ဖူကူရှီးမား စွန့်ပစ်ရေနှင့် နောက်ဆက်တွဲအကျိုးဆက်များ
ဂျပန်နိုင်ငံအနေနဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေပါဝင်နေတဲ့ ရေတွေကို သိုလှောင်ကန်မှာ ထိန်းသိမ်းထားပြီး ပြန်လည်သန့်စင်ခဲ့တဲ့ ပြုပြင်ပြီးရေတွေ ကို ၂၄-၈-၂၀၂၃ ရက်နေ့ ဂျပန်စံတော် ချိန် ၁၃:၀၃ နာရီကစပြီး ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်ခဲ့ပါတယ်။
ဒီလိုပြန်လည်စွန့်ပစ်သွားမယ့်ကိစ္စကိုလည်း ဂျပန်အစိုးရဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ကတည်းက ဆုံးဖြတ်ချက်ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီပြုပြင်ပြီး ရေတန်ချိန်ပေါင်း ၁ ဒသမ ၃ သန်းကို ရေလှောင်ကန်ပေါင်း ၁၀၀၀ မှာ သိုလှောင်ထားတာဖြစ်ပြီး နေ့စဉ်နဲ့အမျှလည်း ထပ်မံထွက်ရှိနေတဲ့အတွက် သိုလှောင်နိုင်မယ့်ပမာဏဟာ ပြည့်တော့မှာဖြစ်လို့ အခုလိုဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ဂျပန်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်အစိုးရက အခုလို ပြန်လည်သန့်စင်ပြီးတဲ့ရေတွေကို ပင်လယ်ပြင်အတွင်း စတင်စွန့်ပစ်ပြီး နာရီအနည်းငယ်အကြာမှာ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံကနေပင်လယ်ရေထွက် အစားအစာတင်သွင်းမှုအားလုံးကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ ဟောင်ကောင်ကလည်း ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၁၀ ခုက ပင်လယ်ရေထွက် အစားအစာတွေတင်သွင်းမှုကို ပိတ်ပင်ကြောင်း အဲဒီနေ့မှာပဲ ကြေညာခဲ့ပါတယ်။
ဖြစ်စဉ်အစ
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ပစိဖိတ်ကမ်းလွန်ကို ဗဟိုပြုပြီး အင်အားအလွန် ပြင်းထန်တဲ့ ရစ်ချ်တာစကေး အဆင့် ၉ ရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ မြေငလျင်ရဲ့ ပြင်းအားပမာဏကိုက ကြီးမားတာရယ်၊ ငလျင်ကြောင့်နောက် ဆက်တွဲဖြစ်ပေါ်လာတဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် လူပေါင်း ၁၃၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၂၅၀၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။ ငလျင်ရဲ့ဒဏ်ကို အများဆုံးခံစားခဲ့ရတဲ့ တိုဟိုကုဒေသ (Tohoku region) ဟာလည်း အပျက်အစီးအများဆုံး ကြုံတွေ့ခဲ့ရပါတယ်။ အပျက်အစီးတွေထဲမှာ အန္တရာယ်အကြီးမားဆုံး အပျက်အစီးကတော့ ဖူကူရှီးမားခရိုင်အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ အဏုမြူဓာတ်ပေါင်း ဖိုအချို့ ထိခိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။
ဖူကူရှီးမားခရိုင် အိုကူးမမြို့ (Okuma) မှာရှိတဲ့ ဒိုင်အိချိအဏုမြူ ဓာတ်အားပေးစက်ရုံမှာ ဓာတ်ပေါင်းဖို ခြောက်လုံးရှိတဲ့အနက် ဓာတ်ပေါင်းဖို လေးလုံးဟာ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ပျက်စီးမှုဖြစ်ခဲ့ပါတယ်။ ငလျင်လှုပ်တာနဲ့ ဒိုင်အိချိ အဏုမြူဓာတ်အားပေးစက်ရုံ ဓာတ်ပေါင်းဖိုမှာ လည်ပတ်နေတဲ့ အဏုမြူဓာတ်ပြိုကွဲခြင်းဖြစ်စဉ် (fission reactions) တွေဟာ အလိုအလျောက် ရပ်ဆိုင်းခဲ့ပါတယ်။
