ရှေ့သို့လှမ်းချီ - အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀သစ်ဆီ
ဒေါက်တာနန္ဒာမွှန်း
“လုံခြုံလှပဘဝများ - အမျိုးသမီးနှင့် ကလေးတိုင်းရစေသား” ဟူသောဆောင်ပုဒ်ဖြင့် မေတ္တာတရားရှေ့ထား၍ ဆောင်ရွက်လာကြသော မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းသည် ပြည်သူအကျိုးပြုလူမှုရေး လုပ်ငန်းများ တက်ညီလက်ညီ လျှောက်လှမ်းလာခဲ့ သည်မှာ ၁၀ နှစ်တာခရီးရောက်ရှိလာခဲ့ပေပြီ။
မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ကို အရေးပါသော ပြည်သူလူထုအခြေပြုအဖွဲ့အစည်းအဖြစ် အားကောင်းစွာ ပါဝင်ဆောင်ရွက်နိုင်ရန်၊ အများပြည်သူအကျိုးအတွက် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြု လူမှုအဖွဲ့အစည်းတစ်ခု အဖြစ်ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ထား၍ ဆောင်ရွက်ရာတွင် -
(က) အမျိုးသမီးများနှင့် ကလေးသူငယ်များ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်၊
(ခ) မြို့ပေါ်နှင့် ကျေးလက်ဒေသနေ စောင့်ရှောက် ထောက်ပံ့မှုပေးရန် လိုအပ်လျက်ရှိသော ခိုကိုးရာမဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ ကယ်ဆယ်ရေးစခန်းများမှ မိသားစုများ၊ ကိုယ်လက်အင်္ဂါချို့ယွင်းသူ အမျိုးသမီးများနှင့် ကလေးသူငယ်များအား ဦးစားပေး ဦးတည်အုပ်စုသတ်မှတ်လျက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းများဆောင်ရွက်ရန်၊
(ဂ) ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဒေသများရှိ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ဘဝမြှင့်တင်ပေးရန်၊
(ဃ) အသိပညာ မြင့်မားတိုးတက်ရေးအတွက် တတ်သိပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသုံးချပညာရပ်ဖြင့် ဘဝရပ်တည်နိုင်ရေး ဆောင်ရွက်ပေးရန်တို့ပါဝင်ပါသည်။
မျှော်မှန်းချက်အဖြစ် “မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအားလုံး လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း အေးချမ်းပျော်ရွှင်သောဘဝများ ရရှိကြစေရန်” ဟူ၍ သတ်မှတ်ထားပါသည်။
အဆိုပါ မျှော်မှန်းချက် အကောင်အထည်ဖော် ရန် လုပ်ငန်းတာဝန်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဦးစားပေးအဖြစ် ဘဝမြှင့်တင်ရန် လိုအပ်ချက်ရှိသော အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူရည်တူ အခွင့်အရေးများရရှိစေရေး ထောက်ပံ့ကူညီပေးရန်၊ ရည်ရွယ်ချက်တူ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ဟူ၍လည်း သတ်မှတ်ထားပါသည်။
ထို့အပြင် အောက်ပါအတိုင်း လုပ်ငန်းစဉ်များ ကိုလည်းဆောင်ရွက်သွားရန် ချမှတ်ထားပါသည်-
(က) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘဝတစ်သက်တာ ဖူလုံမှုကို လိုအပ်သော အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်ရန်၊
(ခ) အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှုမပြုရန်နှင့် မိမိတို့ခံစားခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရရေး အလေးထားဆောင်ရွက်သွားရန်၊
(ဂ) အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထိရောက်ဆုံး ပံ့ပိုးကူညီနိုင်ရန်အတွက် ရည်ရွယ်ချက်ချင်းတူညီသော အခြားပြည်တွင်း၊ ပြည်ပလူမှုရေး အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ဆက်သွယ်ဆောင်ရွက်သွားရန်။
အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလေ့လာပါက-
(၁) အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊
(၂) ကလေးသူငယ်များ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊
(၃) ကျန်းမာရေးစောင့်ရှောက်မှု၊
(၄) ဒေသဖွံ့ဖြိုးရေး၊
(၅) တတ်သိပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
(၆) သဘာဝဘေးဒဏ်ခံစားရသော ဒေသများသို့ အရေးပေါ်ကူညီထောက်ပံ့ခြင်း၊
(၇) မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဟူ၍ လုပ်ငန်းတာဝန် (၇)ရပ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် ဦးစားပေး ဦးတည်အုပ်စုများကို သတ်မှတ်ထားရာ အဓိကအဖြစ် အောက်ပါအုပ်စုများ ပါဝင်ပေသည် -
