ပညာရှာလူငယ်များ ကိုယ့်အနာဂတ်ကို အလေးထား
မောင်ကမ္ဘာ
ပင်ပျိုရွက်နုတို့ဟာ နုရာမှရင့်၊ ရင့်ရာမှရော်နဲ့ အဆုံးမှာတော့ ကြွေကျမြေခသွားကြရတယ်။ မနုဿလူသားအပါအဝင် သတ္တဝါအပေါင်းကလည်း ပျိုရာမှအို၊ ပျိုသမျှအိုရ၊ မာသမျှနာရ၊ နေသမျှ သေကြရတာပါပဲ။
ကြွေကျသွားတဲ့ ရော်ရွက်ဝါတွေနေရာမှာ ရွက်နုသစ်တို့က အစားထိုးနေရာယူပြီး ဆက်လက်စိမ်းလန်းဝေဖြာကြသလို လူ့အဖွဲ့အစည်းမှာလည်း လူကြီးတွေရဲ့နေရာကို လူငယ်တွေက အစားထိုး ဝင်ရောက်ကြရတာကလည်း သဘာဝရဲ့နိယာမတစ်ခုပါ။
ဒါကြောင့်မို့ လူ့အဖွဲ့အစည်းက လူငယ်တွေကို ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ အနာဂတ်ကို စိုးပိုင်မယ့်လူငယ်များစသဖြင့် တင်စားပြောဆိုလေ့ ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ယနေ့လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်သစ်မှာ လူကြီးတွေနေရာကို ပခုံးပြောင်းတာဝန်ယူကြရမယ့် လူ့စွမ်းအားအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။
လူငယ်ဖွံ့ဖြိုးရေးအစီအမံတွေချမှတ်ဆောင်ရွက်
နိုင်ငံတိုင်းဟာ လူငယ်ဖွံ့ဖြိုးရေးအစီအမံတွေကို ချမှတ်ဆောင်ရွက်လေ့ရှိသလို လက်ရှိလူငယ်တွေရဲ့အသံ၊ လူငယ်တွေရဲ့ခြေလှမ်း၊ လူငယ်တွေရဲ့ဝါသနာ ဗီဇတွေကို မျက်ခြည်မပြတ် စေ့ငုလေ့လာပြီး လူချွန်လူမွန်တွေဖြစ်လာစေဖို့ ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုထိန်းကျောင်းဆောင်ရွက်ရာမှ သက်ဆိုင်ရာတာဝန်ရှိသူတွေ သက်သက်သာမဟုတ်ပါဘူး။ လူငယ်ရေးရာ သုတေသနပညာရှင်တွေ၊ ကျောင်းသားမိဘတွေ၊ မီဒီယာတွေအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံး နီးပါးပါပဲ။
အမေရိကန်မှာ ပညာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်အမတ်တွေက ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေ အရက်သောက်သုံးမှုမပြုရေးအတွက် တားမြစ်ရေးအစီအစဉ်တွေကို ပုံမှန်ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု ပြည်နယ်တိုင်းလိုလိုမှာ အသက်(၂၁)နှစ်အောက် ဘယ်သူ့ကိုမဆို အရက်ဝယ်ယူမှုကို ပိတ်ပင်ထားပေမယ့် ဥရောပနိုင်ငံတွေကတော့ အသက် (၁၈) နှစ်နှင့်အောက် သတ်မှတ်ထားပါတယ်။ အမေရိကန်မှာ ကျောင်းသား ကျောင်းသူတွေ အရက်သေစာ သောက်စားမှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့သဘော ထားလာရခြင်းက အရက်မူးပြီး ကားမောင်းမှုကို ဆန့်ကျင်ရေးမိခင်များအုပ်စု(အမ်အေဒီဒီ)ရဲ့ ဖိအားပေးမှုကလည်း တစ်ကြောင်းပါဝင်ပါတယ်။
အာရှတိုက်မှာတော့ အရက်သောက်သုံးနိုင်တဲ့အသက်အရွယ်ကို ကန့်သတ်ထားပေမယ့် ဥပဒေအရတားမြစ်မှုက လျော့ရိလျော့ရဲနိုင်တယ်လို့ဆိုပါတယ်။ တရုတ်ပြည်မှာ အရက်သေစာ သောက်စားမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူအနည်းငယ်ကသာ ရှင်းရှင်းလင်းလင်းသိကြပြီး မကြာခဏဆိုသလို ဘီယာ သို့မဟုတ် အရက်ပြင်းဝယ်ဖို့ သူတို့ကလေးငယ်တွေကို ခိုင်းတတ်ကြတယ်လို့ ဆိုပါတယ်။
အဝလွန်ကဲလာတဲ့ လူငယ်ဦးရေတိုးလာ
ဒါ့အပြင် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေက တရုတ်နိုင်ငံမှာ အဝလွန်ကဲလာတဲ့ လူငယ်ဦးရေ တိုးလာတဲ့အတွက် တရုတ်နိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ အဝလွန်ပြီး အင်အားချည့်နဲ့ကာ အနည်းအကျဉ်းလှုပ်ရှားရုံမျှဖြင့် မောပန်းတတ်သော၊ အပင်ပန်းမခံနိုင်သော၊ လူငယ်အရေအတွက် များပြားလာခြင်းဟာ စိုးရိမ်ရတဲ့ အခြေအနေရောက်လာပြီလို့ သတိပေးခဲ့ခြင်း ဖြစ်ပါတယ်။
အဝလွန်တဲ့ ကလေးဦးရေတိုးလာရခြင်းက စာသင်ကျောင်းတွေမှာ ကာယပညာသင်ကြားလိုမှု၊ လေ့ကျင့်ပေးမှု နည်းပါးလာခြင်းကအဓိက အကြောင်းရင်းတစ်ခုဖြစ်သလို ကလေးတွေ ကိုယ်တိုင်ကလည်း အားကစားလှုပ်ရှားမှုတွေမှာပါဝင်ဖို့ ဆန္ဒမရှိကြခြင်းကြောင့်ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ကာယကျန်းမာရေးဌာန အကြီးအကဲက သုံးသပ်ပြောကြားခဲ့ပါတယ်။
ထို့အတူ ကျောင်းသား ကျောင်းသူတွေဟာ ရုပ်မြင်သံကြားကြည့်ရှုချိန်နဲ့ ကွန်ပျူတာဂိမ်းကစားချိန် ပိုမိုများပြားလာခြင်းကြောင့်လည်း တက္ကသိုလ်ကျောင်းသား ၇၃ ရာခိုင်နှုန်း၊ အထက်တန်းကျောင်းသား ၇၁ ရာခိုင်နှုန်းနဲ့ အလယ်တန်းကျောင်းသား ၄၈ ရာခိုင်နှုန်းအထိ မျက်စိမှုန်လာကြတယ်လို့ လေ့လာဆန်းစစ်ချက်တွေအရ ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာလည်း မြို့ကြီးတွေရဲ့လမ်းမပေါ်ကို ကြည့်လိုက်ရင် အံ့ဩစရာကောင်းလောက်အောင် လူငယ်လူရွယ်တွေကို မတွေ့ရသလောက် ဖြစ်ခဲ့ပါတယ်။ ဂျပန်လူငယ်တွေကိုယ်နှိုက်က အိမ်ထဲက အိမ်ပြင်မထွက်ကြဘဲ အိမ်တွင်းပုန်းလုပ်နေကြတာလို့ သုံးသပ်ဝေဖန်သူတွေက ဆိုပါတယ်။
ဂျပန်လူငယ်အများစုဟာ နေ့နဲ့ညမှားနေကြတယ်။ အခန်းတံခါးပိတ်ပြီး တစ်နေ့လုံးအားရပါးရအိပ်၊ ညနေ နေဝင်ချိန်ရောက်တော့မှ အိပ်ရာကလူးလဲထပြီး တီဗွီကြည့်ချင်ကြည့်မယ်၊ ဂိမ်းကစားမယ်၊ ကွန်ပျူတာရှေ့ထိုင်မယ်၊ ဖုန်းနှိပ်မယ်။ ဒီလိုနဲ့လူအများ အိပ်စက်အနားယူချိန်မှာ သူတို့တစ်တွေဟာ အီလက်ထရွန်နစ်ပစ္စည်းတွေကြားမှာ အလုပ်ရှုပ်နေကြတယ်။ နောက်နေ့ ရောင်နီအလာ၊ အများသူငါ အိပ်ရာထချိန်ရောက်တော့မှ အဆိုပါခေတ်ပေါ်ပစ္စည်းတွေကြားမှာ ကြုံသလိုအိပ်လိုက်ကြတယ်။ ဒါဟာ မျိုးဆက်သစ် ဂျပန်လူငယ်တွေရဲ့ နိစ္စဓူဝဘဝပဲဖြစ်ပါတယ်။ လက်ရှိဆို အိမ်ထောင်ပြုသူတွေ နည်းပါးလာလို့ ကလေးမွေးဖွားနှုန်းတောင် လျော့ကျလာတဲ့အထိပါ။
လူငယ်ဦးရေဟာ ၁ ဒသမ ၂ ဘီလီယံခန့်ရှိ
ယနေ့ ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံကျော်ရှိတဲ့ အနက်အသက် (၁၅) နှစ်မှ (၂၄) နှစ်အတွင်းရှိ လူငယ်ဦးရေဟာ ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ကမ္ဘာ့လူငယ်ဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ အာဆီယံဒေသတွင်းမှာလည်း လူဦးရေစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်းနီးပါးဟာ အသက် (၁၅) နှစ်မှ (၃၅) နှစ် အတွင်းရှိ လူငယ်တွေဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၆ ဒသမ ၈၉ သန်းဟာ အသက် (၁၅) နှစ်မှ (၃၄) နှစ်အထိ လူငယ်တွေဖြစ်ကြပြီး နိုင်ငံ့လူဦးရေစုစုပေါင်းရဲ့ ၃၃ ရာခိုင်နှုန်းကျော်ရှိပါတယ်။
ဒါဟာ အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကြီးတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်မှာ လူငယ်တွေရဲ့ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံ့သားကောင်းတွေ ဖြစ်ပေါ်လာစေရေး၊ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ဗလငါးတန်ပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်
လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်တွေကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့၊ လူငယ်တွေ ပညာသင်ယူခြင်းနဲ့အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်တဲ့၊ ဗလငါးတန်ပြည့်ဝတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာ အောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ယခင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် သီးခြားစီခွဲပြီး ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါတယ်။ လူငယ်ရေးရာဦးစီးဌာနကိုလည်း တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ(၇)ရပ်၊ ရည်မှန်းချက် (၇) ရပ်နဲ့ လုပ်ငန်းစဉ် (၁၀) ရပ် ချမှတ်ကာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာဆရာမများသာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးစေလိုကြောင်း” ၉-၈-၂၀၂၃ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများနဲ့ တွေ့ဆုံပွဲမှာ အလေးထား လမ်းညွှန်မှာကြား ခဲ့ပါတယ်။
မှန်ပါတယ်။ အနာဂတ်နိုင်ငံတော်အတွက် လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုးထောင်ဆောင်ရွက်ရာမှာ နိုင်ငံတော်ပိုင်း တစ်ခုတည်းသာမက စောစောက တင်ပြပါအတိုင်း မိဘဆရာတွေ၊ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့အနုပညာရှင်၊ အတတ်ပညာရှင်တွေ၊ မီဒီယာတွေပါမကျန် အားလုံးတာဝန်သိသိ၊ တာဝန်ရှိရှိနဲ့ကဏ္ဍအလိုက် တာဝန်ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
မိဘဆရာသမားတွေအနေနဲ့က စာကောင်းပေမွန်တွေ ဖတ်ရှုလေ့လာခြင်းဟာ လူ့အသိဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုတာ ကိုယ်တိုင်ခံယူပြီး တပည့်၊ သားသမီးတွေအတွက် ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်စာပေတွေကို ညွှန်ပြခြင်း၊ ကိုယ်တိုင်ဝယ်ပေးခြင်းဖြင့် လူငယ်တွေကို စာကောင်းပေမွန် ဖတ်ရှုတဲ့ အလေ့အကျင့်ရရှိအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။
မှတ်မိပါသေးတယ်။ လူငယ်တွေ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်စာပေတွေ ရှားပါးနေချိန်မှာ ဆရာမောင်ဝံသ စီစဉ်ထုတ်ဝေခဲ့တဲ့ “လူချွန်လူမွန်” စာအုပ်လေး။ ဆရာက ဒီစာအုပ်လေးကို အထူးသဖြင့် လူငယ်တွေ အားကျအတုယူနိုင်အောင်၊ သင်ခန်းစာရယူနိုင်အောင် နိုင်ငံတကာက ထူးချွန်သူတွေ၊ ရွပ်ရွပ်ချွံချွံ စွန့်စားသူတွေ၊ တီထွင်သူတွေ၊ စံနမူနာပြုလောက်အောင် အများအကျိုးဆောင်ခဲ့သူတွေ၊ မေတ္တာ၊ ကရုဏာ၊ စေတနာအရင်းခံပြီး လူသားထုကို အကျိုးပြုခဲ့သူတွေအကြောင်း ထုပ္ပတ်များကို ကလောင်ရှင်အသီးသီးထံကနေစုစည်းပြီး ၁၉၈၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ်ကို ကြိုဆိုတဲ့အနေနဲ့ စီစဉ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ထိုခေတ်က လူငယ်တွေအတွက်သာမက လက်ရှိ မျိုးဆက်သစ်တို့အတွက်လည်း အသုံးဝင်မယ့် စာကောင်းပေမွန်တစ်အုပ်လို့ ဆိုရမှာဖြစ်ပါတယ်။
