မာရဝိဇယမြတ်ဗုဒ္ဓ သက္ကာယချီရှိဦးခိုက် ကြည်ညိုဖွယ်ပ ဆင်ယင်ကြ ဗုဒ္ဓအနုပညာသိုက်
တက္ကသိုလ်မြတ်သူ
(ယမန်နေ့မှအဆက်)
ဗုဒ္ဓဥယျာဉ်တော်အတွင်း ဥတုရာသီအလိုက် ပြောင်းလဲနေသောကောင်းကင်ကို နောက်ခံပြုပြီး စံပယ်လျက်ရှိသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသည် ကြည်ညိုသပ္ပာယ်လှသည်။ ဘုရားဖူး ရာဂဏန်း၊ ထောင်ဂဏန်းအတွက် နေရာပေးနိုင်သော ရင်ပြင်တော်မှအစ ထည်ထည်ဝါဝါရှိလှသည်။ ရုပ်ပွားတော်ကြီးမျက်နှာမူရာ(ရှေ့တူရူ)၌ ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်သုံးပုံများကို ကျောက်ထက် အက္ခရာ ပါဠိဘာသာမျှသာမက Romanize အင်္ဂလိပ်အက္ခရာစလုံးများနှင့်ပါ ဘာသာပြန်ဆို ထွင်းထုထားသော ကျောက်စာချပ်ကြီးများအား ကျောက်စာရုံစေတီအဆူ ၇၂၀ တွင် တွေ့ရသည်။ ကွန်ပျူတာနည်းပညာသုံး စက်ထွင်းစာလုံးများဖြစ်၍ သပ်ရပ်သည်။ ကျောက်စာရုံစေတီ များ၏ရှေ့ဦးတွင် မော်ကွန်းကျောက်စာပါ ကျောက်စာရုံစေတီကြီးတစ်ဆူရှိသည်။ စကျင် ကျောက်ပြားများကို ရင်ပြင်တော်ပေါ်၌ ခင်းခဲ့သည်။
မြန်မာမှုလက်ရာများဖြင့် ဆင်ယင်ခြယ်သ
ဗုဒ္ဓဥယျာဉ်တော်၏ နံရံတံတိုင်းများ လှေကားအရံများ၊ သုဓမ္မာဇရပ်များအပါအဝင် အားလုံးကုန် သော တည်ဆောက်မှုများတွင် မြန်မာမှုလက်ရာများဖြင့် ဆင်ယင်ခြယ်သထားသည်။ ဗုဒ္ဓရုပ်ပွားတော် မာရဝိဇယကိုတည်ရာ၌ သဘာဝဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်ရန် ကြိုတင်တွက်ဆစီမံထားသည်။ တစ်နာရီလျှင် မိုင် ၁၂၀ နှုန်း တိုက်ခတ်သော လေမုန်တိုင်းများ၊ မြန်မာနိုင်ငံ၌ အပြင်းထန်ဆုံး ငလျင်လှုပ်နှုန်းဖြစ်သော ရစ်ချ်စတာစကေး ၈ ဒသမ ၈ အထိ ခံနိုင်အောင် ကြိုတွက်စီမံထားသည်။ မာရဝိဇယကျောင်းတော်၊ မုစလိန္ဒအိုင်တို့၌လည်း အနုပညာလက်ရာမြောက်စွာ တည်ဆောက်ထားသည်။ သံဃာတော် အပါး ၉၀၀၊ လူပရိသတ် ၁၂၀၀ ဆံ့သော သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးကိုလည်း အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၃ ပေဖြင့် မြန်မာမှုအနုပညာ ယွန်းပန်းချီ၊ ရွှေရေးပန်းချီများဖြင့် အဆန်းတကြယ် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ သက်ကြီးရွယ်အိုများ ဘုရားဖူးလာလျှင် အလွယ်တကူ ဘုရားရင်ပြင်တော်ပေါ်တက်ရန် စက်လှေကားပါ ထည့်သွင်းတည်ဆောက်ထားသည်။ ကျယ်ဝန်း လှသောရင်ပြင်တစ်လျှောက် သက်ကြီးဘုရားဖူးများ လှည့်ပတ်ဖူးမြော်နိုင်ရန် မော်တော်ယာဉ်များ စီစဉ်ထားသည်ကိုလည်း တွေ့ရသည်။ ရေပန်းများ၊ မီးတိုင်များမှအစ အဆန်းတကြယ် ဆင်ယင် တည်ဆောက်ထားပေသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဦးဆောင် ဘုရားဒါယကာကြီးမှူးပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်အား ပြည်ပမှကြွရောက်သော အိန္ဒိယ၊ နီပေါ၊ သီရီလင်္ကာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထေရ်ရှင်ထေရ်မြတ်များ၊ မြန်မာနိုင်ငံမှ ဆရာတော်၊ သံဃာတော်အပါး ၉၀၀ တို့က အနေကဇာတင်ကြသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်အောင်မြင်ပြီးစီးခြင်းအခမ်းအနားဖြစ်သည်။ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဟူသည့် ဝိသေသလေးမျိုးစုံသော ဝါဆိုလပြည့်ဓမ္မစကြာအခါတော် နေ့တွင် ကျင်းပခြင်းဖြစ်သည်။
အနေကဇာတင်ရာ၌ ဆရာတော်၊ သံဃာတော်များက သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင် ဘုရားရှင်ဧကန်စင်စစ်ဖြစ်သည်။ ဗုဒ္ဓကပထမဆုံး မြွက်ဟခဲ့သော ပဌမဗုဒ္ဓဝစန ရှေးဦးဆုံးသောဗုဒ္ဓ၏ နှုတ်ထွက်စကားဖြစ်သည်။
အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာတေဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံဝိသင်္ခတံ။
ဝိသင်္ခါရဂတံစိတ္တံ၊ တဏှာနံခယ’မဇ္ဈဂါ။
လေ့လာမိသရွေ့ အနက်အဓိပ္ပာယ်ကား -
“ဂဟကာရံ၊ အတ္တဘောတည်းဟူသော ခန္ဓာကို ဆောက်လုပ်ပြုပြင်စီရင်တတ်သော တဏှာ ယောက်ျားလက်သမားကို၊ ဂဝေသန္တော၊ ဉာဏ်ဖြင့် မွှေ၍ ရှာဖွေသောငါသည်၊ တံဒဿနံ၊ ထိုတဏှာ ယောက်ျားလက်သမားကို မြင်နိုင်စွမ်းသော၊ ဉာဏံ၊ သဗ္ဗညုတဉာဏ်ကို၊ အနေကဇာတိ သံသာရံ၊ များစွာသော ဘဝအသိန်းမကအရေအတွက်ရှိသော သံသရာကာလပတ်လုံး၊ အနိဗ္ဗိသံအဝိန္ဒန္တောယေဝ၊ မရသည်ဖြစ်၍သာလျှင်၊ သန္ဓာဝိဿံသံသာရိ၊ ထိုဘဝ ဤဘဝ ကျင်လည်ခဲ့ရလေပြီ၊ ပုနပ္ပုနံ၊ အဖန်တလဲလဲ၊ ဇာတိ၊ ပဋိသန္ဓေနေရခြင်း ဖြစ်သည်၊ ဒုက္ခာ၊ ဇာရာ၊ ဗျာဝါ၊ မရဏတို့နှင့် ရောသည်၏အဖြစ်ကြောင့် ဆင်းရဲ၏။ ဂဟကာရက၊ အတ္တဘောတည်း ဟူသော၊ ခန္ဓာအိမ်ကို ဆောက်လုပ်ပြုပြင်စီရင်တတ်သော တဏှာယောကျ်ား ဟယ်လက်သမား၊ တွံ၊ သင့်ကို၊ ဣဒါနိ၊ ယခုအခါ၌၊ တံဒဿနံ၊ ထိုတဏှာ ယောကျ်ားလက်သမားကို မြင်စွမ်းနိုင်သော၊ ဉာဏံ၊ သဗ္ဗညုတဉာဏ်ကို၊ ပဋိဝိဇ္ဈန္တေန၊ ထိုးထွင်း၍သိတတ် သော၊ မယာ၊ ငါသည်၊ ဒိဋ္ဌော၊ မြင်အပ်သည်၊ အသိ၊ ဖြစ်၏။ ဂေဟံ၊ အတ္တလောဘတည်းဟူသော ငါ၏ ခန္တာအိမ်ကို၊ ပုန၊ တစ်ဖန်၊ နကာဟသိ၊ မပြုမဆောက် လုပ်ရလတ္တံ့၊ တေ၊ သင်တဏှာယောကျ်ားလက်သမား၏၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ ဖာသုကာ၊ အဝိဇ္ဇာမှ ကြွင်းသောကိလေသာတည်းဟူသော အမိုက်မှောင်တို့ကို၊ မယာ၊ ငါသည်၊ ဘဂ္ဂါ၊ ချိုးဖဲ့ ဖျက်ဆီးအပ်ကုန်ပြီ၊ ဂဟကူဋံ၊ သင်ပြုအပ်သော ခန္ဓာအိမ်၏ အဝိဇ္ဇာတည်းဟူသောအထွတ်ကို၊ ဝိသင်္ခတံ၊ ငါဖျက်ဆီးအပ်ပြီ။ မမ၊ ငါ၏၊ စိတ္တံ၊ စိတ် သည်၊ ဝိသင်္ခါရဂတံ၊ နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရောက်ပြီ၊ အဟဉ္စ၊ ငါသည်လည်း၊ တဏှာနံ၊ သင်တဏှာတို့၊ ခယံ၊ ကုန်ရာကုန်ကြောင်းဖြစ်သော၊ အရဟတ္တဖိုလ်သို့၊ အဇ္ဈဂါ၊ ရောက်ပြီ။
ဗုဒ္ဓမြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ဖြင့် ဘဝတစ်ဖန်ပြန်ဖြစ်စေသော သံသရာချားရဟတ်မှ လွတ်မြောက်ပြီဟူ၍ ဥဒါန်းကျူးရင့်တော်မူပေသည်။ ဗုဒ္ဓအား ရည်မှန်းပူဇော်ရန် တည်ထားထုလုပ်သော စေတီတော်၊ ရုပ်ပွားတော်များကို ဗုဒ္ဓ၏ ပဌမဝစနာ ပထမဦးဆုံးဥဒါန်းကျူးတရားကို သံဃာတော်များက ရွတ်ဆိုပူဇော်ပေးကြခြင်းဖြင့် ရုပ်တုရုပ်ပွား၊ ဘုရား ပုထိုးများကို ဗုဒ္ဓကိုယ်တော်ရှင်အား ဖူးမြော်ရဘိသို့ ရှိကြစေရန် အနေကဇာတင်ကြခြင်းဖြစ်ပေသည်။
ရည်ရွယ်ချက်လေးရပ်ဖြင့် ဆောင်ရွက်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဗုဒ္ဓဥယျာဉ်ကို တည်ထားရသောရည်ရွယ်ချက်ရင်းကို ဦးဆောင် ဘုရားဒါယကာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အခက်အခဲများစွာကို ကျော်ဖြတ်ပြီး မိမိတို့တည်ထား ထုလုပ်ပူဇော်ခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းတောက်လျက်ရှိမှုအား ကမ္ဘာကိုပြရန်၊ မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ဟူသည့်ရည်ရွယ်ချက်လေးရပ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံသိ၊ ကမ္ဘာသိ ပြောကြားကြေညာထားပေသည်။ ကောင်းမြတ်သောရည်ရွယ်ချက်များဖြစ်၍ ဧကန်မုချ ထိုရည်ရွယ်ချက်အားလုံး ထမြောက်အောင်မြင်မည်ဟု ပြည်သူတို့က ယုံကြည်ထားကြပါသည်။
ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းလမ်းညွှန်တရားများကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော် ၂၆၀၀ နီးပါးခန့်ကတည်းက ယုံကြည်သက်ဝင်ကိုးကွယ်ခဲ့ကြသည်။ ယနေ့မြန်မာနှင့် အာရှနိုင်ငံများသာမက ဥရောပနိုင်ငံများ၊ အမေရိကတိုက်နိုင်ငံများ၊ အာဖရိကတိုက်နိုင်ငံများတွင် ဗုဒ္ဓဘာသာကိုးကွယ် သောလူဦးရေမှာ သန်းပေါင်းတစ်ထောင်ကျော် ရှိနေပေပြီ။ မြတ်ဗုဒ္ဓ၏ မြတ်ဒေသနာ၊ မြတ်တရား တို့ကို ယုံကြည်ခံယူထားကြသော ဗုဒ္ဓဘာသာဝင်များစွာတွင် ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းတဉ်း စသည့်ပန်းဆယ်မျိုးအနုပညာရပ်များကို ပါရမီဓာတ်ခံဖြင့် ကျွမ်းကျင်သူအမြောက်အမြား ရှိပေသည်။ ပုဂံခေတ်စေတီပုထိုး၊ ဘုရားဂူကျောင်းများတွင် ယင်းပန်းပညာရပ် ၁၀ မျိုး တည်ဆောက်မှု ဗိသုကာပညာများ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြသည်ကို ယနေ့တိုင်တွေ့မြင်နိုင်ကြသည်။
အာဂျန္တာလိုဏ်ဂူ ဒေသဗုဒ္ဓအနုပညာရတနာသိုက်
ဗုဒ္ဓဘာသာထွန်းကားခဲ့သော နိုင်ငံများတွင်လည်း ဗုဒ္ဓသာသနိကအဆောက်အအုံများကို အနုပညာအလင်္ကာရနည်းများဖြင့် တန်ဆာဆင်ခြယ်မှုန်းတည်ထားခဲ့ကြသဖြင့် ဗုဒ္ဓအနုပညာရပ်များ တစ်နေရာတည်း တစုတဝေးတွေ့မြင်ရသောနေရာများ၌ ဗုဒ္ဓအနုပညာရတနာသိုက်များ ရှိနေပေသည်။ ထင်ရှားသောသာဓကဆောင်ရပါမူ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ၊ ဂယာအရပ်၊ ရှေးက ဂန္ဓာရ တိုင်း၊ အမရဝတီ၊ မထူရဒေသတို့တွင် ဗုဒ္ဓရုပ်ပွားဆင်းတုများကို အနုပညာရပ်များဖြင့် ပေါင်းစပ် ထုလုပ်ပူဇော်ခဲ့ကြရာ ဂန္ဓာရဗုဒ္ဓ အနုပညာရတနာသိုက်၊ မထူရဗုဒ္ဓအနုပညာရတနာသိုက်၊ အမရဝတီ ဗုဒ္ဓအနုပညာရတနာသိုက်၊ ဘုံဘေ (ယခု မွမ်ဘိုင်း)မြို့၏ အရှေ့တောင်ဘက်မှ ဒယ်အိုးပုံချိုင့်ဝှမ်းတစ်ခု၏ ပတ်ပတ်လည်ကျောက်ဆောင်နံရံများကို ထွင်းကာ အနုပညာလက်ရာမြောက်လှသော ဘုရားဝတ်ပြုဆောင် ဂူငါးလုံး၊ သံဃာတော်များ သီတင်း သုံးသည့် ဝိဟာရဂူ ၂၅ ဂူကို ခမ်းနားစွာတွေ့နိုင်ပေသည်။ ထိုရတနာသိုက်ကို အာဂျန္တာလိုဏ်ဂူ ဒေသဗုဒ္ဓအနုပညာရတနာသိုက်ဟု တွင်လေသည်။
တိဘက်ဒေသ တရုတ်ပြည်မှ ပိုးလမ်းမတစ်လျှောက် တုံဟွမ်ကျောက်ဂူတန်းကြီးတွင် ကျောက်တောင်တစ်ခုလုံးကို ထွင်းထုထားသော ဗုဒ္ဓဆင်းတုတော်ကြီးများ၊ ဆင်းတုတော်အရွယ်စုံ၊ နံရံဆေးရေးပန်းချီ ဗုဒ္ဓဝင်ဇာတ်နိပါတ်များ တစီတတန်းတွေ့ရသည်။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းတို့တွင်လည်း ဗုဒ္ဓအနုပညာရတနာသိုက်ဟု ဆိုရမည့်နေရာများရှိနေခဲ့သည်။ ကမ္ဘောဒီးယားမှ အန်ကောဝပ်၊ အင်ဒိုနီးရှားမှ ဗောရိုးဗုဒ္ဓစေတီတော် များသည်လည်း ပန်းပညာရပ်များ၊ ဗိသုကာပညာရပ်များဖြင့် တည်ထားသောဘုရား ပုထိုးစေတီများ ကို တွေ့ရပေမည်။ သီရိလင်္ကာ၊ မြန်မာနိုင်ငံတွင်လည်း မန္တလေး၊ စစ်ကိုင်း၊ မင်းဘူး၊ ကျိုက်ထို၊ ရခိုင်ပြည်နယ် မြောက်ဦး၊ ပုဂံညောင်ဦးနှင့် ရွှေတိဂုံစေတီတော်ကြီးသည် ဗုဒ္ဓအနုပညာရပ်များ လေ့လာ၍မကုန်နိုင်အောင် ကြွယ်ဝသော ဗုဒ္ဓအနုပညာ ရတနာသိုက်များဖြစ်လေသည်။
