အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေး
ကျော်နိုင်ဦး(ပတ်ဝန်းကျင်)
အိုဇုန်းလွှာ တည်ရှိရာနေရာ
ကျွန်ုပ်တို့ နေ့စဉ်သွားလာလှုပ်ရှားနေထိုင်ကြတဲ့ ကမ္ဘာမြေကြီးရဲ့အထက် ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ ကမ္ဘာ့လေထုထဲမှာ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အိုဇုန်းလွှာအစုအဝေးတစ်ခု တည်ရှိနေပါတယ်။ ကမ္ဘာမြေကြီးကိုဝန်းရံထားတဲ့ လေထုကို အပူချိန်ပေါ်မူတည်ပြီး သိပ္ပံပညာရှင် တွေက အပိုင်းလိုက်ခွဲခြားကြည့်တဲ့အခါမှာ ကမ္ဘာမြေကြီးရဲ့အထက် ခုနစ်မိုင်ခွဲအထိကို ပထမလေထု အလွှာ(Troposphere)လို့ခေါ်ပြီး အဲဒီရဲ့အထက်မိုင် ၃၀ ကျော်အထိကိုတော့ ဒုတိယလေထုအလွှာ (Stratosphere) လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ အိုဇုန်းလွှာဟာ ကမ္ဘာ့လေထုရဲ့ ဒုတိယအလွှာ (Stratosphere) မှာ ပါးလွှာတဲ့အငွေ့တန်းလေးအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
အောက်ဆီဂျင်မော်လီကျူး (O2)တွေဟာ နေရောင်ခြည်ကြောင့် အောက်ဆီဂျင်အက်တမ်နှစ်ခုအဖြစ် ကွဲထွက်သွားပြီး အခြားအောက်ဆီဂျင် မော်လီကျူးတစ်ခုနဲ့ ဓာတ်ပြုမိတဲ့အခါမှာ အိုဇုန်းမော်လီကျူး(O3)တစ်ခု ဖြစ်ပေါ်လာပါတယ်။ အဲဒီအိုဇုန်းမော်လီကျူးတွေ တစ်နေရာတည်းမှာ စုဝေး နေတဲ့နေရာကို အိုဇုန်းလွှာလို့ ခေါ်ပါတယ်။
အိုဇုန်းလွှာရဲ့ အရေးပါပုံ
ကျွန်ုပ်တို့လူသားတွေ၊ သက်ရှိသတ္တဝါတွေနဲ့အပင်တွေကို အလွန်အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရောင်ခြည်မှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည် တွေ(Ultra Violet rays- UV) ကို ကမ္ဘာ့အိုဇုန်းလွှာဟာ ထီးသဖွယ် ကာကွယ်တားဆီးပေးထားပါတယ်။ အဲဒီလိုသဘာဝကဖန်တီးပေးထားတဲ့ အိုဇုန်းလွှာထိခိုက်ပျက်စီးသွားမယ်ဆိုရင်တော့ နေရောင်ခြည်နဲ့အတူပါလာမယ့် ခရမ်းလွန်ရောင်ခြည်တွေဟာ မြေပြင်ပေါ်ကိုကျရောက်လာပြီး လူနဲ့သတ္တဝါတွေ အားလုံး ရောဂါဘေးဘယာများစွာနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။
နေထွက်လာတဲ့အခါ နေရောင်ခြည်နဲ့အတူ ပါလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို အဓိကအားဖြင့် UV-A ၊ UV-B နဲ့ UV-C ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားထားတဲ့အထဲမှာ UV-C ဟာ အန္တရာယ် အများဆုံး ရောင်ခြည်လှိုင်းဖြစ်ပြီး အဲဒီ UV-C ကျရောက်ခံရရင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်စေနိုင်ပါတယ်။ သဘာဝအိုဇုန်းလွှာဟာ နေရောင်ခြည်မှာပါလာတဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ UV-B နဲ့ UV-C ဆိုတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ကမ္ဘာမြေပေါ်ကို မကျရောက်စေဖို့ ၉၅ ရာခိုင်နှုန်း ကနေ ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးထားပါတယ်။ အကယ်၍ အိုဇုန်းလွှာ တစ်ရာခိုင်နှုန်းသာပျက်စီးခဲ့မယ်ဆိုရင် မြေပြင်မှာ ခရမ်းလွန်ရောင်ခြည် နှစ်ရာခိုင်နှုန်း ပိုမိုတိုးပွားလာမှာ ဖြစ်ပါတယ်။
အိုဇုန်းလွှာပျက်စီးရခြင်း အကြောင်းအရင်း
အိုဇုန်းလွှာဟာ ကလိုရိုဖလူအိုရိုကာဗွန် (Chlo-rofluorocarbons-CFCs) တွေကြောင့် ပျက်စီး ရတယ်ဆိုတာကို သိပ္ပံပညာရှင်တွေအနေနဲ့ ၁၉၇၄ ခုနှစ်က စတင်လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ ကလိုရင်းနဲ့ဘရိုမင်းတို့ဟာ လေထုရဲ့ဒုတိယအလွှာကို ပျံ့လွင့်ရောက်ရှိသွား တဲ့အခါမှာ ဓာတ်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး အိုဇုန်းလွှာဟာ ပျက်စီးရတာဖြစ်ပါတယ်။ အိုဇုန်းမော်လီကျူးတွေ ပျက်စီးလာလို့ ကမ္ဘာ့လေထုရဲ့ ဒုတိယအလွှာမှာရှိတဲ့ အိုဇုန်းလွှာပျက်စီးပါးလွှာလာတာကို အိုဇုန်းလွှာပေါက်တယ်လို့ လူအများကနားလည်လွယ်အောင် ပြောဆိုကြခြင်း ဖြစ်ပါတယ်။
အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများ
အိုဇုန်းလွှာကိုပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေကတော့ နံပါတ်တစ်အနေနဲ့ ကလိုရင်းပါဝင်တဲ့ပစ္စည်း တွေဖြစ်တဲ့ ကလိုရိုဖလူအိုရိုကာဗွန်(Chlorofluor-ocarbons–CFCs) နဲ့ ဟိုက်ဒရိုကလိုရိုဖလူအိုရိုကာဗွန် (Hydrochloroflurocarbons-HCFCs) တွေဖြစ်ပြီး နံပါတ်နှစ် အနေနဲ့ ဘရိုမင်းပါဝင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဟိုက်ဒရိုဘရိုမိုဖလူအိုရိုကာဗွန် (Hydrobromo-fluorocarbons-HBFCs)နဲ့ ဘရိုမိုကလိုရိုမီသိန်း (Bromochloromethane-BrCH2Cl) တွေဖြစ်ပါတယ်။
အိုဇုန်းလွှာပျက်စီးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
အိုဇုန်းလွှာပါးလွှာပျက်စီးလာရင် ခရမ်းလွန်ရောင်ခြည်လှိုင်း(UV-B နဲ့ UV-C)တွေ ကမ္ဘာမြေပြင်ပေါ်ကို ကျရောက်လာမှာဖြစ်ပြီး လူသားတွေရဲ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဂေဟစနစ်နဲ့ ကုန်ပစ္စည်း တွေအပေါ် ထိခိုက်မှုများစွာဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လူသားတွေမှာဆိုရင် အရေပြားနေလောင်တာ၊ အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲရောဂါ၊ ခန္ဓာကိုယ်ခုခံအားစနစ် ကျဆင်းလာတာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုရင် သီးနှံတွေကြီးထွားမှုကို နှေးကွေးလာပြီး သီးနှံတွေရဲ့အာဟာရတန်ဖိုး ကျဆင်းသွားစေနိုင်ပါတယ်။ ဂေဟစနစ်မှာဆိုရင် အပင်ပုံသဏ္ဌာန်တွေ ပြောင်းလဲလာတာ၊ အပင်နဲ့အကျိုးပြုပိုးမွှားတွေရဲ့မျှတမှုကို ပျက်စီးစေနိုင်တာ၊ ပင်လယ်အတွင်းရှိ အပင်ငယ်နဲ့ သတ္တဝါငယ်တွေကို ထိခိုက်သေကျေ ပျက်စီးတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ လူသုံးကုန် ပစ္စည်းတွေဖြစ်တဲ့ ပလတ်စတစ်၊ ရော်ဘာ၊ သုတ်ဆေး၊ သစ်သား၊စက္ကူ၊ သားမွေးနဲ့ချည်ထည်တွေကို ယိုယွင်းပျက်စီးစေပြီး အဆိုပါပစ္စည်းတွေရဲ့ ကြာရှည်ခံမှုနဲ့ အသုံးဝင်မှုသက်တမ်းကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်ရန် နည်းလမ်းများ
နေရောင်ခြည်နဲ့အတူပါလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေ လူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်ခဲ့ရင် ကျန်းမာရေးကို များစွာထိခိုက်စေနိုင်တဲ့အတွက် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အပြင် မထွက်ဘဲနေရိပ်ထဲမှာသာ နေထိုင်သင့်ပါတယ်။ လုပ်ငန်းလုပ်ဆောင်ဖို့ရှိလို့ မဖြစ်မနေ အပြင်ထွက် ရတဲ့အခါမှာ နေကာမျက်မှန်တပ်တာ၊ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာစတာတွေ လုပ်ဆောင်ကြ ရမှာဖြစ်ပြီး အဝတ်အစားတွေကိုလည်း လက်ရှည်ဝတ်ဆင်သွားသင့်ပါတယ်။ အသားပေါ်နေတဲ့ မျက်နှာ၊ လက်နဲ့ခြေထောက်တွေကို နေရောင်ခြည် ဒဏ်ခံလိမ်းဆေးလိမ်းပြီးမှ အပြင်ကို ထွက်ခွာသင့်ပါတယ် ။
