Skip to main content

ဖွံ့ဖြိုးမှုအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အစားထိုးစွမ်းအင်အဖြစ် အသုံးပြု

ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၂ ဒသမ ၃ ဘီလီယံတို့သည် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် လောင်စာများအားချက်ရေး၊ ပြုတ်ရေးအတွက် သုံးစွဲနေရဆဲဖြစ်ပြီး လူပေါင်း ၆၇၅ သန်းတို့မှာ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းမရှိသေးကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်စွမ်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၈၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၉၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့ပြည်သူ ၂ ဒသမ ၃ ဘီလီယံတို့မှာလည်း မီးသွေးအပါအဝင် သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေသည့် လောင်စာများနှင့် နည်းပညာများကို ချက်ရေး၊ ပြုတ်ရေးအတွက် သုံးစွဲနေရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံ စုစု ပေါင်း ၁၅၂ နိုင်ငံရှိသည့်အနက် နိုင်ငံ ၂ဝခန့်သာ အလယ်အလတ် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအဆင့်တွင် ရောက်ရှိနေကြပြီး ကျန်နိုင်ငံများမှာ စက်မှုတိုးတက်ဖွံ့ဖြိုးမှုအတွက် ရုန်းကန်နေရဆဲဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှပင် ကြိုးပမ်းအား ထုတ်နေစေကာမူ စွမ်းအင်လုံလောက်မှု မရှိပါက ရည်မှန်းချက်များနှင့် အလှမ်း ဝေးနေမည်သာဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်စွမ်းသည် ယင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုဘဝအဆင့်အတန်းကို ခန့်မှန်းရာ၌ အဓိကကျလျက် ရှိသည်။ မြန်မာနိုင်ငံသည် နှစ်စဉ်တိုးပွားလာသည့် လူဦးရေအလိုက် လျှပ်စစ်ဓာတ်အားကို ပိုမိုအသုံးပြုနေရမှု၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရှိမှုတို့ကြောင့် လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရေးမှာ အရေးကြီးသည့် အချက်ဖြစ်သည်။ လက်ရှိတွင် အရင်းအမြစ်အသီးသီးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေသော်လည်း လုံလောက် မှုမရှိပေ။ ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များ၌ အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးကို သုံးစွဲနေရသည်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုရသည့် အသေးစား၊ အလတ်စား စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ အခက်အခဲ ဖြစ်ကြရသည်။

ရေရှည်စွမ်းအင်ဖွံ့ဖြိုးမှုအတွက် အကျိုးအမြတ်များစွာရရှိနိုင်

ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်နေသော ရုပ်ကြွင်းလောင်စာဆီဈေးနှုန်းများ မတည်ငြိမ်မှု၊ ဈေးနှုန်းမြင့်တက်မှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုရန် အရှိန်မြှင့်တင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အကြား တစ်နှစ်လျှင် ငါးရာခိုင်နှုန်းနီးပါး တိုးတက်လျက်ရှိသည်။ ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်းသည် ရေရှည်စွမ်းအင်ဖွံ့ဖြိုးမှုအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ မြန်မာနိုင်ငံသည် ယခင်ကာလများနှင့်နှိုင်းယှဉ်ပါက ပြည့်ဖြိုးမြဲစွမ်းအင်များကို အစားထိုး သုံးစွဲမှုများဖွံ့ဖြိုးလာသည်။ နေရောင်ခြည်မှ စွမ်းအင်ရယူနိုင်သည့် ဆိုလာပြား များထုတ်လုပ်သည့် ကုန်ကျစရိတ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသိ သာသာကျဆင်းခဲ့သဖြင့် ၎င်းသည် လူအများသုံးစွဲနိုင်သည့် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်လာသည်။ ရုပ်ကြွင်းလောင်စာများမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သို့ ပြောင်းလဲအသုံးပြုခြင်းသည် ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းကုန်ကျစရိတ် ဒေါ်လာ ၁၂ ထရီလီယံ သက်သာစေနိုင်ကြောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို ပြောင်းလဲအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်ကြီးမြင့်သည် ဆိုခြင်းမှာ မှားယွင်းသည့် အယူအဆတစ်ခုဖြစ်ပြီး အဆိုးမြင်ခြင်းသာဖြစ်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ်က ထုတ်ပြန်သည့် လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရုပ်ကြွင်းလောင်စာများ၏ ယခင်ကာလများက ဈေးနှုန်း အချက်အလက်များကို လေ့လာပြီး အနာဂတ်တွင် ပြောင်းလဲနိုင်ခြေအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် စဉ်ဆက်မပြတ် ရရှိနေသော ရေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် ဘူမိစွမ်းအင်တို့ဖြစ်သည်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည့် ရုပ်ကြွင်းလောင်စာများသည် နှစ်သန်းပေါင်း ရာနှင့်ချီ၍ အချိန်ယူရသည့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော ရုပ်ကြွင်းလောင်စာများဖြစ်သည်။ စွမ်းအင်ထုတ်လုပ်ရန် လောင်ကျွမ်းစေသောအခါတွင် ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့သော အန္တရာယ်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေသည်။