တခမ်းတနား တည်ဆောက်ဆင်ယင်ခြယ်မှုန်း
နေပြည်တော် ဒက္ခိဏသီရိဗုဒ္ဓဥယျာဉ်တော်ကုန်းမြေမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ကျောက်စာရုံစေတီများ၊ ပဋ္ဌာန်းဒေသနာတော်မှ ဟေတုပစ္စယောအစချီ ၂၄ ပစ္စည်းအား ရည်စူးကာ ဂန္ဓကုဋိတိုက်၂၄ ဆောင် ဆောက်လုပ်ထားခြင်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက် အအုံမှန်သမျှ ရင်ပြင်တော်၊ ရေပန်းများ၊ နံရံတံတိုင်းများ၊ မုခ်ဝများမှအစ နေရာတိုင်းတွင် ပန်းဆယ်မျိုး အနုပညာလက်ရာများ၊ ဗိသုကာပညာရပ်များကို တခမ်းတနား တည်ဆောက်ဆင်ယင်ခြယ်မှုန်းထားပေသည်။
မြန်မာစကားရပ်များတွင် “အကြံတူ နောက်လူသာစမြဲ” ဟူသောစကားရှိပေသည်။ မြန်မာပညာရှင် များ၏ အရည်အချင်းအစွမ်းအစ၊ ဘုရားဒါယကာ၊ ဒါယိကာမများ၏ သဒ္ဓါစွမ်းအား၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ အနီးကပ်ကြီးကြပ်သွန်သင် လမ်းညွှန်မှု၊ ဦးဆောင်ဘုရားဒါယကာမိသားစုနှင့် နစကအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်၊ စေတနာရှင်ပြည်သူများ ပုံအောဆောင်ရွက်ခဲ့သဖြင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးသည် စကျင်ကျောက်တော်ကြီး ဘုရားဆင်းတုတော်များတွင် ဉာဏ်တော် အမြင့်ဆုံး၊ ဗုဒ္ဓဥယျာဉ်တော်တစ်ခုလုံးသည် ကြီးကျယ်ဆန်းပြား ခမ်းနားထည်ဝါသည့် အနုပညာရပ်များဖြင့် ဆင်ယင်ခြယ်သမှု (အလင်္ကာရ)ကြီးကျယ်ဆုံးဖြစ်၍ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးသည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး၊ ဆန်းသစ်ဆုံး၊ အနုပညာခြယ်မှုန်းမှု ထည်ဝါဆုံးသော “ဗုဒ္ဓ အနုပညာရတနာသိုက်ကြီး” ဖြစ်သည်ဟု ဤစာရေး သူက မှတ်ယူပူဇော်လိုက်ပါသည်။
ဗုဒ္ဓအနုပညာဟူသည် ဗုဒ္ဓကို ကြည်ညိုလွန်းပြီး မိမိတို့၏အနုပညာရပ်များကို ပုံအောသွန်းလောင်း ထည့်သဖြင့် ဗုဒ္ဓရုပ်ပွားတော်ဘုရားစေတီများမှာ ပို၍သပ္ပာယ်ကြည်ညိုဖွယ်ဖြစ်လာသည်။ ထိုသို့ အနုပညာထုံမွမ်းသော ဗုဒ္ဓရုပ်ပွားစေတီတော်များ၏ လက်ရာကောင်းလွန်းမှုကြောင့်လည်း ဗုဒ္ဓသာသနာ တော်ကို ပို၍ထွန်းတောက်လာစေသည်။
မာရဝိဇယ - ဗုဒ္ဓရှင်တော်
နိဗ္ဗာန်ရည်စူး - ရှိဦးပူဇော်၊
သဒ္ဓါတရား - အပြည့်ထားကော်ရော်၊
ဦးခိုက်ကြ - ဖူးလိုက်ကြစေသောဝ်။ ။