အရည်အချင်း ညံ့ညံ့အစွမ်းအစ မဲ့မဲ့
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကိုလိုနီအရှင်သခင်ကြီးတွေရဲ့ ကုပ်သွေးစုပ်မှုကို လူးလူးလွန့်လွန့်ခံစားခဲ့ကြရအပြီး အာဖရိကရှစ်နိုင်ငံဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို ရယူလိုက်ကြ ပါပြီ။ အခုထိတော့ ရှစ်နိုင်ငံ၊ နောက်ထပ်တိုးဖို့ ရှိနေ လေသေးရဲ့။
ဂျီနီဗာနဲ့ နယူးယောက်မြို့ကြီးတွေရှိ အိုင်ဗျူရီတာဝါတွေထဲရှိနေကြတဲ့ ကိုယ့်ဘက်ယက် ကိုယ်ကျိုးရှာ အတ္တဟိတသမားတွေ၊ အရည်အချင်း ညံ့ညံ့အစွမ်းအစမဲ့မဲ့ ကိုယ်ကျိုးအတ္တကြီးသူတွေနဲ့ အတူသမူဟပြု ပေါင်းစုထားတဲ့ အနောက်တိုင်းနိုင်ငံတွေဟာ ဒီမိုကရေစီစံတန်ဖိုးတွေကတော့ ဒီလိုရှိပါတယ်လို့ အမြဲတစေ အာပေါင်အာရင်းသန်သန် ဟောပြောနားချလေ့ရှိကြတယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံမှာ မိသားစုတစ်စုတည်းက နှစ်ပေါင်း ၆၀ (နှစ်ပေါင်း ၆၀ တဲ့ဟေ့) အုပ်စိုးနေချိန်မျိုး၊ ဖခင် အရိုက်အရာကို သားကဆက်ခံပြီး အာဏာဆက်ယူနေချိန်မျိုး၊ ပြည်သူတွေဆီကနေ ငွေကြေးဘီလီယံပေါင်းများစွာကို ခိုးဝှက်နေချိန်မျိုးမှာ ဒါတော့ဖြင့် ဒီမိုကရေစီနည်းလမ်းမကျပါဘူးလို့ သူတို့မရှုမြင်ကြဘူး။ အစဉ်တစိုက် မှန်မှန်ကျင်းပလာတဲ့ ရွေးကောက်ပွဲတွေမှာတော့ မဲလိမ်ကြ၊ မဲခိုးကြနဲ့။ ဒီအချိန်မှာ ဂျီနီဗာနဲ့ နယူးယောက်က အတ္တဟိတသမားတွေ ဘယ်ရောက်နေကြပါလိမ့်။
အတ္တဟိတသမားတွေ လျှို့ဝှက်ဘဏ်စာရင်းတွေဖွင့်ထားကြ
အတ္တဟိတသမားတွေဟာ လျှို့ဝှက်ဘဏ်စာရင်းတွေ ဖွင့်ထားကြပြီး လူကုံထံတို့ ဆင်မြန်းစရာ ဖက်ရှင်အမှတ်တံဆိပ်တွေ ရောင်းချပေးတဲ့ နာမည်ကျော်ဈေးတန်းတည်ရှိရာ လန်ဒန်မြို့တော်က ဘွန်းလမ်းမကြီး၊ လူ့မလိုင်တွေ ပျော်ပါးရာနေရ တစ်နေရာဖြစ်တဲ့ ပါရီမြို့က လက်စ်ဂယ်လရီကုန် တိုက်ကြီး၊ သာယာနာပျော်ဖွယ်ရာ ဂျီနီဗာမြို့တော်ကြီးတို့မှာ ပျော်ပျော်ပါးပါးလည်ပတ်ခွင့်ရှိနေသမျှ ကာလပတ်လုံးလူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့နဲ့ ပတ်သက်ပြီး အာပေါင်အာရင်းသန်သန် ဟစ်ကြွေးနေလေ့မရှိပါဘူး။
တိုင်းပြည်ကို ဘယ်သူပဲအုပ်ချုပ် အုပ်ချုပ်သူတို့အတွက် အရေးမကြီးလှပါဘူး။ တိုင်းပြည် အုပ်ချုပ်သူဟာ မိသားစုတစ်စုတည်းလည်း ဖြစ်နိုင် တယ်၊ လူတစ်ဦးတည်းလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်ဟာ သဘာဝအရင်းအမြစ်တွေပေါကြွယ်ဝပေမယ့်၊ ကုန်းကောက်စရာမရှိတဲ့ ပြည်သူတွေနေထိုင်တဲ့နိုင်ငံဖြစ်ပေမယ့် ဒီအချက်ဟာ အတ္တဟိတသမားတွေအတွက် အရေးမကြီးလှပါဘူး။
သက်ဆိုင်ရာနိုင်ငံတစ်နိုင်ငံဟာ အင်အားရှင် နိုင်ငံကြီးအချို့နဲ့ ဟန်ချက်ညီညီ သဟဇာတပြုနိုင်သေးသရွေ့၊ အစွန်းရောက်ဝါဒီတွေကို တိုက်ထုတ်နိုင်ဖို့ဆိုတဲ့ ဟန်ရေးပြမှုနဲ့အတူ စစ်စခန်းတွေကို အင်အားရှင်နိုင်ငံတွေ အသုံးပြုခွင့်ရနေသေးသရွေ့ အတ္တဟိတသမားတွေအတွက် အရာရာဟာ အဆင်ပြေချောမွေ့နေဆဲပါ။