အိုဇုန်းလွှာနှင့် ရာသီဥတုပြောင်းလဲမှု
ရာသီဥတု ပြောင်းလဲဖောက်ပြန်ရတာဟာ ကမ္ဘာကြီးပူနွေးလာလို့ဖြစ်တယ်ဆိုတာ အားလုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာရတာဟာ ကမ္ဘာ့လေထုထဲမှာ မှန်လုံအိမ်ဓာတ်ငွေ့တွေ အဆမတန်များပြားလာလို့ ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)၊ မီသိန်း(CH4)၊ နိုက်ထရပ် အောက်ဆိုဒ်(N2O)၊ မြေပြင်ရှိအိုဇုန်း(Ground Level Ozone)၊ ကလိုရိုဖလူအိုရိုကာဗွန်(CFC)၊ ဟိုက်ဒရိုကလိုရိုဖလူအိုရိုကာဗွန်(HCFC)စတဲ့ ဓာတ်ငွေ့တွေဟာ ကမ္ဘာကြီးကိုပူနွေးစေပြီး မှန်လုံအိမ်သဖွယ် စွမ်းဆောင်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတဲ့အတွက် မှန်လုံအိမ်ဓာတ်ငွေ့တွေလို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
အဲဒီမှန်လုံအိမ်ဓာတ်ငွေ့ အမျိုးအစားတွေအနက် CFC ဓာတ်ငွေ့ဟာလေထုထဲမှာ နှစ်ပေါင်းရာချီတည်ရှိနေနိုင်ပြီး အိုဇုန်းလွှာကို ဖျက်ဆီးပစ်နိုင်တာကြောင့် အန္တရာယ်အများဆုံးဓာတ်ငွေ့လို့ဆိုရမှာ ဖြစ်ပါတယ်။ CFC တွေ ကမ္ဘာ့လေထုထဲမှာ များပြားလာတဲ့အခါ အိုဇုန်းလွှာပျက်စီးစေမှုနဲ့အတူ ကမ္ဘာကြီးပူနွေးလာမှုကို အလျင်အမြန်ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ရာသီဥတုပြောင်းလဲမှုတွေနဲ့ သဘာဝဘေး အန္တရာယ်ဆိုးတွေ ရင်ဆိုင်ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ
အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ဖို့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့UNEPတို့က ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ၁၉၈၅ ခုနှစ်မှာ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်ခဲ့ကြပါတယ်။ တစ်ဖန် ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ကနေဒါနိုင်ငံမွန်ထရီရယ်မြို့မှာ ထပ်မံချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ အဆိုပါစာချုပ်အရ အိုဇုန်း လွှာပျက်စီးစေတဲ့ CFC နဲ့ Halon ဒြပ်ပစ္စည်း ရှစ်မျိုး ကို အပြီးသတ်ရပ်ဆိုင်းနိုင်ခဲ့ပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေ ထပ်မံဖော်ထုတ်တွေ့ရှိလာတဲ့အတွက် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ငါးကြိမ်တိုင်ပြင်ဆင်ခဲ့ရပြီး အဆိုပါဒြပ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကို ထပ်မံကန့်သတ် ထိန်းချုပ်ခဲ့ ကြရပါတယ်။ ၂၀၁၆ ခုနှစ်က ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့မှာ ကျင်းပခဲ့တဲ့ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ (၂၈)ကြိမ်မြောက် အစည်းအဝေးမှာ ကမ္ဘာကြီးပူနွေးမှုအညွှန်းကိန်း အလွန်မြင့်မားပြီး မှန်လုံအိမ်အာနိသင်ရှိတဲ့ ဟိုက်ဒရိုဖလူအိုရိုကာဗွန် (HFCs)တွေ ထုတ်လုပ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက် (Kigali Amendment) ကို ထပ်မံသဘောတူ ချမှတ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ မွန်ထရီရယ်သဘောတူစာချုပ်နဲ့ ပြင်ဆင်ချက်တွေအပါအဝင် နိုင်ငံတကာသဘောတူ စာချုပ်တွေမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး နိုင်ငံတကာ ကတိကဝတ်တွေကို အခြားကမ္ဘာ့နိုင်ငံတွေ နည်းတူ လိုက်နာဆောင်ရွက်လျက်ရှိနေပါတယ်။ မကြာမီအချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ကီဂါလီပြင်ဆင်ချက်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် HFCs တွေသုံးစွဲမှုကို ၂၀၂၄ ခုနှစ်မှစ၍ နှစ်အလိုက် တဖြည်းဖြည်းချင်း ကန့်သတ်ထိန်းချုပ်သွားရမှာဖြစ်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံမှာ ကလိုရိုဖလူအိုရိုကာဗွန်(CFCs)တွေ တင်သွင်းမှုကို ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက် နေ့ကစပြီး အပြီးသတ်ရပ်ဆိုင်းထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်ကို ၂၀၁၄ ခုနစ် ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအမိန့်ပါ လိုက်နာဆောင်ရွက်ရမယ့် အချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်သူ၊ ဒါမှမဟုတ် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် သူဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ-၃၂ အရ အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်။
နိဂုံး
အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာမှာ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တွေနဲ့အညီ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အိုဇုန်းလွှာပျက်စီးစေတဲ့ဒြပ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချထိန်းချုပ်သွားကြဖို့လိုပါတယ်။ ဒီလို ဆိုရင် နောင်လာမယ့် နှစ်ပေါင်း ၄၀ ကျော် ၅၀ အတွင်းမှာ သဘာဝအိုဇုန်းလွှာဟာ ၁၉၈၀ ပြည့်နှစ်မတိုင်မီက အနေအထားကို ကောင်းမွန်စွာ ပြန်လည်ရောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေဟာ ကမ္ဘာကြီးပူနွေးမှု အညွှန်းကိန်း အလွန်မြင့်မားကြတဲ့အတွက် အိုဇုန်းလွှာပျက်စီး စေမယ့်ပစ္စည်းတွေကို လျှော့ချနိုင်ရင် ရာသီဥတုပြောင်းလဲမှုကိုလည်း တစ်ပြိုင်နက်တည်း လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ အိုဇုန်းလွှာပျက်စီးစေမယ့် ဒြပ်ပစ္စည်းပါဝင်တဲ့ပစ္စည်းတွေ မသုံးစွဲကြဖို့၊ အိုဇုန်းလွှာကို မထိခိုက်တဲ့ အစားထိုးပစ္စည်းတွေ ပိုမိုသုံးစွဲကြဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ဒါကြောင့် ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့(World Ozone Day, 2023) အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်တဲ့ “ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ပေး”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အဖိုးတန် သဘာဝအိုဇုန်းလွှာကိုကျွန်ုပ်တို့နိုင်ငံသူ၊ နိုင်ငံသား အားလုံးက လက်တွဲညီညီနဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ ။
ကိုးကား
၂။ ဝင်းချစ်(အမျိုးသားစာပေဆုရ) ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအခြေခံများ အတွဲ(၁)
၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးစာအုပ် (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ)