မာရ်စိတ်ကို တွန်းဖြိုဖျက်၍ မာရ်ငါးပါးလည်း အောင်နိုင်စေ
ဒေါက်တာ မြတ်မိုး
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လျက် တန်ခိုးကြီးမား ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ရသည့်အခါတိုင်း ဗုဒ္ဓဘာသာဝင်အားလုံးကိုယ်စား ဝမ်းသာကြည်နူး အထူးဖြစ်ရသည်။ ရင်ထဲ၊ နှလုံးသားထဲတွင် ကြည်လင်အေးမြ ချမ်းသာသွားရသည်။ ကမ္ဘာ့အထင်ကရ ဉာဏ်တော်အမြင့်ဆုံး၊ ခမ်းနားကြီးကျယ်ဆုံးသော အသစ်စက်စက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ရသည်မှာလည်း ထို့အတူပင်၊၊ ဖူးချင်စိတ်ပြင်းပြစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ရပ်နီးရပ်ဝေး ရဟန်းရှင်လူ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူအပေါင်းကို နေ့စဉ်မြင်ရတွေ့ရသည်မှာလည်း လက်ရှိနှင့် အနာဂတ်သာသနာတော်ကြီးအတွက် ဝမ်းမြောက်ကြည်နူးစရာ...။ သာသနာ၏ သမိုင်းမှတ်တိုင်တစ်ခု၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်တစ်ခု၊ ဘဝ မှတ်တိုင်တစ်ခု၊ ငြိမ်းချမ်းရေးအတွက် ပြယုဂ်တစ်ခုအဖြစ် မြင်ရဖူးရသည်ကပင် ကြည်ညိုစရာ၊ လေးစားစရာ၊ ဂုဏ်ယူစရာဖြစ်ရသည်။
ထည်ဝါခံ့ညား ဓမ္မတရားများ လွှမ်းခြုံရာ
တိမ်စိုင်တိမ်လိပ်၊ တိမ်ရိပ်များကြားမှ ထိုင်တော်မူရုပ်ပွားတော်ကြီး၏ သပ္ပာယ်မျှတ တန်ခိုးအာနုဘော်တို့ကား ဘုရားဖူးအပေါင်းနှင့် ဗုဒ္ဓဘာသာဝင်အားလုံး၏ နှလုံးသားကို ငြိမ်းချမ်းသွားစေသည်။ မြန်မာနိုင်ငံ၏ ကျက်သရေဆောင် ကျောက်ဆစ်ရုပ်ပွားဗုဒ္ဓမျက်နှာတော်၏ ဖြူစင်ကြည်လင်မှုက ဘုရားဖူးအပေါင်း၏ရင်ကို အေးမြလန်းဆန်းသွားစေသည်မှာ ပြုံးတော်မူဘုရားရှင်၏ မေတ္တာရင်ခွင်ကို ခိုလှုံလိုက်ရသကဲ့သို့ပင်။
ရတနာတန်းဝင် အဖိုးတန်စကျင် ကျောက်ရင်ပြင်တော်နှင့် ဗိသုကာမြောက် ကြီးကျယ်ခမ်းနားသာသနိက အဆောက်အဦများကား ဗုဒ္ဓဘာသာ၏ ဂုဏ်ကျက်သရေကို ထွန်းလင်းတောက်ပစေသည်။ လေ့လာကျက်စား အားထုတ်နိုင်ရာ ဘုရားပရိဝုဏ်အနှံ့ဂုဏ်ယူဖွယ်ရာ အနုသုခုမလက်ရာများကား ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုသဒ္ဓါကို ပို၍တိုးပွားစေသည်။ ခမ်းနားထည်ဝါလှသည်ဖြစ်၍ တန်ဖိုးထားကြသည်မှာ မဆန်းလှ၊ မုဒိတာပွားဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။ ရပ်ဝေးဘုရားဖူးပြည်သူများ အနေဖြင့်လည်း မာရဝိဇယဘုရားကြီး ဖူးမြော်ရင်းကောင်စီနယ်မြေအတွင်း အခြားတန်ခိုးကြီး ဘုရားများသို့လည်း ဖူးမြော်ခွင့်ရသွားသည့်အတွက် နေပြည်တော်တစ်ခွင် ရပ်နီးရပ်ဝေး ဘုရားဖူးများဖြင့် စည်ကားသွားခဲ့သည်မှာ အားကျဂုဏ်ယူစရာဖြစ်သည်။ ထို့အတွက် ဘုရားကြီးပေါ်ထွန်းရာ စနစ်တကျဦးဆောင်ဦးရွက်ပြုခဲ့ကြသူများနှင့် ဘာသာတရားအားကောင်းသော အလှူရှင်အပေါင်းကို အကြိမ်ကြိမ်သာဓုခေါ် အထူးကျေးဇူးတင်မိပါတော့သည်။
မာရဝိဇယက ညွှန်းသော အောင်နိုင်ခြင်းတရားများ
မာရဝိဇယဟူသည် မာရ + ဝိဇယဟူသည့် အနက်ရှိသည်။ မာရ = သေခြင်း၊ သေစေခြင်းဟူသည် မာရ်နတ်ကိုညွှန်း၏။ ကုသိုလ်တရားကို ဟန့်တားသတ်ဖြတ်သော မာရ်ဖြစ်၏။ ဝိဇယဟူသည် အောင်နိုင်ခြင်း၊ လွှမ်းမိုးခြင်း အနက်ကိုဆောင်၏။ သို့ဖြစ်၍ မာရဝိဇယဟူသည် မာရ်ကိုအောင်မြင်ခြင်း၊ သေခြင်းတရားကို အောင်မြင်ခြင်းမည်ပါ သည်။ တစ်နည်း အကုသိုလ်ကိုကုသိုလ်က အောင်နိုင်ခြင်း၊ သေခြင်းတရားကို အောင်နိုင်ခြင်းဖြစ်သည်ဟု မှတ်ယူပါသည်။ အနှစ်သာရအားဖြင့် ဘုရားရှင်တို့မည်သည် မာရ်ငါးပါးကို အောင်နိုင်မှ၊ အောင်မြင်ခြင်းမှတ်ကျောက်ကို လွှင့်တင်နိုင်မှသာ ဘုရားအဖြစ်ကို ရောက်သည် ဟူသော အဓိပ္ပာယ်ပြည့်ဝမှုကို ဆောင်သည်။
သို့ဆိုလျှင် သေခြင်းတရားတွေက မည်သို့ဖြစ်ပါသလဲ၊ မာရ်ငါးပါးသော သေခြင်းတရားတွေပဲဖြစ်သည်။ သံသရာတစ်လျှောက် တဝဲလည်လည် လောကီအာရုံ ကာမဂုဏ်မျိုးစုံ ခံစားစံစားရအောင် ဖန်ဆင်းတတ်သော၊ မြတ်စွာဘုရားကို အမျိုးမျိုးနှောင့်ယှက်ခြိမ်းခြောက်တတ်သော မာရ်နတ်မင်းကိုလည်း အောင်နိုင်ခဲ့ဖူးသည်။ အောင်နိုင်ရာတွင် မေတ္တာဖြင့် လည်းကောင်း၊ အရဟတ္တမဂ်ဖြင့် လည်းကောင်း အတုမရှိအောင်တော်မူခဲ့ခြင်းဖြစ်သည်။ ထိုအောင်နိုင်မှုကို အစွဲပြု၍လည်း တို့တစ်တွေ သံသရာပြတ်ကြောင်း ကျင့်ကြံအားထုတ်ဖို့ရန်ကို သတိသံဝေဂရစေသည်။ ကိလေသာဟူသည် စိတ်နှလုံးကို ပူလောင်ဆင်းရဲစေသည် မဟုတ်ပါလား...။
ထိုကိလေသာတွေကို မသတ်နိုင် သရွေ့သေခြင်းတရားကမလွတ်၊ ထို့ကြောင့် လောဘ၊ ဒေါသ၊ မသိမှုမောဟ၊ မာန၊ အယူမှားဒိဋ္ဌိ တွေးတောယုံမှား စိတ်နှစ်ခွနှင့် ဝိစိကိစ္ဆာ၊ ထိုင်းမှု၊ မှိုင်းမှု ၊ ပျင်းရိမှုစိတ်က ပျံ့လွင့်ဥဒ္ဓစ္စ၊ မကောင်းမှုလုပ်ရတာ မရှက်ကြတော့တဲ့ အဟိရိကနှင့်တကွ ကောင်းတာလုပ်ရမှာ ရှက်ကြောက်နေတတ်ကြတဲ့ အနောတ္တပ္ပစသည် အားကြီးသော ထိုကိလေသာမာရ် များသည်ပင် ဘုရားရှင် အောင်နိုင်တော်မူခဲ့သော အကုသိုလ်တရားများ ဖြစ်ခဲ့သည်။ ယနေ့ လူသားများတွင်ရော.. အစဉ်ကိန်းအောင်းနေသည့် ကိလေသာများကို သတိမလွတ်မမေ့ကြကုန်ဘဲ လျှော့ချလျော့ကျနိုင်ရန် ကြိုးစားအားထုတ်ကြရမည့် အခွင့်အခါကောင်း တစ်ခုဆီ ရောက်နေသည်ဟုသာ မြင်မိပါသည်။
ပြုပြင်စီရင်မှု သင်္ခါရနှင့် ပတ်သက်၍လည်း ကံစေတနာအပေါ်မူတည်၍ ပြုမိလိုက်သော ယခုဘဝကုသိုလ်၊ အကုသိုလ်ကံများသည် သေရဦးမည့် ယခုဘဝ၊ ဆက်၍ သေရဦးမည့် နောင်ဘဝများတွင်လည်း ဆက်ခါဆက်ခါ အကျိုးပေးနေဦးမှာဖြစ်သည်။ ထို့အတွက် နောင်ဘဝကံတွေ ထပ်ခါထပ်ခါ မလိုချင်အောင်နှင့် ယခုဘဝ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အလုပ်များလုပ်တိုင်း လုပ်တိုင်းတွင် စိတ်ထားတတ်ရန်၊ ခြောက်ပါးသောအာရုံ မှန်သမျှတို့တွင် နှလုံးသွင်းမှန်စွာဖြင့် ကုသိုလ်သာဖြစ်ပြီး အကုသိုလ်မဖြစ်မိစေဘဲ အာရုံမှန်သမျှ နိုင်နင်းရန်၊ ပြုမိသောအကုသိုလ်ကံတွေ မရှည်လျားအောင်နှင့် အကျိုးပေးခွင့်မသာအောင်၊ ပြုပြီးကုသိုလ်ကံတွေ တိုးသည်ထက်တိုးနေအောင် ဉာဏ်ပါသော ဝီရိယစိုက်၍ အားထည့်ကြိုးစားရန် အရေးကြီးနေပါသည်။
သို့မှသာ အားကြီးသော ပြုပြင်စီရင် တတ်သောအကုသိုလ်ကံကို တားမြစ်ရာ ရောက်မည်ဖြစ်ကာ အောင်နိုင်မှုကိုရရှိမည်ဟု ဆိုပါသည်။ အတိတ်ဘဝ အဆက်ဆက်ဘဝတွေ၊ ဆုတောင်းကံတွေ ထူထောင်မိ၍ ဒီဘဝ ငါးပါးသော ဤခန္ဓာကြီးရလာသည်ဖြစ်၍ သေခြင်းတွေ ကြုံရဦးမည်ဖြစ်သည့်အခါ ထိုသေခြင်းတရားကို ရှောင်နိုင်ဖို့ရာ သေခြင်း၏ အကြောင်းတရားတစ်ခုဖြစ်သော ဤခန္ဓာမာရ်ကို အောင်နိုင်ရန်လိုအပ်ကြောင်းလည်း အခွင့်အခါရတိုင်း ဆင်ခြင်မိကြသည်။ သေခြင်းတရားကို ကျွန်တော်တို့ အားလုံး ကြောက်ကြသည်။ အိုရမည်၊ နာရမည်၊ မိမိချစ်ခင်သူများနှင့် မခွဲချင်လည်း ခွဲရမည်၊ ကိုယ်ကြိုက်သည့် ပစ္စည်းဥစ္စာတွေ မထားချင်လည်းထားခဲ့ရဦးမည် ဒါတွေအားလုံး မကြုံလို မဆုံလိုပါ။ အထူးသဖြင့် သေခြင်းတရားကိုပါ၊ မလိုချင်လျှင် မမွေးလာအောင် ကြိုးစား၊ ထိုသို့ကြိုးစားနိုင်မှသာ မလိုချင်သော သေခြင်းတရားကို အောင်နိုင်ရာ ရောက်ပါသည်။
ဖွံ့ဖြိုးတိုးတက်မှုအားလုံး၏ ဗဟိုချက်မအဖြစ် ကိုးကွယ်ယုံကြည်မှုတရား
လက်ရှိကမ္ဘာ့အခြေအနေ မြန်မာနိုင်ငံ အခြေအနေများအရ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ဆက်လက်ခိုင်ခိုင်မာမာ ထွန်းလင်းတောက်ပနေပုံကို ကမ္ဘာကိုပြသရန် လိုအပ်နေသည်။ ထို့ကြောင့် ငါတို့၏ ဤသာသနာသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်သည်ဆိုသော အချက်ကို ကောင်းစွာနှလုံးသွင်းလျက် သာသနာကြီးတည်တံ့အောင် အစဉ်ကြိုးစား အားထုတ်နေရမည်ဟု ခံယူလိုက်မိသည်။ ယခုကာလများတွင်မူ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့်အတူ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုပါ ရရှိလာချင်သည်။
လက်ရှိဘာသာတရားအပေါ် မိရိုး ဖလာ အသိကလေးမျှနှင့် တင်းတိမ် ရောင့်ရဲမနေသင့်ဘဲ ပညာအခြေခ မှန်ကန်သည့် ဘာသာတရားအဆုံးအမများ မှန်ကန်သောအယူ၊ မှန်ကန်သော အမြင်များဖြင့်သာ နိုင်ငံသူ နိုင်ငံသားအားလုံး၏ စိတ်ဓာတ်များကို ဖြူစင် သန့်ရှင်း အေးချမ်းကြည်လင်စေလိုသည့် ဆန္ဒဖြစ်မိသည်။ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များပီပီ မှန်ကန်သော အပြုအမူများဖြင့် ကောင်းသောသုစရိုက်များကိုသာမြင်ချင်၊ တွေ့ချင်ကြမည်ဖြစ်သည်။ သို့မှသာကိလေသာပါး အစွဲနည်းစွာဖြင့် ဗုဒ္ဓမြတ်စွာဘုရား သာသနာကို ရိုသေလေးစားရာ ပူဇော်ရာ ရောက်မည်ဖြစ်ကာ သာသနာကြီးလည်း အဓွန့်ရှည်တည်တံ့သန့်ရှင်းလာမည်၊ နိုင်ငံတော်လည်း ငြိမ်းချမ်းသာယာ ဝပြောလာမည်၊ ကမ္ဘာကြီးလည်း ငြိမ်းချမ်း၊ ပြည်သူတွေလည်း လုံလုံခြုံခြုံအေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ကြမည်ဟု ယုံကြည်မိပါသည်။
စွန့်လွှတ်စွန့်ကြဲသည့် ဒါနထက်သန်သည့် ဝေယျာဝစ္စသီလကုသိုလ်များဖြင့်
အဓိကအရေးကြီးသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ သာသနာအမွေအနှစ်များ မယိမ်းယိုင်၊ မပျောက်ကွယ်ရေးပင် ဖြစ်သည်။ ရုပ်ပွားတော်ကြီးနှင့်တကွ ဘုရားပရိဝုဏ်နှင့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲပြီး သန့်ရှင်းသပ်ရပ် လှပနေရန်မှာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေအပေါင်းတွင် တာဝန်ရှိသည်ဟုခံယူပြီး ပူးပေါင်းပါဝင်ကြခြင်းဖြင့် သာသနာတော်ကြီး အဓွန့်ရှည်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်ဖြစ်သည်။
ပညာရပ်အမြင့်ဆုံးဖြင့် အခက်အခဲအချို့အောက်မှာ စနစ်တကျတည်ဆောက်ထုဆစ်ခဲ့ကြရသော ရုပ်ပွားတော်ကြီးဖြစ်သည့်အတွက် ဗုဒ္ဓဥယျာဉ်တော်နှင့် အဆောက်အဦများ မပျက်မစီး၊ မယိုယွင်း၊ မညစ်နွမ်းစေရေး၊ စားကြွင်းစားကျန် အမှိုက်သရိုက်များနှင့် အစွန်းအထင်းများ မဖြစ်စေရေးအတွက် စွန့်လွှတ်စွန့်ကြဲသည့် ဒါနထက်သန်သည့် စေတနာဝေယျာဝစ္စကုသိုလ်ထူးများဖြင့် တတ်အားသမျှ ကုသိုလ်ယူ ပါဝင်မျှဝေကြစေလိုပါသည်။
ကိုယ်စီကိုယ်စီဘဝတွေမှာ ထူးကဲစွာရခဲလှသည့် ဤအခွင့်အရေးကို သဒ္ဓါထက်သန်စွာဖြင့် ရယူလိုစိတ်များဖြစ်မိပါသည်။ တရားသံများ ဝေဆာရာဤနေရာ ဤဌာနလေးသည် အများလှူဒါန်းပူဇော်အားထုတ်ရန် သာသနာကို ထောက်ပံ့ရန်သင့်လျော်မျှတသည့် နေရာတစ်ခုလည်း ဖြစ်နေသည်ကို သတိပြုမိသည်။ အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆက်လက်ဖူးမြော်ကြည်ညိုနိုင်ရေး၊ လေ့လာနိုင်ရေး၊ ဝတ်ပြုဆုတောင်း ဘာဝနာတရားများ အားထုတ်နိုင်ရေးများအတွက် တည်ဆောက်ရေး လုပ်ငန်းများကား ပြီးဆုံးသည်မဟုတ်သေးပါ။ အသစ်တည်ထားရုံနှင့်မပြီး အစဉ်မပြတ် ပြုပြင်ထိန်းသိမ်းပူဇော်မှုများ ရှိနေရပါဦးမည်။ ဘုရားကြီးပတ်ဝန်းကျင် အမြဲစိမ်းလန်းစို ပြည်ရေးလုပ်ငန်းစဉ်များများစွာရှိပါသေးသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း သဘောတရားများလည်း ပါဝင်နေသည်ကိုတွေ့ရပြီး စိုက်ပျိုးပြီး မဟာဗောဓိ ညောင်ပင်အပါအဝင် အခြားသစ်ပင်များ အမြဲရှင်သန်ဖြစ်ထွန်းရန် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်ကြရပါဦးမည်။
ဗုဒ္ဓဘာသာဝင် နိုင်ငံသားများပီသစွာ ဆရာဒကာလက်တွဲညီစွာဖြင့် ကိုယ်ကိုယ်တိုင် တာဝန်သိတာဝန်ရှိမှုများကိုပြသပြီး သာသနာတော်ကို စောင့်ရှောက် ထိန်းသိမ်းနိုင်မည့်သူများအဖြစ် အလေးအနက် ခံယူမိပါသည်။ မည်သည့်ခေတ်ရောက်ရောက် သာသနာအရောင်မမှိန်အောင် မဆုတ်ယုတ် မပျောက်ကွယ်အောင် အလေးထားကြိုးစားကြရပေဦးမည်။ ဗုဒ္ဓတရားတော်များ ဆက်လက်ထွန်းကားပြန့်ပွားစေမည့် ဤမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးအား အထူးပြုအမှီပြု၍ နိုင်ငံတော်ကြီး အဘက်ဘက်မှ တိုးတက်ကာ ဘေးရန်အပေါင်းမှ အောင်မြင်ပါစေကြောင်း၊ အခက်အခဲမှန်သမျှ စိန်ခေါ်မှုမှန်သမျှ အကောင်းဆုံး ဖြတ်ကျော်နိုင်ကြပါစေကြောင်း အကောင်းမြင် မျှော်လင့်နေမိပါတော့သည်။ ။