Skip to main content

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း

ဦးပါဒေါက်

မည်သည့်အခြေအနေမျိုးတွင်မဆို တိုင်းပြည်က “အားကိုးရသောသူ” ထွက်ပေါ်လာကြပါသည်။ ထိုသူကား တိုင်းကျိုးပြည်ကျိုးဆောင်သူဖြစ်ပါသည်။ တိုင်းပြည်က အားကိုးရသော “လူရည်မွန်” ကို မည်သို့ မွေးထုတ်ရပါမည်နည်း။

“အားကိုးရမည့်သူ” ပေါ်ထွက်လာရန် အရည်အချင်းငါးရပ်ပြည့်စုံရေး လမ်းညွှန်လေ့ကျင့်ပေးရပါမည်။

(၁) ပွင့်လင်းခြင်း၊

(၂) အပြီးတိုင် စူးစိုက်ဆောင်ရွက်ခြင်း၊

(၃) အမြင်ကျယ်ခြင်း၊

(၄) ဆက်ဆံရေးကောင်းခြင်းနှင့်

(၅) လုံ့လဝီရိယကြီးခြင်းတို့ဖြစ်ပါသည်။

ယင်းအင်္ဂါငါးရပ်ကို ပြည့်စုံစေရန် ဖြည့်ဆည်းလေ့ကျင့်ပေးရမည်ဖြစ်ပါသည်။ လူငယ်၏ လိုအပ်ချက်ကိုသုံးသပ်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းခြင်းဖြင့် အားကိုးအားထားပြုထိုက်သူဖြစ်လာပါမည်။

အမြင်ကျယ်ခြင်းတွင် အသိပညာ၊ အတတ်ပညာ (ယခုခေတ်အတွက် ကွန်ပျူတာပညာ….) အားလုံးပါဝင်နေမည်ဖြစ်ပါသည်။ ဤတွင် ကျွန်ုပ်တို့နိုင်ငံအတွက် လိုအပ်သော ဘာသာစကား ကျွမ်းကျင်ခြင်း(ကွန်ပျူတာကိုလည်း ဘာသာစကားထဲတွင် ထည့်သွင်းထားပါသည်။) သည်လည်း ထပ်တိုးအရည်အချင်းအဖြစ် ဖြည့်စွက်လိုပါသည်။

လူငယ်အား အရည်အချင်းငါးရပ်ပေတံဖြင့် တိုင်းတာ၍ ပြင်ပမှ အကဲခတ်နိုင်ပြီး လိုအပ်သလို ဆရာ၊ မိဘ၊ အုပ်ထိန်းသူက ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ဤတွင် ဆရာ၊ မိဘကိုယ်တိုင်ကလည်း မိမိတွင် ထိုအရည်အချင်းများ မည်သို့ရှိသည်ကို လေ့လာသိရှိထားရပါမည်။ အုပ်ထိန်းသူကိုယ်တိုင်က တတ်နိုင်သမျှ ဖြည့်ဆည်းထားရပါသည်။ သို့မှသာ ဆည်းပူးလေ့ကျင့်နေသူ လူငယ်က အထင်ကြီးလေးစားမည် ဖြစ်သောကြောင့် လမ်းပြပေးရာ၌ အောင်မြင်နိုင်ပေမည်။

လမ်းပြရာ၌ လူငယ်များတွင်ရှိသော စိတ်ထားကိုလည်း လေ့လာထားရပါမည်။ လူငယ်တို့၏ စိတ်နေသဘောထားကို ဆွဲဆောင်ရာ၌ ၎င်းတို့ကိုယ်တိုင် နားလည်သဘောပေါက်မှသာ အဆင်ပြေ မည်ဖြစ်သည်။ အရည်အချင်းငါးရပ်ဖြင့်ပြည့်စုံရန် ဆောင်ရွက်ရမည့်သူမှာ လူငယ်ပင်ဖြစ်ပါသည်။ လမ်းညွှန်ပြပြီး လမ်းကြောင်းပေါ် တင်ပေးရမည့်သူမှာ လူကြီးဖြစ်ပါသည်။

