ကိုက်ညီသည့်အုပ်ချုပ်ပုံစနစ်နှင့်အတူ လူ၏စေတနာကသာ ပို၍အရေးကြီးပါသည်
မြင့်မြတ်
စနစ်ဆိုတာ လူတွေကလုပ်တာ၊ ဖန်တီးတာ၊ လူတွေကြောင့် စနစ်ဖြစ်လာတာ၊ လူတွေပိုကောင်းဖို့ စနစ်သစ်တွေပြဋ္ဌာန်းရတာ၊ ဒါပေမယ့် လူတွေပြုလုပ်ဖန်တီးထားတဲ့စနစ်က လူတွေကို ပိုကောင်းအောင်၊ ပိုတိုးတက်အောင် ပြန်မလုပ်ပေးနိုင်တဲ့အခါ လူနဲ့စနစ်က သဟဇာတမဖြစ်တော့ဘဲ ဒီလူတွေကပဲ ဒီစနစ်ကို တိုက်ထုတ်လိုက်ကြပြန်ရော...ဖြစ်ပုံက။
အာဏာသိမ်းတပ်မတော်ကို မကန့်ကွက် ထောက်ခံခဲ့ကြတဲ့ပြည်သူတွေ
တပ်မတော်က အာဏာသိမ်းလို့ အာဏာသိမ်းတာကို ကန့်ကွက်ရမယ့်အစား လူတွေလမ်းပေါ်ထွက်၊ အောင်ပွဲခံ၊ အာဏာသိမ်းတာကိုထောက်ခံ၊ အာဏာသိမ်းစစ်သားတွေကို လူထုကပွေ့ဖက်ကြတဲ့ မြင်ကွင်းတွေ ခုတလောမကြာမကြာ တွေ့လာနေရတယ်။ လွန်ခဲ့တဲ့လက နိုင်ဂျာမှာ စစ်ဘက်က အာဏာသိမ်းပြီးတော့ နောက်တစ်နိုင်ငံမှာ အလားတူဖြစ်စဉ်တစ်ခုက ဂါဘွန်နိုင်ငံမှာပါ။
ထိုနိုင်ငံရွေးကောက်ပွဲမှာ ပြန်အနိုင်ရခဲ့တဲ့ သမ္မတအလီဘွန်ဂါအွန်ဒင်ဘာကို “မဲမသမာမှု ကျူးလွန်တယ်၊ ရွေးကောက်ပွဲဟာ မူမမှန်မှုတွေနဲ့ လွတ်လပ်ပြီး တရားမျှတမှုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိ...” စတဲ့အချက်ကို အတိုက်အခံတွေက စွပ်စွဲရာကနေ တပ်က အာဏာသိမ်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အတိုက်အခံတွေနဲ့တစ်သားတည်း တပ်မတော်က ရပ်တည်ခဲ့ခြင်းပါပဲ။ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ့်အစား နိုင်ငံခြားသတင်းဌာနတွေကို ပိတ်ပင်ခြင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ နိုင်ငံတကာ လေ့လာသူများ လေ့လာခွင့်မရခြင်း စတဲ့အားနည်းချက်တွေကို အာဏာသိမ်းတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးဘရိုက်စ်ကလို တေးအိုလီဂွီနျူမာက ထောက်ပြခဲ့ပြီး သူ့ရဲ့ဖော်ပြချက်ဟာ အတိုက်အခံတွေရဲ့ ရပ်တည်ချက်အတိုင်းကို ထင်ဟပ်စေခဲ့ပါတယ်။ အာဏာသိမ်းခြင်း လက္ခဏာများနဲ့ပြည့်စုံစွာ ရွေးကောက်ပွဲရလဒ်တွေ ဖျက်သိမ်း၊ ပါလီမန်နဲ့ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအားလုံးဖျက်သိမ်း၊ နယ်စပ်တွေပိတ် စတာတွေ ပြုလုပ်ခဲ့ပါတယ်။
အတိတ်ကအစဉ်အလာပဋိပက္ခတွေနဲ့ ဝေးစွာသော အကြောင်းတရားများ
မြန်မာနိုင်ငံဧရိယာရဲ့ ထက်ဝက်နီးပါးလောက် ရှိပြီး ခရစ်ယာန် ၇၅ ရာခိုင်နှုန်းခန့်ရှိတဲ့ ဂါဘွန်ဟာ အာဖရိကတိုက်အလယ်အနောက်ပိုင်းက ဆင်းရဲတဲ့ ပြည်သူအများစုနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။ လူဦးရေက ၂ ဒသမ ၃ သန်းသာရှိပြီး မြို့တော်က လစ်ဗရီဗယ်လီပါ။ ဘုရင့်နိုင်ငံတော်ဖြစ်ခဲ့ ဖူးပြီး ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ်ကိုလိုနီလက် အောက်ခံဘဝကနေ လွတ်မြောက်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ခဲ့အပြီး နိုင်ငံရေး၊ စီးပွားရေး ဖြေလျှော့မှုတွေလုပ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်၊၊
အာဖရိကတိုက်က ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံမှာ စာတတ်မြောက်မှုမြင့်မားပြီး တစ်ဦးချင်း GDP မြင့်တယ်ဆိုကြပေမယ့် ပြည်သူအများစုကတော့ နိုင်ငံချမ်းသာမှုနဲ့နှိုင်းယှဉ်ရင် ဆင်းရဲကြပါတယ်။ ရွေးကောက်ပွဲနဲ့ မဲလိမ်မဲခိုးပြဿနာ၊ ရွေးကောက်ပွဲတိုင်းမှာ သပိတ်မှောက်မှု၊ ရွေးကောက်ပွဲအပြီး ဖြစ်ရိုးဖြစ်စဉ် ရုန့်ရင်းဆန်ခတ်မှုများ၊ အတိုက်အခံ ပါတီတွေကိုထောက်ခံတဲ့ လမ်းပေါ်ထွက်၊ မီးရှို့ဆန္ဒပြ၊ အဓိကရုဏ်းများဆိုတာ ဂါဘွန်နိုင်ငံရေးမှာ အထူးအဆန်း မဟုတ်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း ၂၀၁၉ မှာ တပ်ကအာဏာသိမ်းဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ ထိုစဉ်က သမ္မတက ယခုအချိန်မှာ သမ္မတထပ်ဖြစ်ဖို့ ကြိုးစားနေဆဲ သမ္မတအလီဘွန်ဂါတစ်ဦးတည်းပါပဲ။ အဲဒီအချိန် အဲဒီကာလက သမ္မတဘက်က စစ်ဘက်အာဏာသိမ်းမှုကို ဖြိုခွင်းနိုင်ခဲ့ပေမယ့် ယခုသူ့ရဲ့တတိယမြောက် သမ္မတသက်တမ်းအတွက် ကြိုးစားရာမှာတော့ အတိတ်ကရခဲ့တဲ့ အခွင့်အရေးမျိုးကို ဂါဘွန်တပ်မတော်ကရော ပြည်သူတွေဘက်ကပါ လက်ရှိအခြေအနေများအရပေးနိုင်မယ့် အခြေအနေမှာ မရှိတော့ပါဘူး။
ရာစုနှစ်ဝက်ဒီမိုကရေစီအာဏာရှင်စနစ်ကသာ အရင်းခံ
ဂါဘွန်မှာ ယခုဖြစ်တဲ့ပြဿနာရဲ့အရင်းခံက ဘာလဲ။ တပ်မတော်က အာဏာသိမ်းအပြီးမှာ ပြည်သူတွေ ဘာကြောင့်ပျော်ပျော်ရွှင်ရွင်နဲ့ လမ်းတွေပေါ် ထွက်လာကြသလဲ။ ရွေးကောက်ပွဲတိုင်းမှာ မဲမသမာမှုတွေ ရှိခဲ့ဖူးတယ်၊ မဲရလဒ်ထွက်တိုင်းလည်း အတိုက်အခံဘက်က ဆန္ဒပြမှုတွေဖြစ်ခဲ့တယ်၊ သို့ပေမယ့် အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်၊ ပြဿနာတိုင်းကို ဖြေရှင်းနိုင်ခဲ့ကြ ဖူးတယ်ဆိုပေမယ့် ဂါဘွန်ပြဿနာက ရေရှည်နိုင်ငံရေး ပဋိပက္ခတစ်ခုသာ ဖြစ်ပါတယ်။ အာဏာကိုမိသားစု တစ်ခုတည်းက စွဲကိုင်ထားတဲ့ပြဿနာ၊ ဘွန်ဂါမိသားစုတစ်စုတည်းက နိုင်ငံကို ၅၅ နှစ်ကြာအောင် စိုးပိုင်အုပ်ချုပ်ခဲ့ကြတဲ့ပြဿနာက အရင်းခံပါ။
ဖခင်ဘွန်ဂိုအွန်ဒင်ဘာက ၁၉၇၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သက်တမ်းခုနစ်ကြိမ်၊ သူ့သား အလီဘွန်ဂိုကတော့ ၂၀၀၉ ခုနှစ်ကနေ ယခုအာဏာ သိမ်းခံရသည်အထိ သက်တမ်းနှစ်ကြိမ်၊ ရာစုနှစ်ဝက်ခန့်အထိ ဆွေမျိုးကောင်းစားရေးဝါဒနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့သဘောပါ။ ဖခင်လက်ထက်ရော သူ့သားလက်ထက်မှာပါ နိုင်ငံရေးပြဿနာတွေရှိခဲ့ကြပေမယ့် အာဏာကို တစ်ဦးတည်းတစ်မိသားစုထဲက ချုပ်ကိုင်ထားခြင်းဟာ ပြဿနာရဲ့ အခြေခံအကြောင်းတရားများထဲက တစ်ခုဖြစ်နေပါတယ်။
နိုင်ငံက ပြင်သစ်ရဲ့ဩဇာခံဘဝနဲ့ ပါတီစုံဒီမို ကရေစီစနစ်၊ ရွေးကောက်ပွဲနဲ့သွားတဲ့ ဒီမိုကရေစီဆို ပေမယ့် တစ်ဦးတည်း တစ်ပါတီတည်းရဲ့ ချုပ်ကိုင်မှု အောက်မှာ အာဏာရှင် ဒီမိုကရေစီဖြစ်ခဲ့ခြင်း၊ ရပြီးသားအာဏာကို လက်လွှတ်လိုက်ရမှာကြောက်တော့ အာဏာကို လက်တစ်လုံးခြား အလွဲသုံးစားလုပ်၊ ရွေးကောက်ပွဲမှာ မိမိအနိုင်ရစေမယ့် အားသာချက်တွေဖန်တီး၊ မသမာတဲ့မဲအရေအတွက်တွေကြောင့်သာ ယခုလို တပ်ကအာဏာသိမ်းခံရသည်အထိ ဖြစ်ခဲ့ရခြင်းလို့ ဆိုနိုင်ပါတယ်။
ပြည်ပစွက်ဖက်မှုများနဲ့အတူ မညီမျှမှုများခြင်းသည်လည်း အကြောင်းတရားတစ်ခု
အာဏာရပါတီဟာ အတိုက်အခံပါတီတွေနဲ့ ညှိနှိုင်းပေါင်းစပ်နိုင်စွမ်းမရှိခဲ့သလို တပ်မတော်နဲ့လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟန်တူပါတယ်။ ယခင်ကာလများကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ တပ်ဘက်က အာဏာသိမ်းရန်ကြိုးစားမှု မကြာခဏဖြစ်ခဲ့ရပြီး အာဏာသိမ်းမှုအကြိမ်တိုင်းမှာ မအောင်မမြင်ဖြစ်ခဲ့ရခြင်းက ပြင်သစ်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့်နဲ့ သမ္မတဘက်က ထောက်ခံကူညီမှုများကြောင့်ပါပဲ။
အုပ်ချုပ်သူအလွှာ၊ အတိုက်အခံနဲ့ တပ်မတော်ကြားမှာ ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်းက နိုင်ငံစည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ နမူနာတစ်ခုဖြစ်ရသလို ယခုလို အာဏာသိမ်းတပ်မတော်ကို ထောက်ခံနေတဲ့ အောင်ပွဲခံမြင်ကွင်းတွေရဲ့ အကြောင်းတရားများစွာရှိတာကို မြင်အောင် ကြည့်ဖို့လိုပါမယ်။ ဆိုခဲ့သလို ဒီမိုကရေစီ အာဏာရှင် ပုံစံနဲ့အုပ်ချုပ်ခဲ့သူ ဘွန်ဂါမျိုးဆက်ကို နာကြည်းနေတဲ့ ဂါဘွန်ပြည်သူတွေကိုယ်တိုင်က မကြိုက်တော့ဘူးဆိုတာ ထင်ရှားပါတယ်။ ဘယ်ပြဿနာတိုင်းမှာမဆို အကြောင်းတရားတစ်ခုတည်းက ဖြစ်တည်လာတာမဟုတ်ပါဘူး။ အရင်းခံအကြောင်း တရား Root cause ကို ရှာနိုင်ရမှာဖြစ်သလို ပြဿနာဖြစ်ရခြင်းမှာ လွှမ်းမိုးနေတဲ့ အခြားသော အကြောင်းအချက်များစွာ multifactorals များနဲ့ လတ်တလောအကြောင်းတရား Immediate cause တစ်ခုမဟုတ်တစ်ခုလည်း ရှိနေတတ်ပါတယ်။
ဂါဘွန်နိုင်ငံရေးပြဿနာက တစ်ခုတည်းမကပါဘူး။ ဘွန်ဂါမျိုးဆက်ဟာ အာဏာရှင်ဒီမိုကရေစီအချိုး ချိုးခဲ့တဲ့အပြင် ကင်ဆာသဖွယ်အမြစ်တွယ်နေတဲ့ အဂတိနဲ့အကျင့်ပျက်ခြစား၊ အာဏာအလွဲသုံးစားမှုများစွာကို ကျူးလွန်ခဲ့ကြပါတယ်။ ရေနံသယံဇာတကြွယ်ဝတဲ့ဂါဘွန်မှာ သမ္မတဘွန်ဂါမိသားစုက ကျိကျိတက် ချမ်းသာကြွယ်ဝနေကြပေမယ့် ညီမျှမှုတွေအကြား ၁၄ နှစ်ကြာ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေရဲ့ အနေအထားဟာဖြင့် မဖြစ်သင့်တဲ့ အနေအထားတစ်ခုပါ။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ကိုယ့်ပြည်သူတွေအတွက်သုံးတာထက် ပြင်သစ်လို နိုင်ငံတွေနဲ့ပေါင်းပြီး မောင်ပိုင်စီးနေကြဟန်တူပါတယ်၊၊ တိုင်းပြည်မှာ ပြည်သူက ဆင်းရဲနေတဲ့ကြားထဲ နိုင်ငံရေးသမားတွေကလည်း မညီညွတ်၊ အုပ်ချုပ်သူလူတန်းစားကလည်း စွမ်းဆောင်ရည် မရှိဆိုတော့... ဒီနိုင်ငံဟာ ဖရိုဖရဲ အနေအထားတစ်ခုဆီ ဦးတည်နေတယ်ဆိုတဲ့ ဂါဘွန်တပ်မတော်ရဲ့ စိုးရိမ်သောကကိုသာ ကျွန်တော်တို့အနေနဲ့ အတိုင်းအတာတစ်ခုအထိ နားလည်ပေးလိုက်ရအောင်ပါ။
ခိုင်မာညီညွတ်သော Institution တစ်ခုသာလျှင် အားကိုးရာအမှန်
ဂါဘွန်မှာ စစ်ဘက်က ယခုလို တည်တည်ငြိမ်ငြိမ်နဲ့ အာဏာသိမ်းမှုအပေါ် ဂါဘွန်ပြည်သူတွေက တစ်ခဲနက်ထောက်ခံကြပေမယ့် မထောက်ခံကြတဲ့ ပြည်ပအင်အားစုတွေလည်း ရှိစမြဲပါပဲ။ ထုံးစံအတိုင်း ဂါဘွန်အုပ်ချုပ်သူ အဆက်ဆက်နဲ့ အနီးကပ်ဆုံးဆက်ဆံရေးရှိတဲ့ ပြင်သစ်အပါအဝင် အမေရိကန်နဲ့ အနောက်အုပ်စုဝင်တွေ၊ အာဖရိကယူနီယံ စတဲ့အဖွဲ့အစည်းတွေက အာဏာသိမ်းစစ်ဘက်ကို အသိအမှတ်မပြုကြပါဘူး။ အလွန်အမင်းစိုးရိမ်ကြောင်း ပြသမှုတွေကတော့ ထုံးစံပါပဲ။ အနောက်အုပ်စုနဲ့ အာဖရိက ယူနီယံရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုတော့ ရှောင်လွှဲလို့ရမှာ မဟုတ်တဲ့အပြင် လိုအပ်ရင် ကုလသမဂ္ဂငြိမ်းချမ်းရေးဝတ်စုံတွေဝတ်ပြီး ပြင်သစ်နဲ့အမေရိကန်တပ်တွေ ဂါဘွန်နယ်မြေထဲ ဝင်ရောက်လာနိုင်ပါသေးတယ်။ ပြင်ပဒီမိုကရေစီဘက်တော်သားတွေက မထောက်ခံပေမယ့် ဂါဘွန်တပ်မတော်ကတော့ သူ့ပြည်သူ၊ သူ့ပြည်တွင်းအင်အား၊ သူ့ပြည်ပမိတ်ဆွေ တွေနဲ့ ဆက်လက်ချီတက်မယ့် သဘောရှိနေပြီး အာဖရိကရဲ့ပထဝီနိုင်ငံရေးမှာပါ တိုးတက်ပြောင်းလဲမှု ဖြစ်လာ နိုင်ခြေများစွာ ရှိနေတာကို အကဲခတ်မိပါတယ်။
အမှန်တော့ ယခုဂါဘွန်အာဏာသိမ်းဖြစ်စဉ်နဲ့ဆိုရင် အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ သုံးနှစ်အတွင်း ရှစ်ကြိမ်မြောက်ရှိခဲ့ပါပြီ။ အာဏာသိမ်းမှုများအပေါ် သူမှန်တယ်၊ ကိုယ်မှန်တယ် အငြင်းပွားနေတာထက် ဘာကြောင့် ဒီလိုတွေဖြစ်ရသလဲဆိုတဲ့ အကြောင်းတရားကို မှန်မှန်ကန်ကန် ရှာဖွေနိုင်ဖို့ပဲလိုပါတယ်။
