Skip to main content

ဖိလစ်ပိုင်နိုင်ငံ၏ ဆင်းရဲမှုလျှော့ချခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု

ဖိလစ်ပိုင်နိုင်ငံသည် ၁၈၉၈ ခုနှစ်တွင် အမေရိကန်၏ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် စာရင်းအရ လူဦးရေ ၁၁၇ သန်း ကျော်ရှိပြီး ၂၀၂၃ ခုနှစ် မေလ Social Weather Stations Survey အရ ဆင်းရဲမှုနှုန်းအနေဖြင့် မိသားစု ၅၁ ရာခိုင်နှုန်းသည် ဆင်းရဲ၍ ၃၀ ရာခိုင်နှုန်းခန့်သည် အလယ်အလတ်ဖြစ်ပြီး ကျန် ၁၉ ရာခိုင်နှုန်းမှာ ဆင်းရဲမှုမရှိကြောင်းသိရသည်။ ကမ္ဘာ့ဘဏ်၏စာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆင်းရဲမှုနှုန်းမှာ ၂၀၁၈ ခုနှစ်က ၁၆ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၈ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ဆင်းရဲနွမ်းပါးလူဦးရေ ၁၉ ဒသမ ၉ သန်းကျော်ခန့်အထိ ရှိလာကြောင်းတွေ့ရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်တည်ရှိကာ ကျွန်းပေါင်း ၇၆၄၁ ကျွန်းဖြင့် ဖွဲ့စည်းထားပြီး စတုရန်းကီလိုမီတာ သုံးသိန်းခန့် ကျယ်ဝန်းသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး သမ္မတသက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး

စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေ၊ သံနှင့်စတီး၊ ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်ခြင်း သည် နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်ပြီး အဓိက ပို့ကုန်မှာ Electronic Product များဖြစ်ကာ နိုင်ငံ GDP၏ ၄၂ ရာခိုင်နှုန်းအထိရှိကြောင်း Trading Economics ၏ ဖော်ပြချက်အရ လေ့လာသိရှိရသည်။ စိုက်ပျိုး ရေးသည်လည်း နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိ ပြီး ဆန်၊ ပြောင်း၊ အုန်းသီး၊ ကြံ၊ ငှက်ပျော၊ နာနတ်များ စိုက်ပျိုးသည့်အပြင် ကမ္ဘာ့အကြီးဆုံး အုန်းသီး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ GDP

၂၀၂၂ ခုနှစ် ဒီဇင်ဘာလစာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၄၂၆၁ မီလီယံခန့်ရှိပြီး တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၃၆၂၃ ခန့်ရှိရာ မြန်မာနိုင်ငံ၏ တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၁၀၃ ခန့်သာရှိသည့် အတွက် မြန်မာနိုင်ငံထက် ၃ ဒသမ ၃ ဆခန့် ပိုမိုကြောင်းတွေ့ရှိရသည်။ ကဏ္ဍကြီးသုံးခု၏ GDP တိုးတက်မှုအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၂ ခုနှစ်က စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ၈ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၂၉ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဝန်ဆောင်မှုကဏ္ဍတွင် ၆၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိကြောင်း Philippines Statistics Authority(PSA) အရ လေ့လာသိရှိရသည်။

ဆင်းရဲနွမ်းပါးမှုနှင့် ဆင်းရဲရသည့်အကြောင်းရင်းများ

အလုပ်လက်မဲ့ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းမှာ လူဦးရေ ၃၀၀၀ လျှင် ၂၆ ဦးနှုန်း သေဆုံးလျက်ရှိသည်။ PSA အရ ၂၀၂၁ ခုနှစ်က ဖိလစ်ပိုင်လူမျိုးများအကြား ဆင်းရဲနွမ်းပါးမှုပမာဏမှာ ခန့်မှန်းခြေအားဖြင့် ၁၈ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး မိသားစုပေါင်း ၃ ဒသမ ၅ သန်းခန့် ဆင်းရဲတွင်းနက်ခဲ့ရသည်ဟုဆိုပါသည်။ ဆင်းရဲနွမ်းပါးရသည့် အဓိကအကြောင်းရင်းများမှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေရရှိမှုကဲ့သို့သော အခြေခံဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝမရရှိခြင်း၊ အလုပ် အကိုင်အခွင့်အလမ်း လုံလောက်စွာမရရှိခြင်းနှင့် ချေးငွေနှင့်ငွေကြေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့် ရရှိခြင်းတို့ကြောင့်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း အချို့ဒေသများတွင် ဆင်းရဲနွမ်းပါးမှုကို ပိုမို ဆိုးရွားစေသည်ကိုတွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံဆင်းရဲရခြင်းအကြောင်းရင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျောင်းသားလူငယ်များ၊ အလုပ်လုပ်နိုင်သည့် လူငယ်/လူလတ်ပိုင်းများ ပျက်စီး ထိခိုက်ရခြင်းအပြင် တရားမဝင်လက်နက်ကုန်သွယ်မှုများပါ ဆက်စပ်နေသည်။ လက်နက်ကိုင်အဖွဲ့များ၏ စီးပွားရေးဖြစ်နေပြီး နိုင်ငံဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး တို့တွင် များစွာအနှောင့်အယှက် အဟန့်အတားဖြစ် စေပါသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးလက်ထက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကမ္ဘာတွင် အကြီးကျယ်ဆုံး ဆောင်ရွက်ချက်များကိုတွေ့ရပြီး ပြင်းထန်သောတိုက်ဖျက်ရေးလုပ်ငန်းစဉ် လှုပ်ရှားမှုများ၊ စစ်ဆင်ရေးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ဖိလစ်ပိုင်အစိုးရသည် ယခင်က Inter-national Criminal Court-ICC တွင် လက်မှတ်ရေးထိုးထားသော်လည်း နုတ်ထွက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ထိရောက်မှုများရှိသကဲ့သို့ လူအများအပြား ထိခိုက် ပျက်စီးမှုများလည်းရှိခဲ့ကြောင်း လေ့လာသိရှိရသည်။ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တိုက်ဖျက်ခြင်း အဆင့်တိုင်းတွင် အဖွဲ့အစည်းတိုင်း၊ နိုင်ငံသားတိုင်း ပါဝင်ရပါမည်။ မထိခိုက်သင့်သူ၊ မဆိုင်သူများကိုမထိခိုက်စေရန်လည်း တရားဥပဒေ ဘောင်အတွင်းမှ စနစ်တကျဆောင်ရွက်ရန်လို ကြောင်း လေ့လာသုံးသပ်မိပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ

တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ဘဘာဝဘေးအန္တရာယ်များက ဖိလစ်ပိုင်နိုင်ငံ၏ ထိခိုက်လွယ်ဒေသများရှိ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုများရှိနေသည်ကို တွေ့ရှိရသည်။ နိုင်ငံ၏သဘာဝဘေး အန္တရာယ်ကျရောက်မှုလျှော့ချရေး စီမံချက်များတွင် စောစီးစွာ သတိပေးခြင်းစနစ်များ၊ အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းရေး အစီအမံများနှင့် အာမခံစနစ်များကဲ့သို့သော အစီအမံများပါဝင်ပြီး ရာသီဥတုဒဏ်ခံနိုင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ပြည်သူလူထုနှင့် နိုင်ငံတော်အဆင့်၌ သဘာဝဘေးအန္တရာယ် လျှော့ချခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ အားပေးဆောင်ရွက်ရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်/ ရာသီဥတု ဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်နိုင်စေရန် စသည်တို့လည်း ပါဝင်ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ် မကြာခဏခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မီးတောင် အရေအတွက် ပေါများသည့်နိုင်ငံဟု လူသိများပါသည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေအများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် ဘဘာဝဘေးမျိုးစုံ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ ဆင်းရဲရခြင်း အကြောင်းရင်းများတွင် သဘာဝဘေးကြောင့် အခြေခံအဆောက် အအုံများ ပျက်စီးခြင်း၊ အရင်းအမြစ်များပျက်စီးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပျက်စီးခြင်း စသည်တို့ပါဝင်ပြီး ဆုံးရှုံးမှုများပြားသည့်အလျောက် ပြန်လည်ထူထောင်ရေး ကုန်ကျစရိတ်လည်း များပြားကာ ထိုသို့မကြာခဏဖြစ်ခြင်းနှင့်ဆုံးရှုံး ခြင်းများကြောင့်ဆင်းရဲမှုနှုန်းပို၍ တိုးမြင့်လာမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်ဆင်းရဲမှုလျှော့ချရေးတွင် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုတို့သည် အဓိကစိန်ခေါ်မှုများဖြစ်နေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ရေးအတွက် သီးနှံအာမခံ စနစ် ဖော်ဆောင်ထားရှိသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ၏ သီးနှံအာမခံ

စိုက်ပျိုးသီးနှံများအတွက် အာမခံလုပ်ငန်းကို အစိုးရပိုင်ဖိလစ်ပိုင်သီးနှံ အာမခံကော်ပိုရေးရှင်း (Philippine Crop Insurance Corporation-PCIC) က ဦးဆောင်ကြီးကြပ်ပြီး အဓိကရည်ရွယ်ချက်မှာ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသော သီးနှံ ဆုံးရှုံးမှုများ၊ ကောက်ပဲသီးနှံနှင့် အခြားသီးနှံများအတွက် အပင်ရောဂါများနှင့် ပိုးကျခြင်းများကြောင့် ဆုံးရှုံးမှုများမှ ကာကွယ်နိုင်စေရေးအတွက် လယ်သမားများအား အာမခံအကာအကွယ်ပေးရန် ဖြစ်သည်။

ဆန်စပါးအတွက် စိုက်ပျိုးရေးအာမခံလုပ်ငန်းကို ၁၉၈၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ် တွင် ပြောင်းနှင့် ၁၉၉၁ ခုနှစ်တွင် ဆေးရွက်ကြီးတို့ အတွက် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၉၃ ခုနှစ်တွင် တန်ဖိုးမြင့်စီးပွားဖြစ်သီးနှံများ(High Value Commercial Crops-HVCC)(ငှက်ပျော၊ ကြက်ဟင်းခါး၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပီလောပီနံ၊ အုန်း၊ ကော်ဖီ၊ စီးပွားဖြစ်အပင်များ၊ ဝါဂွမ်း၊ ကြက်သွန်ဖြူ၊ ချင်း၊ သရက်၊ ပဲစေ့၊ ကြက်သွန် နီ၊ သင်္ဘော၊ မြေပဲ၊ နာနတ်၊ ကြံ၊ ကန်စွန်းဥ၊ ဆေးရွက် ကြီး၊ ခရမ်းချဉ်၊ ဖရဲ၊ အာလူးဖြူစသည်)နှင့် အခြား ကုန်ပစ္စည်းများပါ အကျုံးဝင်စေရန် အာမခံလုပ်ငန်း ကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။

အာမခံအကာအကွယ်သည် စိုက်ပျိုးသည့် မျိုးစေ့အမျိုးအစားအပေါ်မူတည်၍ ကွဲပြားပြီး အလုပ်သမားစရိတ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်စသည်တို့အပါအဝင် အပိုဆောင်းကုန်ကျစရိတ်များကိုပါ လွှမ်းခြုံနိုင်မှုရှိကာ တစ်ဟက်တာလျှင် ဖိလစ်ပိုင်ပီဆို ၂၈၀၀၀ မှ ၆၅၀၀၀ အထိ ရရှိနိုင်သည်ကိုတွေ့ရသည်။ အကျုံးဝင်ကာလမှာ မျိုးစေ့စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိဖြစ်ပြီး အာမခံပရီမီယံကြေးမှာ ဒေသ၊ ရာသီဥတုနှင့် ထိခိုက်ပျက်စီးမှု အမျိုးအစားတို့အရ နှစ်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းခန့် နှုန်းထားအမျိုးမျိုးရှိကာ ပရီမီယံကြေးကို လယ်သမား၊ ငှားရမ်းသည့်အဖွဲ့အစည်းနှင့် အစိုးရတို့က မျှဝေကျခံကြရသည်။