လူငယ်များ၏ စိတ်နေစိတ်ထားတိုးမြှင့်ခြင်း

လူငယ်များဆိုရာ၌ ကျွန်ုပ်တို့နိုင်ငံအတွက် စိတ်နေစိတ်ထားလေ့လာရန်နှင့် တိုးမြှင့်ရန်မှာ ဆယ်ကျော်သက်အရွယ် (၁၁ နှစ်မှ ၁၆ နှစ်)သည် အသင့်လျော်ဆုံးအရွယ်ဖြစ်ပါသည်။ အရည်အချင်း ငါးရပ် (ပွင့်လင်း၊ ဇွဲ၊ သိမြင်၊ ဆက်ဆံ၊ လုံ့လ) တို့၌ မည်သို့ရှိသည်ကို တိုင်းတာခြင်းသည် စိတ်နေစိတ်ထားကို အကဲခတ်ခြင်းပင်ဖြစ်ပါသည်။ စိတ်ပညာအရ လေ့လာရခြင်းဖြစ်၏။ စိတ်သည် ရုပ်ကဲ့သို့ ပြောင်းလဲသည်ဖြစ်၍ တိုင်းတာချိန်၌သာ စိတ်မည်သို့ရှိသည်ကို သိရှိရပါသည်။ အာဟာရပြည့်စုံလျှင် ရုပ်ပြောင်းသကဲ့သို့ စိတ်အာဟာရကြောင့်လည်း စိတ်ထားပြောင်းလဲနိုင်သည်။ အရည်အချင်း ငါးရပ်ဖြင့် တိုင်းတာခြင်းဖြစ်၍တစ်ခုတွင် အားနည်းနေပါက အားပေးပြုပြင်ခြင်းဖြင့် အရည်အချင်းပြည့် အားကိုးရမည့်၊ လမ်းပေါ်လျှောက်လှမ်းနေမည့်လူငယ်ကို တွေ့ရှိနိုင်ပါသည်။ လူငယ်တို့သည် တွေးခေါ်မြော်မြင်မှု၊ သိမြင်ဗဟုသုတကြွယ်ဝမှု၊ မှားမှန်ခွဲခြားမှု၊ အကျိုးရှိ၊ မရှိ ဆင်ခြင်တုံတရားတို့ကို အပေါင်းအသင်း၊ လမ်းပြသူဆရာ၊ မိဘနှင့်စာပေတို့ မှ ရရှိကြပါသည်။

တိုင်းတာခြင်းနှင့် တိုးမြှင့်ခြင်းကို စကားပြောရင်း မေးမြန်းစုံစမ်းရပါသည်။ ဆွေးနွေးမှုများကို စာရွက်မှဖတ်ပြ၍ ဖြေဆိုသည်များကိုမှတ်သားပြီး အမှတ်ပေးစစ်ဆေးခြင်းမပြုလုပ်ရပါ။ လူငယ်နှင့် စကားဝိုင်းတွင် စကားလက်ဆုံကျရင်း၊ ရင်းနှီးပြောဆိုရင်း အမှတ်မထင်မေးပြီး အဖြေကို စိတ်ဖြင့် မှတ်သား၍ စိတ်ထားကို အင်္ဂါငါးရပ်စလုံးနှင့် စူးစမ်းတိုင်းတာရပါသည်။ အခွင့်သင့်သလို စိတ်ဓာတ် မြှင့်တင်ပေးနိုင်ပါသည်။ မဆွေးနွေးမီရင်းနှီးခင်မင် နေရန်လိုအပ်ပြီး ဆရာကလည်း အလေ့အကျင့် ရှိထားရန်လိုအပ်ပါသည်။

ရင်းနှီးခင်မင်စေသည့် အကြောင်းအရာများကို ဥပမာဖြင့် စတင်တင်ပြလိုပါသည်။

(က) ဒီနေ့ မောင်/မ . . . ဝတ်စားထားတာ တယ်သပ်ရပ်ပါလား။ ဘယ်သူ မီးပူတိုက်ပေးလိုက်သလဲ။

(ခ) ဒီနေ့ မောင်/မ . . . ကို အိမ်က မုန့်ဖိုးပေးလိုက်ရဲ့လား၊ (ဆရာ. . . က) လက်ဖက်ရည် တိုက်ချင်လို့ မေးတာနော်။