အကျိုးအမြတ်ကို ကနဦး ရင်းနှီးမြှုပ်နှံမှုထက် သုံးဆမှ ရှစ်ဆပိုမိုမြင့်မား

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အချက်လေးချက်ဖြစ်သည့် ဖန်လုံအိမ် ဓာတ်ငွေ့ပါဝင်မှု၊ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာမှု၊ သမုဒ္ဒရာအပူချိန်နှင့် သမုဒ္ဒရာ အက်စစ်ဓာတ်ပြုမှုတို့သည် ၂၀၂၁ ခုနှစ်တွင် စံချိန်သစ်တင်ခဲ့ကြောင်း စစ်တမ်းများကဆိုသည်။ လူသားများ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော အဆိုပါ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်မှာ ရုပ်ကြွင်းလောင်စာများမှ ထုတ်ပေးသော စွမ်းအင်များအပေါ် မှီခိုအားထားနေမှုကို အဆုံးသတ်ရန်ဖြစ်သည်။ လေ့လာမှုများအရ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သည် စီးပွားရေးအရ အကျိုးအမြတ်ကို ကနဦး ရင်းနှီးမြှုပ်နှံမှုထက် သုံးဆမှရှစ်ဆ ပိုမိုမြင့်မားစေသည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုခြင်းသည် ရေရှည်စွမ်းအင်ဖွံ့ဖြိုးမှုအတွက် အကျိုးအမြတ်များစွာရရှိနိုင်သည်။ မြန်မာနိုင်ငံတွင်လည်း ယခင်ကာလများနှင့်နှိုင်းယှဉ်ပါက ပြည့်ဖြိုးမြဲ စွမ်းအင်များကို အစားထိုးသုံးစွဲမှုများ ဖွံ့ဖြိုးလာသည်။ ပြည့်ဖြိုးမြဲစွမ်းအင်မှ နိုင်ငံတော်ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အချိုးအစားတွင်လည်း ရေအားမှ ၄၇ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်မှ သုညဒသမ ၆ ရာခိုင်နှုန်း၊ အပူစွမ်းအင်မှ ၅၂ ဒသမ ၄ ရာခိုင်နှုန်း ရှိနေသည်။ ပြည့်ဖြိုးမြဲစွမ်းအင်မှ လက်ရှိလျှပ်စစ် ဓာတ်အားရရှိမှုအချိုးသည် ၆ဝ ဒသမ ၆ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း

အထူးသဖြင့် ကျောက်မီးသွေးမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် လေထုညစ်ညမ်းမှုတို့ကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာကြီး ပူနွေးလာမှု လျှော့ချနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်နေသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံအချို့၏ စီးပွားရေးလောဘတို့ကြောင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အလှမ်းဝေးနေဆဲဖြစ်သည်။ ကမ္ဘာကြီးတွင် လူဦးရေများပြားလာမှု၊ စီးပွားရေးဖွံ့ဖြိုးမှုတို့အတွက် လျှပ်စစ်စွမ်းအင် လိုအပ်ချက် ပိုမိုများပြားလျက်ရှိသည်။

