အများပြည်သူအကျိုးစီးပွားအတွက် အတ္တများကို လျှော့ပေးကြပါ
ကိုရေချမ်း
ပြီးခဲ့တဲ့အပတ်က နံနက်စာစားဖို့ရပ်ကွက်ထဲက လူကြိုက်များတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ ဆိုင်အနီးမှာထူးထူးခြားခြား လူတစ်ယောက်ကိုတွေ့လို့ နံနက်စာစားရင်း ငေးမောကြည့်နေမိတယ်။ ထိုလူကကန်စွန်းရွက်တစ်စီးကို သူ့ကားထဲကထုတ်ပြီး လူစည်ကားနေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို ထောင်ပြတယ်။ “တစ်စီးတစ်ရာ”၊ ကန်စွန်းရွက်အစည်းက ခပ်ကြီးကြီးပါပဲ။ ပြီးတော့ကားနောက်ဖုံးထဲကို ထည့်လိုက်တယ်။
တစ်ဆက်တည်းမှာပဲ မီးဖိုချောင်သုံးသီးနှံတွေကို သူ့ကားထဲကနေ တစ်ခုပြီးတစ်ခု ထုတ်ပြလိုက်၊ ဈေးနှုန်းပြောလိုက်လုပ်နေပါတယ်။ “ချဉ်ပေါင်ရွက်တစ်စီး တစ်ရာ”၊ “ပုံလုံသီးတစ်စီးခြောက်ရာ”၊ “ရွှေဖရုံသီးတစ်လုံးငါးရာ”၊ “ကြက်ဟင်းခါးသီးသုံးလုံးတစ်ရာ” စတဲ့စတဲ့အသီးအနှံမျိုးစုံကို တစ်မျိုးတစ်ရာမှ ခြောက်ရာအတွင်းပဲရှိတယ်ဆိုပြီး ရှင်းပြပါတယ်။ မီးဖိုချောင်သုံး အသီးအနှံတွေဟာ လတ်လတ်ဆတ်ဆတ်စိမ်းစိမ်းစိုစို၊ ကြီးကြီးထွားထွား စိတ်ဝင်စားစရာကောင်းပါတယ်။
ဆိုင်ထဲက စားသောက်နေကြတဲ့ လူတွေအားလုံး သူ့ကိုငေးမောကြည့်နေကြပါတယ်။ ခဏကြာတော့ ဆိုင်ထဲကိုဝင်လာပြီး သူ့မိတ်ဆွေလို့ထင်တဲ့ လူတစ်ယောက်ကို ချဉ်ပေါင်ရွက်တစ်စီး လက်ဆောင်ပေးပါတယ်။ တစ်ဖက်စားပွဲမှာထိုင်နေတဲ့ ကျွန်တော်တို့လည်း သိလိုစိတ်နဲ့စပ်စုကြည့်မိတယ်။ “ဆရာကြီးအဲဒီအသီးအနှံတွေ ဘယ်ကဝယ်လာတာလဲ။” “၁၀ ရပ်ကွက်ဈေးက” ၁၀ ရပ်ကွက်ဈေးက ဘယ်မြို့နယ်လဲလို့ ထပ်မေးမလို့လုပ်တော့ ဘေးကကျွန်တော့်ဇနီးက အဲဒါသာကေတ ၁၀ ရပ်ကွက်ဈေးကို ပြောတာလို့ စကားထောက်ပါတယ်။ “အဲဒီဈေးက အသီးအနှံတွေသိပ်ပေါတယ်”။
တစ်ဖက်စားပွဲဝိုင်းက အိမ်ရှင်မတစ်ယောက်က “အဲဒီအသီးအနှံတွေကို ရပ်ကွက်ဈေးထဲမှာ ပြန်ရောင်းတဲ့အခါဈေးသည်တွေက အစည်းတွေ၊ အသီးတွေထပ်ခွဲပြီး အမြတ်တင်ရောင်းကြတယ်” လို့ ပြောပြပါတယ်။ ၁၀ ရပ်ကွက် ဈေးဆိုတာ သီးနှံတွေ လက်လီလက်ကားရောင်းတဲ့ ဈေးတစ်ခုဖြစ်တယ်။ ရန်ကုန်မြို့ပတ်ဝန်းကျင်က စိုက်ကြပျိုးကြတဲ့သူတွေတိုက်ရိုက်လာရောင်းကြလို့ အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ်ဈေးနှုန်းချိုချို