စကားပြောကြရင်းဖြင့် အလျဉ်းသင့်သလို အင်္ဂါငါးရပ်ကို အကဲခတ်၊ လေ့လာ၊ မြှင့်တင်ပေးနိုင်ပါသည်။

ပွင့်လင်းမှုအင်္ဂါရပ်အတွက်

(က) မောင်/မ . . . မှာ ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိသလဲ။ ဘယ်လို ကစားကြသလဲ။

(ခ) (ဆရာ့မှာ. . .) အလွန်ချစ်တဲ့ ဦးလေးရှိတယ်။ ငယ်ငယ်တုန်းက အလည်လိုက်ပို့တယ်၊ ကျောင်းစာတွေလည်း ကူလုပ်ပေးတယ်၊ အဒေါ်ကတော့ လုပ်မပေးဘူး။ မောင်/မ. . . ဆွေမျိုးထဲမှာ သဘောကျတဲ့လူတွေက ဘယ်သူတွေလဲ။

(ဂ) ကျောင်းဝတ်စုံ ဝတ်ထားတာချင်းတူပေမယ့် ဘယ်ကျောင်းသား ကျောင်းသူဝတ်ထားတာ အသပ်ရပ်ဆုံးလဲ။

(အထက်ပါမေးခွန်းများကဲ့သို့ မေးမြန်းပြောဆို နေရင်းပွင့်လင်းမှုကို အကဲခတ်နိုင်ပါသည်။ မဖြေဆိုသော မေးခွန်းမျိုးတွေ့ရလျှင် ဆက်လက်မမေးမြန်းဘဲ စကားလမ်းကြောင်းပြောင်းပါ။ ဖုံးကွယ်ထားအပ်သော၊ ပွင့်လင်းရန်မလိုသော မေးခွန်းများ မမေးမိစေရန် သတိထားရပါသည်။)

အပြီးတိုင်စူးစိုက်ခြင်း(ဇွဲရှိခြင်း)အတွက် ဥပမာ မေးခွန်းများကို ဆွေးနွေးပါမည်။

(က) စာမေးပွဲမှာ ဘယ်ဘာသာရပ်ဖြေရတာ အကောင်းဆုံးလဲ။

(ခ) အချိန်မလောက်တဲ့ စာမေးပွဲတွေ တွေ့ခဲ့ရဖူး သလား။

(ဂ) အချိန်ဇယားထားပြီး စာကြည့်သလား။

(ဃ) စာကြည့်တာများသွားလို့ အိပ်ရာဝင်ချိန် နောက်ကျသွားဖူးသလား။

(င) ပုံပြောခြင်းဖြင့် ဆွဲဆောင်နိုင်ပါသည်။

စူးစိုက်လုပ်ဆောင်ခြင်းသည် အာရုံမပြား စိတ်တည်ငြိမ်သော အလေ့အကျင့်ရ၏။ ယင်းတွင်လည်း ကြိုးစားခြင်း၊ ထိန်းသိမ်းနိုင်သော ကိုယ်ကျင့် တရားရှိခြင်း၊ တာဝန်ယူခြင်း၊ သပ်ရပ်ခြင်း စသော အလေ့အထကောင်းများပါဝင်နေ၏။ အားကစားချန်ပီယံအားလုံး စူးစိုက်အားကောင်းကြကြောင်း မြင်သာပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ နယ်ချဲ့အင်္ဂလိပ်ဆီက လွပ်လပ်ရေးရဖို့ရာ ဂျပန်ပြည်ကို လူငယ်သုံးဆယ် စုပြီး စစ်ပညာ သုံးနှစ်သင်ရတယ်။ အစားအသောက် ကလည်း တစ်နေ့ကို နို့ဆီဘူးတစ်ဝက်နဲ့ ပဲနည်းနည်း ပဲရတယ်။ စစ်သင်တန်းဆိုတော့ စစ်ရေးပြ၊ လက်နက် ငယ်သင်တန်း၊ စစ်တိုက်သင်တန်း . . . အများကြီး ဆိုတော့ အလွန်ပင်ပန်းပေမယ့် စစ်ပညာတတ်မှ လွပ်လပ်ရေးရမယ်ဆိုတာသိကြပြီး ခက်ခက်ခဲခဲ လေ့ကျင့်ကြရတယ်။ မောင်/ မ. . . တို့ကော နှစ်ရှည်လများ ရပ်ဝေးသွားပြီး အပင်ပန်းခံ၊ ပန်းတိုင်ရောက်အောင် ကြိုးစားချင်ရဲ့လားဟူ၍ အားပေးအားမြှောက် ပြုရပါမည်။

