မာရဝိဇယမြတ်ဗုဒ္ဓ သက္ကာယချီရှိဦးခိုက် ကြည်ညိုဖွယ်ပ ဆင်ယင်ကြ ဗုဒ္ဓအနုပညာသိုက်
တက္ကသိုလ်မြတ်သူ
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိထွန်းကားခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပေပြီ။ ဒုတိယတကောင်းခေတ်ကပင် မြတ်ဗုဒ္ဓ၏သာသနာတော် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ကြောင်းစာများ၌ ဖတ်ရ၊ မှတ်ရသည်။ ရှေးဟောင်းမြန်မာနိုင်ငံမှ ပျူခေတ်များဖြစ်သည့် ဟန်လင်း၊ တကောင်း၊ မိုင်းမော၊ ဗိဿနိုး၊ သရေခေတ္တရာခေတ်တို့၌ ဗုဒ္ဓသာသနိကအဆောက်အအုံများဖြစ်သော စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များအား ကိုးကွယ်ခဲ့ကြပေသည်။
ပျူခေတ်၊ ပျူမြို့ပြနိုင်ငံ၊ ပျူမင်းများလက်ထက်မှာပင် ဗုဒ္ဓဓမ္မစာပေဟုဆိုရမည့် -
ယေဓမ္မာ ဟေတုပ္ပဘဝါ
တေသံဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော။
ဧဝံဝါဒီ မဟာသမဏော ဂါထာပါကျောက်ချပ်၊ ပေချပ်များကို သရေခေတ္တရာ ဦးခင်ဘယာခင်းကုန်းမှ တူးဖော်ရရှိခဲ့သည်။ ယင်းဂါထာတော်၏အနက်မှာ “အကြင်တရားတို့သည် အကြောင်းရင်းအမှန်ရှိကြ လေကုန်၏။ ထိုတရားတို့၏အကြောင်းကို ဗုဒ္ဓသခင်သည် ဟောတော်မူ၏။ ထိုတရားတို့၏ချုပ်ရာ၊ ကုန်ရာ၊ ငြိမ်းရာရှိ၏။ ထိုသို့ချုပ်ခြင်းကို မြတ်ရဟန်းကြီး(ဗုဒ္ဓ)က ဤသို့အယူရှိ၏”ဟူ၍ဖြစ်သည်။
ဓမ္မစကြာတရားဦး
ထိုဂါထာကို ဗုဒ္ဓ၏တရားဦး ဓမ္မစက္ကပဝတ္တန ဓမ္မစကြာတရားဦးကို နာကြားကြသော (ပဉ္စဝဂ္ဂီငါးဦးအနက် အသက်အငယ်ဆုံး) ရှင်အဿဇိသည် ညဘက်တရားနာ၊ နေ့ဘက် ကိုယ်တိုင်ဆွမ်းခံမြဲဖြစ်၏။ တစ်နေ့သ၌ ရှင်အဿဇိဆွမ်းခံနေသည်ကိုတွေ့ရသော သိဉ္စည်းဆရာကြီးထံ တပည့်ခံပညာယူနေသည့် ဥပတိဿ (ရှင်သာရိပုတ္တရာလောင်းလျာ)က မြင်လိုက်ရ၏။ ရှင်အဿဇိ၏ ဣန္ဒြေသိက္ခာ ရင့်ကျက်သော အနေအထားကိုမြင်ရသော ဥပတိဿက ဤပုဂ္ဂိုလ်တွင် တရားထူး(ပညာထူး)ရှိမည်ဟု တွက်ဆကာရှင်အဿဇိနောက်လိုက်ပါပြီး သင်ရရှိလေသော တရားထူးရှိကပြောပြပါဟု တောင်းပန်စဉ် ရှင်အဿဇိက အထက်ပါအတိုင်း ထိုသို့မျှသာ ဖြေကြားပေးခဲ့သည်။ မိမိလည်း ယခုတော့ ဤမျှသာသိပါသေးသည်၊ ပြောနိုင်ပါသေးသည်ဟုဆိုသည်။ ဥပတိဿသည် ဉာဏ်ရည်တော်သူ (နောင် ဗုဒ္ဓ၏လက်ယာတော်ရံ၊ ဉာဏ်အရာတွင် ဧတဒဂ်ရသည့်ရဟန္တာ)ဖြစ်၍ သဘောပေါက်ကာ အတူပညာသင်ဖက်ကောဋိတ (ရှင်မဟာ မောဂ္ဂလာန်-တန်ခိုးအရာဧတဒဂ်ရဗုဒ္ဓ၏ လက်ဝဲတော်ရံ ရဟန္တာလောင်း)အား အကျိုးအကြောင်း ရှင်းပြ၊ အဖော်စပ်ပြီး ဗုဒ္ဓထံရောက်ရှိကြ၊ တရားနာကြဖြင့် ရဟန္တာများဖြစ်လာခဲ့သည်။