လျှပ်စစ်မီး ပျက်သွားတဲ့အတွက် ဓာတ်ပေါင်းဖိုအတွင်းပိုင်းက လောင်စာတွေ အပူချိန်မြင့်မားနေတာကို အအေးခံတဲ့စနစ် ဆက်လက်မောင်းနှင်နိုင်စေဖို့ ဒီဇယ်နဲ့မောင်းနှင်တဲ့ မီးအားပေးစက်တွေလည်း ပွင့်လာခဲ့ပါတယ်။ သို့သော် ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆူနာမီရေလှိုင်းကြီးတွေဟာ ၄၆ ပေအထိ မြင့်မားတဲ့အတွက် ရေတားနံရံတွေကို ကျော်လွန် ရောက်ရှိလာပြီး ဓာတ်ပေါင်းဖိုလေးခုအတွင်း ရေတွေဝင်ရောက်ခဲ့ပါတယ်။
အကျိုးဆက်အဖြစ် ဒီဇယ်နဲ့မောင်းနှင်တဲ့ မီးအားပေးစက်တွေ ပျက်စီးသွားတဲ့အတွက် အအေးခံစနစ်ပျက်စီးသွားပြီး အဏုမြူပျော်ကျမှု (nuclear meltdown) ၊ ဟိုက်ဒြိုဂျင် ပေါက်ကွဲမှု (hydrogen explosion) တွေ ဖြစ်ပွားခဲ့ပြီး ဓာတ်ပေါင်းဖိုသုံးခုမှာ အဏုမြူဓာတ်ကြွပစ္စည်းတွေ စိမ့်ထွက်မှုဖြစ်ပေါ်ခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုတွေကနေ ရေဒီယိုသတ္တိကြွပစ္စည်းတွေ လေထုထဲကို ပျံ့လွင့်ခဲ့တဲ့အတွက် အနီးတစ်ဝိုက်ဒေသမှာ နေထိုင်ကြတဲ့ဒေသခံပြည်သူ ၁၅၄၀၀၀ ကျော်ကို အန္တရာယ်ကင်းလွတ်ရာဒေသဆီ ရွှေ့ပြောင်းပေးခဲ့ရသလို ဓာတ်ပေါင်းဖိုထဲ ဝင်ရောက်လာတဲ့ရေတွေမှာလည်း ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တွေ စိမ့်ဝင်ခဲ့ပြီး အချို့ရေတွေလည်း ပစိဖိတ်သမုဒ္ဒရာထဲ ပြန်လည်စီးဝင်ရောက်ရှိခဲ့ ပါတယ်။ ဒီဖြစ်စဉ်ကြီးဟာ ဂျပန်နိုင်ငံအတွက် ရေရှည်ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းရမယ့်ပြဿနာရဲ့ မူလအစ ဖြစ်လာခဲ့ပါတယ်။
ဂျပန်အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုများ
ဂျပန်နိုင်ငံဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပါဝင်နေတဲ့ရေတွေ ပင်လယ်ပြင်ထဲစီးဝင်နေမှုရပ်တန့်စေဖို့ ဓာတ်ပေါင်းဖိုအနီးတစ်ဝိုက် ကမ်းရိုးတန်းမှာ ရေခဲနံရံ (Ice Wall) လို့ခေါ်တဲ့ အေးခဲထားတဲ့မြေကြီးတွေနဲ့ ၁ ဒသမ ၅ ကီလိုမီတာအရှည်ရှိတဲ့ရေတားနံရံကို ဆောက်လုပ်ခဲ့ပါတယ်။ ဂျပန်အစိုးရဟာ ပျက်စီးသွားတဲ့ အဏုမြူဓာတ်ပေါင်းဖို တွေဆီက လောင်စာတောင့်တွေကို အအေးပေးနိုင်ဖို့ ရေနဲ့အမြဲဖျန်းနေရပါတယ်။ ဒီအအေးခံတဲ့ရေတွေဟာ အဏုမြူလောင်စာနဲ့ ထိတွေ့ပြီးနောက်မှာ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ရောနှော ပါဝင်လာပါတယ်။
ဂျပန်အစိုးရဟာ ဒီရေဒီယိုသတ္တိကြွရေ (contaminated water) တွေကို ဖူကူရှီးမားဓာတ်ပေါင်းဖို အနီးတစ်ဝိုက်မှာ ရေလှောင်ကန်ကြီးတွေဆောက်ပြီး သိုလှောင်ထားရပါတယ်။ ပြီးတော့မှ သိုလှောင်ထားတဲ့ရေတွေကို Multi-nuclide removal equipment စက်ကြီး တွေအသုံးပြုပြီး Advanced Liquid Processing System (ALPS) နည်းစနစ်တွေနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ဖယ်ထုတ်ခဲ့ပါတယ်။
