Skip to main content

ဗလငါးတန်ပညာမာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များ ဖြစ်ပါစေ …

မိုးကေနိုင်

လူငယ်ဟူသည် လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ အားကိုးအားထားပြုစရာ လူ့စွမ်းအားအရင်းအမြစ် တစ်ခုဖြစ်သည်။ မည်သည့်ခေတ်၊ မည်သည့်စနစ်ကို ဖြတ်သန်းရသည်ဖြစ်စေ လူငယ်မျိုးဆက်တစ်ခုနှင့် တစ်ခုကြား အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများမှာများစွာ ကွာခြားသွားရန်မသင့်။ ကာယဉာဏ စာရိတ္တစွမ်းရည်များ ချို့တဲ့သွားရန်မသင့်ပါ၊ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနှင့် စွမ်းရည်များမှာ တစိုက်မတ်မတ် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တွင်သာ ရှိနေရပါမည်။ သို့မှသာ ထိုလူငယ်များအားကိုးနှင့် ထိုလူငယ်များကိုမှီခိုရာ လူ့အဖွဲ့အစည်းကြီးသည်လည်း ငြိမ်းချမ်းသာယာ ဝပြော၍ အစဉ်ဖွံ့ဖြိုးတိုးတက်နေမည်ဟု ခံယူထားပါသည်။

အနာဂတ်အတွက် အားကိုးရမည့်သူများ အနာဂတ်မဲ့မဖြစ်စေလို၍

နိုင်ငံ့အနာဂတ်အတွက် စွမ်းရည်ပြည့်လူငယ်ရင်းမြစ်များစွာကို ဖော်ထုတ်ပြီး ပုံဖော်ထုဆစ် ပျိုးထောင်နိုင်မှသာ ဆုံးရှုံးသွားသော လူငယ်မျိုးဆက်တစ်ခုကို အစားထိုးဖြည့်ဆည်းပေးရာ ရောက်ပါမည်။ ပညာသင်ကြားနိုင်ခွင့် အခွင့်အလမ်းများ များစွာဖော်ထုတ်ပေးသော်လည်း လက်ရှိ အခြေအနေမှာ အချို့နေရာ၊ အချို့ကျောင်းသား အရွယလူမမည်များ ပညာသင်ကြားခွင့် အခွင့် အ‌ရေး များစွာဆုံးရှုံးနေရသည်။

သူတို့သည် နိုင်ငံ့အနာဂတ်များဖြစ်ကြသည်ကို မေ့လျော့နေကြသည်မှာ ဝမ်းနည်း ဖွယ်ရာဖြစ်သည်။ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ မငြိမ်းချမ်းခြင်းက အချို့လူငယ်များတွင် အေးချမ်းလုံခြုံမှုမရှိ၊ အလုပ် အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေပြီး တစ်ဆက်တည်း လူမှုစီးပွားဘဝများ များစွာပျက်ယွင်းမှုဖြစ်ရသည်။ အချို့လူငယ်များ ပညာတတ်ဘဝကို ဖယ်ခွာလမ်းမှားရောက် လမ်းပျောက်နေကြသည်။ အနာဂတ်အတွက် အားကိုးရမည့်သူများမှာ လက်ရှိအနာဂတ်မဲ့နေကြသည်။

ထို့အတွက် နိုင်ငံတော်က ယနေ့လူငယ်များကို အားထားရမည့် အမြုတေကောင်းများဖြစ်အောင် ပညာတတ်၊ ပညာရှိ၊ ပညာရှင်များစွာပေါ်ထွန်းအောင် အမြော်အမြင်ကြီးစွာဖြင့် ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်သည်။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမည့် ကုန်ထုတ်စွမ်းအားစုများအဖြစ် ဖန်တီးရန် ယနေ့လူငယ်လူရွယ်များကို ကျန်းမာသန်စွမ်းသူများဖြစ်အောင် တည်ဆောက်ပေးလျက်ရှိသည်။

နိုင်ငံတော်နှင့်ထပ်တူ မိဘ၊ ဆရာ ဆရာမများနှင့် ယဉ်ကျေးလူ့အဖွဲ့အစည်းများကလည်း ယနေ့ခေတ်လူငယ်များကို လက်တွဲခေါ်သည်၊ အားပေးသည်၊ ဆုံးမသွန်သင်သည်၊ မြေတောင်မြှောက်ပေးသည်၊ လမ်းမှန်ပြန်ရောက်အောင်တည့်မတ် ထိန်းကျောင်းပေးလျက်ရှိသည်။ တိုးတက်ပြောင်းလဲ နေသည့်ခေတ်နှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နေသလို အထိန်းအကွပ်မဲ့မဖြစ်ရအောင်လည်း ထိန်းချုပ်နေရသည်များလည်း ရှိသည်။