သိပ်မကြာလှသေးပါဘူး၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဂါဘွန်နိုင်ငံမှာ ရွေးကောက်ပွဲလုပ်တယ်။ ဒါပေမယ့် နိုင်ငံခြားက လာရောက်တဲ့ရွေးကောက်ပွဲ အကဲခတ်တွေကို တစ်ယောက်တလေမျှမတွေ့ မြင်ရဘူး။ တတိယကမ္ဘာမှာကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်၊ မဟုတ် အကဲဖြတ်ဖို့၊ မဲလိမ်မဲခိုးခြင်း ရှိ၊ မရှိ စောင့်ကြည့်ဖို့ ရွေးကောက်ပွဲအကဲခတ်တွေကို စေလွှတ်ပေးလေ့ရှိပါတယ်။
ပြောရဦးမယ် အရပ်ကတို့။ နယူးယောက်မြို့ရှိ အတ္တဟိတသမားတွေရှိနေတဲ့ အဆောက်အအုံ အတွင်းမှာ ရွေးကောက်ပွဲအထောက်အကူပေးရေး ဌာနခွဲတစ်ခုရှိပါတယ်။ သူတို့ ဟောက်စား၊ ခြောက်စားလုပ်လို့ရတဲ့ (အနိုင်ကျင့်လို့ရတဲ့) တတိယနိုင်ငံတစ်နိုင်ငံမှာ ရွေးကောက်ပွဲတစ်ပွဲ လုပ်တော့မယ်ဆိုရင်တော့ ရွေးကောက်ပွဲအကဲခတ်တွေကို အပူတပြင်းစေလွှတ်နိုင်ဖို့အတွက် သူတို့ မဖြစ်မနေတွန်းတွန်းတိုက်တိုက် လုပ်ကိုင်လေ့ရှိကြတယ်။ အဲ…ဒါပေမယ့် တတိယကမ္ဘာရှိ နိုင်ငံတစ်နိုင်ငံဟာ အနောက်တိုင်းအင်အားရှင်နိုင်ငံတွေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိနေမှဖြင့် အတ္တဟိတသမားတွေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ကြပြီ။ ဂါဘွန်နိုင်ငံမှာ မကြာမီကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာဖြင့် သူတို့အမြင်မှာ ဒီမိုကရေစီနည်းလမ်းနဲ့ အညီအညွတ်ဖြစ်တယ်လို့ ဆိုပဲ။
ကျားမတန်းတူညီမျှမှုရဖို့ ဟောပြောနားချလေ့ရှိ
အတ္တဟိတသမား ဒီလူတွေကပဲ အမျိုးသမီးတွေအခွင့်အရေးရဖို့၊ ကျားမတန်းတူညီမျှမှုရဖို့ ဟောပြောနားချလေ့ရှိကြတယ်။ ဒီရက်သတ္တပတ်အတွင်း နိုင်ဂျာနိုင်ငံမြို့တော်နိုင်ယာမေမှာ အမျိုးသမီးကြီးတွေ ရာပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ ဒီအတ္တဟိတသမားတွေဟာ ဆန္ဒပြနေကြတဲ့အမျိုးသမီးတွေရဲ့ အရေးကိစ္စအတွက် ဘာများလုပ်ပေးခဲ့ကြလို့လဲ။ ဒီအမျိုးသမီးတွေဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မိသားစုတစ်စုတည်းက ဆိုးဆိုးသွမ်းသွမ်း ဖိနှိပ်အုပ်ချုပ်မှုရဲ့ အောက်မှာ နေထိုင်ကြီးပြင်းလာခဲ့ကြရသူတွေပါ။
မကြာသေးမီ ရက်သတ္တပတ်များအတွင်းမှာတော့ လစ်ဗျားနိုင်ငံမြို့တော်ထရီပိုလီမှာ တိုက်ပွဲတွေပြန်ဖြစ်တယ်။ လပေါင်းအတန်ကြာကာလအတွင်း အဆိုးရွားဆုံးတိုက်ခိုက်မှုတွေပါ။ အတ္တဟိတ ကိုယ်ကျိုးသမားတွေ အဲဒီမြို့တော်မှာ လှုပ်ရှားနေခဲ့တာ ၁၀ နှစ်ရှိခဲ့ပါပြီ။ ၁၀ နှစ်အကြာကာလ ယနေ့ လစ်ဗျားအခြေအနေ ဘဇာသို့နည်း။
ဆူဒန်နိုင်ငံအကြောင်း ဆွေးနွေးကြစို့ရဲ့။ ဆူဒန်ပြည်တွင်းစစ်ဟာ ထိန်းမနိုင်၊ ချုပ်မရ အခြေအနေနဲ့အတူ ဆိုးရွားသည်ထက် ဆိုးရွားလာနေပြီး ပြည်သူတစ်သန်းခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပါတယ်ဆိုတဲ့ သတင်းခေါင်းစဉ်တွေကို မကြာမီက ဖတ်ရှုခဲ့ရပြန်ပါတယ်။ ကိုယ်ကျိုး အတ္တသမားတွေ ဆူဒန်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဟန်ရေးပြလှုပ်ရှားနေခဲ့ကြပြီးပြီ မဟုတ်လား။ ဆူဒန်ပြည်သူတွေရဲ့ ဒုက္ခအဝဝဖြေလျှော့နိုင်အောင် သူတို့ဘာတွေ လုပ်ပေးနိုင် ခဲ့လို့လဲ။
ဟေတီနိုင်ငံကို အာရုံစိုက်ဦးမလား။ သူတို့ရဲ့ အလွဲအချော်တွေ၊ အရည်အချင်းညံ့ဖျင်းမှုတွေ တစ်ပုံတစ်ခေါင်းကိုပဲ ဆက်တိုက်တွေ့မြင်နေကြရပါတယ်။ ။
ကျော်မြင့်ထွန်း (ပါရီ)