ယင်း- ယေဓမ္မာဟေတုပ္ပဘဝါ အစချီဂါထာကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ ပေကျင်းမြို့တော် အနောက်ဘက်တောင်ကုန်းရှိ မြတ်ဗုဒ္ဓ၏ အထက်လက်ဝဲစွယ်တော်စံပယ်ရာ ဘုံဆယ်ဆင့် စွယ်တော်တိုက်စေတီ၏ မြေအောက်၊ စွယ်တော်သိမ်းဆည်းရာတွင် အစဉ်ဖုံးထားသည့် ကျောက်ပြား ပေါ်တွင်လည်းတွေ့ရသည်။ မြတ်ဗုဒ္ဓ၏ စွယ်တော်လေးဆူအနက် အထက်လက်ယာစွယ်တော်ကား တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော်၌ ဌာပနာထားသည်။ အောက်လက်ယာစွယ်တော်ကား နဂါးပြည်၌ စေတီတည်ထားဌာပနာသည်။ အောက်လက်ဝဲစွယ်တော်ကား သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ စွယ်တော်တိုက်တွင် စံပယ်လျက်ရှိသည်။ (သီရိလင်္ကာမှ စွယ်တော်၊ တရုတ်ပြည်မှ စွယ်တော်များ မြန်မာပြည်သူများ ပူဇော်နိုင်ရန် သုံးကြိမ်မျှစီ မြန်မာနိုင်ငံသို့ ပင့်ဆောင်ခဲ့သည်။) ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ညတွင် ကမ္ဘာအေးမဟာပါသာဏလိုဏ်ဂူတော်အတွင်း၌ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ စွယ်တော်ကို ပူဇော်ကန်တော့ကြစဉ် မသမာမိစ္ဆာပြည်ပြေး အကြမ်းဖက်သမားများက စွယ်တော်ဖူးဟန်ဆောင်ကာ ဗုံးတပ်ဆင်ဖောက်ခွဲသဖြင့် ဘုရားဖူးပြည်သူများ အသက်ခန္ဓာဆုံးရှုံးရ၊ ထိခိုက်ကြရဖြစ်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့တိုက်ခိုက်သည့် ဒုတိယစစ်ပွဲအပြီး၊ တတိယစစ်ပွဲအပြီးကာလများ၌ စေတီပုထိုးများအား ဖြိုချဖျက်ဆီးကာ ဌာပနာပစ္စည်း အဖိုးတန်ရတနာများ ရှာဖွေလုယက်ကြ၊ ခိုးယူကြလုပ်ခဲ့သည်။
ရွှေတိဂုံစေတီတော်ရင်ပြင်၌လည်း ရွှေချထားသော ဗုဒ္ဓဆင်းတုတော်များအား ရဲတင်း၊ ပုဆိန်တို့ဖြင့်ခွဲပြီး အတွင်း၌ ဌာပနာရတနာပစ္စည်း ရှိ၊ မရှိ ရှာပုံ၊ အင်္ဂလိပ်အရာရှိကြီးများကလည်း ရွှေတိဂုံစေတီတော်၏ဌာပနာတိုက်မှ ရှေးဟောင်းဌာပနာ ပစ္စည်းရတနာများယူရန် စေတီတော်အား ဖောက်ထွင်းရှာခဲ့ကြသည်ကို အမြင်မတော်သော အင်္ဂလိပ်အချင်းချင်း ရေးသားသောစာအုပ်များ၌ ဖော်ပြခဲ့သည်။ ရွှေတိဂုံရာဟုထောင့်ရင်ပြင်၌ အင်္ဂလိပ်စစ်တပ်ကို တပ်ချထားပြီး မြန်မာများကို ဘုရားပေါ်သို့ တောင်ဘက်စောင်းတန်းတစ်ခုတည်းမှသာ တက်ရောက်ခွင့်ပြုခဲ့သည်။ ဘုရားပေါ်သို့ အင်္ဂလိပ်နှင့်တကွ နိုင်ငံခြားသားများ ဖိနပ်စီးတက်နေကြသည်ကို မြန်မာဗုဒ္ဓဘာသာဝင်များ၊ မြန်မာစာနယ်ဇင်းများ၊ ဝိုင်အမ်ဘီအေ ဗုဒ္ဓကလျာဏယုဝ အသင်းကြီးနှင့်အတူ လက်တွဲကန့်ကွက်ခဲ့ရသည်။