သို့သော် သတိပြုရမည်မှာ “ကျောင်းသားမောင်ဖြူက ဇွဲကောင်းကောင်းနဲ့ ကြိုးစားတာ တွေ့တယ်မဟုတ်လား။ မင်းကဘာလို့ ပျင်းနေရတာ လဲ၊ သူလိုလုပ်မှဖြစ်မယ်ဆိုတာ မသိဘူးလား” ဆိုတာမျိုးကို လုံးဝရှောင်ရှားရပါမည်။ လူငယ်ကို နှိမ့်ချပြီး ဆွဲဆောင်ရန် မဖြစ်နိုင်ပါ။ အသိအမြင်ကဏ္ဍကား ကျယ်ဝန်းလှပါသည်။ လူငယ်အရွယ်နှင့် သိသင့်သိထိုက်သည်များ သိထားခြင်းရှိ၊ မရှိ စကားပြောခြင်းဖြင့် စုံစမ်းရင်း လူငယ်၏ဗဟုသုတနှင့် စိတ်ထားတိုးမြှင့်ခြင်းကို လေ့လာညွှန်ပြသွားနိုင်ပါသည်။ သိရှိနေရန် အနည်းဆုံးလိုအပ်သော ဗဟုသုတများကိုလည်း လမ်းကြောင်းပေးနိုင်ပါသည်။

အလယ်တန်း ကျောင်းသားအရွယ်များအတွက် အဆိုပြုလိုသော အကဲဖြတ်မေးခွန်းများကို ဆွေးနွေး ပါမည်။

(က) မောင်/မ. . . မူလတန်းတုန်းက ဂဏန်းသင်္ချာ သင်ရတယ်မဟုတ်လား။

(၁) အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အားလုံး တွက်တတ်သလား။

(၂) ပြန်ပြီးလေ့ကျင့်ကြည့်ရအောင်၊

၁၉ + ၁၃ ၂၄ - ၁၈ ၁၃ x ၄ ၁၅ ÷

မောင်/မ . . . အလွန်တော်ပါပေတယ်။

(ခ) မောင်/မ . . . ဒီနှစ် ဘယ်ဘာသာရပ်တွေ သင်ရသလဲ၊ ပြောပြပါလား။

(ဂ) ရှမ်းတိုင်းရင်းသား၊ ပဒေါင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား . . . တွေက ဘယ်တိုင်း ဒေသကြီး/ ပြည်နယ်တွေမှာ နေကြသလဲ။ . . . တိုင်းရင်းသားတွေက ဧရာဝတီတိုင်း ဒေသကြီးမှာကော နေကြသလား။

(ဃ) ကန်စွန်းခင်း၊ ချဉ်ပေါင်ခင်း၊ ငှက်ပျောခြံ၊ ပိန္နဲပင်၊ သရက်ပင် . . . မြင်ဖူးသလား။

(မေးမြန်းဖြေဆိုမှု ကောင်းမွန်နေစဉ် အသိ အမြင် အသုံးချမှုတစ်ခုကို ထည့်သွင်းပေးပါ။)

(င) မာလကာပင်တစ်ပင်၊ သင်္ဘောပင်တစ်ပင်၊ သရက်ပင်တစ်ပင်…က အသီး ဘယ်လောက် သီးနိုင်သလဲ။

(စ) တို့မြို့အနီးအနားမှာ ဘယ်လိုသီးနှံမျိုးစိုက် ကြသလဲ။

(ဆ) တို့မြို့က လားရှိုးမြို့၊ ကလေးမြို့ကို ကားနဲ့ သွားရင် ဘယ်မြို့တွေကို ဖြတ်သွားရမလဲ။

(ဇ) သမိုင်းဘာသာရပ်မှာ ဘယ်ဘုရင်တွေ အကြောင်းသင်ကြားရသလဲ။ ဘယ်ဘုရင်ကို ဘာဖြစ်လို့ သဘောကျ/ မကျသလဲ။

(ဈ) မြန်မာနိုင်ငံရယ်၊ အင်္ဂလန်နိုင်ငံရယ်၊ ဂျာမနီနိုင်ငံရယ် ဘယ်နိုင်ငံက ပိုပြီးကျယ်ဝန်းသလဲ။

(ည) တို့မြို့မှာ ရပ်ကွက်ဘယ်နှခုရှိသလဲ။ လူဦးရေကော ဘယ်လောက်ရှိနိုင်မယ်လို့ မှန်းဆ သလဲ။

(ဖြေဆိုရန် မလွယ်ကူလျှင် ဆရာက လမ်းပြဦးဆောင်၍ အသိဉာဏ်ချဲ့ပေးပါ။)

အသိဉာဏ်ကျယ်ခြင်း၌ အကင်းပါးခြင်း၊ ဆင်ခြင်နိုင်ခြင်းတို့ကိုလည်း ထည့်သွင်းထား ပါသည်။

(ဋ) မုန့်ဖိုးငွေတစ်သောင်းရရင် အကုန်ထီထိုးမလား၊ ဂဏန်းတွက်စက်ဝယ်မလား။ လူစိမ်းတစ်ယောက်က

“(ဌ) ဒီဖျော်ရည်က ရင်အေးတယ်၊ သောက်ကြည့် ပါလား။

(ဍ) တစ်ထောင်တန်တစ်ရွက်ပေးပြီး ဒီအထုပ်လေးသယ်ပေးပါလား”ဆိုရင် ဘာလုပ်မလဲ။

(နီးစပ်ရင် ဆရာ၊ မိဘကို ချက်ချင်းချဉ်းကပ်ရန် ဆွေးနွေးပေးရပါသည်။)

ဆက်ဆံရေးကဏ္ဍကို ချဉ်းကပ်ခြင်း

လူငယ်တို့သည် တစ်ဦးချင်းစီ စိတ်နေစိတ်ထား၊ အနေအထိုင်၊ အပေါင်းအသင်း ရှိကြသည်ဖြစ်၏။ တစ်ဦးတည်း အေးအေးဆေးဆေးနေသူ၊ အပေါင်းအသင်းနည်းသူ၊ များသူဖြစ်နိုင်ကြပါသည်။ မည်သည်ကမျှမှားသည်ဟု မဆိုနိုင်ပါ။ သို့သော် လောကကြီးကိုတိုးဝင်ရာ၌ အထိုက်အလျောက် မိတ်ဆွေအပေါင်းအသင်းကောင်း လိုအပ်မည်ဖြစ်၏။

(အထိုက်အလျောက်အပေါင်းအသင်းဝင်ဆံ့ ရန်၊ မိတ်ဆွေကောင်းရရှိရေး တိုက်တွန်းရပါသည်။)

မေးခွန်းများကို လေ့လာကြည့်ကြပါစို့-

(၁) မောင်/မ . . . အတန်းထဲမှာ အမြဲတွဲတဲ့ အပေါင်းအသင်းက ဘယ်သူလဲ။

(၂) အတန်းထဲမှာ မောင်/မ . . . နဲ့ စကားပြောဖူး တဲ့ ကျောင်းသား ဘယ်နှယောက်၊ ကျောင်းသူ ဘယ်နှယောက်ရှိသလဲ။

(၃) တစ်ကျောင်းလုံးမှာ မောင်/မ. . . နဲ့ ခင်မင် ရင်းနှီးသိကျွမ်းတဲ့ ကျောင်းသား ဘယ် နှယောက်ရှိသလဲ။

(၄) ယုံကြည်အားကိုးရတဲ့ သူငယ်ချင်းရှိသလား။

(၅) တစ်ဦးတစ်ယောက် အကူအညီလိုအပ်နေ တာတွေ့လို့ ကူညီခဲ့ဖူးသလား၊ ဘာပြောခဲ့မိသလဲ။

(၆) သူငယ်ချင်းတွေက မောင်/မ . . . ကို ချစ်ခင် ကြရဲ့လား။

(၇) မောင်/မ … သူငယ်ချင်းတွေထဲမှာ မောင်/မ … ကို မလိုလားတဲ့လူ၊ မချစ်ခင်တဲ့လူ ရှိသလား၊ ပြေလည်ခင်မင်သွားအောင် ဘယ်လိုလုပ်မလဲ။

(လွယ်ပါတယ်… အလိုက်သင့် အကောင်း ပြောလိုက်ပါ)

(၈) မောင်/မ … နဲ့ စကားပြောနေတဲ့လူ စကား မပြီးခင် ဝင်ဖြတ်ပြီး ပြောမိတတ်သလား။

(၉) ဆရာစာသင်နေတုန်း(ဒါမှမဟုတ်) ဟောပြော ပွဲတစ်ခုကို စူးစိုက်နားထောင်နေတုန်း နားမထောင်ဘဲ စကားပြောနေသူ တွေ့ဖူး သလား။

(လူဆိုတာ ဗလငါးတန် ဉာဏဗလ၊ ကာယ ဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနဲ့ မိတ္တဗလ ပြည့်စုံအောင် ကြိုးစားကြရတယ်)

(၁၀) ကျောင်းသားအားလုံးက မောင်/မ … ကို ယုံကြည်ကိုးစားပြီး ခင်မင်ကြလို့ ကျောင်း သားခေါင်းဆောင်အဖြစ် တင်မြှောက်ကြမယ် ဆိုရင် လက်ခံနိုင်မလား။

(၁၁) စကားပြောပွဲတစ်ခုမှာ မောင်/မ… ဦးဆောင် ပြီး စကားပြောရမယ်ဆိုရင် ဘယ်လိုအချက် အလက်မျိုးကို ထည့်သွင်းပြောမလဲ …. (လမ်းစညွှန်ပြရန် လိုနိုင်သည်)

(မေးခွန်းများသည် ပုံစံပြုမေးခွန်းများသာ ဖြစ်ပါသည်။ အားလုံးမေးရန်မဟုတ်ဘဲ ပို၍သင့်မြတ် သော မေးခွန်းများ ပေါ်ပေါက်လာပါက မေးပါ)

လုံ့လကြီးခြင်းကဏ္ဍကို ဆွေးနွေးပါမည်

ကြိုတင်စီမံခြင်း၊ အောင်မြင်ပြီးစီးရန် လမ်းကြောင်းကို ကြံဆထားခြင်းသည် လုံ့လဖြစ်၏။ လုပ်ငန်းမစတင်မီ စီမံဆောင်ရွက်ခြင်းသည် လုံ့လဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေသည်နှင့် အပြီးတိုင် စူးစိုက်(ဇွဲ)ဆောင်ရွက်ခြင်းအပိုင်းသို့ရောက်၏။

လုံ့လနှင့်ဇွဲဆင်တူသယောင်ရှိပါသည်။ (အင်္ဂါ ငါးရပ်အားလုံးသည် တစ်ခုနှင့်တစ်ခု ပံ့ပိုးနေကြ သည်ပင်ဖြစ်ပါသည်)လုံ့လသည် ဉာဏ်ဦးဆောင်သော ဝီရိယရှိခြင်း အဓိပ္ပာယ်ဆောင်ပြီး စွမ်းပကား ကြီးခြင်း၊ စွမ်းအင်ကြီးခြင်း၊ အလုပ်ပြီးစီးအောင် တွက်ဆဆောင်ရွက်ခြင်းတို့လည်း ပါဝင်သည်။

မေးမြန်းကြည့်ရန် ဥပမာမေးခွန်းများကို တင်ပြ လိုပါသည်။

(၁) အိမ်စာပေးလိုက်တဲ့ သင်ခန်းစာတွေကို ကျောင်းဆင်းပြီး

(က) အိမ်ရောက်ရောက်ခြင်း လုပ်မလား။

(ခ) စားသောက်နားပြီး ညမအိပ်မီ ပြီးစီး အောင် လုပ်မလား။

(ဂ) နောက်တစ်နေ့မနက် ကျောင်းမသွားမီ လုပ်မလား။

(ကျောင်းဆင်း အားကစားပြီး မအိပ်မီ လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟုဆိုပါသည်။ နံနက်ကျောင်းမသွား မီလုပ်ဆောင်ခြင်းကား အချိန်ကပ်နေ၍ ကြိုတင်ပြီးစီးနေခြင်းကို ပို၍အလေးထားကြသည်။ အိမ်ပြန်ရောက်လျှင် ရောက်ချင်း လေ့ကျင့်ခြင်းသည် အားချိန်၊ နားချိန်၊ ကစား ချိန်နည်းခြင်းကြောင့် အကြောင်းထူးမရှိလျှင် ညဦးပိုင်းစာကြည့်ချိန်ပေးသင့်သည်။)

(၂) ကျောင်းနောက်ကျဖူးသလား။ နောက်မကျ အောင် ဘယ်လိုကြိုးစားခဲ့သလဲ။

(၃) ပေးထားတဲ့ သင်ခန်းစာ၊ အိမ်စာမပြီးစီးဘဲ အတန်းထဲဝင်ခဲ့ဖူးသလား။ ဘယ်လိုပြေလည် အောင်လုပ်မယ်လို့ စဉ်းစားမိသလဲ။

(၄) အတန်းကြီးတွေအတွက် ဆယ်တန်း၊ ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်း ထုတ်ဝေထားတဲ့ အထူးထုတ်မေးခွန်းနဲ့ အဖြေစုံစာအုပ်တွေ တွေ့ဖူးသလား။

(၅) သတင်းစာထဲမှာပါတဲ့ ကျောင်းသားများအတွက် အချပ်ပိုတွေ လေ့လာဖူးသလား။ (စီစဉ်ပေးရမည်ဖြစ်သည်)

(၆) ကျောင်းစာအပြင် ဘာစာအုပ်တွေ ဖတ်ဖူးသလဲ။

ဤသည်တို့ကို သုတေသီများက “ဆွေးနွေးလမ်းညွှန်ခြင်း” ဟု အမည်ပေးပြီး ဆောင်ရွက်ပြီး သောရလဒ်များကို စာရင်းဇယားဖြင့် မှတ်သားလေ့လာ၍ ကောက်ချက်ချရန် အချိန်လိုအပ်၏။ အချိန်ကြာညောင်းသော သုတေသနဖြစ်သော်လည်း တန်ဖိုးကြီး၏။

အင်္ဂါငါးရပ်အတွက် မေးခွန်းများသည် စကားဝိုင်းတွင်း မေးခွန်းများဖြစ်၍ မေးမြန်းသူပုဂ္ဂိုလ်က စကားဦးတည့်ရာ ပြောဆိုကြရင်း၊ သွန်သင်ရင်း၊ ညွှန်ပြရင်း အကဲဖြတ်သွားရပါသည်။

မည်သည့်လူငယ်မဆို လူ့ဘဝတိုးဝင်ရာတွင် ရည်ရွယ်ထားသော ရည်မှန်းချက် အကောင်အထည်ဖော်နိုင်သူအားလုံးမဟုတ်ကြပါ။ ဘဝမှာဆရာတွန်းပို့သော အသက်မွေးဝမ်းကျောင်းနေရာ၌ ထွန်းကားရပ်တည်နိုင်ရန် ကြိုးစားကြရပါသည်။

မည်သို့ပင်ဖြစ်စေ အင်္ဂါငါးရပ်ပိုင်ဆိုင်လျှင် လမ်းလွဲလမ်းမှားမလိုက်ဘဲ တိုင်းပြည်က အားကိုး အားထားပြုနိုင်သူသာ ပေါ်ထွက်လာပေမည်။ ကျောင်းအုပ်ဆရာကြီးတစ်ဦးပြောသော “လောကကိုအလှဆင်နိုင်သူ” သာ ပေါ်ထွက်လာပေမည်။

ထိုသူများပေါ်ထွက်လာရန် လူငယ်များကို လမ်းညွှန်ပြပေးရန် နိုင်ငံကြီးများတွင် သုတေသနပြု ၍ စာတမ်းမြောက်မြားစွာ ထွက်ပေါ်နေပါသည်။ မည်သည့်စာတမ်းကမျှ သေချာပေါက်ဟု မညွှန်ပြ နိုင်ပါ။ လူငယ်ဆိုသည် “ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဆိုသကဲ့သို့ ကိုယ်တိုင်ကြိုးစားကြရပါမည်။

နိဂုံး

ဤသို့ အင်္ဂါငါးရပ်ကို လေ့လာခြင်းအားဖြင့် လူငယ်များအား မည်သို့မြှင့်တင်ရမည်ကို သဘောပေါက်နိုင်၏။

ခေါင်းဆောင်းကောင်းဖြစ်ရန်ကား လေ့ကျင့်ပေးရန်မဖြစ်နိုင်ပါ။ ဦးဆောင်ဦးရွက်ပြုနိုင်သူ၏ အရည်အချင်းမှာ သတ္တိဗျတ္တိရှိခြင်းပင်ဖြစ်ပါသည်။ စွန့်လွှတ်စွန့်စားရဲခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ အောင်မြင် မှုပန်းတိုင်ရောက်အောင် ပရိယာယ်ကြွယ်ခြင်း၊ “သတိတမာန်၊ ဉာဏ်မြေကတုတ်၊ ပညာစွန်းချွန်း ကဲ့သို့အုပ်” ဆိုသကဲ့သို့ အချိန်အခါသိခြင်းနှင့် စီမံအုပ်ချုပ်မှုကျွမ်းခြင်းတို့ဖြင့် ကိုယ့်ထူးကိုယ်ချွန် ရသော လမ်းကြောင်းဖြစ်ပေသည်။

ဤဆောင်းပါး၏ရသမှာ လူငယ်အား စိတ်ဓာတ်အင်အား တိုးမြှင့်ပေးခြင်းဖြင့် အားကိုးအားထားပြုရမည့် လူရည်မွန်များ ပေါ်ထွက်လာရန်ဖြစ်ပါသည်။ အရည်အချင်းငါးရပ်စလုံး ပြောင်မြောက်စေရန်ကား မဖြစ်နိုင်ပါ။ အားနည်းသော ကဏ္ဍကိုသာ ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။

တိုင်းတာဆွေးနွေးသည့် ပေတံအားလုံး သို့မဟုတ် မေးခွန်းအားလုံးတွင် အားရဖွယ် အဖြေ မရလျှင်လည်း မည်သည့်မှတ်ချက်မျှမပေးမိရန် အထူးသတိပြုစေလိုပါသည်။ ရုပ်သည်အာဟာရအပေါ် မူတည်ပြောင်းလဲသကဲ့သို့ စိတ်သည်လည်း စိတ်အာဟာရအပေါ် မူတည်ပြောင်းလဲကြောင်း ဆိုခဲ့ပြီ။

ဥပမာပြထားသောမေးခွန်းများမှာ အတိအကျလိုက်နာရန်မဟုတ်ပါ။ သင့်လျော်သလို “မီးစင်ကြည့်က” ကြရပါမည်။

ဆွေးနွေးမှု၊ ညွှန်ပြမှုတို့သည် လူငယ်များအား စိတ်အာဟာရအကျိုးပြုပါစေသတည်း။

“သင့်ရာအပ်ပို့” ရန် တာဝန်သည်လူကြီးတိုင်း၌ ရှိပါသည်။ ။