Skip to main content

မြန်မာ့ “အ”သုံးလုံးဖခင်ကြီးမှသည် ကမ္ဘာ့ကလေးများ၏ အသက်သခင်ဆီသို့ …..

ဒေါက်တာမောင်သင်း

(ယမန်နေ့မှအဆက်)

(၄) “အာရှနှင့် အာဖရိကနိုင်ငံများ အတုယူသင့်တာ မြန်မာ့နည်းလမ်းပါ”

“အ”သုံးလုံးကျေလုပ်ငန်း အရှိန်မြင့်လာသည့်အခါ လုပ်အားပေးတက္ကသိုလ်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသည် အညာဘက်သို့ မီးရထားဖြင့်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဘက်သို့ သင်္ဘောဖြင့်လည်းကောင်း နွေရာသီကျောင်းပိတ်ရက်တွင် မိမိစရိတ်ဖြင့် သွားရောက်ကြရာ သူတို့ထွက်ခွာသည့်အချိန်၌ ဘူတာရုံအပြည့်နှင့် သင်္ဘောဆိပ်များတွင် ကမ်းလုံးအပြည့် လာနှုတ်ဆက်ကြသည်။

ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံနှင့် စီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များဖြစ်သည့် ဒေါက်တာမောင်မောင်ခ၊ ဒေါက်တာအေးလှိုင်တို့ကလည်း ဒုတိယဝန်ကြီး ဒေါက်တာညီညီတို့နှင့် ရန်ကုန်ဘူတာကြီးသို့ လာရောက်နှုတ်ဆက်ရာ ထိုစဉ်က မြန်မာပြည်သို့ ရောက်ရှိနေသည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ (ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း) “မက္ကနာမရား” က ရထားသုံးစင်းအပြည့်စေတနာ့ဝန်ထမ်း လုပ်အားပေးများကို ကြည့်ပြီး “အတင်း အဓမ္မ၊ ခိုင်းစေလို့ သွားရတာလား (Force Labour) လား” ဟု မေးမြန်းခဲ့သည်။

ပါမောက္ခချုပ်နှစ်ဦးစလုံးက တက္ကသိုလ်ကျောင်းသားများ အင်္ဂလိပ်လိုတတ်ကြသည်။ မေးကြည့်ပါလားဆိုတော့ မေးမြန်းလေရာ လုပ်အားပေးကျောင်းသားများက “မိမိတို့သည် စေတနာဖြင့် လုပ်အားပေးသွားခြင်းဖြစ်ကြောင်း၊ မီးရထားခနှင့်‌ စားသောက်စရိတ် မိမိတို့အိတ်ထဲမှ စိုက်သုံးသွားရောက်ခြင်းဖြစ်ကြောင်း” ပြောပြခဲ့သည်။

အထူးအံ့ဩကာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက စာတတ်မြောက်မှုနှုန်း မြင့်မားလာစေရန် “အာရှနှင့် အာဖရိကနိုင်ငံများ မြန်မာကို အတုယူကျင့်သုံးသင့်ကြောင်း” ပြောကြားခဲ့မှုမှတ်တမ်းများရှိခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဆရာကြီးဦးသောင်းထွဋ်က ဂျာမနီနိုင်ငံ အနောက်ဘာလင်၌ ကျင်းပခဲ့သည့် “စာတတ်မြောက်ရေးညီလာခံ” တွင် “Burmese Way to Literary” စာတမ်းကို တင်သွင်းခဲ့ရာ ဘတ်ဂျက်မလိုသည့် စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု စာတတ်မြောက်ရေးလုပ်ငန်းကို အထူးအံ့ဩကြသည်။ မြန်မာ့နည်းကို ကမ္ဘာတစ်ဝန်းသိစေခဲ့သည်။ ဖြန့်နိုင်ခဲ့သည်။

(ဃ) နိုင်ငံတကာစာတတ်မြောက်ရေးဆုများကို ရရှိခြင်း

(၁) မိုဟာမက်ရေဇာပါလဗီဆု (Mohammad Reza Pahlavi Prize)

ယင်းဆုကို မြန်မာနိုင်ငံက စာမတတ်သူပပျောက် ရေးလှုပ်ရှားမှုအတွက် ယူနက်စကိုက “မိတ္ထီလာ ခရိုင်လုံးကျွတ် စာတတ်မြောက်မှုအောင်ပွဲ”ပြီးသည့် ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ပေးအပ် ခဲ့ခြင်းဖြစ်ပါသည်။

