လူငယ်ထု ပြုစုပျိုးထောင်ရေးလုပ်ငန်းစဉ်များ ရှင်သန်အနှစ်သာရရှိကြစေချင်
မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
ပြဋ္ဌာန်းထားသော ကျောင်းသင်ခန်းစာများကိုသာ လေ့ကျင့်ကျက်မှတ်နေကြရသော ကျောင်းသား ကျောင်းသူလူငယ်များအနေဖြင့် အတန်းပညာရှိမှသာ “အတတ်ပညာများ”ကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သောကြောင့် ကျောင်းစာများကိုသာ အလေးထားသင်ကြား နေကြရသည်ဖြစ်ရာ “အသိပညာ” များစွာကို ပြင်ပအသိပညာရှင်များနှင့် အတတ်ပညာရှင်များထံမှသာ လေ့လာရရှိနိုင်ကြပါသည်။ စာပေမျိုးစုံကို ဖတ်ရှုလေ့လာခြင်းဖြင့်လည်းကောင်း၊ စာပေစကားဝိုင်းများ၊ စာပေဆွေးနွေးပွဲများ၊ ပညာပေးဟောပြောပွဲများ ကျင်းပကြခြင်းဖြင့်လည်းကောင်း၊ အသိပညာများတိုးပွားကာ ကိုယ်ကျင့်တရားနှင့် ကိုယ်ရည်ကိုယ်သွေးလည်း မြင့်မားဖွံ့ဖြိုးလာကြပေမည်။
ပြည်သူ့ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်ကြံ
ကိုယ်ရည်ကိုယ်သွေးဟူသည်မှာ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ ဟူသော ဗလငါးတန်နှင့် ပြည့်စုံကြစေရန်နှင့် ပြည်သူ့ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်ကြံ နေထိုင်ကြစေရေးပင်ဖြစ်သည်။ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား ကျောင်းသူ လူငယ်များကို စာသင်ကျောင်းများမှာပင် “ဆရာကောင်းတပည့် ပန်းကောင်းပန်” ကြစေရန် အခြေခံမှစ၍ ပျိုးထောင်ပေးနေခြင်း ဖြစ်ပါသည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုး တိုးတက်သော မျိုးဆက်သစ်လူငယ်များ တိုးပွားလာကြစေရေးအတွက် စီမံချက်များချမှတ်ကာ ကြိုးစားလှုပ်ရှားနေကြခြင်းဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃တွင် “နိုင်ငံတော်သည် လူငယ်များကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်”ဟူသော နိုင်ငံတော်အခြေခံမူကို ပြဋ္ဌာန်းထားရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း ဦးတည်ချက်(၉)ရပ် ချမှတ်ထားသည်။ ၎င်းတို့အနက် လူမှုရေးဦးတည်ချက်ထဲတွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော ဦးတည်ချက်ကိုချမှတ်ပြီး လက်တွေ့ကာယကံမြောက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ အကောင်အထည်ဖော်လျက်ရှိရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခဲ့ပြီး လူငယ်ရေးရာ မူဝါဒကို ၂ဝ၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။
အဆိုပါလူငယ်ရေးရာမူဝါဒနှင့်အညီ လက်တွေ့ဆောင်ရွက်သွားနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂ဝ၂ဝ-၂ဝ၂၄) ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ (၁၆) ရပ်ကို ချမှတ်ခဲ့ပါသည်။
၎င်း (၁၆) ရပ်မှာ (၁) ပညာရေးကဏ္ဍ၊ (၂) ကျန်းမာရေးဏ္ဍ၊ (၃) မူးယစ်ဆေးဝါးနှင့် အခြားဘေး ဖြစ်စေတတ်သည့် အန္တရာယ်ကဏ္ဍ၊ (၄) အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ၊ (၅) အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ (၆) စီးပွားရေးကဏ္ဍ၊ (၇) နိုင်ငံရေးကဏ္ဍ၊ (၈) စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ၊ (၉) သုတေသနကဏ္ဍ၊ (၁ဝ) သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ (၁၁) ပြည်သူ့နီတိနှင့် နိုင်ငံ့ သားကောင်းဖြစ်မှုကဏ္ဍ၊ (၁၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ (၁၃) ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊ (၁၄)ကျား/မ ညီမျှမှုကဏ္ဍ၊ (၁၅) လူ့အခွင့်အရေး ကဏ္ဍနှင့် (၁၆) နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ ဖြစ်ကြပါသည်။