ပရိဘောဂစေတီကဲ့သို့သော စေတီတော်များကို နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲတည်ထား
မြန်မာဗုဒ္ဓဘာသာတို့က မြတ်ဗုဒ္ဓ၏ ဓမ္မစကြာ၊ သစ္စာလေးပါးမြတ်တရား၊ အနတ္တလက္ခဏာတရား များကို လက်ခံယုံကြည်ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မပြုမီကပင် ခွင့်ပြုခဲ့သော ဗုဒ္ဓအား ရည်မှန်းပူဇော်သော ဥဒ္ဒိဿစေတီ၊ တရားဓမ္မများကို ရည်စူးဌာပနာတည်ထားသည့် ဓမ္မစေတီ၊ ဘုရား၏ သရီရဓာတ်တော်များဌာပနာသည့် ဓာတု စေတီ၊ ဗုဒ္ဓ၏အသုံးအဆောင်၊ ပရိဘောဂများ ဌာပနာသည့် ပရိဘောဂစေတီကဲ့သို့သော စေတီတော်များကို နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲတည်ထားခဲ့ကြသည်။ ဘုရင်မင်းများ၊ မှူးမတ်၊ စစ်သူကြီးများ၊ မြို့ဝန်များ၊ ချမ်းသာကြွယ်ဝသော သူဌေးသူကြွယ် များသာမက သာမန်ပြည်သူဆင်းရဲသားများကပင် တတ်အားသရွေ့ငွေအင်အား၊ ပစ္စည်းပစ္စယအင်အား၊ လူအင်အားဖြင့် ဘုရားတည်ကြသည်။ နေအိမ်များတွင်လည်း ဗုဒ္ဓရုပ်ပွားဆင်းတုများ ပူဇော်ထားကြသည်။ မြေကမူများ၊ တောင်ကုန်းငယ်များနှင့် တောင်ထိပ်တောင်စွယ်၊ တောင်ခါးပန်းများ၌ စေတီ ပုထိုးများ တည်လေ့ရှိသည်။
ပျူဘုရင်၊ ပျူဘုရင်မ၊ ရသေ့ရဟန်းတို့ တည်ခဲ့သောစေတီများ၊ ရုပ်ပွားဆင်းတုတော်ဟောင်းများအား ယနေ့ပြန်တွေ့နေရသည်။ သရေခေတ္တရာတွင် စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များ အထူးတလည် တည်ထားခဲ့သည်ကို တွေ့ရသည်။ ပုဂံ(ညောင်ဦး)ကား ပုဂံခေတ်တစ်လျှောက် “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း” ဟူသော စာဆိုနှင့်အညီ ဘုရားပုထိုးစေတီများ လက်ညှိုးထိုးမလွဲတည်ခဲ့သည်။ ပုဂံခေတ်အနော်ရထာသည် ရွှေစည်းခုံစေတီတော်အပါအဝင် စေတီများတည်ခဲ့ သည်။ ကျန်စစ်သားမင်း၊ အလောင်းစည်သူ၊ နရပတိစည်သူ စသည့်ဘုရင်များတည်ထားခဲ့သော စေတီပုထိုးများ၊ ရုပ်ပွားဆင်းတုများက ယနေ့မြန်မာတို့အတွက် သာသနာ့အမွေ၊ ယဉ်ကျေးမှုအမွေအဖြစ် တည်ရှိနေပေရာ ကမ္ဘာကပင် တအံ့တဩဖြစ်ကြရ လေသည်။