(၂) နိုမာဆု (The Noma Prize)

နိုမာဆုကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်ပါ သည်။ အဆိုပါဆုကလည်း ယူနက်စကိုကပင် ချီးမြှင့် ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာစာတတ်မြောက်ရေး၊ သက်ကြီးဖတ်စာများ၊ စာစဉ်များဖြန့်ဝေနိုင်မှုအတွက် ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၆၄ ခုနှစ်တွင် “သက်ကြီးရက်တိုသင်တန်းလမ်းညွှန်” ကို စတင်ပြုစုခဲ့ပြီး “သက်ကြီးဖတ်စာ” နှင့် “သက်ကြီး စာပဒေသာ” စာစဉ်ပြုစုရေးကော်မတီ ခုနစ်ဦးတွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

(င) စာတတ်မြောက်မှု (က) အဆင့်နိုင်ငံဖြစ်လာခြင်း

၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် လုပ်အားပေးဆရာလောင်း လေးဦးဖြင့် သဖန်းစံပြရွာ မှ စတင်ခဲ့သည့် သက်ကြီးစာမတတ်သူ ပပျောက်ရေး လုပ်ငန်းသည် ထိုအချိန်က မြန်မာနိုင်ငံ၌ မြို့နယ် ပေါင်း ၃၀၈ မြို့နယ်ရှိရာ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်ပြီးခဲ့ပြီးဖြစ်ပါသည်။

စေတနာ့ဝန်ထမ်း ဆရာလေးဦးမှသည် လုပ်အားပေးဆရာ ဆရာမပေါင်း ၈၈၃၉၇၆ ဦးတို့က တစ်ပြည်လုံးအနှံ့ သင်ကြားပေးခဲ့ကြသည်။ ၁၉၆၄ ခုနှစ် သဖန်းစံပြကျေးရွာက နွေရာသီတစ်လ “အ”သုံးလုံးမျက်ဖွင့်သင်တန်းအပြီးတွင် စာမတတ်သူ ၁၀၀ ခန့် စာတတ်မြောက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်သို့ ရောက်သောအခါ တစ်ပြည်လုံးတွင် ၂၄၁၁၁၇၉ ဦး စာတတ်မြောက်ခဲ့ပေသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံအနေဖြင့် စာတတ်မြောက်မှု ၉၂ ရာခိုင်နှုန်းသို့ ရှိလာခဲ့သည်။ စစ်ပြီး ခေတ်က မြန်မာ့စာတတ်မြောက်မှု ၃၅ ရာခိုင်နှုန်းမှ သည် နှစ် ၄၀ အကြာတွင် ၉၂ ရာခိုင်နှုန်းသို့ မြင့်တက် လာအောင် ဆရာကြီး၏သင်နည်းနှင့် လူထုလှုပ်ရှားမှုနည်းဖြင့် စွမ်းဆောင်နိုင်ခဲ့ကြသည်။ သို့ပါ၍ မြန်မာ နိုင်ငံသည် အာရှနှင့် ပစိဖိတ်ဒေသတွင် စာတတ်မြောက်မှုနှုန်း မြင့်မားသည့်(က)အုပ်စုဝင်နိုင်ငံ အဖြစ် သတ်မှတ်ရပ်တည်နိုင်ခဲ့ပေသည်။

(စ) “အ”သုံးလုံးနည်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့

ဆရာကြီးဦးသံဗျင်၏ “ပြည်သူလူထုပူးပေါင်း ပါဝင်အကောင်အထည်ဖော်မှုနည်းလမ်း” သည် မြန်မာ့စာတတ်မြောက်ရေးအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် မြန်မာ့ပညာရှင်ဆရာကြီး ဒေါက်တာညီညီကပင် အဆိုပါနည်းလမ်းကို ကမ္ဘာ့ကလေးများ အသက်ရှင်ရေးအတွက် ဆက်လက် အသုံးချခဲ့သည်။ အသုံးချပုံနှင့်ပတ်သက်၍ ဆရာကြီးဒေါက်တာညီညီက ဆရာကြီးဦးသံဗျင် ဂုဏ်ပြုအမှတ်တရစာစုများစာအုပ်တွင် ရေးသားထားသည်မှာ “ဆရာကြီးဦးသံဗျင် စတင်စမ်းသပ်ခဲ့၍ ကျွန်တော်တို့အားလုံး ပါဝင်လှုပ်ရှားခဲ့သော “အ” သုံးလုံးကျေ စာမတတ်သူပပျောက်ရေးလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်း အကျိုးသက်ရောက်မှုရှိလာသည်။”