လူငယ်အသိပညာပေးဟောပြောပွဲများကျင်းပ
လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (၁၆) ရပ်ကိုကြည့်ပါက နိုင်ငံ၏အနာဂတ်အတွက် ရည်မှန်းလျက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပါ အလေးအနက်ထားကာ ချမှတ်ထားသည်မှာ သိသာထင်ရှားနေပါသည်။ ထို့ကြောင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး လူငယ်များ အသိအမြင်ဗဟုသုတ ကြွယ်ဝစေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး၊ ရိုးရာယဉ်ကျေးမှုထုံးဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ဖယ်ကင်းဝေးစေရေးအတွက် လူငယ်အသိ ပညာပေးဟောပြောပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ကျင်းပခဲ့ရာ ၂ဝ၂၂ ခုနှစ် မတ်လမှ ၂ဝ၂၃ ခုနှစ် ဇူလိုင်လအထိ ဟောပြောပွဲပေါင်း ၂၂၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူလူငယ်ပေါင်း ၄၁၉၃၇၁ ဦးကို အသိပညာမျှဝေပေးနိုင်ခဲ့ကြောင်း၊ လူငယ် စကားဝိုင်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်မြို့နယ်များတွင် လူငယ်စကားဝိုင်းအကြိမ် ၁၁၀ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူပေါင်း ၂၁၃၃၀ ပါဝင် တက်ရောက်ခဲ့ကြကြောင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကဦးစီး၍ “သွေးချင်း ညီနောင်၊ ကောင်းကျိုးဆောင်၊ ပြည်သစ်အောင်ဖို့ ဆွေးနွေးစို့”ဟူသောဆောင်ပုဒ်ဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ၏ ငြိမ်းချမ်းရေးဆိုင်ရာစကားဝိုင်းကို ၂၈. ၁. ၂ဝ၂၃ ရက်နေ့တွင် မန္တလာသီရိအားကစားကွင်း၌ ကျင်းပခဲ့ရာ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၀၀၀ ပါဝင်တက်ရောက်ခဲ့ကြောင်း နေ့စဉ်ထုတ်သတင်းစာများတွင် သတင်းဓာတ်ပုံများနှင့် ဖော်ပြခဲ့ကြသဖြင့် နိုင်ငံတော်၏အနာဂတ်အရေးကို မြော်တွေး၍ ကြည်နူးချမ်းမြေ့ကြ ရပါသည်။
ပညာရေးဝန်ကြီးဌာနကလည်း ပညာရေးကို အလေးပေးဆောင်ရွက်နေသလို လူချွန်လူမွန် လူငယ်များအတွက် ရပ်နားထားခဲ့သော လူရည်ချွန်စီမံကိန်းကို ပြန်လည်ဖော်ဆောင်ခဲ့သည့် အပြင် ထူးချွန်ကျောင်းသား ကျောင်းသူ လူငယ်များကိုလည်း ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစီစဉ်ပေးခဲ့ပါသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကလည်း “လူငယ်အင်အား၊ စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်နှင့်အညီ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပျိုးထောင်ပေးခဲ့ပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့ပါသည်။ လူငယ် ရေးရာဦးစီးဌာနကလည်း ပြည်တွင်း၊ ပြည်ပ လူငယ်လေ့လာရေးခရီးများ စီစဉ်ပေးခဲ့ပါသည်။ အာဆီယံ လူငယ်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ၂ဝ၂၂ ခုနှစ် မတ်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အစည်းအဝေးခြောက်ကြိမ်၊ သင်တန်းတစ်ကြိမ်၊ ပြိုင်ပွဲ ၁၀ ကြိမ်၊ ဆွေးနွေးပွဲ ၁၉ ကြိမ်တို့တွင် မြန်မာလူငယ် ကိုယ်စားလှယ်ပေါင်း ၈၇ ဦး ပါဝင်တက်ရောက်နိုင်ခဲ့ကြပါသည်။
ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်း
မြန်မာနိုင်ငံအနေဖြင့် မြန်မာလူငယ်ထုအရေးအတွက် ကမ္ဘာ့လူငယ်ထုအရေးနှင့် တွေးခေါ်နှိုင်းယှဉ် မြော်မြင်ပြီး ဆင်ခြင်သုံးသပ်ကာ အလားအလာကောင်းများ ဖြစ်ပေါ်တိုးတက်စေရန် အစဉ်ကြိုးပမ်းလျက်ရှိနေပါသည်။ ကမ္ဘာ့လူငယ်ဦးရေ၏ ၆ဝ ရာခိုင် နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ အာဆီယံဒေသတွင်း၌လည်း လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် (၁၅) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ ၁၆ ဒသမ ၈၉ သန်းမှာ အသက် (၁၅) နှစ်မှ (၃၄) နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံစုစုပေါင်း လူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ သို့ဖြစ်၍ ဒေသအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဖော်ဆောင်သွားရန် ရည်သန်လှုပ်ရှားလျက် ရှိသည်။
၁၉၉၈ ခုနှစ်က ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ကုလသမဂ္ဂနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည့် ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံတွင် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရန် အကြံပြုချက်အရ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်အမှတ် (၅၄/၁၂၀) ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့ကြောင့် ကုလသမဂ္ဂကကြီးမှူး၍ ၂ဝဝဝ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ တွင် “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”ကို စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၂၃) နှစ်ခရီးကို ကျော်လွန်ခဲ့လေပြီ။
မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနှင့် တန်းတူပင် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှစ၍ “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အခမ်းအနားများကို နှစ်စဉ်မပျက် ကျင်းပခဲ့ပါသည်။ ၂၀၂၃ ခုနှစ် “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားသောဆောင်ပုဒ်မှာ “ကမ္ဘာမြေအရှည်တည်တံ့စေဖို့၊ လူငယ်များရဲ့အစိမ်းရောင်ကျွမ်းကျင်မှု စွမ်းရည်ဖြင့်ဖော်ဆောင်စို့” (Green Skills for Youth: Towards a Sustainable World) ဟူ၍ဖြစ်သည်။
လူငယ်ရေးရာဗဟိုကော်မတီက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သကဲ့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ လူငယ်ရေးရာ ကော်မတီဝင်များ၊ လူငယ်အဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာများကလည်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများအဖြစ် ပြေးခုန်ပစ်ပြိုင်ပွဲများ၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ စာပေစကားဝိုင်းများနှင့် လူငယ်စကားဝိုင်းများကို ကျင်းပခဲ့ကြပါသည်။