မြန်မာ့ထီးဆက်နန်းဆက်၊ မင်းဆက်အဆက်ဆက်တို့ တည်ထားခဲ့သည့် စေတီပုထိုး၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်တို့အကြောင်း စာရင်းလုပ်၍ ရေးမနေတော့ပါ။ စာမျက်နှာကို ငဲ့လိုက်ပါသည်။ ပုဂံခေတ်အလွန် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ မြင်စိုင်း၊ ညောင်ရမ်း၊ တောင်ငူ၊ အမရပူရ၊ ရတနာပုံမန္တလေး ခေတ်ဘုရင်အဆက်ဆက်၏ ကောင်းမှုတော်စေတီ ပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်ကြီးများကား များလှချေသည်။ မြန်မာဘုရင်စနစ်ကို အမြစ်ပါဆွဲနုတ်ပြီး မြန်မာ့ဦးစွန်း၊ ဗုဒ္ဓသာသနာတော်တို့ကို နယ်ချဲ့တို့ ချိုးနှိမ် နိုင်ခဲ့ပုံများကလည်းရေး၍ မဆုံးနိုင်အောင် များလှပါသည်။
ဆဋ္ဌသင်္ဂါယနာတင်ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပ
မြန်မာတို့သည် မိမိတို့နိုင်ငံပိုင်နက် မိမိ၏ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်လွတ်လပ်ရေးကို ပြန်ရအောင် တိုက်ယူခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးပြန်ရခဲ့သည်။ လွတ်လပ်ပြီး ပထမဆုံးနိုင်ငံတော် အုပ်ချုပ်ရေးကို သခင်နုခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်က တာဝန်ယူခဲ့ရသည်။ ၁၉၅၆-၁၉၅၇ ခုနှစ်တို့သည် ဗုဒ္ဓသာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်နှင့် ကြုံကြိုက်ရာ မြန်မာနိုင်ငံအစိုးရက ကမကထပြု၍ ဆရာတော်၊ သံဃာတော်ဩဝါဒါစရိယကြီးများ၏ လမ်းညွှန်မှုဖြင့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပြီး မြတ်ဗုဒ္ဓ၏ တရားဓမ္မခန္ဓာများ (ပိဋကတ်သုံးပုံ)ကို စာအက္ခရာ အသံဖမ်း(ဓာတ်ပြား)တို့ဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။
သင်္ဂါယနာတင်သည်ဆိုခြင်းသည် ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားဓမ္မဒေသနာများကို မူလဘုရားဟောသည့်အတိုင်း၊ မပြင်မဆင်၊ မနုတ်မပယ်၊ မဖြည့်မစွက် မူရင်းအတိုင်း စာတတ်ပေတတ်ထေရ်ရှင်များက ဦးဆောင်မေးကြ၊ ဖြေကြ၊ ရွတ်ဆိုကြ၊ သင်္ဂါယနာပွဲတွင် ပါဝင်တက်ရောက်သော ရာနှင့်ချီသည့် သံဃာတော်မထေရ်များက နှုတ်တက်အာဂုံတစ်လုံးမလွဲ တိကျစွာရွတ်ဆို နေကြခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်ပြည်ဝေဘာရတောင် စရည်းပင်ရှိရာ လိုဏ်ဂူ၌ ပထမသင်္ဂါယနာတင်ခဲ့သည်။ သံဃာတော်အပါး ၅၀၀ ဖြင့် ခုနစ်လကြာ တင်ခဲ့ရသည်။ သင်္ဂါယနာပွဲကို သာသနာ့ဒါယကာအဖြစ် အဇာတသတ်မင်းက တာဝန်ယူပြီးရှင်မဟာ ကဿပမထေရ်ကြီးက အကြီးအမှူး(နာယက)အဖြစ် ဦးစီးကာ ရှင်အာနန္ဒာ၊ ရှင်သာရိပုတ္တရာ၊ ရှင်အနုရုဒ္ဓါတို့က မေးကြ၊ ဖြေကြဖြင့် ဘုရားမြတ် ဒေသနာများကို ပြန်လည်ရွတ်ဆိုကြသကဲ့သို့ ကျန်သံဃာတော် ၅၀၀ တို့က သည်၊ ၏၊ ၍ မလွဲ တိကျစွာ မှတ်သားရွတ်ဆိုကာ ဆက်လက်ဆင့်ပွား သယ်ဆောင်ခဲ့ကြသည်။ ဘီစီ ၅၄၃ ခုနှစ် ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး လေးလအကြာတွင် ပထမ သင်္ဂါယနာတင်ခြင်းဖြစ်သည်။