အဓိကက ပညာကိုအခြေခံ၍ မိမိတို့ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသား‌ရေး ဓလေ့စရိုက် များကို ယုံကြည်မြတ်နိုးစွာဖြင့် ထိန်းသိမ်း‌ စောင့်ရှောက်လိုက်နာကျင့်သုံးကြရန်ပင် ဖြစ်သည်။ စာရိတ္တမဏ္ဍိုင် ခိုင်မာအောင်လည်း လူကြီးများ၊ မိဘဆရာသမားများအနေဖြင့် မပြတ်သွန်သင် ဆုံးမကြပ်မတ်နေဖို့လည်း တာဝန်ရှိသည်။ အတွေးအခေါ် မှန်ကန်စွာဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်း သား၊ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးတတ်သည့် မျိုးချစ် စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်း ရန် အထူးအားပေး တိုက်တွန်းနေရပေမည်။

ဗလငါးတန်ဖြည့်စွမ်းရန် ဦးတည်ချက်အမှန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ထပ်မံချမှတ်ခဲ့သည့် ဦးတည်ချက် ၉ ရပ်အနက် လူမှုရေးဦးတည်ချက် ၃ ရပ်ဖြစ်သော ပညာကျန်းမာနှင့်လူငယ်ရေးရာ ဦးတည်ချက်များအားလုံးတွင် စွမ်းအားရှင်လူငယ်ထုအတွက် ရင်းနှီးမြှုပ်နှံမှုများပါဝင်သည်ကို သတိထားမိသည်။

ပညာရေးအဆင့် ပညာရေးကဏ္ဍတိုင်းမှာ ဘက်စုံပညာရေးအသွင်ဖြင့် လက်လှမ်းမီပါဝင်နိုင် မည့် ပေးထားချက်များအပေါ် ယနေ့လူငယ်များ အနေဖြင့် လက်မလွှတ်တမ်း ရယူဆုပ်ကိုင်နိုင်ရန် လိုအပ်ပါသည်၊၊ ထိုသို့နိုင်ငံတော်၏ ဖန်တီးပေးထား မှုအပေါ် မိဘ၊ ဆရာ၊ ကျောင်းသားပြိုင်တူတွန်းမှသာ ဟန်ချက်ညီညီ ရွေ့လျားနိုင်မည်ဖြစ်သည်၊၊ ပညာ သင်နိုင်အောင်၊ အလုပ်လုပ်နိုင်အောင်က သက်ရှည် ကျန်းမာနေဖို့၊ ကျန်းမာကြံ့ခိုင်ဖို့လိုအပ်သည်။ ပညာရေးအပြင် အားကစားကို ခုံမင်နှစ်သက် အချိန်ပေးရန် မဖြစ်မနေလိုအပ်ပါမည်။

ရှေ့ဦးတည်ချက်နှစ်ရပ်ဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ်ရင်းမြစ် လူငယ်များ မွေးဖွားပေးနိုင်စွမ်းမည့် တတိယဦးတည်ချက်ကို ဦးတည် ချမှတ်ထားပါသည်။ ကျစ်လျစ်ခိုင်မာသော ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တ ဗလငါးတန်သည် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းအတွက် မဖြစ်မနေတည်ဆောက်ထားရမည့် အခြေခံလိုအပ် ချက်များဖြစ်သည်ကို ဘယ်တော့မှမမေ့အပ်ပါ။ ကျန်းမာသန်စွမ်းသော၊ ဉာဏ်ပညာ ထက်မြက်သော၊ ရှိသင့်ရှိထိုက်သည့် ဥစ္စာဓနနှင့် ပြည့်စုံသော၊ မိတ်ကောင်းဆွေမွန်ပေါများသော၊ ကိုယ်ကျင့်တရား ကောင်းသောလူငယ်များ ဖြစ်ထွန်းရာ ဝန်းကျင်တစ်ခုသည် အလွန်တရာနေချင့်စဖွယ် ဖြစ်ပါမည်။ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော လူ့အဖွဲ့အစည်းမှာ မှီခို အားထားရာ မဏ္ဍိုင်တစ်ခုအဖြစ် လူငယ်များကို အားကိုးအားထားပြုသည့်အတွက် ထိုလူမှုရေး ဦးတည်ချက်များအားလုံးသည် ယနေ့ခေတ်လူငယ်များ၏ အလုံးစုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဦးတည်ချက်များအဖြစ် အဓိပ္ပာယ်လေးနက်ပြီး ပြီးပြည့်စုံသည်ဟု မှတ်ယူမိပါသည်။