ကျွန်တော်ယခုလိုရေးရခြင်းမှာ “အ” သုံးလုံးကျေ လှုပ်ရှားမှုမှရခဲ့သော သင်ခန်းစာကို အသုံးပြု၍
ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွင် အသုံးချခြင်း ဖြစ်သည်။ ကျွန်တော်သည် ၁၉၈ဝ ပြည့်နှစ်မှစ၍ UNICEFခေါ် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တွင် လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် အမှုထမ်းခဲ့ရာ ကျွန်တော်၏ ညွှန်ကြားရေးမှူးချုပ်က ယူနီဆက်၏လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးကို ဆွေးနွေးရင်း မြန်မာပြည်၌ ဆောင်ရွက်ခဲ့သည့် “အ”သုံးလုံးကျေလှုပ်ရှားမှုတွင် သုံးခဲ့သောအခြင်းအရာများကို သုံးရန်ဆုံးဖြတ်ကြသည်။

“အ”သုံးလုံးကျေလှုပ်ရှားမှုသည် ပြည်သူ၏ လှုပ်ရှားမှုဖြစ်သော်လည်း အစိုးရအဆင့်ဆင့်သာမက လူမှုအဖွဲ့အစည်းအသီးသီးက ပညာရှင်များနှင့် အနုပညာရှင်များ၊ Media အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကျောင်းများရှိ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားလုံး ပါဝင်သော လှုပ်ရှားမှုဖြစ်သည်။ ယင်းလှုပ်ရှားမှုကို ယူနီဆက် ညွှန်ကြားရေးမှူးချုပ် Jame P.Grant က “လူမှု လှုပ်ရှားစည်းရုံးရေး” (Social Mobilization) ဟု ကင်ပွန်းတပ်ပြီး ပြည်သူလူထုပါဝင်ထောက်ခံမှုရရန် လိုအပ်သောလုပ်ငန်းများတွင် သုံးရန်စီစဉ်ခဲ့သည်။

၁၉၈၄ ခုနှစ်မှ နောင်ခြောက်နှစ်အကြာ ၁၉၉ဝ ပြည့်နှစ်ရောက်လျှင် ကမ္ဘာတစ်ဝန်းလုံးရှိ တစ်နှစ် အောက်ကလေး အနည်းဆုံးရာခိုင်နှုန်း ၈၀ ပြည့်ကို ကာကွယ်ဆေးခြောက်မျိုး ထိုးပေးနိုင်ရေးလှုပ်ရှားမှု ကို ၁၉၈၄ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ထိုလုပ်ငန်း ကို “လူမှုလှုပ်ရှားစည်းရုံးရေး” ပုံစံဖြင့် ကမ္ဘာတစ်ဝန်း လုံး စည်းရုံးအကောင်အထည်ဖော်ရာတွင် ကျွန်တော်က ဦးစီးဆောင်ရွက်ခဲ့ရသည်။

ဤလှုပ်ရှားမှု ဖော်ဆောင်ရေးအတွက် ကျွန်တော်သည် ကမ္ဘာအနှံ့ခရီးထွက်ခဲ့ရရာ “အ” သုံးလုံးကျေလုပ်ငန်းလုပ်စဉ်က မြန်မာပြည်အနှံ့ ဆရာကြီးဦးသံဗျင်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ခရီးထွက်ခဲ့ခြင်းကို သတိရမိပါသည်။ “အ” သုံးလုံးကျေ လှုပ်ရှားမှုကဲ့သို့ပင် ပြည်သူလူထုနှင့်အတူ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၊ လူမှုရေး အဖွဲ့အစည်းအဆင့်ဆင့်၊ အနုပညာရှင်များ၊ Media များ၊ ပညာရှင်များ၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ ကိုယ်ဆိုင်ရာဝန်ကိုထမ်းပြီး ပါဝင်ခဲ့ကြသည်။