ဘီစီ ၄၄၂ တွင် ဝေသာလီပြည် ဝါသိကာရုံ ကျောင်းတိုက်၌ သုသုနာဂမင်း၏ သားတော် ကာဠာသောကမင်းက ဒါယကာပြုပြီး ဒုတိယသင်္ဂါ ယနာတင်ခဲ့သည်။ ဗုဒ္ဓ၏ ဝိနည်းပိဋက၊ သုတ္တပိဋက၊ အဘိဓမ္မာပိဋက(ပိဋကတ်သုံးပုံ) မယွင်းမပျက်မူရင်းအတိုင်း ဆက်လက်တည်စေရန်ဖြစ်သည်။ သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် ပါဋလိပုတ်ပြည် အသောကရုံကျောင်းတိုက်၌ သီရိဓမ္မာသောက (အသောက) မင်းက ဒါယကာပြုပြီး သံဃာအပါး ၁၀၀၀ ဖြင့် ကိုးလတိုင်တိုင် တတိယသင်္ဂါယနာ တင်သည်။ အသောကမင်းက ပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ကျောက်စာရေးထိုးခဲ့သည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ကနိသျှကမင်းလက်ထက် သာသနာသက္ကရာဇ် ၄၈၅ တွင် ကသ္မိယ (ကက်ရှ် မီးယားပြည်နယ်) ဇလန္ဒမြို့၌ စတုတ္ထသင်္ဂါယနာ တင်ခဲ့သည်။ သင်္ဂါယနာတင်ရာ၌ ဘုရားဟော မဟုတ်သော ကျမ်းစာများကို (ဘုရားဟောအဖြစ် ထည့်သွင်းလာသဖြင့်) သီဟိုဠ် (သီရိလင်္ကာ)မှ ရဟန်းတော်များကကန့်ကွက်ခဲ့သည်။ သာသနာသက္ကရာဇ် ၄၉၇ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ အနုရာဓမြို့၌ ဝဋဂါမဏိမင်းက ဒါယကာပြုပြီးသံဃာ ၅၀၀ ဖြင့် စတုတ္ထသင်္ဂါယနာကို ထေရဝါဒမူအတိုင်း ထပ်မံတင်ကြသည်။
သံဃာ ၂၄၀၀ ဖြင့် ငါးလနှင့် သုံးရက်ကြာ ပဉ္စမသင်္ဂါယနာတင်
ခရစ်နှစ် ၁၈၅၆ ခုနှစ်တွင် မန္တလေးရတနာပုံ နေပြည်တော်၌ မင်းတုန်းမင်းကြီးက ဒါယကာပြုပြီး နန်းတွင်းမှာပင် သံဃာ ၂၄၀၀ ဖြင့် ငါးလနှင့် သုံးရက်ကြာ ပဉ္စမသင်္ဂါယနာတင်သည်။ ပဉ္စမသင်္ဂါ ယနာတင် ပိဋကတ်တော်များကို မန္တလေးကုသိုလ် တော်ဘုရားဝင်းအတွင်း ကျောက်စာချပ်များဖြင့် ကျောက်ထပ်အက္ခရာတင်ခဲ့ရာ ကမ္ဘာတွင် စာမျက်နှာအများဆုံး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး အဖြစ် ကမ္ပည်းတွင်ခဲ့သည်။