အနာဂတ်အာမခံချက်များ

မင်္ဂလာတရားနှင့် ညီညွတ်သော ဗလငါးတန်ဟူသည် အများအကျိုးကို ဆောင်ပါသည်။ ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းအဖြစ်လည်း ကမ္ဘာ့အလယ်တွင် ကြာရှည်ရပ်တည်နိုင်ပါသည်။ နိုင်ငံနှင့်ပြည်သူတို့ လိုလားသော စနစ်သစ်၊ ခေတ်သစ်များ တည်ထောင်ရာတွင်လည်း ကြီးစွာအထောက်အကူပြုပါသည်။ ထို့ကြောင့် မည်သည့်အခက်အခဲ၊ မည်သည့်စိန်ခေါ်မှုကိုမဆို လူငယ်ထု၏ စွမ်းပကားဖြင့် ဖြေရှင်းသွား နိုင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်၊၊

ဆိုလိုသည်မှာ ချမှတ်ထားသော လူမှုရေးဦးတည် ချက်များဖြင့် အရေးပါအ‌ရာရောက်လာမည့် လူငယ်များသည် နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက်များ အောင်မြင်စွာ ဖော်ဆောင်ရေးတွင်လည်း ရှေ့တန်းက အမာခံအင်အားများအဖြစ် ရပ်တည်လာနိုင်မည်ဟု ခံယူထားခြင်းပင်ဖြစ်သည်။ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု စသည်ဖြင့် နိုင်ငံ၏လက်ရှိ ပကတိအခြေအနေများနှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သော အရာအားလုံးအတွက်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက်လည်းကောင်း၊ အသိအတတ်ပညာကို အခြေခံသည့် စီးပွားရေးကို စိတ်အားထက်သန်စွာ လုပ်ကိုင်ကြစေရန်အတွက်လည်းကောင်း ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များကိုသာ ခိုင်မာသော အာမခံချက်တစ်ခုအဖြစ် မှတ်ယူထားပါသည်။

ချမှတ်ထားသော လူငယ်မူဝါဒများနှင့် အညီ

နိုင်ငံတော်အနေဖြင့် ယနေ့လူငယ်များကို အရည်အချင်းပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည်။ ပစ္စုပ္ပန်အတွက်ကော အနာဂတ်အတွက်ပါ ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ သီးခြားခွဲထုတ် သတ်မှတ်ပြီး လူငယ်ရေးရာကော်မတီများဖွဲ့စည်း ၍ လူငယ်ရေးရာမူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူငယ်မူဝါဒများ၊ ရည်မှန်းချက်များ ပို၍ထိရောက်အောင်မြင်လာမည်ဖြစ်ပါသည်။

ချမှတ်ထားသော မူဝါဒများသည် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်အန္တရာယ်၊ အလုပ်အကိုင်အခွင့် အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ သုတေသနသိပ္ပံနှင့် နည်းပညာ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု နိုင်ငံတကာဆက်ဆံရေးနယ်ပယ်စသည့် အားလုံးသော ကဏ္ဍများတွင် အကျုံးဝင်အောင် ချမှတ်ထားသည်။ ထို့ကြောင့် မူဝါဒနှင့်အညီ ယနေ့ဆောင်ရွက်ပေးနေသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်နှင့် စာပေအနုပညာပြပွဲများ၊ လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ကျောင်းသားအားကစားပွဲများ၊ နွေရာသီ အားကစားသင်တန်းများ၊ အာဆီယံနှင့် ဒေသတွင်း လူငယ်ဆိုင်ရာ နိုင်ငံတကာအစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးခြင်း စသည့်လှုပ်ရှားမှု အားလုံးသည် ထိရောက်ထက်မြက်လျက်ရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။

လက်ရှိဆောင်ရွက်နေမှုများက လူငယ်များ၏ အတွေးအမြင်များကို ပို၍ဆန်းသစ်လာစေသည်။ လက်တွေ့အလုပ်လုပ်ရာမှာ စွမ်းအားများဖြစ်ထွန်းစေသည်။ ပို၍ထိရောက်မှု ရှိရန်အတွက်မူ လူငယ် အားလုံး တက်တက်ကြွကြွပူးပေါင်း ပါဝင်ဆင်နွှဲကြခြင်းဖြင့် မိမိတို့လူငယ်များ၏ တာဝန်သိမှု၊ တာဝန်ရှိမှုနှင့် ဘက်စုံစွမ်းရည်များကို ယခုထက်ပို၍ ပြသစေချင်ပါသည်။ ယခုအချိန်တွင် ယနေ့လူငယ် များအနေဖြင့် အနီးစပ်ဆုံး မိမိတို့၏ ရင်သွေး အနာဂတ်မျိုးဆက်များအတွက်ကိုပင် အမြော်အမြင် ရှိရှိ ရည်မှန်းချက်ထား၍ လိုအပ်နေသော စွမ်းရည်များကို ဖြည့်ဆည်းရန် အဆင်သင့်ဖြစ်နေရပေမည်။