တန်ဖိုးမြင့် စီးပွားဖြစ်သီးနှံများ (HVCC) အတွက် အာမခံအကာအကွယ်တွင် တိုင်ဖွန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများ၊ မြေငလျင်နှင့်မီးတောင်ပေါက်ကွဲမှုများ၊ အပင်ရောဂါများ၊ ပိုးကျခြင်းများနှင့် မတော်တဆမီးလောင်မှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များအတွက်ပါ အကျုံးဝင်သည်။      

အာမခံကြေးထုတ်ယူမှုမရှိသည့် လယ်သမားများသည် အာမခံကြေးမထုတ်ယူသည့်အတွက် အပိုဆုကြေးအဖြစ် နောက်တစ်ကြိမ်အာမခံထားရှိချိန်တွင် ပရီမီယံကြေး၏ ၁၀ ရာခိုင်နှုန်းခန့် သက်သာခွင့် ရရှိသည်။

အခြားတစ်ဖက်တွင်လည်း ဖိလစ်ပိုင်အစိုးရသည် ဆန်စပါးအထွက်တိုးစေရန် စိုက်ပျိုးရေး အစီအစဉ်တစ်ခုဖြစ်သည့် Masagana 99၊ ဘက်စုံ စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေးအစီအစဉ် (Comprehensive Agrarian Reform Program-CARP)၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲမှုလျှော့ချရေး လှုပ်ရှားမှု(Social Reform and Poverty Allevi-ation Act-SRPAA)နှင့် Pantawit Pamilyang Pilipino Program(4Ps) စသည့် ဆင်းရဲနွမ်းပါမှု လျှော့ချရေး အစီအစဉ်အမျိုးမျိုးကို ကြိုးပမ်း အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရှိရသည်။

စိုက်ပျိုးစီးပွားကဏ္ဍ မြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ချက်များ

Masagana 99(M99)သည် ဆန်စပါးစိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရန်နှင့် စပါးအထွက်တိုးစေရန် ၁၉၇၃ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံတော်အစိုးရက စတင်ဆောင်ရွက်ခဲ့သည့် ဆန်စပါးထုတ်လုပ်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး သွင်းကုန်များအပေါ် မှီခိုနေမှုကို လျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လယ်သမားများအား ရိုးရာစပါးမျိုးစေ့များထက် ပိုမိုအထွက်နှုန်း ကောင်းသည့် စပါးမျိုးစေ့များကို စတင်မိတ်ဆက်ပေး ခဲ့ပြီး ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် ဆည်မြောင်းဖောက်လုပ်ပေးခြင်းစသော ဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် သွင်းအားစုများထောက်ပံ့ပေးသည့်အပြင် ချေးငွေရရှိစေရန် စိုက်ပျိုးရေးချေး ငွေနှင့် သမဝါယမဘဏ္ဍာရေးစီမံခန့်ခွဲမှု (Agricu-ltural Credit & Cooperative Financing Admini-stration- ACCFA) မှတစ်ဆင့် ကူညီပံ့ပိုးပေးခဲ့သည်။ Masagana 99 အစီအစဉ်သည် နိုင်ငံအတွင်းဆန်စပါးထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိခဲ့သော်လည်း လုပ်ကွက်ငယ်တောင်သူများသည် တောင်သူလယ်သမားကြီးများ လောက် အကျိုးအမြတ်မရရှိခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။