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဟူသော စကားနှင့်အညီ ယနေ့လူငယ်မျိုးဆက်သစ်များ သည် နောင်အနာဂတ်ကာလတွင် လူကြီးများအဖြစ် နိုင်ငံနှင့် လူမျိုး၏တာဝန်ကို ပခုံးပြောင်းထမ်း ဆောင်ကြရပေမည်။ ထို့ကြောင့် ယနေ့လူငယ်များကို ယနေ့လူကြီးများက အကျိုးပြုလုပ်ငန်းများနှင့် ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည်။
လူငယ်များကို စနစ်တကျဖွဲ့စည်းပျိုးထောင်
ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံ၏အရန်အင်အားစု လူငယ်ထုကို မျက်ကွယ်ပြုရိုးထုံးစံမရှိပေ။ ဖွံ့ဖြိုးတိုးတက်လိုသောနိုင်ငံတိုင်းသည် လူငယ်များကို စနစ်တကျ ဖွဲ့စည်းပျိုးထောင်ပေးခဲ့ကြသည်။ ပမာတင်ပြရလျှင် ဆိုဗီယက်နိုင်ငံမပြိုကွဲခင်က အသက်အပိုင်းအခြားအလိုက် “ကွန်ဆိုမိုလူငယ်၊ ရှေ့ဆောင်လူငယ်၊ အောက်တိုဘာလူငယ်” ဟူ၍ ဖွဲ့စည်းပျိုးထောင်ပေးခဲ့သည့်နှယ် ဘူဂေးရီးယားနိုင်ငံတွင် “ကွန်ဆိုမိုလူငယ်” အရှေ့ဂျာမနီနိုင်ငံတွင် “ပိုင်အိုး နီးယားလူငယ်”ဟူ၍ ဖွဲ့စည်းပျိုးထောင်ပေးခဲ့ကြသည်။
အချို့နိုင်ငံများကလည်း နိုင်ငံရေးမပါသော ကင်းထောက်လူငယ်၊ ကြက်ခြေနီလူငယ်၊ မီးသတ်တပ်ဖွဲ့လူငယ်ဟူ၍ ပျိုးထောင်ဖွဲ့စည်းပေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း ခေတ်စနစ်အရ “တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်” ဟူ၍ ပျိုးထောင်ဖွဲ့စည်းပေးခဲ့ပြီး လူငယ်နှီးနှောဖလှယ်ပွဲများကို ကျင်းပပေးခဲ့ကြပါသည်။ မြန်မာ့စာပေလောကတွင်လည်း အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာပေဆုများတွင် ကလေးစာပေဆုများနှင့် လူငယ်စာပေဆုများကို နှစ်စဉ်ချီးမြှင့်ပေးခဲ့ကြပြီး လူငယ်ထုအရေးကို ထာဝစဉ်အလေးပေး ဆောင်ရွက်ခဲ့ကြပါသည်။
ကျောင်းသား ကျောင်းသူများအပါအဝင် လူငယ်မှန်သမျှသည် အသက်အရွယ်အရ ပျိုမျစ်လန်းဆန်းသည်။ တက်ကြွနိုးကြားသည်။ အားမာန်ပြည့်ဝသည်။ ရဲဝံ့သည်။ ထက်မြက်သွက်လက်သည်။ အပင်ပန်းအနစ်နာခံနိုင်သည်။ ဆန်းသစ်တီထွင်လိုသည်။ ဦးဆောင်မှုကို လိုလားသည်။ အများ၏ အားကိုးမှုကို ခံယူလိုသည်။ အရာရာကို စူးစမ်းလေ့လာလိုသည်။ စွန့်စားလိုသည်။ ပင်ကိုသဘာဝအားဖြင့် ရိုးသားဖြူစင်သန့်ရှင်းသည်။ အဟောင်းအညစ်၌ အမြစ်မတွယ်။ အတိတ်၌မစွဲလမ်း။ ပစ္စုပ္ပန်၌မယစ်မူး။ အစဉ်သဖြင့် အနာဂတ်သို့ မျက်နှာမူသည်။ ရှေ့သို့သာဦးတည်သည်။
ထို့ကြောင့် လူကြီးများက အရောင်ကင်းမဲ့သည့် ရေနှင့်တူသော လူငယ်များကို လိုရာအရောင်ဆိုး၍ လိုရာခွက်တွင် ထည့်ထားပါက လိုရာပုံစံကိုရရှိနိုင်သည်။ ဖယောင်းကဲ့သို့ ပျော့ပျောင်း၍ လိုရာပုံကိုသွန်းလောင်းနိုင်သည်။ အဟုန်ပြင်းသောရေတံခွန်နှင့်လည်းတူသည်။ စနစ်တကျထိန်းကျောင်းမှုရှိလျှင် လိုအပ်သလိုအသုံးပြုနိုင်သည်။ အထိန်းအကျောင်းမရှိလျှင် တိမ်းစောင်းတတ်သည်။ သုံးတတ်လျှင် ဆေးဖြစ်၍၊ မသုံးတတ်လျှင် ဘေးဖြစ်တတ်သည်။ လေလွင့်ပျက်စီးတတ်သည်။ အဖျက်အင်အားစုဖြစ်သွားတတ်သည်။ သို့ဖြစ်၍ အယူအဆ ရေးရာဦးဆောင်မှု၊ နိုင်ငံရေးလမ်းညွှန်မှု၊ သဘော တရားရေးရာပုံသွင်းမှုနှင့် စည်းရုံးထိန်းကျောင်း၊ ပြုစုပျိုးထောင်ကြရာတွင် လူကြီးများကိုယ်တိုင်က စံနမူနာယူစရာစံပြများ ဖြစ်နေကြရန်လည်း အထူးပင် ဂရုစိုက်ပြုမူကျင့်ကြံနေထိုင်ကြသင့်ပါသည်။