၁၉၉ဝ ပြည့်နှစ်ကုန်၍ စာရင်းပိတ်သောအခါ ကမ္ဘာတစ်ဝန်းလုံးရှိ တစ်နှစ်အောက်ကလေးသူငယ် များကို ကာကွယ်ဆေးခြောက်မျိုး လွန်ခဲ့သော ခြောက်နှစ်ကျော် ၁၉၈၄ ခုနှစ်က ၁၅ ရာခိုင်နှုန်းသာ ထိုးပေးခဲ့ရာမှ ၈ဝ ရာခိုင်နှုန်းကျော်အထိ တက်လာပြီး ကမ္ဘာ့အစိုးရအသီးသီး၏ ဂုဏ်ပြုမှုခံခဲ့ရသော ကမ္ဘာ့လူမှုသမိုင်းတွင် မှတ်တမ်းတင်ခံခဲ့ရသည်။

“ဤလှုပ်ရှားမှုသည် ဆရာကြီးဦးသံဗျင် စတင်စမ်းသပ် မြေစမ်းခရမ်းပျိုးခဲ့သော “အ” သုံးလုံး ကျေလုပ်ငန်းတွင် စတင်ခဲ့သည်ဟုဆိုလျှင်မှားမည်မထင်ပါ” ဟူ၍ ဂုဏ်ပြုရေးသားခဲ့ပါသည်။

မြန်မာ့ကမ္ဘာတန်ပတ္တမြား အလကားပေးလိုက်ရခြင်း

“ဆရာကြီးဦးသံဗျင် စတင်စမ်းသပ်ခဲ့၍ ကျွန်တော်တို့အားလုံး ပါဝင်လှုပ်ရှားခဲ့သော “အ” သုံးလုံး စာမတတ်သူပပျောက်ရေးလှုပ်ရှားမှု နည်းလမ်းကို ယူနီဆက်တွင် သုံးရာ တစ်နှစ်အောက် ကလေးများ ၁၉၈၄ ခုနှစ်တွင် “၁၅%” သာ ကာကွယ်ဆေးခြောက်မျိုး ထိုးပေးနိုင်ရာမှ ၁၉၉၀ ပြည့်နှစ်တွင် “၈၀%” အထိတိုးတက်လာပြီး “ကမ္ဘာတစ်လွှားမှ အစိုးရအသီးသီး၏ ဂုဏ်ပြုခံခဲ့ရကာ ကမ္ဘာ့လူမှုသမိုင်းတွင် သမိုင်းမှတ်တမ်းတင်ခံခဲ့ရသည်” ဆိုသည်ကို ယူနီဆက်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဆရာကြီးဒေါက်တာ ညီညီက အထက်တွင် အတိအလင်းဆိုခဲ့ပါပြီ။

ဤယူနီဆက်၏ လှုပ်ရှားမှုသည် ဆရာကြီးဦးသံဗျင်က သူ့တပည့်ဆရာလောင်းလေးဦးဖြင့် မိတ္ထီလာမြို့နယ် အရှေ့စံပြသဖန်းကျေးရွာ၌ မြေစမ်းခရမ်းပျိုးခဲ့သော “အ” သုံးလုံးကျေလုပ်ငန်းတွင် စတင်ဆောင်ရွက်ခဲ့သည့် “လူထုပါဝင် ပူးပေါင်း လှုပ်ရှားမှုနည်းသစ်”၏ အသီးအပွင့်များပင်ဖြစ်ပါ သည်။ ထိုနည်းကို ယနေ့ထိ ကမ္ဘာတစ်လွှား အောင်မြင်စွာအသုံးပြုနေဆဲဖြစ်ပါသည်။

ဆရာကြီး၏ “လူထုပူးပေါင်းပါဝင် အကောင်အထည်ဖော်မှု” နည်းသည် စာမသင်ခဲ့ရသူ သက်ကြီးများ စာတတ်မြောက်ရေးအတွက်သာ ရည်ရွယ်ခဲ့ပါသည်။ ဆရာကြီး၏နည်းကို ထိုစဉ်က “အ” သုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒေါက်တာညီညီက အထက်မှာဖော်ပြထားသကဲ့သို့ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှာ ဘတ်ဂျက်မလို၊ လူထု အားသာလိုသည့် မြန်မာ့စာတတ်မြောက်ရေးအကြောင်း ဆွေးနွေးပြီးနောက် ယူနီဆက် ညွှန်ကြားရေးမှူးချုပ်က သဘောကျပြီး Social Mobilization ဟုအမည်တပ်သုံးစွဲခဲ့ရာ အထက်ပါ အတိုင်း ၁၉၈၄ ခုနှစ်မတိုင်မီက တစ်နှစ်အောက် ကလေးများ ကာကွယ်ဆေးခြောက်မျိုး ထိုးနှံမှုမှာ ၁၅ ရာခိုင်နှုန်းသာရှိရာမှ ၁၉၉၀ ပြည့်နှစ်တွင် ၈၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ ကာကွယ်ဆေး ထိုးနိုင်၍ ကမ္ဘာ့ကလေးများ အသက်ရှင်နှုန်း မြင့်တက်လာခဲ့သည်။