(၁) စောင့်ရှောက်ထောက်ပံ့မှုပေးရန် လိုအပ်လျက်ရှိသော ခိုကိုးရာမဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များ၊
(၂) ကယ်ဆယ်ရေးစခန်းများမှ သဘာဝဘေးဒဏ်ခံမိသားစုများ၊
(၃) ကိုယ်လက်အဂါချို့ယွင်းသူ အမျိုးသမီးများနှင့် ကလေးသူငယ်များ၊
(၄) ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဒေသများရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ။
အဆိုပါ ဦးတည်အုပ်စုများအတွက် ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းများတွင် စာသင်ကျောင်းများနှင့် မူကြိုကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်းခြင်း၊ မိသားစုအခက်အခဲကြောင့် ကျောင်းမတက်ရောက်နိုင်သော ကလေးသူငယ်များအား မြို့နယ်၊ ကျေးရွာအဖွဲ့က ကျောင်းတက်နိုင်ရေး ကူညီပေးခြင်း၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ အာဟာရဆိုင်ရာပညာပေးခြင်းနှင့် အစားအသောက်များပံ့ပိုးခြင်း၊ မသန်စွမ်းသူများအား ကူညီထောက်ပံ့ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆိုလာနည်းဖြင့် မီးရရှိစေရန်ကူညီဆောင်ရွက်ပေးခြင်း၊ ကျေးရွာရေရရှိရေးအတွက် သောက်သုံးရေခက်ခဲသော ကျေးရွာများကို ကူညီဆောင်ရွက်ပေးခြင်းတို့အပြင် သင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးရာ လူငယ်ခေါင်းဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး၊ အဂလိပ်စာ၊ အိမ်တွင်းမှုစသောသင်တန်းများကိုလည်း သင်ကြားပေးလျက်ရှိပါသည်။
အသင်းတည်ထောင်သည့် (၁၀) နှစ်အတွင်းထူးခြားစွာဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များအနက် နှစ်ခုကိုရွေးချယ်ဖော်ပြရပါက
(က) ဆိုလာဖြင့် မီးရရှိရေးစီမံကိန်း (Solar Ma Ma Project)၊
(ခ ) ကောင်းမွန်စွာဆက်ဆံခြင်းစီမံကိန်း(Good Treatment Project) တို့ကို ဖော်ပြလိုပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆိုလာဖြင့် မီးရရှိအောင် ဆောင်ရွက်ပေးခြင်း
ဆိုလာဖြင့် မီးရရှိရေးစီမံကိန်းကို (Solar Ma Ma Project)ဟု အသိများပါသည်။ အဆိုပါ စီမံကိန်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မီးရရှိရေးကို ကျေးရွာရှိအမျိုးသမီးများကို လေ့ကျင့်ပေး၍ မီးရရှိရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မီးရရှိမှုသည် အဓိကကျပါသည်။ နိုင်ငံတွင်းရှိ ပြည်သူများလူနေမှု အဆင့်မြင့်မားလာစေရန် စွမ်းဆောင်ရာတွင် မီးရရှိမှုသည် လွန်စွာလိုအပ်လှပါသည်။
လျှပ်စစ်မီးလုံးဝမရရှိဘဲ သွားလာရန် ခက်ခဲသောဒေသများတွင် ဆိုလာဖြင့် မီးရရှိရေးစီမံချက် သည် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ကျေးလက်ဒေသ လူနေမှုဘဝအပေါ်၊ အရည်အသွေးအပေါ် အပြုသဘော သက်ရောက်မှုများအတွက် သိသာစေခဲ့ပါသည်။ ဤအစီအစဉ်ကို မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)၊ အိန္ဒိယနိုင်ငံ Barefoot College နှင့် မြန်မာနိုင်ငံ အိန္ဒိယသံရုံးတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပါသည်။
ကျေးရွာများမှ အသက်(၄၀)အထက် အမျိုး သမီးကြီးများအား အိန္ဒိယနိုင်ငံ Barefoot College သို့စေလွှတ်ခဲ့ပြီး သင်တန်းကာလခြောက်လကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး သင်တန်းများအား လေ့ကျင့်သင်ကြားပေးပြီး မိမိတို့ ကျေးရွာများရှိ အိမ်ထောင်စုအားလုံးကို ဆိုလာဖြင့် မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရေရှည်အသုံးပြုနိုင်စေရန်အတွက်လည်း လူထုပူးပေါင်း ပါဝင်သောစနစ်ကို လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် WWF Myanmar နှင့် EEP မဲခေါင်တို့ပူးပေါင်း၍ အစီအစဉ်များကို တိုးချဲ့ကာ ဆိုလာပြားများ၊ ဘက်ထရီများ၊ မီးအိမ် များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မွန်ပြည်နယ်၊ ပဲခူးတိုင်း ထုံးတောင်ရွာ၊ သံတောင်ကြီးမြို့နယ်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ အသက်(၄၀)အထက် အမျိုးသမီးကြီး စုစုပေါင်း ၃၂ ဦး စေလွှတ်ပညာသင်ယူခဲ့ပြီး ကျေးရွာ ၂၁ ရွာ၊ အိမ်ခြေပေါင်း ၂၀၃၆ အိမ်ကို ဆိုလာမီးများ တပ်ဆင် ပေးနိုင်ခဲ့ပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ယခုအခါ ကိုဗစ် - ၁၉ ရောဂါပြန့်ပွားမှု နည်းပါးလာသည့်အတွက် ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ Barefoot College နှင့် ထပ်မံချိတ်ဆက် ပြီးဖြစ်ပါသည်။ ကျေးရွာများ၊ ပြည်နယ်/ တိုင်းဒေသ ကြီးများရှိ မီးလုံးဝရရှိရန် ခက်ခဲသော မြို့နယ်၊ ကျေးရွာများကို Pilot စနစ်ဖြင့် ကွင်းဆင်းကာ စနစ်တကျရွေးချယ်ပြီး သင်တန်းပြန်လည်စေလွှတ် ရေးကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ဆိုလာတပ်ဆင်ပြီးသော ရွာများကိုလည်း ခြောက်လတစ်ကြိမ်ကွင်းဆင်းပြီး ဆိုလာမီးရရှိမှုအခြေအနေ၊ ဘက်ထရီအိုးများ ကောင်း၊ မကောင်း၊ ဆိုလာပြားများပျက်စီးပါက ပြန်လည်ပြင်ဆင်နိုင်အောင် ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သော ဤစီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာရှိ အိမ်ခြေပေါင်း ၂၂၂၉ ရွာ(လူဦးရေပေါင်း ၁၇၇၉ ဦး)မှ ၃၂ ဦးကို အောင်မြင် စွာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့လေပြီ။
ကောင်းမွန်စွာဆက်ဆံခြင်းစီမံကိန်း (Good Treatment Project)
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်း (MWCDF) သည် ကောင်းမွန်စွာဆက်ဆံခြင်းမှ ပြောင်းလဲမှုတစ်ရပ် ဆီသို့ ပြောင်းလဲရန် အောက်ပါရည်ရွယ်ချက်များ ချထားပါသည်-
- ကလေးများ၏ လူမှုပတ်ဝန်းကျင်တွင် နွေးထွေး လုံခြုံသော ပေါင်းသင်းဆက်ဆံမှုများထွန်းကား လာရန်၊
- ကလေးများ၏ ရင်တွင်းဖြစ်ပေါ်တတ်သည့် ခံစား ချက်၊ အတွေးအမြင်များကို သိရှိနားလည်လာခြင်းအားဖြင့် လမ်းမှန်ကို အားပေးပြုပြင်၊ ထိန်းကျောင်းပေးနိုင်ရန်၊
- ကလေးများသည် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းအပါအဝင် လူသားအားလုံးကို လေးစား တန်ဖိုးထားတတ်ရန်၊
- ကလေးများသည် မိမိသင်ယူတွေ့မြင်ဖြတ်သန်း ရသည့် အကြောင်းအရာများမှ မှန်ကန် ကောင်းမွန်သောအရာများကို နားလည်တန်ဖိုး ထားလုပ်ဆောင်ရန်၊
- ကလေးများသည် မိမိတို့လိုက်နာလုပ်ဆောင် ရမည့်တာဝန်များကို သိရှိနားလည်ပြီး မိမိ၏ပတ်ဝန်းကျင်တွင် ဖြစ်တတ်သော သဘောထားမတိုက်ဆိုင်မှု ပဋိပက္ခများကို နားလည်ဖြေလျှော့ ဖြေငြိမ်းတတ်ရန်။
ကောင်းမွန်စွာ ဆက်ဆံခြင်းဆိုင်ရာကို လုပ်ငန်းအားဖြင့်(၅)ရပ် သတ်မှတ်ထားပါသည်။ အဆိုပါလုပ်ငန်းများအားလုံးကို ခြုံငုံလေ့လာပါက မေတ္တာတရားကို အခြေခံထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ကလေးသူငယ်များ ဘဝတန်ဖိုးသိရန်၊ တာဝန်သိစိတ်ရှိရန်၊ ကောင်းသောဓလေ့စရိုက်များကို ထိန်းသိမ်းတတ်ရန်၊ လူမှုဆက်ဆံရေးနယ်ပယ်တွင် သဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းတတ်ရန်တို့ကို လူကြီးမိဘများအနေဖြင့် ပြုစုလေ့ကျင့် ပေးနိုင်ရေးကို အဓိကထားကာ ပညာပေးလုပ်ဆောင်ပေးသည့် စီမံကိန်းဖြစ်ပါသည်။
အချုပ်ဆိုရသော် မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူရသင့်ရထိုက်သော အခွင့်အရေးများကို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတို့တွင် သာတူညီမျှ ခံစားခွင့်ရရှိနေကြသကဲ့သို့ လူမှုလုံခြုံရေး အပြည့်အဝရရှိစေရန်လည်း အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးက ကူညီဆောင်ရွက်ပေးနေကြပါသည်။ ထိုသို့ အမျိုးသမီးများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းနေကြသည့် အမျိုးသမီးများနှင့်ဆိုင်သော အသင်းများတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)သည်လည်း အမျိုးသမီးများအတွက်သာမက အနာဂတ်၏ မျိုးဆက်သစ် ကလေးသူငယ်များအတွက်ပါ အားကောင်းစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။ ။