ဘက်စုံ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်

၁၉၈၇ ခုနှစ်တွင် ဘက်စုံစိုက်ပျိုးရေးပြုပြင် ပြောင်းလဲရေးအစီအစဉ်(CARP)ကို ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားများအား မြေယာပြန်လည်ပေးအပ်ခြင်းနှင့် အထောက်အပံ့ဝန်ဆောင်မှုများပေးခြင်းဖြင့် နိုင်ငံအတွင်းရှိမြေယာပြန်လည်ပြုပြင်ရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မြေယာများကို ပုဂ္ဂလိကမြေပိုင်ရှင်များထံမှ ဆန္ဒအလျောက်လွှဲပြောင်းပေးသည့်စနစ် သို့မဟုတ် မဖြစ်မနေသိမ်းယူသည့် နည်းလမ်းတို့ဖြင့်ရယူခဲ့ပြီး မြေငှားများစာချုပ်ဖြင့် ငှားရမ်းသူများနှင့် အနည်းဆုံး ၁၀ နှစ်ကျော်ခန့် မြေယာထွန်ယက်စိုက်ပျိုးခဲ့သည့် လယ်ယာမြေအလုပ်သမားများအား မြေယာများပေးအပ်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေးဦးစီးဌာန၏ အဆိုအရ တောင်သူလယ်သမား ၂ ဒသမ ၈ သန်းကျော် အား မြေဟက်တာ ၄ ဒသမ ၈ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု သိရသည်။ ချေးငွေ၊ နည်းပညာနှင့်ဈေးကွက်ရရှိရေး အထောက်အပံ့များအပါအဝင် မြေယာနှင့် အရင်းအမြစ်များကို စုပေါင်းစီမံခန့်ခွဲမည့် တောင်သူလယ်သမားများအား ကိုယ်တိုင်ရပ်တည် နိုင်သော လူ့အဖွဲ့အစည်းများ ဖြစ်လာစေရန် ပျိုးထောင်ပေးပြီး စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေး အဖွဲ့အစည်းများကိုပါ ထူထောင်ပေးခဲ့သည်။မြေယာပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခွန်ကောက်ခံခြင်းနှင့် အစိုးရငွေချေးစာချုပ်များ ထုတ်ချေးပေးခြင်းတို့မှ တစ်ဆင့် ရန်ပုံငွေထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မြေယာပိုင်ရှင်များ၏ ခုခံတော်လှန်မှုနှင့် ရန်ပုံငွေမလုံလောက်မှု စသောစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

လူထုဗဟိုပြု ဖွံ့ဖြိုးရေးအစီအစဉ်

၂၀၀၂ ခုနှစ်တွင် လူထုဗဟိုပြု ဖွံ့ဖြိုးရေးအစီ အစဉ်တစ်ခုဖြစ်သည့် Kapit-Bisig Laban sa Kahirapan Comprehensive and Integrated Delivery of Social Services (KALAHI-CIDSS)ကို စတင်ဆောင်ရွက်ခဲ့ပြီး ပြည်သူများကိုယ်တိုင် ဦးစားပေးလုပ်ငန်းများ ခွဲခြားသတ်မှတ်ရန်၊ စီမံကိန်း များ ကိုယ်တိုင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အရင်းအမြစ်များကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ် သည်။ စာရေးသူတို့နိုင်ငံရှိ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော လူထုဗဟိုပြုစီမံကိန်း (Community Driven Develo-pment Project-CDDP)၊ ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Project-VDP) စသည်တို့၏ စီမံကိန်းပုံစံကဲ့သို့ လူထုကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်သည့် စီမံကိန်းပုံစံဖြစ်သည်။