ယနေ့လူငယ်များသည် ပွဲကြည့်ပရိသတ်များ ဖြစ်ကြပါသည်။ နောင်အနာဂတ်တွင် ကိုယ့်ဇာတ်ညွှန်းကိုယ်တိုင်ရေး၍ ကိုယ့်ဇာတ်လမ်းတွင် ကိုယ်တိုင်ပါဝင်ကပြကြရသော အဓိကဇာတ်ကောင် များဖြစ်လာကြပေမည်။ ထို့ကြောင့် ယနေ့လူ့ဘဝ ဇာတ်ခုံပေါ်မှ လူကြီးများ၏ ဇာတ်ညွှန်း၊ ဇာတ်လမ်းများ၊ ဇာတ်ကွက်များ၊ ကပြအသုံးတော်ခံလှုပ်ရှားမှု များကို ပွဲကြည့်ပရိသတ်လူငယ်များက အားကျအတုယူ လေ့လာမှတ်သားနေကြပါသည်။ ထိုသို့ နည်းယူနိုင်မှုသည် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ ဖြစ်နိုင်သည် မဖြစ်နိုင်သည်မှာ ယနေ့လူကြီးများ၏ စွမ်းဆောင်ကြိုးပမ်း ပျိုးထောင်မှုအပေါ်တွင်သာ မူတည်နေပါသည်။ သို့ဖြစ်ရာ ယနေ့လူကြီးများက ရှေ့ဆောင်လမ်းပြမှု၊ ပြုစုပျိုးထောင်မှု မှန်ကန်မှသာလျှင် နိုင်ငံတော်၏အနာဂတ်အရောင်သည် ထွန်းပြောင်လာမည်ဖြစ်ပါသည်။
အခါအားလျော်စွာကျင်းပ
ထို့ကြောင့်လည်း လူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်ဝရေး၊ ပြည်သူ့နီတိနှင့် ကျင့်ဝတ်၊ စံနှုန်းများကို လေးစားလိုက်နာသည့် နိုင်ငံ့သားကောင်းရတနာများအဖြစ် ပေါ်လာကြစေရေးအတွက် နိုင်ငံတော်အနှံ့အပြားရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ စာပေစကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာအုပ်မိတ်ဆက်ပွဲများ၊ စာတမ်းဖတ်ပွဲများကို အခါအားလျော်စွာ ကျင်းပနေကြခြင်းဖြစ်ပါသည်။
လွန်ခဲ့သော ခြောက်နှစ်ကျော်ကလည်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ စာမဖတ်သူပပျောက်ရေး၊ စာတတ်သူတိုင်း စာဖတ်ရေးနှင့်စာပေရေချမ်းစင် လှုပ်ရှားမှုများအပါအဝင် ကျောင်းသား ကျောင်းသူလူငယ်များကို ဟောပြောလှုံ့ဆော်ပျိုးထောင်ပေးခဲ့ကြပါသည်။ ယခုနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ပူးတွဲပြီး ကျောင်းသား ကျောင်းသူလူငယ်များအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို ကျင်းပပေးလျက်ရှိသည်။
ထိုသို့ ဘက်ပေါင်းစုံကျင်းပနေကြရာတွင် ကျောင်းသား ကျောင်းသူ လူငယ်များသာမက ပြင်ပလုပ်ငန်းခွင်များနှင့် ဌာနဆိုင်ရာများရှိ လူငယ်များကိုပါ ပြုစုပျိုးထောင်ပေးသင့်ပါသည်။ ခေတ်မီဆက်သွယ်ရေး ကိရိယာများကြောင့် တိုးတက်မှုများရှိသကဲ့သို့ ဆုတ်ယုတ်မှုအဖျက် အင်အားစုများလည်း ဖြစ်သွားကြသည်ကို လက်တွေ့မျက်မှောက်ကာလတွင် မြင်တွေ့နေကြရလေရာ အဆိုပါအားပြိုင်မှုကို ကောင်းမွန်အကျိုးပြုနိုင်စွမ်းရှိသော ပြုစုပျိုးထောင်မှုများက အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ထိရောက်စွာကျင့်သုံးကြရန် အထူးပင်လိုအပ်လှပါသည်။ ခါတော်မီ ပေါ်ပင်ဟန်ရေးပြသဘောမျိုး အရည်အသွေးမပါ သောအရေအတွက်များသာ ဖော်ရှိုး သဘောမျိုး လှုပ်ရှားဟန်များကိုကား တားဆီးကြပြီး ထိန်းကျောင်းတည့်မတ်ပေးသင့်ပါသည်။
သို့မှသာလျှင် နိုင်ငံတော်၏ ပစ္စုပ္ပန်ကာလမှာရော အနာဂတ်ကာလမှာပါ လူငယ်ထုကို ပြုစုပျိုးထောင်ကြရသည့်အကျိုးရလဒ်ကို ခံစားကြရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
ကိုးကား။
- (၁၀. ၈. ၂၀၂၃)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ မောင်လူအေး (ရေစကြို) ၏ (လူငယ်အင်အား၊ စွမ်းပကားဖြင့်၊ နိုင်ငံ့ဂုဏ်ရောင်၊ အလင်းဆောင်အံ့) ဆောင်းပါး
- မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ၏ အမျိုးသား စာပေဆုရ (မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ် ဝတ္ထုတိုများ)
- နေ့စဉ်ထုတ်သတင်းစာများထဲမှ ကောက်နုတ်ချက်များ