အာဆီယံကျေးရွာကွန်ရက် (ASEAN Village Network) မှတစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့
ထူးမြတ်
မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုဖော်ဆောင်၍ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်ရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့မြင်နိုင်ပါသည်။ ၂၀၃၀ ပြည့်နှစ်အမီ အောင်မြင်အောင်ဆောင်ရွက်ရမည့် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ချက် (Sustainable Development Goals) တွင်လည်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် ပထမဆုံး ဦးစားပေးဆောင်ရွက်ရမည့် ပန်းတိုင်တစ်ရပ်အဖြစ် ချမှတ်ထားရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှုအောက်ရှိ နိုင်ငံများအားလုံး၏ စုစည်းမှုအင်အားဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မီးမောင်းထိုးပြသပြီးဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ ၅၄ သန်းကျော်ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင် နှုန်းခန့်နေထိုင်လျက်ရှိသော ကျေးရွာပေါင်း ၆၄၀၀၀ ခန့်တည်ရှိရာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ အဆိုပါကျေးရွာများရှိ ကျေးလက်နေပြည်သူများအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သို့ အလျင်အမြန်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့်မြို့ပြအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြားတွင် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျော့ကျစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအား နိုင်ငံအဆင့်ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ်ချမှတ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အခြေခံကာ ပြည်သူဗဟိုပြုချဉ်းကပ်မှုနည်းလမ်းများဖြင့် ဘက်စုံကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ကျေးရွာများအားလုံး အပြန်အလှန်ချိတ်ဆက်ကာ ဆောင်ရွက်နိုင်ရေးမှာ အဓိကအရေးကြီးလှ
အာဆီယံဒေသတွင်းရှိ ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ချက်များကို လေ့လာကြည့်မည်ဆိုလျှင်လည်း ကျေးလက်ဒေသမရှိသော စင်ကာပူနိုင်ငံမှအပ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးတွင် ကျေးလက်ဖွံ့ဖြိုးရေးအား နိုင်ငံ့ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် စုစုပေါင်း ကျေးရွာ ၃၁၇၀၀၀ ခန့်ရှိရာ ဘရူနိုင်းနိုင်ငံတွင် ကျေးရွာပေါင်း ၄၀၀ ကျော်ခန့်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျေးရွာပေါင်း ၁၄၀၀၀ ကျော်ခန့်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျေးရွာပေါင်း ၇၅၀၀၀ ခန့်၊ လာအိုနိုင်ငံတွင် ကျေးရွာပေါင်း ၁၀၀၀၀ ကျော်ခန့်၊ မလေးရှားနိုင်ငံတွင် ကျေးရွာပေါင်း ၂၆၀၀၀ ကျော်ခန့်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျေးရွာ ပေါင်း ၄၂၀၀၀ ကျော်ခန့်၊ ထိုင်းနိုင်ငံတွင် ကျေးရွာပေါင်း ၇၅၀၀၀ ခန့်၊ ဗီယက်နမ်နိုင်ငံတွင် ကျေးရွာ ပေါင်း ၁၁၀၀၀ ကျော်ခန့်ရှိပြီး အာဆီယံဒေသအတွင်းရှိ စုစုပေါင်း လူဦးရေသန်း ၆၀၀ ကျော်ရှိသည့်အနက် လူဦးရေ သန်း ၃၀၀ ကျော်သည် အဆိုပါ ကျေးလက်ဒေသများတွင် ဖြန့်ကြက်နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ များပြားကျယ်ပြန့်လှသော ကျေးလက်ဒေသများနှင့် ကျေးလက်နေပြည်သူများရှိသည့် အာဆီယံဒေသတွင် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ ထို့အတွက် သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများမှာလည်း အတိုင်းအတာပမာဏကျယ်ပြန့်သည်နှင့်အမျှ ကိုင်တွယ်ဖြေရှင်းရမည့် စိန်ခေါ်မှုများမှာလည်း များစွာရှိနေဆဲဖြစ်ပါသည်။ အဆိုပါ ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အောင်မြင်ကျော်လွှားနိုင်ရန်အတွက် အာဆီယံနိုင်ငံများ၏ ကျေးရွာများအားလုံးမှ ကွန်ရက်သဖွယ် အပြန်အလှန်ချိတ်ဆက်ကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးမှာ အဓိကအရေးကြီးလှပါသည်။
