Skip to main content

ဒေသတွင်း ပတ်ဝန်းကျင်အခင်းအကျင်းများကို ရှုမျှော်လေ့လာကြည့်သော် . . .

မောင်ကမ္ဘာ

ဒေသတွင်းပတ်ဝန်းကျင်နိုင်ငံများရဲ့ အခင်းအကျင်းကို ရှုမျှော်လေ့လာကြည့်ရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ အနာဂတ်မူဝါဒကိုယ်စီနဲ့ တီထွင်ကြံဆကြိုးပမ်းအားထုတ်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ လူဦးရေသန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်ပြည်ဈေးကွက်ကြီးကို ဗဟိုပြုပြီးဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံက ယခုနှစ် ဇန်နဝါရီမှ မေလ အတွင်း ဒူးရင်းသီးတန်ချိန် ၆၅၀၀၀ ကျော် တင်ပို့ ခဲ့ရာမှာ ၉၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်က စုစုပေါင်း တင်ပို့မှုထက် ၄၁ ရာခိုင်နှုန်းတိုးမြှင့်လာတယ်လို့ ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက ဒူးရင်းသီးတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရရှိနိုင်ကြောင်း ခန့်မှန်းထား

တရုတ်နိုင်ငံဟာ အပူပိုင်းသစ်သီးများကို ကြိုက်နှစ်သက်တဲ့အတွက် ယမန်နှစ်က ဗီယက်နမ်နိုင်ငံက ဒူးရင်းသီးတန်ချိန် ၈၂၅၀၀၀ တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန အချက်အလက်များအရ သိရပါတယ်။ ဗီယက်နမ်နိုင်ငံက ၂၀၂၃ ခုနှစ်မှာ ဒူးရင်းသီးတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံကလည်း တရုတ်ခရီးသွား ဧည့်သည်အမြောက်အမြား ဝင်ရောက်လာမှုကြောင့် ယခုနှစ်မှာ ထိုင်းခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်ခရီးသွား ဧည့်သည်ဦးရေ ၇၃၇၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ရာမှာ ယမန်နှစ်အလားတူကာလထက် အဆပေါင်း ၃၀ ရှိကြောင်း Kasikorn သုတေသန စင်တာက လက်ထောက်မန်နေဂျင်းဒါရိုက်တာ Kevalin က ပြောပါတယ်။

ယခင်နှစ်က ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီးနောက် အခုလို မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ဧပြီလအထိ နေ့စဉ်ပျမ်းမျှ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တစ်သောင်းခန့်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် တရုတ်ခရီးသွားဧည့်သည်အရေအတွက်က ကပ်ရောဂါမဖြစ်ခင်ကလို အမြင့်ဆုံးဖြစ်လာနိုင်မယ်လို့လည်း ၎င်းက ခန့်မှန်းခဲ့ပါတယ်။

တရုတ်ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ဆွဲဆောင်ရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ မြန်မာ၊ ကမ္ဘော ဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှနိုင်ငံများ အားလုံးနီးနီးပါ။

တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်ဖို့ ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်ခရီးသွားလာရေးမြို့များ ပူးပေါင်းဆောင်ရွက်ရေးသမဂ္ဂ (Lancang- Mekong Tourism Cities Cooperation Alliance)စတဲ့ ပလက်ဖောင်းတွေကိုအသုံးပြုပြီး တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့စာရင်းအရ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသည်ဦးရေ လေးသန်းကျော်အနက် တရုတ်ခရီးသည်ဦးရေက တစ်သန်းကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။

ပထဝီအနေအထားအရလည်း တရုတ်နိုင်ငံဟာ မြန်မာရဲ့မီးခိုးကင်းစင်သော စက်မှုလုပ်ငန်းဖြစ်တဲ့ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ အားကိုးမှုအရှိဆုံးဈေးကွက်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး အန်ကောဝပ် ယဉ်ကျေးမှုနယ်မြေမှာ တည်ဆောက်နေတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကို လာမယ့်အောက်တိုဘာလအတွင်း စတင်ဖွင့်လှစ်တော့မယ် လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ၂၀၂၀ ပြည့်နှစ် မတ်လက စတင်တည်ဆောက်ခဲ့တဲ့ လေဆိပ်သစ်ဟာ အန်ကောဝပ်ယဉ်ကျေးမှုနယ်မြေရဲ့ကီလိုမီတာ ၄၀၊ မိုင်အားဖြင့် ၂၄ မိုင် ခန့်အကွာမှာ တည်ရှိပါတယ်။

စီးပွားရေးအကျိုးအမြတ်တွေပိုထွက်

လာအိုနိုင်ငံကတော့ တရုတ်-လာအိုမီးရထား လမ်းကြောင့် စီးပွားရေးအကျိုးအမြတ်တွေ ပိုထွက်လာတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံခရီးသွားလုပ်ငန်း၊ ကုန်စည်ဖလှယ်ရေးသာမက ထိုင်းနိုင်ငံက တရုတ်ကို ပို့တဲ့သစ်သီးစုစုပေါင်း ၇၀ ရာခိုင်နှုန်းကိုလည်း တရုတ်-လာအိုမီးရထားလမ်းကတစ်ဆင့် တင်ပို့ပေးလျက်ရှိကြောင်း သိရပါတယ်။

တရုတ်-လာအို မီးရထားလမ်းဝန်ဆောင်မှု စတင်ခဲ့ပြီးနောက်ပိုင်း လာအိုနိုင်ငံအတွင်းကို လာရောက်လည်ပတ်သူတွေ ပိုမိုများပြားလာပြီး ယခုနှစ်ပထမခြောက်လကာလအတွင်း ခရီးသွားဧည့်သည် ၁ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့တဲ့ အတွက် နိုင်ငံခြားသားခရီးသွားအရေအတွက် သိသိသာသာမြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဇူလိုင်လအတွင်းက ထုတ်ပြန်တဲ့အချက်အလက်တွေအရ ထိုင်းနိုင်ငံက ၆၆၈၅၉၅ ဦးနဲ့ အများဆုံးလာရောက် လည်ပတ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံက ၃၉၈၉၃၇ ဦး၊ တရုတ်နိုင်ငံက ၃၁၇၆၀၄ ဦး လာရောက်လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း လာအိုနိုင်ငံကို တရုတ်ခရီးသွားဧည့်သည် ၃၆၈၀၀၀ ခန့် ဝင်ရောက်မယ်လို့ လာအိုအာဏာပိုင်များက မျှော်မှန်းထားပြီးပြီးခဲ့တဲ့ နှစ်ကထက် ၂၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

ဗီယင်ကျန်းဟာ အရှေ့တောင်အာရှမှာ အစည်ကားဆုံး မြို့တစ်မြို့ဖြစ်လာ

ဒါ့အပြင် တရုတ်-လာအို မီးရထားလမ်းဖွင့်ပြီး တစ်နှစ်ကျော်အတွင်းမှာပဲ မြို့တော်ဗီယင်ကျန်းမှာ တရုတ်ကုမ္ပဏီပေါင်း ၁၄၀၀ ကျော်က လာရောက် ရင်းနှီးမြှုပ်နှံခဲ့တဲ့အတွက် လာမယ့်ဆယ်စုနှစ်များအတွင်း ဗီယင်ကျန်းဟာ အရှေ့တောင်အာရှမှာ တိုးတက်အစည်ကားဆုံးမြို့တစ်မြို့ ဖြစ်လာနိုင် တယ်လို့လည်း လေ့လာသူများက သုံးသပ်ခဲ့ကြပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လမ်း၊ တံတား၊ ရထားလမ်းနဲ့ စွမ်းအင်ကဏ္ဍတွေအပြင် မိလ္လာနဲ့ရေဆိုးသန့်စင်ရေး၊ ရေမျက်နှာပြင်ထိန်းသိမ်းရေးနဲ့ အဆောက်အအုံထိန်းသိမ်းမှုဖွံ့ဖြိုးရေး စတဲ့ စီမံကိန်းများကို တရုတ်ကုမ္ပဏီတွေ လာရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသိန်းခွဲနီးပါးတိုးတက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အမေရိကန်ရဲ့လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးပုံစံ (Free market economic pattern)၊ ဂျာမနီရဲ့ ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးပုံစံ (Social mar-ket economic pattern)၊ ဆွီဒင်ရဲ့လူမှုသက်သာ ချောင်ချိရေး ဈေးကွက်စီးပွားရေးပုံစံ (Welfare national market economic pattern)၊ ဂျပန်ရဲ့ အစိုးရက ရှေ့ဆောင်တဲ့ပုံစံနဲ့ ဈေးကွက်စီးပွားရေး ပုံစံ (government-oriented market economic pattern) တွေအနက် တရုတ်ပြည်က ဘယ်လိုစီးပွားရေးစနစ်မျိုးလဲလို့ တစ်ချိန်က မေးခွန်းထုတ်ခဲ့တဲ့ အမေရိကန်အနေနဲ့လည်း လက်ရှိမှာတရုတ်ပြည်ရဲ့ ဆိုရှယ်လစ်စနစ်ဈေးကွက်စီးပွားရေးကို မလွန်ဆန်ရဲပါဘူး။

ထိုင်ဝမ်ရေလက်ကြားအရေးကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတင်းမာနေတဲ့ လက်ရှိကာလမှာပဲ အမေရိကန်နိုင်ငံတကာငွေကြေး လုပ်ငန်းအုပ်စုများနဲ့ ကုမ္ပဏီကြီးတွေရဲ့ CEO တွေဟာ မကြာသေးမီ ရက်ပိုင်း၊ လပိုင်းအတွင်းက တရုတ်နိုင်ငံမှာ စုဝေးခဲ့ကြပါတယ်။ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့လည်း တရုတ်နိုင်ငံကို လာရောက်ခဲ့ကြပါတယ်။

အမေရိကန်ဆေးဝါးများနဲ့ ပဋိဇီဝဆေးများမှာ ပါဝင်ပစ္စည်းများရဲ့ ၉၀ ရာခိုင်နှုန်း၊ အဝတ်အထည် ၄၀ ရာခိုင်နှုန်းနဲ့ အီလက်ထရွန်နစ်ထုတ်ကုန် ၄၈ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံမှဖြစ်တဲ့အတွက် အမေရိကန်အနေနဲ့ ယေဘုယျအားဖြင့် အစားထိုးလို့မရဘူးလို့ အမေရိကန် Fortune မဂ္ဂဇင်းက မေ ၃၁ ရက်က ဖော်ပြခဲ့တယ်။

ရှန်ဟိုင်းမှာ ဒုတိယစက်ရုံတည်ဆောက်

Tesla ဟာလည်း တရုတ်-အမေရိကန်ဆက်ဆံရေး တင်းမာမှုမြင့်တက်လာချိန်မှာပဲ တရုတ်ဈေးကွက် ကို ဝင်ရောက်မှုတိုးမြှင့်လာပြီး ရှန်ဟိုင်းမှာ ဒုတိယမြောက်စက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဧပြီလက ကြေညာခဲ့ပါတယ်။

Elon Muck က ကမ္ဘာ့အကြီးဆုံးစီးပွားရေး နိုင်ငံနှစ်ခု အချိတ်အဆက်ပြတ်တောက်ပြီး ကွင်းဆက် ပြတ်သွားမှာကို ဆန့်ကျင်ကန့်ကွက်တယ်လို့ ဆိုပါတယ်။ မေ ၃၀ ရက်က Elon Muck နဲ့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီးနောက်မှာ Tesla ရဲ့ စတော့ရှယ်ယာတွေ မြင့်တက်ခဲ့တယ်လို့လည်း အမေရိကန်သတင်းဌာနများဟာ ထုတ်ပြန်ခဲ့ပါ တယ်။

ထို့အတူ ဂျာမနီနိုင်ငံရှိ အလုပ်အကိုင်တစ်သန်း ခန့်ဟာလည်း တရုတ်နိုင်ငံသို့ တင်ပို့မှုကို မှီခိုနေရပြီး ဂျာမန်ကုမ္ပဏီပေါင်း ၅၅၀၀ ကျော်ဟာလည်း တရုတ်နိုင်ငံအတွင်းမှာ လုပ်ငန်းတွေလုပ်ဆောင် နေတယ်လို့ ဂျာမနီနိုင်ငံထုတ် Der Tagesspiegel သတင်းစာက ဆိုပါတယ်။

အနှစ်ချုပ်အားဖြင့်ကတော့ ကုမ္ပဏီအများစုက တရုတ်နိုင်ငံဟာ ကုမ္ပဏီအတွက် အရေးကြီးတဲ့ ဈေးကွက်တစ်ခုလို့ ရှုမြင်ခဲ့ကြသလို ဥရောပနိုင်ငံ အများစုကလည်း ဥရောပဟာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ဖို့ အရေးတကြီးလိုအပ်နေပြီး နှစ်ဦးနှစ်ဖက် အချိတ်အဆက်ဖြတ်တောက်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

တကယ်တော့ တရုတ်နိုင်ငံဟာလည်း လက်ရှိ အဆင့်အတန်းနဲ့အခြေအနေမျိုးရောက်ရှိလာအောင် နှစ်ရှည်လများ ပိတ်ထားတဲ့တံခါးတွေကိုဖွင့်ပြီး ပတ်ဝန်းကျင်ကို ရှုမျှော်လေ့လာသင်ယူခဲ့ခြင်းက အစပြုခဲ့တာပါပဲ။

နိုင်ငံတကာကို သွားရောက်လေ့လာခဲ့

ဆင်းရဲနွမ်းပါးတဲ့ ပြည်သူများရဲ့ဘဝကို ကယ်တင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ၁၉၈၀ ဝန်းကျင်မှာ Industrial Park များ ထူထောင်ရန်အတွက် နိုင်ငံတကာကို သွားရောက်လေ့လာခဲ့ကြတယ်။ ဒီနောက်မှာတော့ စင်ကာပူနိုင်ငံက ဂျူရွန်စက်မှုဇုန်နဲ့ အိုင်ယာလန်က ရှန်နွန်လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဒေသတို့ကို သဘောကျခဲ့ပြီး တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်နဲ့ ဖူးကျန့်ပြည်နယ်တွေမှာ စတင်အကောင်အထည် ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ကနဦးမှာ နည်းပညာနိမ့် လုပ်ငန်းတွေနဲ့စတင်ခဲ့ပြီး နည်းပညာမြင့်ဇုန်နဲ့ အဆင့်မြင့်နည်းပညာဇုန်တွေကို နောက်တစ်ဆင့်မှ တက်လှမ်းလုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်တို့ဟာ ပြုပြင်ပြောင်းလဲရေးကို ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးတို့နဲ့ တွဲဖက်ထား ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု၊ အရှေ့ဥရောပ နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် တရုတ်ပြည်ပြုပြင်ပြောင်းလဲ ရေးနည်းနာဟာ စီးပွားရေးနယ်ပယ်မှ အရင်စလုပ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်အတွင်း ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်မှုတို့ရဲ့ဆက်စပ်မှုကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းသွားခဲ့ပါတယ်။ တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေးဦးလိုအပ်ချက်နဲ့အာမခံချက် အဖြစ်လည်း ခံယူခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး ဒီဝေါဟာရသုံးလုံး နဲ့ပတ်သက်ပြီး တိန့်ရှောင်ဖိန်လက်ရွေးစင်ကျမ်း တတိယတွဲရဲ့ ဆောင်းပါးတိုင်းလောက်နီးပါးမှာ သုံးသပ်ဆွေးနွေးထားသလို တိန့်ရှောင်ဖိန်အလွန် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဆက်ဆက်ကလည်း တရုတ်ပြည်ရဲ့တည်ငြိမ်တဲ့ပတ်ဝန်းကျင်လိုအပ်မှုကို အဆက်မပြတ် အလေးထားခဲ့ကြပါတယ်။

လက်ရှိ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်ကလည်း “တရုတ်အမျိုးသားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာက အခက်အခဲပေါင်းစုံ အကျပ်အတည်း ပေါင်းစုံထဲကနေ ဖြတ်သန်းလာရတာ ဖြစ်တယ်။ ဘယ်သူကြောင့်၊ ဘယ်ဝှာကြောင့်၊ ဘယ်လူပုဂ္ဂိုလ် တွေကြောင့်ဆိုပြီး အပြစ်မဆိုပါနဲ့၊ အပြစ်တင်ပုံချ တာမျိုးလည်း လုပ်မနေပါနဲ့။ အဓိကသော့ချက်ကတော့ ဒီလမ်းဟာကိုယ့်ဘာသာကိုယ် လျှောက်လှမ်းရမယ့်လမ်းရယ်လို့ အားတက်သရော သတ်မှတ်လိုက်ပါ။ ကိုယ့်ခြေထောက်နဲ့ ကိုယ်တိုင် လျှောက်လှမ်းရမယ့်လမ်းပါ။ ကျွန်တော်တို့ မြဲမြံခိုင်မာစွာ မယိမ်းမယိုင်ဘဲ ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းကြရပါမယ်။ အောင်မြင်မှုရောင်ခြည်က အရှေ့ဆီကနေကြိုဆိုပါလိမ့်မယ်”လို့ တစ်ချိန်က မိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းအားဟာ ပြည်တွင်းမှာသာရှိတယ်လို့ခံယူပီး အမျိုးသား အကျိုးစီးပွား၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဒေသတွင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ လက်ရှိပတ်ဝန်းကျင်အခင်း အကျင်းများအပေါ် မျက်စိကိုဖွင့် နားကိုစွင့်ပြီး ရှုမျှော်လေ့လာကြည့်ကြဖို့ လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ။ ။