ဝယ်ယူနိုင်ကြပါတယ်။ အဲဒီကနေတစ်ဆင့်ရပ်ကွက် အသီးသီးကဈေးတွေကိုရောက်တဲ့အခါ တစ်ဆင့်ပြန်ရောင်းချတဲ့သူတွေက ထပ်အမြတ်တင်တော့ တွက်ခြေကိုက်ပေမယ့် စားသုံးသူတွေလက်ဝယ် ဈေးများလာပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေတစ်နေ့တခြား မြင့်တက်လာတာနဲ့ ပတ်သက်လို့ လေ့လာကြည့်မယ်ဆိုရင် ပြောနေကြငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီ ဈေးတွေနဲ့တိုက်ရိုက်သက်ဆိုင်မှုရှိ၊ မရှိ သုံးသပ်ကြည့်နိုင်ပါတယ်။ ကုန်စည်ဈေးနှုန်းမြင့်တက်လာတာဟာ နိုင်ငံခြားငွေ၊ စက်သုံးဆီနဲ့သက်ဆိုင်မှုရှိပေမယ့်လည်း သူ့ချည်းပဲတော့ မဟုတ်ပါဘူး။ လူတွေရဲ့ လောဘကြောင့်လည်း ပါမယ်ဆိုရင် လက်တွေ့သိရှိချက်တွေအရ အငြင်းပွားစရာ ရှိမယ်မထင်ပါဘူး။ ပုံမှန်အားဖြင့် စက်သုံးဆီဈေးတက်လို့ဆိုတာလဲ အမြဲတက်နေတာမဟုတ်ပါဘူး။ တက်လိုက်ကျလိုက်ပါပဲ။ ကနေ့ရောင်းရေးဝယ်တာကိစ္စတွေမှာ ဖြစ်နေတာက “အများနည်းတူဈေးနှုန်းတက်သည်” ဆိုတဲ့ သီအိုရီ လက်ကိုင်ထားကြတာလို့ ပြောရမလို ဖြစ်နေပါတယ်။
ကုန်စည်ဈေးနှုန်း တက်တာနဲ့ပတ်သက်လို့ အဓိကကျတဲ့လက်သည်ကို ရှာကြည့်တဲ့အခါ နိုင်ငံခြားငွေဈေး မြင့်တက်တဲ့အပေါ်မှာ အားလုံးကစံနှုန်းယူကြတာ တွေ့ရပါတယ်။ နိုင်ငံခြားငွေဈေးက နေ့တိုင်းတက်နေသလို ကုန်ပစ္စည်းတွေကိုလည်း နေ့စဉ်ဈေးနှုန်း ပြောင်းလဲရောင်းကြပါတယ်။ “မနက်ဖြန်ဒီဈေးနဲ့ မရတော့ဘူးနော်၊ မြန်မြန်ဝယ်ထား၊ စေတနာနဲ့ပြောတာ” ဆိုတဲ့ အခြေခံစားကုန်နဲ့ ဆေးမျိုးစုံရောင်းသူတွေရဲ့နေ့တိုင်းပြောနေကြ လက်သုံးစကားဟာ စားသုံးသူတွေအဖို့ နေ့စဉ်နားဝမှာမသက်သာ စိတ်နှလုံးဆင်းရဲရပါတယ်။ နိုင်ငံခြားငွေကြေးဈေးကွက်ဟာ အခြေခံစားကုန်တွေနဲ့ တိုက်ရိုက်အချိုးမကျပေမယ့်စက်သုံးဆီဈေးတက်တာနဲ့ အခြေခံစားကုန်တွေဈေးတက်တာ အချိုးကျနေတာ တွေ့ရပါတယ်။
ရန်ကုန်မြို့တွင်း YBS စီးနင်းလိုက်ပါလာတဲ့ လက်လုပ်လက်စားဖြစ်ဟန်တူတဲ့ အိမ်ရှင်မတစ်ဦးက သူ့ရဲ့အဖော်ကို “အရင်က ငွေငါးထောင်နဲ့ဈေးသွားလို့ရသေးတယ်၊ အခု ငွေတစ်သောင်းထည့်လာရင် ဘာဝယ်ရမှန်းမသိတော့တဲ့ ဒုက္ခကြုံနေရတယ်” ဆိုတဲ့ ညည်းတွားသံမျိုးတွေကို ကုန်သည်ပွဲစား၊ ဈေးရောင်း ကြသူတွေက စာနာစိတ်ကလေးတွေ ထားကြည့်ကြမယ်ဆိုရင် ရောင်းသူတွေအနေနဲ့ “ငါတို့တွေမရှုံးရင်ဈေးနှုန်းဖြည်းဖြည်း တက်ကြရအောင်” ကုန်သည် တွေအနေနဲ့ “ငါတို့အစောပိုင်းကဝယ်လှောင်ထားတဲ့ ကုန်တွေကို အရင်ဝယ်ဈေးနဲ့ပဲ ရောင်းလိုက်ကြစို့”၊ “သင့်တင့်လျောက်ပတ်တဲ့ အမြတ်အစွန်းရရင်တော်ပါပြီ” ဆိုတဲ့စိတ်ကူးလေးတွေရှိမယ်ဆိုရင် ကုန်ဈေးနှုန်းဟာ ဖြည်းဖြည်းချင်း တက်လိုက်ကျလိုက်ဖြစ်မှာမို့ ပြည်သူတွေအသက်ရှူချောင်မယ်လို့ ထင်မိပါတယ်။
မိုခါမုန်တိုင်း တိုက်ခတ်အပြီးမှာ ကုန်စည်ဈေးနှုန်းတွေ အတက်ဘက်ကို တရိပ်ရိပ်ရောက်လာတာဟာ အခုဆိုအခြေခံလူတန်းစား အများစုမှီခိုအားထား နေရတဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေအထိ လိုက်တက်လာတာကိုတွေ့ရပါတယ်။ ယခုနှစ်စက ဆန်ဈေးက ၂၄ ပြည်ပါ တစ်တင်းခွဲတစ်အိတ်ကို ဆန်ချောဆိုရင် ကျပ် ၇၅၀၀၀၊ ဆန်ကြမ်းဆိုရင် ကျပ် ၅၅၀၀၀ ရှိခဲ့ရာမှ သင်္ကြန်နောက်ပိုင်းမှာ ပေါ်ဆန်းမွှေးဆိုရင် အရည်အသွေးအလိုက် ရှစ်သောင်းကျော်ကနေ တစ်သိန်းကျော်ကြား၊ မဂျမ်းတောရှစ်သောင်းကျော်နဲ့ဆင်းသွယ်ခုနစ်သောင်း ဝန်းကျင်၊ အနိမ့်ဆုံးဇီယာဆိုရင် ခြောက်သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။ အခုဆိုရင်အခြေခံလူတန်းစားတွေ စားသုံးတဲ့အနိမ့်ဆုံး၊ အညံ့ဆုံးဆန်တစ်ပြည်ကို သုံးထောင်ကျော်၊ ဆန်ကောင်းတစ်ပြည်ကို လေးထောင်ကျော်ဖြစ်နေတော့ရတဲ့ဝင်ငွေဟာ အခြေခံစားကုန် အနိမ့်ဆုံးအဆင့်ကို မကျော်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါ့အပြင် ဟင်းသီးဟင်းရွက်နဲ့အခြားစားသောက်ကုန်တွေလည်း နှစ်စကနဲ့မတူ ခြောက်လအတွင်း သိသိသာသာဈေးတက်လာပါတယ်။ ခြောက်လအတွင်း ဂေါ်ဖီတစ်စိတ်ကို တစ်ထောင် ကျပ်၊ ကန်စွန်း၊ ချဉ်ပေါင်ရွက် တစ်စီးနှစ်ရာသုံးရာကျပ်၊ ကြက်ဥတစ်လုံး တစ်ရာကျော်ကနေ သုံးရာ့ငါးဆယ်ကျပ်၊ ငရုတ်သီးစိမ်းဆိုရင် အနည်းဆုံး ကျပ် ၂၀၀ ဖိုးဝယ်လို့မရတော့ဘဲ ကျပ် ၆၀၀၊ သားငါးတွေဆိုရင်လည်း တစ်ဆယ်သားကို ငါးရာ ကနေ တစ်ထောင်ကျော် ဈေးတက်လာတယ်လို့ အိမ်ရှင်မတွေက ပြောကြပါတယ်။ ဒါတောင်အခု ဒီဈေးနဲ့မရတော့ပါဘူး။ အခြေခံကုန်စည်ဈေးနှုန်းတွေ တက်လာတာဟာ အခြေခံပြည်သူတွေအတွက် အခက်တွေ့စေပါတယ်။ ဈေးနှုန်းတွေ တက်လာတာဟာ တိုက်ရိုက်အကျိုး သက်ရောက်မှုကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတက်လိုက်ရတာကို မပြောလိုသော်လည်း အမြတ်အစွန်းရလိုရေး တစ်ခုတည်းကြည့်ပြီး အများတက်လို့ ဈေးတက်ကြတာကတော့ မဖြစ်သင့် ပါဘူး။
ဥပမာအားဖြင့် အစီအရီထောင်ထားတဲ့(ဖဲ)ကတ်တုံးလေးတွေရဲ့ ထိပ်ဆုံးကတ်တုံးလေးကို တွန်းလှဲလိုက်တာနဲ့ အားလုံးဆက်တိုက်လဲကျသွားတဲ့ အဆင့်ကဲဖြစ်စဉ် Jenga ဂိမ်းကစားနည်းတစ်မျိုးလို ဦးဆုံးဖြစ်ရပ်ကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှု မီးခိုးကြွက်လျှောက်ဖြစ်ရတဲ့ စီးပွားရေးသီအိုရီကို ပြည်သူအားလုံး ကြုံတွေ့နေကြရပါတယ်။ ဒေါ်လာဈေး၊ ရွှေဈေးတက်ပြီဆိုတာနဲ့ နောက်တစ်နေ့မဆိုင်း နေ့ကူးတောင်မစောင့်နိုင်ဘဲ ကုန်ပစ္စည်းဈေးနှုန်းတွေ အသီးသီးလိုက်တက်လာပါတယ်။ ဒေါ်လာပေါက်ဈေးပေါ် မူတည်ပြီးလက်ဝယ်ရှိ ကုန်ပစ္စည်းတွေကို ဈေးနှုန်းတင်လိုက်မယ်ဆိုရင် ကိုယ့်အတွက်တော့ အကျိုးအမြတ်များပေမယ့် စားသုံးသူပြည်သူတွေ ဘယ်လောက်အထိ အခက်အခဲဖြစ်မယ်ဆိုတာ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။
“ပေါက်ပင်ဘာကြောင့်ကိုင်းတယ်၊ ဗျိုင်းနားလို့ကိုင်းတယ်” ဆိုသလို ဒေါ်လာဈေးတက်လို့ စက်သုံးဆီဈေးတက်၊ စက်သုံးဆီဈေးတက်လို့ သယ်ယူပို့ဆောင်စရိတ်တက်၊ သယ်ယူပို့ဆောင် စရိတ်တက်လို့ ကုန်ပစ္စည်းဈေးတွေတက် စတဲ့မဆုံးနိုင်တဲ့ အဖြေရှာမရတဲ့ ဆက်တိုက်အကျိုးသက်ရောက်မှုတွေကို ပြည်သူတွေခံစားနေကြရပါတယ်။ ရှိပြီးသားကုန်တွေကို ဒေါ်လာဈေးတက်လို့ တက်လိုက်တာဟာ ကုန်သည်ပွဲစား ရောင်းသူတွေအတွက် သည်းခြေကြိုက်ဖြစ်ပေမယ့် စားသုံးသူပြည်သူတွေအတွက် အထိနာလှပါတယ်။ အားလုံးဟာ အသိတရားနဲ့ အများပြည်သူတွေကို စာနာထောက်ထားပြီး ဖြစ်သင့်ဖြစ်ထိုက် တဲ့ဈေးနှုန်းနဲ့ သမာအာဇီဝရောင်းချကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဘောဂဗေဒ သဘောတရားအရ ငွေကြေးဖောင်းပွတာဟာ အချိန်ကာလတစ်ခုအတွင်း ကုန်စည်နဲ့ဝန်ဆောင်မှုတို့ရဲ့ ယေဘုယျဈေးနှုန်း မြင့်တက်လာခြင်းလို့ဆိုပါတယ်။ ယေဘုယျဈေးနှုန်း မြင့်တက်လာတဲ့အခါမှာ ငွေကြေးပမာဏတစ်ခုဟာ ပိုလို့နည်းတဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကို ဝယ်နိုင်ပါတော့တယ်။ ကုန်ဈေးနှုန်းတက်လို့ ငွေရဲ့ဝယ်အား လျော့ပါးသွားတဲ့အခါ ငွေတန်ဖိုးကျလာ ပါတယ်။
ငွေတန်ဖိုးဟာ ကျစ်လျစ်သိပ်သည်းစွာ တန်ဖိုးမရှိတော့ဘဲ သူ့ချည်းသာဖောင်းပွလျက်တန်ဖိုး၌ကား နည်းပါးနေတဲ့ သဘောကိုငွေကြေးဖောင်းပွတယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာဟာ သယ်ယူပို့ဆောင်စရိတ် တက်တာ၊ လုပ်ခနှုန်းတက်တာ၊ ကုန်ပစ္စည်းအထွက် ဆုတ်ယုတ်တာတွေကြောင့် ငွေကြေး ဖောင်းပွမှုဖြစ်ကြပြီး ယင်းကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြရပါတယ်။ ကုန်ဈေးနှုန်းတွေမြင့်တက်စေဖို့ အချို့ ဝိသမလောဘသားတွေ ဈေးကစားနေမှုတွေရှိကြောင်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တာဝန်ရှိသူတွေအနေနဲ့ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စီးပွားရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)မှာ နိုင်ငံတော်အကြီးအကဲက အသိပေးပြောကြားခဲ့ပါတယ်။ ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူတွေဟာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနဲ့ရွှေကိုင်ထားကြသူတွေက ဈေးကစားနေကြတာဖြစ်ပါတယ်။ နိုင်ငံခြားငွေကိုင်ထားသူတွေက ၎င်းတို့နိုင်ငံခြားငွေ တန်ဖိုးတက်ဖို့၊ မြန်မာကျပ်ငွေကိုင်ထားသူတွေကရွှေဝယ်ပြီး ရွှေဈေးတက်အောင် ဆောင်ရွက်နေတာတွေ့ရပါတယ်။ အလားတူ မော်တော်ယာဉ်ဈေးနှုန်းတွေဆိုရင်လည်း ထိုက်သင့်တဲ့ဈေးနှုန်းထက် အဆမတန်များပြားနေတာ တွေ့ရပါတယ်။
ငွေကိုင်ထားသူတွေအနေနဲ့ တိုင်းပြည် နဲ့ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမယ့်စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ လုပ်ကိုင်နေကြတာတွေ့ရပါတယ်။ တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)တွေနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေကို အိမ်နီးချင်းနိုင်ငံအချို့မှာ စုံစမ်းဖော်ထုတ်အရေးယူ နေတယ်လို့ ကြားသိရပါတယ်။ ကုန်သွယ်မှုနဲ့ပတ်သက်လို့ ငွေရေးကြေးရေး ဆောင်ရွက်ရာမှာ ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လိုပါတယ်။ တရားမဝင်ငွေလွှဲလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်နစ်နာစေတာဖြစ်ပြီး ဖော်ထုတ်အရေးယူဖို့ လိုပါတယ်။
စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးတဲ့ ဝိသမလောဘသားတွေ ရှိသလို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့၊ အများပြည်သူ အကျိုးစီးပွားကို အလေးထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်းရှိပါတယ်။ ဝိသမလောဘသားတွေကို အရေးယူဖို့၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးတဲ့ လုပ်ငန်းရှင်တွေကို အားပေးချီးမြှင့်မှုတွေလုပ်ဆောင်ပေးဖို့ နိုင်ငံတော်အကြီးအကဲက အသိပေးထားပါတယ်။ မြန်မာနိုင်ငံဟာ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေတာဖြစ် ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရအနေနဲ့ ဝင်ရောက်ကိုင်တွယ်တာ လျှော့နိုင်သမျှ လျှော့ရမှာဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနဲ့နိုင်ငံ့စီးပွားရေးပျက်ယွင်းအောင် လုပ်ဆောင်နေမှုတွေကြောင့် ဝင်ရောက်ထိန်းညှိဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
စီးပွားရေးလုပ်တယ်ဆိုတာ အမြတ်ရလိုလို့ လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ရသင့်ရထိုက်တဲ့ အမြတ်ဖြစ်ဖို့လိုပါတယ်။ လက်လီရောင်းချသူတွေအနေနဲ့ ပင်ရင်းဈေး ၁၀၀ တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုကို အမြတ် ၁၀ ရာခိုင်နှုန်းထားမှာလား၊ ၂၀ ရာခိုင်နှုန်း ထားမှာလား၊ ၂၅ ရာခိုင်နှုန်း ထားမှာလားစတဲ့အားလုံး တစ်ပြေးညီဖြစ်စေမယ့် တိကျတဲ့သတ်မှတ် စံနှုန်းတစ်ခု ဖြစ်ဖို့လိုပါတယ်။ ၁၀၀ တန်ဖိုး ရှိတဲ့ပစ္စည်းတစ်ခုကို ၂၀၀၊ ၃၀၀ နဲ့ ရောင်းချင်ရင်တော့ နှစ်ဆ၊ သုံးဆအမြတ်လိုချင်တဲ့ မတော်လောဘလို့ သတ်မှတ်ရမှာဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူကို ထိခိုက်နစ်နာအောင် လုပ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
ပြည်ပ သွင်းကုန်ပစ္စည်းတွေအနေနဲ့ ကမ္ဘာ့ဈေးနှုန်းပေါ်မှာမူတည်ပြီး အပြောင်းအလဲဖြစ်နေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးနှုန်း တက်တဲ့အခါ တက်ဈေး၊ ဈေးနှုန်းကျတဲ့ အခါကျဈေးဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ စက်သုံးဆီ ဈေးဖြစ်စေ၊ စားသုံးဆီဈေး ဖြစ်စေ၊ ရွှေဈေးဖြစ်စေ ကမ္ဘာ့ဈေးနှုန်း ကျဆင်းပေမယ့်လည်း မြန်မာနိုင်ငံမှာ မကျဘဲ အရင်ဈေးအတိုင်း ရောင်းချနေတာကိုတွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ အပြောင်းအလဲဘယ်လိုပင် ဖြစ်နေသော်လည်း တက်ဈေးနဲ့ လက်ဝယ်ရှိရင်တက်ဈေးနဲ့ပဲရောင်းသင့်ပါတယ်။ ကျဈေးဖြစ်ရင် ကျဈေးနဲ့ပဲရောင်းသင့်ပါတယ်။ စားသုံးသူပြည်သူတွေဟာ လက်ခုပ်ထဲကရေပါပဲ။ ဘာမျှဆင်ခြေ ပေးရန်မရှိ၊ ပေါက်တဲ့ဈေး၊ ပြောတဲ့ဈေးအတိုင်း ဝယ်နေရပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း တက်တာဟာ အစဉ်အလာလိုဖြစ်နေပေမယ့်လည်း အဆမတန်၊ နေ့စဉ်ဈေးနှုန်း တက်နေမယ်ဆိုရင် ပြည်သူတွေနေမြင့်လေ အရူးရင့်လေသဘောမျိုး ဖြစ်မှာမို့လို ကိုယ်ချင်းစာနာသောအားဖြင့် အသိတရားနဲ့စေတနာထား ဆောင်ရွက်ဖို့လိုပါတယ်။ မလှူတတ်ရင် ဈေးရောင်းဆိုသလို ဈေးရောင်းရင်းနဲ့ အလှူတစ်ခုပြုနိုင်အောင် အားထုတ်သင့်ပါတယ်။ ကုန်ဈေးနှုန်းတက်တာဟာ ဓာတ်မြေဩဇာလို ပြည်ပသွင်းကုန်သွင်းအားစုပစ္စည်းတွေ ဈေးနှုန်းမြင့်မားလာတာ၊ သယ်ယူပို့ဆောင်စရိတ်တွေ မြင့်မားလာတွေကြောင့် အတက်ဘက်ကို ရောက်လာတာဟာ ဖြစ်သင့်ပေမယ့်လည်းထူးခြားမှု အကြောင်းကိစ္စတစ်ခုကို ခေါင်းစဉ်တပ်ပြီး ကုန်ပစ္စည်းဈေးနှုန်းကိုဆွဲတင်တာ၊ ကုန်ပစ္စည်းအရောင်းကို ရုတ်တရက် ရပ်ပစ်တာ၊ ဝယ်လိုအားများအောင် ဖန်တီးတာ၊ ကုန်ပစ္စည်းတွေကို လိုတာထက် ပိုသိုလှောင်ထားတာတွေဟာ စီးပွားရေးအရအမြတ်ထုတ်မှု၊ နိုင်ငံအကျပ်အတည်း ဖြစ်အောင်ပြုလုပ်မှု ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတက်အောင်လုပ်တာ၊ တရားမဝင်ငွေကြေးကစားတာတွေဟာ အများပြည်သူတို့ အကျပ်အတည်းများဖြစ်စေနိုင်တာကြောင့် အစိုးရအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ စီးပွားရေးလုပ်တဲ့နေရာမှာ လူလူချင်း စာနာစိတ်မွေးပြီး စီးပွားလည်းဖြစ် ကုသိုလ်လည်းဖြစ်အောင် မလုပ်ကိုင်ကြသရွေ့ မြန်မာပြည်ကြီး သာယာဝပြောမှုတွေနဲ့ အလှမ်းဝေးပြီး ဆင်းရဲတွင်း သံသရာနက်နေဦးမှာ ဖြစ်ပါတယ်။ အများပြည်သူလူထု အထူးသဖြင့် အခြေခံ လူတန်းစားများ အကျိုးစီးပွားအတွက် အတ္တများကို လျှော့ပေးကြပါလို့သာ မေတ္တာရပ်ခံလိုက်ပါတယ်။ ။