ဤသည်မှာ ဆရာကြီး၏ “အ”သုံးလုံးကျေ သင်တန်းကို အကောင်အထည်ဖော်ခဲ့သည့် လူထုလှုပ်ရှားနည်းလမ်းကြောင့်ပင်ဖြစ်သည်။ ဆရာကြီး၏ လူထုလှုပ်ရှားမှုနည်းသည် သဖန်းစံပြကျေးရွာမှ မြန်မာတစ်ပြည်လုံးသို့ ပျံ့နှံ့ပြီးနောက် ဆရာကြီးဒေါက်တာညီညီမှတစ်ဆင့် ကမ္ဘာတစ်လွှားသို့ ဆက်လက်ပျံ့နှံ့အသုံးပြုခဲ့သည်။

ထိုနည်းကြောင့် တစ်နှစ်အောက်ကလေးသေပျောက်မှုနှုန်း ကမ္ဘာတစ်ဝန်းသိသိသာသာ ကျဆင်းလာကာ ကလေးများအသက်ရှင်သန်နှုန်း မြင့်မားလာခဲ့သည်။ ဤသို့ဆိုလျှင် ဆရာကြီးသည် “မြန်မာ့“အ”သုံးလုံးဖခင်ကြီး” အဆင့်မှ “ကမ္ဘာ့ကလေးများ၏ အသက်သခင်” ဘဝဆီ ရောက်ခဲ့ရပေသည်။

သို့သော် အဆိုပါ “လူထုပါဝင်လှုပ်ရှားမှုနည်းလမ်း” သည် မြန်မာနိုင်ငံမှာတော့ ဆရာကြီးဦးသံဗျင်က မူလပိုင်ရှင်ပါ။ “မူပိုင်ခွင့်ရှိသူ” အစစ်တည်း။ သို့သော် ကမ္ဘာမှာတော့ ဆရာကြီး၏နည်း ဟု သိကြပေလိမ့်မည်မဟုတ်ပါ။ “ယူနီဆက်၏နည်း” (သို့) ညွှန်ကြားရေးမှူးချုပ် “ဒေါက်တာဂရန့်၏နည်း” ဟုသာ မှတ်တမ်းတင်ထားပေလိမ့်မည်။ ယနေ့မြန်မာနိုင်ငံတွင် တစ်နှစ်အောက်ကလေးများ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများပါ သဖန်းစံပြရွာကစခဲ့သည်။ မြန်မာ့နည်း ဆိုတာသိ၍ ဂုဏ်ယူစွာပါဝင်စေလိုပါသည်။

ဤသည်ကို မြန်မာ့မူပိုင်၊ မြန်မာ့ပတ္တမြားစစ်စစ်ပါဟု အခိုင်အမာ ခုခံချေပပြောဆိုနိုင်မည့် ဆရာကြီးဒေါက်တာညီညီလည်း ကွယ်လွန်ခဲ့ပေပြီ။ ဝမ်းနည်းစရာကောင်းသည်မှာ “မြန်မာကစတင်ခဲ့မှု” တစ်နည်းအားဖြင့် “ဦးသံဗျင်၏ နည်းပညာ” (Myanmar or U Than Byin’s Origin) သည် ယူနီဆက်က လုပ်ဆောင်မှု (Made by UNICEF)ဘဝသို့ ကူးပြောင်းခံရမှုသည် ဝမ်းနည်းစရာပင်။ “မြန်မာ့ကမ္ဘာတန်ပတ္တမြား အလကားပေးလိုက်ရ” သလိုပင် နိုင်ငံသားတစ်ယောက်အနေဖြင့် ခံစား မိသည်။ ကမ္ဘာ့ကလေးများ အသက်ရှင်နှုန်းမြင့်မားလာ၍ ဗုဒ္ဓဘာသာဝင်ပီပီ “ဇီဝိတဒါန” ဆရာကြီးပြုခဲ့သည်ဟု ဖြေတော့ဖြေသာမိပါသည်။