ဖယ်ထုတ်လို့မရတဲ့ ထရစ်တြီယံ (Tritium) ပစ္စည်းကလွဲလို့ ကျန်ရေဒီယိုသတ္တိကြွပစ္စည်းတွေကိုဖယ်ရှားပြီးတဲ့ ရေ (Treated water) ကိုလည်း သိုလှောင်ကန်တွေမှာပဲ ဆက်လက်သိုလှောင်ထားပါတယ်။ ထရစ်တြီယံပစ္စည်းကလည်း ပမာဏသိပ်မများရင် အငွေ့ပျံသွားနိုင်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ပညာရှင်တွေက ထောက်ပြပါတယ်။
ဖူကူရှီးမားဓာတ်ပေါင်းဖိုမှာ ရေဒီယိုသတ္တိကြွရေ တန်ချိန်ပေါင်း ၁ ဒသမ ၃ သန်းကို လှောင်ကန်ပေါင်း ၁၀၀၀ ကျော်နဲ့ သိုလှောင်ထားရသလို ၂၀၁၁ မြေငလျင်ကြောင့် ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုသုံးခုကို အအေးခံနေရတဲ့ လုပ်ငန်းစဉ်ကနေ နေ့စဉ်ရေဒီယိုသတ္တိ ကြွရေတန်ချိန် ၁၅၀ ထွက်ရှိနေပါတယ်။ လှောင်ကန်တွေရဲ့ ရေသိုလှောင်နိုင်မှု ပမာဏက တန်ချိန် ၁ ဒသမ ၃၇ သန်း သာရှိတာကြောင့် လှောင်ကန်တွေပြည့် တော့မယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ဂျပန်အစိုးရဟာ ပြန်လည်ပြုပြင်သန့်စင်ပြီးတဲ့ရေတွေကို ပင်လယ် ပြင်ထဲကို ပြန်လည်စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပြန်လည်စွန့်ပစ်ရာမှာလည်း ပြန်လည်သန့်စင်ပြီးတဲ့ရေ မက်ထရစ် တန် ၄၆၀ ကို ပင်လယ်ရေ မက်ထရစ်တန် ၃၄၀၀၀၀ နဲ့ရောနှောပြီးမှ ပင်လယ်ရေအောက် ပိုက်လိုင်းကနေတစ်ဆင့် ပြန်လည်စွန့်ပစ်တာဖြစ်ပါတယ်။
အခုပထမအကြိမ် ပြန်လည်စွန့်ပစ်မှုမှာ ပြန်လည်သန့်စင်ပြီး ရေတန်ချိန် ၃၂၀၀၀ ကို ၂၀၂၄ ခုနှစ် မတ်လကုန်မှာ စွန့်ပစ်သွားနိုင်ဖို့ ရည်မှန်းထားရှိပါတယ်။ ဒီပမာဏဟာ သိုလှောင်ထားတဲ့ ရေကန်ပေါင်း ၁၀၀၀ အနက်က ၁၀ ကန်ကိုသာ စွန့်ပစ်နိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရေလှောင်ကန်ပေါင်း ၁၀၀၀ က သိုလှောင်ထားတဲ့ရေတွေကို စွန့်ပစ်နိုင်ဖို့ က ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူ ဆောင်ရွက်သွားရမယ့်လုပ်ငန်းဖြစ်တာကို တွေ့မြင်နိုင်ပါတယ်။
အခုစွန့်ပစ်တဲ့ ပြန်လည်သန့်စင်ပြီးတဲ့ ရေတွေမှာပါဝင်တဲ့ ရေဒီယိုသတ္တိကြွမှုအဆင့်ဟာ ပုံမှန်သောက်သုံးရေမှာ ပါဝင်တဲ့အဆင့်ထက်လျော့နည်းကြောင်း၊ ဂျပန်အစိုးရအနေနဲ့ ပြည်တွင်း စံနှုန်းတွေနဲ့ နိုင်ငံတကာစည်းမျဉ်း သတ်မှတ်ချက်တွေထက်ကျော်လွန်ပြီး လုံခြုံမှုအာမခံချက်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြန်လည်သန့်စင်ရာမှာ ဖယ်ထုတ်လို့မရတဲ့ ထရစ်တြီယံ(Tritium)ဓာတ်သတ္တုကလည်း ပင်လယ်ရေနဲ့ရောပြီး အရည်ပျော်သွားမှာဖြစ်တဲ့အတွက် ထရစ်တြီယံအကြွင်းအကျန်ဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုမရှိ သလောက်နည်းပါးတယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ဂျပန်နိုင်ငံကိုလာရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Rafael Grossi ကလည်း အဏုမြူဓာတ်ပေါင်းဖိုမှ ပြန်လည်သန့်စင်ပြီး