မိဘများအနေဖြင့် မိမိတို့၏ သားသမီးအရွယ် လူငယ်များကို ရည်မှန်းချက်ကြီးကြီးဖြင့် ဂရုတစိုက် ပြုစုပျိုးထောင်နေခြင်းသည်ပင် နိုင်ငံ၏အမျိုးသား ရေးကိစ္စတွင် ပါဝင်ထမ်းရွက်နေခြင်းမည်ပါ၏။ လူငယ်များအနေဖြင့် မိမိတို့ အခြေခံပညာရေးကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုအသက်မွေး ဝမ်းကျောင်းပညာရပ်များနှင့်လည်း ချိတ်ဆက် သင်ယူကြခြင်းဖြင့် လိုအပ်နေသော အလုပ်အကိုင် အခွင့်အလမ်းကို ကိုယ်ကိုယ်တိုင် ဖန်တီးယူရာ ရောက်ပါမည်။

စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှု၊ ကွန်ပျူတာဓာတ်ပုံ စသည်ဖြင့် ဒေသနှင့် လျော်ညီ သော သင်တန်းအမျိုးအစားများစွာသည် မိမိတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများအဖြစ် ဖိတ်ခေါ်နေသည်ကို ရှာဖွေနိုင်စွမ်းရှိရပါမည်၊၊ တစ်နည်းအားဖြင့် နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံကို ကိုယ်စားပြုသော အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား မြန်မာလူငယ်ထု၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနေ ခြင်းပင်ဖြစ်၍ လူငယ်ထုကို ပို၍အားထားပြီး လူငယ်နှင့်လူကြီးအကြား မျိုးဆက်မပြတ်စေရန် အားထုတ် နေခြင်းလည်းဖြစ်ပါသည်။

ယနေ့ကမ္ဘာ့ပြဿနာများနှင့်အတူ တွဲ၍ပါလာသော စိန်ခေါ်မှုများ၊ တူညီသော ဘုံပြဿနာများကို မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများက လူငယ်ထုအများစု ကြုံတွေ့ရင်ဆိုင်နေရဆဲဖြစ်သည်။ အရေးအရာအားလုံးတွင် လူငယ်ထုကြီးကို ပူးပေါင်းပါဝင် ဖြေရှင်းစေလို၍လည်း နိုင်ငံတော်အဆင့်၊ ဒေသ ဆိုင်ရာအဆင့် လူငယ်‌ရေးရာအဖွဲ့များကို ဖွဲ့စည်းလမ်းဖွင့်ပေးထားခြင်းဖြစ်သည်၊၊ လူငယ်များကို ပိုမို ပါဝင်လာကြရန် ဖိတ်ခေါ်ပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် တန်ဖိုးရှိရှိ တာဝန်ကျေပွန်စေချင်၍ ဖြစ်သည်။

လူငယ်များအနေဖြင့် မိမိတို့၏ သဘောထား အမြင်များကို ဦးနှောက်နှင့်ခံယူပြီး မိမိအကျိုး၊ အများအကျိုးကို ယခုထက်ထမ်းပိုးဆောင်ရွက်ရန် အသင့်ရှိနေပြီဟုလည်း ယုံကြည်ပါသည်။ ထို့အတွက် လူငယ်များကို တိုက်တွန်းချင်သည်က ပညာကိုသာ အခြေခံပြီး လက်တွေ့နယ်ပယ်မှာ မိမိပညာကို အသုံးချဖြစ်အောင်ချပါ၊ အတွေ့အကြုံများများ ရယူ၍ ကိုယ်ရည်ကိုယ်သွေးကို ပိုမိုတည်ဆောက်ပါ၊ ပျက်အစဉ်ပြင်ခဏယူတတ်လျှင် သင်ခန်းစာချည်းဖြစ်၍ မိမိတို့ဘဝတွေကို ပိုတိုးတက်အောင်ကြိုးစားပြီး ဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းကို ဖန်တီးရာမှာ ပါဝင်နိုင်သူများ ဖြစ်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။        ။