ထိုင်ဝမ်သားများပြောတဲ့ ရှီကျင့်ဖိန်
မန်းဖိုးအေး(ဝါးခယ်မ)ရေးသားတဲ့ “ထိုင်ဝမ်သားများပြောတဲ့ ရှီကျင့်ဖိန်” စာအုပ်ကလည်း လူငယ်တွေအတွက်သာမက မိဘတွေအတွက်ပါလေ့လာအတုယူစရာကောင်းပါတယ်။ လက်ရှိတရုတ်နိုင်ငံရဲ့ ပဉ္စမမြောက်ခေါင်းဆောင်ဖြစ်တဲ့ သမ္မတရှီဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်၊ အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်အဆင့်ရှိတဲ့ ဖခင်ရှီကျုန်းရွှန်ရဲ့ “အမြီးကုပ်ပြီး လူလုပ်ပါ”ဆိုတဲ့ ဆုံးမသွန်သင်မှုအောက်မှာ နှိမ့်ချရိုကျိုးစွာနေထိုင်ရင်း လေ့လာသင်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးမဖြစ်ခင်နဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ ရှီရဲ့အဖေ ရှီကျုန်းရွှန်ဟာ အိမ်နိမ့်စံဘဝကို လျှောကျသွားခဲ့သလို ရှီကိုယ်တိုင်လည်း ထိုစဉ်ကဥက္ကဋ္ဌကြီးမော်ရဲ့ တောင်ပေါ်ကိုတက်၊ ကျေးလက်ဆီဆင်းဆိုတဲ့ လှုံ့ဆော်ညွှန်ကြားမှုအရ အခြားပညာတတ်လူငယ်တွေနည်းတူ ကျေးလက်တောရွာဆီ ဆင်းချသွားခဲ့ရပါတယ်။
ရှီရဲ့ ၇ နှစ်တာ တောင်ပေါ်ကိုတက် ကျေးလက်ဆီဆင်း သမိုင်းဖြတ်သန်းမှုဟာ တကယ်တော့ ရှီအတွက် ဆင်းရဲကျပ်တည်း ခါးသီးမှုတွေလို့ ပြောနိုင်သလို သမိုင်းလေ့ကျင့်မှုတစ်ခုလို့လည်း ပြောနိုင်ပါတယ်။
ရှီကိုယ်တိုင်ကလည်း “၇ နှစ်တာ တောင်ပေါ်ကိုတက် ကျေးလက်ကိုဆင်းတဲ့ ဆင်းရဲဒုက္ခဘဝက ကျွန်တော့်ကို အင်မတန်ကြီးမားတဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဘယ်လောက်အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့်လည်း အဲဒီအချိန်ကာလကို ပြန်တွေးပြီး အခုဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတဲ့ စိန်ခေါ်နိုင်ရဲတဲ့သတ္တိတွေ ရှိလာတယ်” လို့ ပြောခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ “ကျွန်တော် ၁၅ နှစ်သားမှာ မြေဝါမြေရောက်တဲ့အခါတုန်းက ဝေခွဲမရ၊ ယောင်တိယောင်ချာဖြစ်ခဲ့ပါတယ်။ အသက် ၂၂ နှစ် မှာ မြေဝါမြေကိုခွဲခွာတဲ့ အခါကျတော့ ကျွန်တော့်မှာ ခိုင်မာတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်က ရှိနေပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်အဝ ရှိလာတယ်။ ပြည်သူရဲ့ ကျေးကျွန်တစ်ယောက် ဖြစ်သူအဖို့စန်ပေကုန်းမြင့်က ကျွန်တော့်ရဲ့ အမြစ်တွယ်ရာဒေသဖြစ်ပါတယ်။ ဘာကြောင့်ဆိုဟောဒီနေရာက ပျောက်ပျက်ပြောင်းလဲမှုမရှိတဲ့ ယုံကြည်စိတ်ချမှုကို မွေးမြူပေးလိုက်တာကြောင့်ပါ။ ပြည်သူလူထုအတွက် လက်တွေ့ကျကျ လုပ်ဆောင်ကြရပါမယ်” လို့ ဆိုပါတယ်။
အနာဂတ် နိုင်ငံတော်ရဲ့တာဝန်တွေကို ပခုံးပြောင်းထမ်းရွက်ကြမယ့် မြန်မာလူငယ်တွေအနေနဲ့လည်း နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ဆိုရင် ငယ်စဉ်လူငယ်ဘဝကတည်းက လူချွန်လူမွန်တွေဖြစ်အောင် ကိုယ့်ထူးကိုယ်ချွန် ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ရမယ့် တာဝန်ရှိကြောင်းနှိုးဆော် တိုက်တွန်းစကားဆိုပါရစေ။ ။