တဲ့ရေတွေကို ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်မယ့် ဂျပန်အစိုးရရဲ့ အစီအစဉ်ဟာ “အပြည်ပြည်ဆိုင်ရာ လုံခြုံစိတ်ချရမှုစံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမှာ မရှိသလောက်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ IAEA ရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာထဲမှာလည်း ဒီအချက်ကို အလေးထားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် IAEA အနေနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးမှု လုပ်ငန်းစဉ်တွေကို ပြန်လည်စွန့်ပစ် ရေလုပ်ငန်းစဉ်ပြီးစီးသွားတဲ့အထိ လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အစီအစဉ်အပေါ်နိုင်ငံအချို့ကလုံခြုံစိတ်ချရမှု စံချိန်စံညွှန်းတွေနဲ့ကိုက်ညီကြောင်း ထောက်ခံပြောကြားကြပေမယ့် ဂျပန်ပြည်တွင်း မှာရော အိမ်နီးချင်းနိုင်ငံအချို့မှာပါ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပြည်တွင်းပြည်ပ ကန့်ကွက်မှုများ
ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေက ကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံနဲ့ဟောင်ကောင်ဒေသတို့ဟာ ဂျပန်နိုင်ငံရဲ့ ပြန်လည်သန့်စင်ပြီးတဲ့ရေတွေကို ပစိဖိတ်သမုဒ္ဒရာအတွင်း ပြန်လည်စွန့်ပစ်တဲ့ အစီအစဉ်အပေါ် အပြင်းအထန်ကန့်ကွက်လျက်ရှိပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Wang Wenbin က ဂျပန်နိုင်ငံရဲ့အစီအစဉ်ဟာဂျပန်နိုင်ငံရဲ့ ကိုယ်ကျိုးကြည့်မှုနဲ့ တာဝန်မဲ့မှုကိုဖော်ပြနေပြီး နိုင်ငံတကာနဲ့အပြည့်အဝ ညှိနှိုင်းတိုင်ပင်ခြင်းမရှိခဲ့ကြောင်း၊ လူသားအားလုံးရဲ့ ရေရှည်လူနေမှုဘဝထက် ဂျပန်နိုင်ငံရဲ့အကျိုးကိုသာကြည့်ပြီး ဆောင်ရွက်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေ ကွန်ဗင်းရှင်း (UNCLOS) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ ကွန်ဗင်းရှင်းပါ အချက်တွေကို လိုက်နာဖို့လိုအပ်ကြောင်း၊ ပင်လယ်ပြင်ဟာ ဂျပန်နိုင်ငံရဲ့ ပုဂ္ဂလိကအမှိုက်စွန့်ပစ်ဖို့ နေရာမဟုတ်ကြောင်း၊ ရေဒီယိုသတ္တိကြွပြီး ပြန်လည်သန့်စင် ထားတဲ့ရေတွေကို ပင်လယ်ပြင်အတွင်း စွန့်ပစ်တာဟာ နောင်မှာအစဉ်အလာ တစ်ခုဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံက ပြန်လည်သန့်စင်ပြီး တဲ့ရေတွေကို ပင်လယ်အတွင်း ပြန်လည်စွန့်ပစ်မှု စတင်ခဲ့တဲ့နေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်မှုပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲဂျပန်နိုင်ငံကတင်သွင်းလာတဲ့ ရေထွက်ကုန်ပစ္စည်း မှန်သမျှကို ပိတ်ပင်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံက ပြန်လည်သန့်စင်ပြီးရေတွေ ပင်လယ်ပြင်အတွင်း စွန့်ပစ်မယ့်ကိစ္စကို အစဉ်တစိုက်ကန့်ကွက်ခဲ့သလို ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ ရေထွက်ပစ္စည်းတွေကို ရေဒီယိုသတ္တိကြွမှုစစ်ဆေးခြင်း(Radi- ation test) တွေ ပိုမိုတင်းတင်းကျပ်ကျပ် ပြုလုပ်လာခဲ့ပါတယ်။