မိမိတို့အာဆီယံဒေသတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး ရေးပန်းတိုင်များနှင့်အတူ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၂၅) (ASEAN Community Vision- 2025) အား ရေးဆွဲချမှတ်ကာ အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါပန်းတိုင်များတွင် ဖွံ့ဖြိုးရေးကဏ္ဍလုပ်ငန်းစဉ်များ ကျယ်ပြန့်စွာပါဝင်လျက်ရှိ သည့်အလျောက် အဖွဲ့ဝင်နိုင်ငံအသီးသီးအား အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community)၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (ASEAN Political-Security Community)၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း (ASEAN Socio-Cultural Com-munity) စသည်ဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃)ရပ်အောက်တွင် ဖွဲ့စည်း၍ သက်ဆိုင်ရာ မဏ္ဍိုင်အလိုက် လမ်းပြမြေပုံများရေးဆွဲကာ မဟာဗျူဟာ လုပ်ငန်းစဉ်များအား တာဝန်ယူဆောင်ရွက်စေလျက်ရှိပါသည်။ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း (ASEAN Socio- Cultural Comm-unity - ASCC) အောက်တွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုနွမ်းပါးမှု လျှော့ချရေးမှာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်လျက်ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ်များအား အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Senior Officials Meeting on Rural Development and Poverty Eradi-cation- SOMRDPE) အဖြစ် စုဖွဲ့ထားရှိသော အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာအစိုးရဌာနများမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များနှင့်အညီ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ အဓိကအခြေခံမူဖြစ်သည့် ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရှိမနေစေရေး (No One Left Behind) မူနှင့်အညီ နိုင်ငံတော်အဆင့်မှသည် အောက်ခြေကျေးရွာအဆင့်ရှိ ပြည်သူလူထုအားလုံး ပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန် အရေးကြီးလှပါသည်။ ထို့ကြောင့် နိုင်ငံတော်အဆင့် စီမံကိန်းအစီအစဉ်များအဖြစ်သာမက ကျေးရွာအဆင့် စီမံကိန်းအစီအစဉ်များအဖြစ် ရေးဆွဲဆောင်ရွက်နိုင်မည့် ချဉ်းကပ်မှုနည်းလမ်းပုံစံအား ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် ဒုတိယအကြိမ်မြောက် အစည်းအဝေး” တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာစာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးမှ သဘောတူညီခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို ကျေးရွာအဆင့်စီမံကိန်းများအဖြစ် အသွင်ကူးပြောင်း၍ ကျေးလက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာ၌ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများ၏ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများမှာ မြို့ပြနှင့်ကျေးလက်အကြား လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုကွာဟချက် မြင့်မားလျက်ရှိခြင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု လိုအပ်ချက်များရှိခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ လက်လှမ်းမီနိုင်မှု အားနည်းခြင်း၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှု အားနည်းခြင်း၊ ထိခိုက်လွယ်အုပ်စုများနှင့် ချန်လှပ်ခြင်းခံအုပ်စုများအား ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်အောင် ပံ့ပိုးမှုလိုအပ်ခြင်းများ ရှိနေဆဲဖြစ်ပါသည်။ အဆိုပါစိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဒေသအဆင့်၊ နိုင်ငံတော်အဆင့်မှချမှတ်ထားသော မူဝါဒအစီအစဉ်များနှင့်အညီ လက်တွေ့မြေပြင်တွင် ချိတ်ဆက်ဆောင်ရွက် နိုင်စေရေး၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအကြား ဖွံ့ဖြိုးရေးအလေ့အကျင့်ကောင်းပုံစံများမျှဝေဖလှယ် နိုင်စေရေး၊ လိုအပ်သော နည်းပညာ၊ ငွေကြေးအကူအညီများ ထောက်ပံ့ပေးနိုင်စေရေးအတွက် အစိုးရအဖွဲ့အစည်းများသာမက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကျေးလက်ပြည်သူလူထုကိုယ်တိုင်နှင့် အခြားသက်ဆိုင်သူများ အားလုံး၏ဟန်ချက်ညီညီ ပူးပေါင်းအားထုတ်မှုမှာ အရေးကြီးလှပါသည်။ အထူးသဖြင့် မြေပြင်ဖွံ့ဖြိုးရေး အခြေအနေ၊ အခက်အခဲစိန်ခေါ်မှုများကို ကိုယ်တိုင်သိရှိနားလည်၍ ရှေ့တန်းမှတာဝန်ယူဖြေရှင်းနိုင်သည့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန်လည်း အရေးပါလှပါသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် မေလက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ ကျေးရွာများအချင်းချင်း၊ ကျေးလက်ပြည်သူများအချင်းချင်း ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်မည့် အာဆီယံကျေးရွာကွန်ရက် (ASEAN Village Network) ထူထောင်ရေး အစီအစဉ်အား အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါအစီအစဉ်အား စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ကျေးရွာအဆင့်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်ရန် “အာဆီယံကျေးရွာ ကွန်ရက်ထူထောင်ရေး ပထမအကြိမ်မြောက် အစည်းအဝေး (1st ASEAN Village Network Meeting)” ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျော့ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ (SOMRDPE)၊ တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ်လည်းကောင်း၊ အာဆီယံကျေးရွာကွန်ရက် ထူထောင်ရေးအတွက် ရွေးချယ်ထားရှိသည့်ကျေးရွာများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သူများတက်ရောက်ကြရာ မြန်မာနိုင်ငံ၏ အာဆီယံ SOMRDPE ပင်မဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်းနှစ်ဦးနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာမှ ကျေးရွာကိုယ်စားလှယ်တစ်ဦးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာမှ ကျေးရွာကိုယ်စားလှယ်တစ်ဦး စုစုပေါင်းလေးဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်၍ ASEAN Village Network ထူထောင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံကျေးရွာကွန်ရက် (ASEAN Village Network) ဆိုသည်မှာ
အာဆီယံကျေးရွာကွန်ရက် (ASEAN Village Network) ဆိုသည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ကျေးရွာအုပ်စုများ၊ ကျေးရွာများ၊ ကျေးရွာအဖွဲ့အစည်းများအားလုံးပါဝင်၍ သက်ဆိုင်ရာနိုင်ငံအလိုက် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ အချင်းချင်းပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်စေမည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။ အဆိုပါ ကွန်ရက်တွင် အဖွဲ့ဝင်နိုင်ငံများ၏ ကျေးလက်ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသည့် ပင်မအစိုးရဌာနများက မူဝါဒပိုင်း၊ မဟာဗျူဟာပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံကြီးကြပ်ရေးအခန်းကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အာဆီယံကျေးရွာကွန်ရက် (ASEAN Village Network) တွင် ပါဝင်သည့် စီမံကိန်းများ
အာဆီယံကျေးရွာကွန်ရက် (ASEAN Village Network) တွင် ကျေးလက်အသေးစား၊ အလတ်စား စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ရာ မီးခိုးမထွက်သည့်လုပ်ငန်းဖြင့် ကျေးလက်ဝင်ငွေတိုးပွားစေနိုင်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကျေးရွာစီမံကိန်း၊ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများဆောက်လုပ်ပေး၍ ကျေးလက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့် ဒစ်ဂျစ်တယ်ကျေးရွာစီမံကိန်း၊ ကျေးလက်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးမည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးစီမံကိန်း (One Village One Product) တို့ ပါသည်။ အဆိုပါ စီမံကိန်းများကို အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ကျေးရွာသုံးရွာစီ၌ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သုံးနှစ်တာကာလစီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာအား ခရီးသွားလုပ်ငန်း ကျေးရွာအဖြစ်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော် ကုန်းကျေးရွာအား ဒစ်ဂျစ်တယ်ကျေးရွာအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းပေါခုံကျေးရွာအား ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ကျေးရွာအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အာဆီယံကျေးရွာကွန်ရက်၏ အဓိက အထောက်အကူပြုလုပ်ငန်းအစီအစဉ် (၂) ရပ်