ပြည်သူလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောအရင်းအမြစ်နှင့် နည်းပညာအကူအညီ များ ထောက်ပံ့ပေးပြီး လမ်း၊ တံတား၊ ရေ ရရှိရေး နှင့် ကျန်းမာရေးဌာနများကဲ့သို့သော အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးသည့် လုပ်ငန်းများပါဝင်သည်။ ယင်းအစီအစဉ်တွင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အထောက်အပံ့များ၊ အစိုးရ၏ထောက်ပံ့ငွေ၊ ပြည်သူလူထု၏လုပ်အား/ပစ္စည်းကိရိယာ/ငွေကြေး ထည့်ဝင်မှုတို့လည်း ပါဝင်သည်။ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆိုအရ ခရိုင် ၇၂ ခုရှိ ပြည်သူ ၃၀၀၀ ကျော်အတွက် ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ပြည်သူ ၆ ဒသမ ၂ သန်းကျော် အကျိုးခံစား ခွင့်ရရှိကြောင်း သိရသည်။

စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစီအစဉ်

၂၀၁၁ ခုနှစ်တွင် ဆင်းရဲမှုလျှော့ချရေးအစီအစဉ် တစ်ခုဖြစ်သည့်စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစီအစဉ် (Sustainable Livelihood Program-SLP)ကို စတင်ဆောင်ရွက်ခဲ့ပြီး ဆင်းရဲသားများနှင့် ထိခိုက်လွယ်အိမ်ထောင်စုများအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းနှင့် အရင်းအမြစ်များရရှိရေး ကူညီထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်။ SLP သည် တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအပါအဝင်ဆင်းရဲ၍ ထိခိုက်လွယ်သော အိမ်ထောင်စုများအား ဦးတည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ မျိုးစေ့အရင်းအနှီးနှင့် ချေးငွေတို့ အပါအဝင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အကူအညီများစွာထောက်ပံ့ပေးပါသည်။ ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ပိုင်ရှင်စိတ်ဓာတ်ရှိမှုတို့ကို အလေးထားဆောင်ရွက်သည့် လူထုဗဟိုပြုအစီအစဉ်ဖြစ်ပြီး ထောက်ပံ့ပေးရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် နည်းပညာအကူအညီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသည့် ဝန်ဆောင်မှုများလည်း ပါဝင်ပါသည်။ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆိုအရ အိမ်ထောင်စု ၁ ဒသမ ၂ သန်းကျော် အကျိုးခံစားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Philippine Rural Development Project-PRDP) ကို ကျေးလက်ဒေသအခြေခံအဆောက်အအုံများ မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာကုန်ထုတ်လုပ်မှု မြှင့်တင်ပေးခြင်းနှင့် ဈေးကွက်ရရှိရေး တိုးမြှင့်ပေးခြင်းတို့ဖြင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။

PRDP တွင် ကုန်ထုတ်လမ်းများ၊ တံတားများ၊ အများနှင့်ဆိုင်သော ဆည်မြောင်းဖောက်လုပ်မှုစနစ် များနှင့် အခြားအခြေခံအဆောက်အအုံ ဝန်ဆောင်မှုလုပ်ငန်းများ တည်ဆောက်ခြင်းနှင့် အသစ်ပြန်လည်ပြုပြင်ခြင်းတို့မှတစ်ဆင့် ကျေးလက်ဒေသ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ကုန်သိုလှောင်ရေးအဆောက်အအုံများ၊ အခြောက်ခံခြင်း ပစ္စည်းကိရိယာများနှင့် ရိတ်သိမ်းပြီးနောက်ပိုင်းလိုအပ်သော အသုံးအဆောင်ပစ္စည်း များအတွက်ပါ ထောက်ပံ့ပေးသည်။ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးမြင့်စေရေးအတွက် လယ်သမားများအား နည်းပညာနှင့်သွင်းအားစုများကူညီပေးခြင်း၊ တန်ဖိုးမြင့်သီးနှံများ၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်းထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်းကဲ့သို့သော တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကူညီထောက်ပံ့ပေး ပါသည်။

ဒေသဆိုင်ရာအဆင့်နှင့် နိုင်ငံတော်အဆင့်ဈေးကွက်များသို့ ချိတ်ဆက်ပေးခြင်းဖြင့် ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် ကုန်ထုတ်လုပ်သူများအား ဈေးကွက်ရရှိစေပြီး ဈေးကွက်ဖော် ဆောင်ရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသဆိုင်ရာနှင့် နိုင်ငံတော်အဆင့် ကုန်စည်ပြပွဲများနှင့်ပြခန်းများတွင် ကျေးလက်ကုန်ထုတ်လုပ်သူများ ပူးပေါင်းပါဝင်ရေး ကူညီ ဆောင်ရွက်ပေးပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုအရ PRDP သည် တောင်သူလယ်သမားများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူ နှစ်သန်းကျော်ခန့်အကျိုး ခံစားခွင့်ရှိစေခဲ့ပြီး ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေတိုးပွားစေရေးအတွက် များစွာအထောက် အကူပြုနိုင်ခဲ့သည်ကို တွေ့ရသည်။

လေ့လာသုံးသပ်ချက်

စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အခြေခံရာမှ လယ်ယာစိုက်ပျိုးရေးအပါအဝင် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်တွင် အခြေခံသည့်စနစ်သို့ ပြောင်းလဲ ဖော်ဆောင်ကာ သွင်းကုန်များအပေါ်မှီခိုရမှု လျော့နည်းစေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည် ကိုတွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း အစီအမံများ ဆောင်ရွက်ရာတွင် စာရေးသူတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စီမံကိန်းဒီဇိုင်း တူညီသည်ကို တွေ့ရှိရသည်။ သို့ရာတွင် ရှေ့၌ဆိုခဲ့သကဲ့သို့ပင် ချေးငွေနှင့်ငွေကြေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်ရရှိခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခနှင့် နိုင်ငံရေး မတည်ငြိမ်မှုများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ကြီးမားသည့် စိန်ခေါ်မှုများဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည်ခွဲ၍မရသော အပြန်အလှန်ဆက်စပ် မှုဖြစ်သည့်အတွက် တစ်ပြိုင်နက်တည်း အတူယှဉ်တွဲ၍ ကြိုးပမ်းဖော်ဆောင်ရမည့် လုပ်ငန်းဆောင်တာများဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုသည်ကလည်း ကြိုတင်ပြင်ဆင်မှုအားကောင်းမှ ထိခိုက်မှုလျှော့ချ နိုင်မည်ဖြစ်သည်။ အာရှတွင် ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ်အခံရဆုံးနိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံတွင်လည်း နှစ်စဉ်ကြုံတွေ့နေရသည်ပင်။ ကြိုတင်ပြင်ဆင်မှုကောင်းစေရန် ဌာနများ၊ ကော်မတီများ၊ အစိုးရများ ချိတ်ဆက်မှုအားကောင်းဖို့ လိုသည်။ သို့မှသာထိခိုက်မှု လျော့ပါးသက်သာမည် ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် သီးနှံအာမခံစနစ် ကျင့်သုံး နေပြီး ထိုင်း၊ ဗီယက်နမ်တို့တွင်လည်း အလားတူ ကျင့်သုံးနေသည်ကိုတွေ့ရသည်။ သဘာဝဘေးများ ဖြစ်ပေါ်ခဲ့လျှင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း လုပ်သင့်သည်ဟုသုံးသပ်မိပါသည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး၊ ပဲ၊ ဆီထွက်သီးနှံစီမံကိန်းများတွင်လည်း နိုင်ငံတော်အကြီးအကဲက သီးနှံအာမခံထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။ နိုင်ငံတကာ အတွေ့အကြုံများရယူ၍ ကိုယ့်နိုင်ငံ၏ အခြေအနေအပေါ်မူတည်ပြီး Pilot အနေဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသော ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်များတွင် များစွာထိရောက် အကျိုးရှိမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက် ရပါသည်။ ။

ခန့်ဇော်(ကျေးလက်)