ဂျပန်နိုင်ငံက ပြန်လည်သန့်စင်ပြီး ရေတွေ ပင်လယ်ပြင်အတွင်း စွန့်ပစ်မယ့် ကိစ္စကို ၂၀၂၁ ခုနှစ်မှာ စတင်ကြေညာစဉ် အဲဒီအချိန်က တောင်ကိုရီးယားအစိုးရကလည်း ကန့်ကွက်ခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေမယ့် အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို လုံးဝလက်မခံနိုင်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုးလ်မြို့မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ၎င်းနဲ့အနီးဆုံးအိမ်နီးချင်းဖြစ်ပြီး ပင်လယ်ချင်းထိစပ်နေတဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ဂျပန် နိုင်ငံရဲ့အခုလိုလုပ်ဆောင်မယ့် ကိစ္စအပေါ်ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာတရားရုံး (International Tribunal for the Law of the Sea) ကို တင်ပြသွားဖို့လည်း ထိုစဉ်က သမ္မတမွန်ဂျေအင်းက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
သို့သော်လည်း တောင်ကိုရီးယားနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ် ပြီး ၂၀၂၂ ခုနှစ် မေလမှာ သမ္မတဖြစ်လာတဲ့ Yoon Suk Yeol က ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးပမ်းလာ ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေး မှာ အဖုအထစ်အဖြစ်ရှိနေခဲ့တဲ့ စစ်အတွင်း အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေကို အသုံးချမှု (Comfort Women) စတဲ့ကိစ္စတွေမှာတောင် သမ္မတ Yoon Suk Yeol ဘက်က အလျှော့ပေးမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ် ခြိမ်းခြောက်မှုတွေကို တောင်ကိုရီးယားနိုင်ငံက ဂျပန်နဲ့အတူ လက်တွဲပြီး ကာကွယ်နိုင်ဖို့လို့ အကြောင်း ပြခဲ့ပေမယ့် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ရဲ့ ဂျပန်အပေါ် အလျှော့ပေးမှုတွေကို တောင်ကိုရီးယား ပြည်သူတွေက အမြင်မကြည်ဖြစ်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ ဂျပန်နိုင်ငံက ပြန်လည်သန့်စင်ပြီးတဲ့ ရေတွေပင်လယ်ပြင်အတွင်း ပြန်လည် စွန့်ပစ်တဲ့အခါမှာလည်း တောင်ကိုရီးယားနိုင်ငံက ဂျပန်ရဲ့ဆောင်ရွက်မှုဟာ နိုင်ငံတကာ လုံခြုံစိတ်ချရမှုစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်လို့တောင် ပြောကြားခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း တောင်ကိုရီးယားနိုင်ငံ သားတွေကတော့ ဂျပန်ရဲ့လုပ်ရပ်ကို ကန့်ကွက်ဖို့ ဆိုးလ်မြို့မှာရှိတဲ့ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့အပြင် သံရုံးဝင်းအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြလို့ ဆန္ဒပြသူ ၁၆ ဦးကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
တက္ကသိုလ်မောင်ရူပ