၁၉၅၄-၁၉၅၆ ခုနှစ်တို့တွင် လွတ်လပ်ရေးရပြီးသော မြန်မာနိုင်ငံ၌ ဖဆပလအစိုးရ (ဝန်ကြီးချုပ် သခင်နု)က သာသနာ့ဒါယကာခံကာ ကမ္ဘာအေး စေတီတော်ဝင်းအတွင်းရှိ မဟာပါသာဏလိုဏ်ဂူ တော်၌ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။ ညောင်ရမ်းဆရာတော်ဘုရားက အကြီးအမှူး(နာယက)မဟာ စည်ဆရာတော်ကမေး၍ တိပိဋကဓမ္မဘဏ္ဍာ ဂါရိကဆရာတော် ဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသက ဖြေကြားပြီး သင်္ဂါယနာတင်ခဲ့ရာ စာရေးခြင်း၊ စာရိုက်ခြင်း၊ အသံဖမ်းခြင်း စသည့်ခေတ်နည်းပညာ များရှိလာပြီဖြစ်၍ သင်္ဂါယနာတင် ပိဋကတ်တော်များကို အသံအားဖြင့် မှတ်တမ်းတင်ခဲ့နိုင်ပြီး စာပေအက္ခရာအားဖြင့်ပါ မှတ်တမ်းတင်ကာ ပိဋကတ်တော်သုံးပုံကျမ်းစာအုပ်ကြီးများ ရိုက်နှိပ်ဖြန့်ချိနိုင်ခဲ့သည်။
မှတ်မိသရွေ့၊ စဉ်းစားမိသရွေ့လွတ်လပ်ရေးရပြီး ပထမဆုံးသော မြန်မာအစိုးရ (ဖဆပလ)လက်ထက် ဝန်ကြီးချုပ်ဦးနု ဦးဆောင်ကာ ကမ္ဘာအေးစေတီအား တည်ခဲ့ပြီး မဟာပါသာဏလိုဏ်ဂူတော်လည်း ဖြစ်မြောက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့မှစ၍ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်စီမံရသော ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ရွှေတိဂုံ တောင်ဘက်မှ မဟာဝိဇယစေတီတော်ကြီးအား တည်ထားခဲ့သည်။ ၁၈-၉-၁၉၈၈ မှစ၍ နိုင်ငံ့တာဝန်ယူရသော တပ်မတော်အစိုးရ (နဝတ၊ နယက) လက်ထက် နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်နေပြည်တော်တွင် ဥပ္ပါတသန္တိစေတီ တော်ကြီးအား တည်ထားခဲ့သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကလည်း ကန့်ဘလူမြို့တွင် ရွှေစည်ကြီးစေတီ၊ နေပြည်တော်တွင် ဓာတ်ပေါင်းစု စေတီများတည်ခဲ့သည်။ ၂၀၁၁-၂၀၁၅ ပြည်ခိုင်ဖြိုး အစိုးရအကြီးအကဲ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က နေပြည်တော်တွင် သံဝေဇနိယလေးဌာနကို အိန္ဒိယနိုင်ငံ မဇ္ဈိမဂယာဒေသမှပုံစံတူအတိုင်း ကြီးကျယ်ခမ်းနားထည်ဝါသပ္ပာယ်စွာ တည်ခဲ့သည်။
၁-၂-၂၀၂၁ ရက်နေ့မှစ၍ အရေးပေါ်ကာလ အခြေအနေအရ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတာဝန်ယူရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်၊ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဦးဆောင်ဘုရားဒါယကာအဖြစ် တည်ထားသော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားခဲ့ပေသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော် မှာ ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ စုစုပေါင်းအမြင့် ၈၁ ပေရှိသည်။ မြန်မာများသာမက ကမ္ဘာကလက်ဖျားခါရလောက်အောင် ကြီးမားသောဆင်းတု တော်ကြီးဖြစ်ပေသည်။
(ဆက်လက်ဖော်ပြပါမည်)