ထို့ပြင် အာဆီယံကျေးရွာကွန်ရက်အား ရေရှည်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဓိကအထောက်အကူပြု လုပ်ငန်းအစီအစဉ် (Enablers ) (၂) ရပ်မှာ သင်ယူရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် (Learning and Collaborative Forum) နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် (Counterpart Programme) တို့ ပါဝင်ပါသည်။ သင်ယူရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ဖော်ပြပါစီမံကိန်းသုံးခုမှ ဆောင်ရွက်ပြီး/ ဆောင်ရွက်ဆဲလုပ်ငန်းများမှ ရရှိလာသော အတွေ့အကြုံသင်ခန်းစာများ၊ အလေ့အကျင့်ကောင်းပုံစံများနှင့် အသိအမြင်များအား အဖွဲ့ဝင်နိုင်ငံများ၏ ကျေးရွာများအကြား မျှဝေဆွေးနွေးဖလှယ်နိုင်မည့် အစီအစဉ်များပါဝင်ပါသည်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တွင် စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရေးအတွက် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များကို ဖြည့်တင်းပေးနိုင်ရန် အာဆီယံဆွေးနွေးဖက်နိုင်ငံများ၊ ASEAN SOMRDPE+3 နိုင်ငံများ၊ International Fund for Agriculture Development (IFAD) နှင့် Asian Development Bank (ADB) တို့ အပါအဝင် အာဆီယံမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ရှေ့ဆက်ဆောင်ရွက်သွားမည့် ကျေးရွာအဆင့်အစီအစဉ်များ
အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီးရှိ ကျေးရွာသုံးရွာစီ၌ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍ၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးကဏ္ဍဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သုံးနှစ်တာကာလစီမံချက်ဖြင့် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်-
(က) ခရီးသွားလုပ်ငန်းကျေးရွာစီမံကိန်း (Tourism Village Project)
- ကျေးရွာအတွင်း လူထုအခြေပြုခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းညွှန်ချက်များနှင့် စံနှုန်းများရေးဆွဲဆောင်ရွက်ခြင်း၊
- ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်လူထု၏ အသိပညာဗဟုသုတများမြင့်မားစေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊
- အာဆီယံဒေသတွင်း ခရီးသွားကျေးရွာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ခရီးသွားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ခြင်း၊
- ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရေးအတွက် မိတ်ဖက်အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊
- ခရီးသွားနေရာများနှင့် ကျေးရွာထုတ်ကုန် ပစ္စည်းများအား လူသိများနာမည် ကျော်ကြားစေရေးနှင့် ဈေးကွက်ရရှိစေရေးအတွက် အွန်လိုင်းစနစ်အသုံးပြုခြင်း။
(ခ) ဒစ်ဂျစ်တယ်ကျေးရွာစီမံကိန်း (Digital Village Project)
- ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ရန်အတွက် ကျား/မရေးရာ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဉ်းစား၍ လမ်းညွှန်ချက်များ၊ စံနှုန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
- ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းနှင့် သတင်းအချက်အလက်များ မျှဝေဖလှယ်နိုင်ရေး ဒေသတွင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊
- ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေးအတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ကျေးရွာထုတ်ကုန်များအတွက် အွန်လိုင်းအခြေပြုဈေးကွက် application တစ်ခုအား ထူထောင်ခြင်း၊
- ကျေးလက်ဒေသများတွင် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် e-commerce ကဏ္ဍများအတွက် ဒစ်ဂျစ်တယ်နည်းပညာများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
(ဂ) ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး စီမံကိန်း (One Village One Product-OVOP Project)
- ကျေးရွာထုတ်ကုန်များ ဖွံ့ဖြိုးရေးအတွက် လိုအပ်သောလမ်းညွှန်ချက်များနှင့် စံသတ်မှတ်ချက်များ ဖော်ထုတ်ရေးဆွဲခြင်းနှင့် ဈေးကွက်တင်ပို့ရန် အလားအလာရှိသည့် ထုတ်ကုန်များနှင့် လုပ်ငန်းများအား စိစစ်ရွေးချယ်ခြင်း၊
- ကျေးရွာထုတ်ကုန်များ၏ အရည်အသွေး၊ ဒီဇိုင်း၊ ထုပ်ပိုးမှုနှင့် ဈေးကွက်ရှာဖွေရေး နည်းဗျူဟာများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဆောင်ရွက်ခြင်း၊
- ဒေသတွင်းနှင့် နိုင်ငံတကာကုန်စည်ပြပွဲများ၊ ဒစ်ဂျစ်တယ်နှင့် e-commerce စီးပွားရေး စနစ်များမှတစ်ဆင့် ကျေးရွာထုတ်ကုန်များ ဈေးကွက်ရရှိနိုင်ရေးနှင့် အရင်းအမြစ်များ စုစည်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်သည့် ဒေသတွင်း ဖိုရမ်များကျင်းပခြင်း၊
