဲ့ ပို့ကုန်အလားအလာရှိ ထုတ်ကုန်တွေ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ၊ ဆွဲဆောင်မှုရှိတဲ့ ခရီးသွားနေရာတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ခင်းကျင်းပြသထားပါတယ်။ ဒါ့အပြင် ကုန်စည်ပြပွဲရဲ့ဆောင်ပုဒ် (Theme)ဖြစ်တဲ့ Solidarity and Coordination for Common Development ကို အင်းလေးဒေသရှိ အင်းသားတွေရဲ့ စုစည်းညီညွတ်မှုအင်အားနဲ့ စုပေါင်းလှော်ခတ်တဲ့ အင်းလေးလှေပြိုင်ပွဲဓာတ်ပုံတွေနဲ့ ရည်ညွှန်းပုံဖော်ထားပါတယ်။ ပြပွဲကာလအတွင်း အနုပညာဦးစီးဌာနက အနုပညာရှင်တွေက မြန်မာ့ယဉ်ကျေးမှု အကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်ပြီး မြန်မာနိုင်ငံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖော်ရွေပျူငှာမှုတွေကို ဒေသတွင်းနိုင်ငံတွေ ခံစားသိရှိနိုင်အောင် မိတ်ဆက် ပြသနိုင်ခဲ့ကြပါတယ်။
(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲရဲ့ ဂုဏ်ထူးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံပြခန်းဆောင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့က ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကုန်စည်ပြပွဲဖွင့်ပွဲ
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနဲ့ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် လ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr. Wang Yi၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E Dinesh Gunawardena၊ လာအိုနိုင်ငံ ဒုတိယသမ္မတ H.E Pany Yathotu၊ နီပေါနိုင်ငံ ဒုတိယသမ္မတ H.E Ram Sahay Prasad Yadav၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Tran Luu Quang တို့နဲ့အတူ အဖွင့်မိန့်ခွန်းပြောကြားပြီး ကုန်စည်ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကုန်စည်ပြခန်းများခင်းကျင်းပြသ
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည် ပြပွဲနဲ့ (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ကုန်စည်ပြပွဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ မြန်မာကုန်သည် လုပ်ငန်းရှင်တွေက ကုန်စည်ပြခန်း ၃၅ ခန်းမှာ မြန်မာ့ထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ကော်ဖီ၊ လက်ဖက်၊ ပျားရည်နဲ့ အသင့်စား စားသောက်ကုန်တွေ၊ ရေထွက်ကုန်ပစ္စည်းတွေနဲ့ ကျောက်မျက်ရတနာတွေကို ငါးရက်ကြာ ခင်းကျင်း ပြသရောင်းချခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာကုန်စည်ပြခန်းကို လာရောက်ကြသူတွေကို မြန်မာ့ ထုတ်ကုန်တွေဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်စို၊ ဆီးဖျော်ရည်နဲ့ စားသောက်ကုန်တွေကို မိတ်ဆက်ကျွေးမွေးပြီး ဈေးကွက်ရရှိရေးဆောင်ရွက်ခဲ့ကြပါတယ်။ ကုန်စည်ပြပွဲနဲ့ ဆက်စပ်အစီအစဉ်တွေမှာ မြန်မာနိုင်ငံကကုန်သည် အသင်းအဖွဲ့တွေနဲ့ ကုန်သည်လုပ်ငန်းရှင် ၁၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုး
ကုန်စည်ပြပွဲမှာ ပါဝင်ပြသကြတဲ့ မြန်မာကုမ္ပဏီတွေနဲ့ အသင်းအဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့၊ ချုံချင့်မြို့နဲ့ ကွမ်ရှီးပြည်နယ် သုံးရှင်းမြို့ အခြေစိုက်ကုမ္ပဏီတွေနဲ့ ပို့ကုန်/ သွင်းကုန် လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေးလုပ်ငန်း၊ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်(၆)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါ တယ်။ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို အွန်လိုင်းကနေတစ်ဆင့် တရုတ် နိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေး တရုတ်လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။
သတင်းဌာနများနှင့် တွေ့ဆုံခြင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကူမင်းမြို့မှာ China Media Group (CMG) မြန်မာအစီအစဉ် သတင်းထောက်ကို လက်ခံတွေ့ဆုံပြီး မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိတဲ့ Belt and Road Initiate (BRI) အပေါ် သုံးသပ်ချက်တွေကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။ အလားတူ Phoenix ရုပ်သံဌာနမှ သတင်းထောက်နဲ့တွေ့ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေ၊ တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို လာရောက်ရင်းနှီး မြှုပ်နှံနိုင်မယ့်အခြေအနေတွေကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ၊ ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်ရေး ဖိတ်ခေါ်ခဲ့ပါတယ်။
အကျိုးရလဒ်များ
မြန်မာနိုင်ငံအနေနဲ့ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ ဂုဏ်ထူးဆောင်နိုင်ငံ အဖြစ် ပါဝင်ခွင့်ရရှိခြင်းကြောင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ၊ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ သဘာဝအလှအပတွေကို ဖော်ထုတ်ပြသခွင့်ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်း Social media တွေ ကနေတစ်ဆင့် ပျံ့နှံ့လျက်ရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကို တရုတ်သတင်း မီဒီယာတွေကနေတစ်ဆင့် အများပြည်သူတွေ သိရှိနားလည်အောင် ပြန်လည်ရှင်းလင်းဖြေကြား ပေးနိုင်ခဲ့ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်မီဒီယာတွေကနေတစ်ဆင့် အသိပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကုန်စည်ပြပွဲကာလအတွင်း ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ အပြန်အလှန်နားလည်ယုံကြည်မှုရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ ပါတယ်။
ကုန်စည်ပြပွဲမှာ ပါဝင်တက်ရောက်ကြတဲ့ မြန်မာကုန်သည်လုပ်ငန်းရှင်တွေဟာ တရုတ် ကုန်သည်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက်တွေ လက်မှတ် ရေးထိုးနိုင်ခဲ့ကြတဲ့အတွက် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေး ဆက်လက်ဆွေးနွေးညှိနှိုင်းနိုင်ကြ မှာဖြစ်ပါတယ်။
နိုင်ငံတကာ ကုန်စည်ပြပွဲတွေမှာ ပါဝင်ပြသခြင်းက နိုင်ငံတကာနဲ့ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာ့ထုတ်ကုန်တွေအတွက် ဈေးကွက်သစ်တွေ ရှာဖွေခြင်းမျှသာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးကို ထင်ဟပ်စေတဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးစတဲ့ ကဏ္ဍစုံပါဝင် လွှမ်းခြုံတဲ့ အမိနိုင်ငံတော်ရဲ့ပုံရိပ်ကို နိုင်ငံတကာမျက်နှာစာမှာ မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
ဒေါက်တာသက်လွင်ဦး - MYANTRADE