သဘာဝအတိုင်း တည်ရှိနေသော နေ၊ ရေ၊ လေတို့၏ စွမ်းအားဖြင့်ထုတ်ယူရရှိသော စွမ်းအင်များသည် နေစကြဝဠာတည်ရှိနေသရွေ့၊ လေတိုက်ခတ်နေသရွေ့၊ ရေထုများတည်တံ့နေသရွေ့ ကုန်ခန်းနိုင်မည်မဟုတ်ပေ။ ထိခိုက်မှုအနည်းဆုံးဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အစားထိုးသုံးစွဲနိုင်မှသာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် လောင်စာသုံး ဓာတ်အားပေးစက်ရုံများကဲ့သို့ လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်းပြုပြင်မှု စရိတ်သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု လျှော့ချပေးနိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု ရရှိစေနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေသော ပစ္စည်းများ စွန့်ထုတ်မှုအလွန် နည်းပါးခြင်းစသည့် အားသာချက်များစွာ ရှိနေသည်။

နိုင်ငံများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ကမ္ဘာကြီးဖြစ်လာစေရေး၊ နိုင်ငံများဖွံ့ဖြိုးရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို ဦးစားပေးလုပ်ဆောင်ချိန် တန်ပြီဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် မမြင့် တက်စေရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ၆ဝ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၉ဝ ရာခိုင်နှုန်းသည် မြေအောက်တွင်သာ ရှိနေမည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့သည့် ရုပ်ကြွင်းလောင်စာဆီပမာဏအောက် ၂ဝ၅ဝ ပြည့်နှစ်မတိုင်မီ နှစ်များအတွင်း တစ်နှစ်လျှင် သုံးရာခိုင်နှုန်း လျှော့ချသွားရမည်ဟု ဆိုထားသည်။ သိပ္ပံဆိုင်ရာ တွေ့ရှိချက်များအရ လုပ်ဆောင်ရန် လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အလွန်ခက်ခဲသော်လည်း လက်တွေ့ကျ သည့် အကဲဖြတ်ခန့်မှန်းမှုဖြစ်သည်ဟု သုတေသနပညာရှင်များက ဆိုကြောင်း ဆက်လက်ဖော်ပြထားသည်။

မျက်မှောက်ကာလတွင် နိုင်ငံအများအပြားသည် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုလွန်းသဖြင့် လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပါရှိမှုနှုန်း စံချိန်သစ်တင်များပြားလာသည်။ ထို့ကြောင့် ကမ္ဘာကြီးသည် ယခုအခါ အိုဇုန်းလွှာပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ အက်စစ်မိုးရွာသွန်းမှု၊ ရေသယံဇာတများ လျော့နည်းကာ ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှု၊ ပင်လယ်နေသတ္တဝါများ လျော့ပါးလာမှု၊ သစ်တောပြုန်းတီးမှု၊ မြေသားနှင့် မြေဆီလွှာများပျက်စီးမှု၊ ကန္တာရဖြစ်ထွန်းလာမှု၊ တိရစ္ဆာန်မျိုးစိတ်နှင့် အပင်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှု၊ စွန့်ပစ်ပစ္စည်းများ တိုးပွားလာမှုတို့ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ရင်ဆိုင်နေရသည်။ လောင်စာဆီ အသုံးပြုမှုနှင့် ကျောက်မီးသွေးမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းတို့သည် ကမ္ဘာကြီးပူနွေးလာမှုနှင့် လေထု ညစ်ညမ်းမှုတို့ကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများဖြစ်သော်လည်း ကမ္ဘာ့စွမ်းအင်သုံးစွဲမှုသည် နှစ်စဉ် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးပွားလျက်ရှိ သည်။ နိုင်ငံတစ်ခုသည် စွမ်းအင် အလုံအလောက်မရရှိပါက ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ရောက်ရှိလာရန်မဖြစ်နိုင်ပေ။

ဖွံ့ဖြိုးပြီးနိုင်ငံများသည်ပင်လျှင် ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင်ထုတ်ယူရေးကို အဓိကအခန်းကဏ္ဍ၌ ထားရှိနေဆဲဖြစ်သည်။ အထူးသဖြင့် အရှေ့တောင်အာရှသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကျောက်မီးသွေးသုံးစွဲမှု ပမာဏ ၈၃ ရာခိုင်နှုန်း တိုးတက်လာဖွယ် ရှိနေကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။ ရုပ်ကြွင်းလောင်စာများအသုံးပြုမှုကို တားဆီးရန်မဖြစ်နိုင်သော်လည်း သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိနေသော နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်၊ ရေစွမ်းအင်နှင့် ဘူမိစွမ်းအင် စသည့် ပြန်ပြည့်မြဲစွမ်းအင်များကို အစားထိုးအသုံးပြုနိုင်သည်။ ကမ္ဘာပေါ်တွင် လက်ရှိအသုံးပြုနေသော ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့်သမားရိုးကျ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများသည် နောင်တစ်ချိန်တွင် ကုန်ခန်းသွားမည်သာဖြစ်သည်။

နိုင်ငံများအနေဖြင့် ကမ္ဘာကြီးပူနွေး လာမှုကိုဖြစ်ပေါ်စေသည့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျော့ကျစေမည့် ပြန်ပြည့်မြဲစွမ်းအင်များကို တတ်နိုင်သမျှ အစားထိုးအသုံးပြုခြင်းကသာ လက်တွေ့ ကျသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ ပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်နိုင်ငံများ ကျောက်မီးသွေး စွမ်းအင်သုံးစွဲမှုကို ၂၀၃၀ ပြည့်နှစ်တွင် ရပ်ဆိုင်းပြီး ကျန်နိုင်ငံများက ၂၀၄၀ ပြည့်နှစ်တွင် ကျောက်မီးသွေးစွမ်းအင် သုံးစက်ရုံများ ပိတ်သိမ်းရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတဲ ရက်စ်က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတော့သည်အထိ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဖြစ်ရာ အဆိုပါတောင်းဆိုချက်များအတိုင်း နိုင်ငံများအားလုံးက လိုက်နာ နိုင်မှသာ ကျန်းမာရေးချို့တဲ့နေသော ကမ္ဘာကြီးကို ပြန်လည်နာလန်ထူစေနိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အသုံးပြုခြင်းသည်သာ ရေရှည်စွမ်းအင် ဖွံ့ဖြိုးမှု၊ နိုင်ငံ့စီးပွားတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော သန့်ရှင်းသည့် လောင်စာ သုံးစွဲနိုင်မှုတို့အတွက် အထောက်အကူ ပြုစေမည်ဖြစ်သည်။ ရုပ်ကြွင်းလောင်စာများသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအတွက် အကြီးမားဆုံးသော အရင်းအမြစ်တစ်ခုဖြစ်နေပြီး ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၇၅ ရာခိုင်နှုန်းကျော်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်း နီးပါးရှိနေသည်။ ကမ္ဘာကြီး ရေရှည်တည်တံ့ရေးအတွက် လုပ်ဆောင်ရန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်မှတစ်ပါး အခြားမရှိပေ။ ထို့ကြောင့် ကမ္ဘာ့ နိုင်ငံများအားလုံးနီးပါး လက်ခံထားသော ပဲရစ်သဘောတူညီချက်အတိုင်း စက်မှုခေတ်မတိုင်မီက ရှိခဲ့သည့် ကမ္ဘာ့အပူချိန်ထက် ၂ ဒီဂရီ မကျော်လွန်စေရေးနှင့် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီထက် ပို၍မမြင့်တက်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်မှာ ကျောက်မီးသွေးစွမ်းအင်သုံးစွဲမှုကို လျှော့ချမှသာလျှင် အပူချိန်မြင့်တက်မှုကို ထိန်းညှိနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။     ။

မေယု-မျိုးအောင် (MANA)