- OVOP ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် အာဆီယံဒေသတွင်း OVOP လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှိုင်းယှဉ်လေ့လာ၍ အလေ့အကျင့်ကောင်းပုံစံများအား ရယူဆောင်ရွက်ခြင်း။
အာဆီယံကျေးရွာ ကွန်ရက်ထူထောင်ရေး ပထမအကြိမ်မြောက်အစည်းအဝေး (1st ASEAN Village Network Meeting) တွင် အာဆီယံနိုင်ငံများရှိ ကျေးရွာအဆင့်၌ အကောင်အထည်ဖော်သွားမည့် အထက်ဖော်ပြပါ လုပ်ငန်းစဉ်များအား အားလုံးဝိုင်းဝန်းဆွေးနွေး ဖော်ထုတ်နိုင်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ထပ်မံဖြည့်စွက်အကြုံပြုချက်တစ်ရပ်အနေဖြင့် ကျေးလက်အသက်မွေးဝမ်းကျောင်း၏ မူလသဘောသဘာဝအရလုပ်ငန်း အမျိုးအစားများ ကျယ်ပြန့်စွာပါဝင်သည့်အလျောက် ASEAN Village Network တွင် ပါဝင်သော ကဏ္ဍ(၃) ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်း၊ ဒစ်ဂျစ်တယ်လုပ်ငန်းနှင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး လုပ်ငန်းများအပြင် ဒေသထွက်ကုန်များကိုအခြေခံသည့် ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေတိုးလုပ်ငန်းများကိုလည်း အဓိကထည့်သွင်းဆောင်ရွက်သင့်သည်ဖြစ်ရာ နောက်ထပ်ကဏ္ဍ တစ်ရပ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကိုပါ ထည့်သွင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားခဲ့ရာ ဖိလစ်ပိုင်နိုင်ငံကိုယ်စားလှယ်က ထောက်ခံခဲ့ပါသည်။
အာဆီယံကျေးရွာကွန်ရက်သည် မြန်မာနိုင်ငံတွင်သာမက အာဆီယံဒေသအတွင်း ပထမဆုံး ထူထောင်သည့် ကွန်ရက်တစ်ခုဖြစ်သည့် အားလျော်စွာ ကျေးလက်ပြည်သူများ၏အသံ (Rural Voice) အား ကျေးရွာအဆင့်မှ နိုင်ငံတော်အဆင့်၊ အာဆီယံဒေသအဆင့်အထိ ကြားနာသိရှိ ဖော်ထုတ်နိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ကွန်ရက်မှတစ်ဆင့် အာဆီယံနိုင်ငံများအကြား ကျေးရွာအသေးစား၊ အလတ်စားစီးပွားရေး လုပ်ကိုင်သူများအနေဖြင့် အချင်းချင်း အသိပညာဖလှယ်ကာ စီးပွားရေးအမြင်များပွင့်လာနိုင်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းအဆင့်မှ စီးပွားဖြစ်လုပ်ငန်းအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် မြို့ပြဒေသများသာမက ကျေးလက်တောရွာများပါ ဒစ်ဂျစ်တယ်နည်းပညာ ခေတ်ရေစီးကြောင်းအပေါ် ဟန်ချက်ညီညီ လိုက်ပါစီးမျောနိုင်မည်ဖြစ်ပြီး ကျေးလက်လူမှု စီးပွားဘဝဖွံ့ဖြိုးရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအား လက်လှမ်းမီ အသုံးချနိုင်မည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ မူလရည်မှန်းချက်ဖြစ်သော အားလုံးပါဝင်သည့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်းမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တစ်ရပ်ဟု မှတ်ယူခြင်းမပြုဘဲ ပြည်သူလူထုအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှုအသိတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ပန်းတိုင်များ အောင်မြင်နိုင်ရေးအတွက် မဟာဗျူဟာမြောက် ချဉ်းကပ်မှုအစီအစဉ်တစ်ရပ်အဖြစ် စတင်ပေါ်ပေါက်လာသော အာဆီယံကျေးရွာ ကွန်ရက်အား ဆက်လက်အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ကျေးလက်ပြည်သူလူထု၊ သက်ဆိုင်သူများအားလုံးနှင့်အတူ စုပေါင်းအားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ရည်ညွှန်းကိုးကားချက် -
• ASEAN Leaders Joint Statement on the Establishment of an ASEAN Villages Network (https://asean.org/wp-content/uploads/2023/05/12-ASEAN-Leaders-JS-on-ASEAN-Villages-Network_adopted.pdf)
• ASEAN Village Network Framework approved at 1st ASEAN Village Network Meeting held in Indonesia on 25th July,2023 (https://www.youtube.com/watch?v=A8aMe3BcyFM)
• ASEAN Rural Population and Villages (https://data.worldbank.org/indicator/SP.RUR.TOTL.ZS) (https://en.wikipedia.org/wiki/ASEAN)
• Joint Statement of the 2nd ASEAN Ministerial Dialogue on Accelerating Actions to Achieve the Sustainable Development Goals (https://asean.org/wp-content/uploads/2023/05/Joint-Statement-of-the-2nd-ASEAN-Ministerial-Dialogue-on-SDGs-FINAL.pdf)