“အ”သုံးလုံးနှင့် ကမ္ဘာ့ကလေးများ၏ ဇီဝိတဒါန ဖခင်ကြီးသည် ဆက်လက်ဂုဏ်ပြုထိုက်သူပါ

ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ မြန်မာနိုင်ငံက ၁၉၈၂ ခုနှစ်တွင် ဆရာကြီးအား “နိုင်ငံ့ဂုဏ်ရည်ဒုတိယအဆင့်” အဖြစ် ဂုဏ်ပြုခဲ့ပြီးပါပြီ။ ထိုအချိန်က “လူထုပါဝင်လှုပ်ရှား မှုနည်း (Mass Movement) သည် မြန်မာ့စာတတ် မြောက်ရေးလုပ်ငန်းတွင်သာ သုံးနေဆဲကာလပါ။ ကမ္ဘာသို့ မပြန့်သေးပါ။ ၁၉၈၄ ခုနှစ် တွင်မှ “၁၉၆၅ ခုနှစ်မှ ၁၉၇၄ ခုနှစ်” ထိ “အ”သုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့သူ ဆရာကြီးဒေါက်တာညီညီက ယူနီဆက် တွင် Social Mobilization အဖြစ် ယူသုံး ခဲ့သည်။

ဤသည်ကို ဆရာကြီးဒေါက်တာညီညီက “ဤလုပ်ရှားမှု (၁၉၈၄ မတိုင်မီ ကမ္ဘာ့ကလေးများ ကာကွယ်ဆေး ၁၅% သာထိုးပေးရာမှ ၈၀% ကျော် အထိတက်လာပြီး ကမ္ဘာ့အစိုးရအသီးသီး ဂုဏ်ပြုခံခဲ့ ရသော ကမ္ဘာ့လူမှုသမိုင်းတွင် မှတ်တမ်းတင်ခံခဲ့ရသည်) သည် ဆရာဦးသံဗျင် စတင်စမ်းသပ်မြေစမ်း ခရမ်းပျိုးခဲ့သော “အ” သုံးလုံးကျေလုပ်ငန်းတွင် စတင်ခဲ့သည်ဟုဆိုလျှင် မှားမည်မထင်ပါ” ဟု မှတ်တမ်းရေးကာ “ဆရာကြီးဦးသံဗျင်နည်း” ဟု ထောက်ခံခဲ့သည်။

ဆရာကြီးဦးသံဗျင်၏နည်းကို ထပ်ဆင့်သုံးသူ ပင်လျှင် ကမ္ဘာ့အစိုးရအသီးသီးက ဂုဏ်ပြုခဲ့ခြင်း ခံရသေးလျှင် “ကမ္ဘာ့ကလေးများ၏ ဇီဝိတဒါနပိုင်ရှင် အစစ် ဦးသံဗျင်” အားလည်း ကျွန်တော်တို့နိုင်ငံ အနေဖြင့် ဂုဏ်ပြုသင့်ပါကြောင်း ကျွန်တော့်အမြင် ကို ဖော်ပြရေးသားရင်း နိုင်ငံတကာစာတတ်မြောက် ရေးခေတ်တစ်ခေတ်တွင် မြန်မာနိုင်ငံဝင့်ကြွားနိုင် အောင် စွမ်းဆောင်ပေးခဲ့သည့် ဆရာကြီးဦးသံဗျင်အား ဂုဏ်ပြုလိုက်ရပါသည်။         ။

ကျမ်းကိုး

(၁) ကလောင်စုံ (၂၀၁၇) ဆရာကြီးဦးသံဗျင် ဂုဏ်ပြု အမှတ်တရစာစုများ

(၂) ဒေါက်တာမောင်သင်း (၂၀၂၂) မြန်မာ့စာတတ် မြောက်မှုနည်းလမ်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့ (၁၅ - ၉ - ၂၀၂၂၊ မြန်မာ့ အလင်း)

(၃) ဒေါက်တာသန်းဦး (၂၀၂၃) ပညာရေးအတွေး အမြင်

(၄) မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ဦးစီးဌာန (၂၀၀၄) မြန်မာနိုင်ငံ စာတတ်မြောက်ရေး မော်ကွန်း