အာဏာသိမ်းမှုလုပ်ရပ်တိုင်းမှာ ပြည်သူတွေက တပ်မတော်ကို အနည်းနဲ့အများ ထောက်ခံကြတဲ့အတွက် တကယ့်အမှန်တရားက ဒီမိုကရေစီရဲ့ ချို့ယွင်းအားနည်းချက်တွေ ကိုသာရှာဖွေပြီး ယထာဘူတကျကျ သုံးသပ်အဖြေရှာကြဖို့ပါပဲ။ ဒီမိုကရေစီစံနှုန်းတွေ ဘယ်လိုကောင်းကောင်း၊ လူတွေရဲ့လောဘ၊ ဒေါသ၊ အတ္တနဲ့ယှဉ်တဲ့ အသိဉာဏ်မရင့်ကျက်မှုမျိုးနဲ့တော့ မလိုက်ဖက်ပါဘူး။
ဒီမိုကရေစီဆိုပေမယ့် နိုင်ငံရေးသမားတွေညံ့ရင် စနစ်လည်းပျက်၊ တိုင်းပြည်လည်း ပျက်တာပါပဲ၊၊ အချိန်တန်ရင် တပ်မတော်ဆိုတဲ့ ခိုင်မာညီညွတ်တဲ့ Institution တစ်ခုသာလျှင် အားကိုးရာဖြစ်ပြီး တိုင်းပြည်ကို ဝင်ထိန်းပေးရတာ ဖြစ်ပါတယ်၊၊ နိုင်ငံရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ရင် တပ်မတော်ကဝင်ပါရတဲ့ အစဉ်အလာတစ်ခုဟာ အာဖရိကမှာ စတင်နေပြီး ကမ္ဘာ့နေရာအချို့ဆီသို့တိုင် အစပျိုးနေပြီလား၊ နမူနာယူ သင်ခန်းစာယူစရာတွေ ထင်ထင်ရှားရှား တွေ့နေပါလျက်နဲ့ ရယူနိုင်စွမ်းမရှိကြရင်တော့ ကမ္ဘာကြီးရဲ့ ကံကြမ္မာအထူးသဖြင့် ဒီမိုကရေစီအယောင်ပြ အာဏာရှင်တွေ အတွက်တော့ ယခုလိုမကောင်းတဲ့ ဇာတ်သိမ်းခန်းတွေ ထပ်မံမြင်တွေ့ရနိုင်ပါတယ်။
ဂါဘွန်တပ်မတော်လက်အောက်မှာ အသွင်ကူးပြောင်းရေးကာလတစ်ရပ်ဆိုတာ တိုချင်လည်းတိုနိုင်တယ်၊ ရှည်ချင်လည်း ရှည်သွားနိုင်ပါတယ်၊ ဒါက ဂါဘွန်ပြည်သူတွေရဲ့ ကံကြမ္မာပါပဲ။ ဘယ်အရာမှာမဆို အားနည်းချက်ကနေ အားသာချက်ကို ပြောင်းနိုင်ခြင်းကသာ တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်းကောင်း ဖြစ်မှာပါ၊ အာဖရိက ဒေသတွင်းဖြစ်စဉ်တွေအရ မကောင်းတဲ့အစိုးရ၊ ညံ့ဖျင်းတဲ့ နိုင်ငံရေးသမားတွေနဲ့ထပ်တူ ဒေသသယံဇာတတွေကို ကုပ်သွေးစုပ်အမြတ်ထုတ်ယူနေတဲ့ ပြည်ပကိုလိုနီလက်သစ် တွေကြောင့် အနာဂတ်ဒီမိုကရေစီစနစ်အပေါ် လူတွေရဲ့အားကိုးယုံကြည်မှု တဖြည်းဖြည်း လျော့ပါးလာနိုင်စရာသာ ရှိပါကြောင်းနဲ့ လက်ရှိကမ္ဘာ့အခြေအနေ၊ ကမ္ဘာ့အခင်း အကျင်းများအရ မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ကိုက်ညီတဲ့ နိုင်ငံရေးစနစ်နဲ့အတူ အုပ်ချုပ်တဲ့သူတွေရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာမေတ္တာနဲ့ ပညာဉာဏ်ပါတဲ့ ဦးဆောင်မှုကသာ အရေးကြီးနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။