Skip to main content

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၂) (နယ်စပ်ရေးရာဝန်ကြီးဌာန)

မြင့်စိုး(နတလ)

ငါရို့ချစ်တေမြို့စစ်တွေ

မေလ ၁၉ ရက်နေ့ ပထမတစ်ခေါက်ခရီးစဉ်၊ လေယာဉ်ပေါ်မှမြင်ရသော စစ်တွေမြို့မြင်ကွင်းများက စိတ်ချမ်းမြေ့ဖွယ်ရာ တစ်စက်ကလေးမျှပင်မရှိ၊ အာရုံကို နောက်ကျိရှုပ်ထွေးသွားစေခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့ စစ်တွေသို့ ထပ်မံရောက်ရှိခဲ့သော ဒုတိယတစ်ခေါက်ခရီးစဉ်၊ ယခင်အခြေအနေလောက် မဆိုးတော့။ အခြေအနေဟု ကျွန်တော်သုံးနှုန်းလိုက်ခြင်းမှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ “မိုခါ” မုန်တိုင်းဝင်ရောက်မွှေနှောက် တိုက်ခတ်ပြီးစ အခြေအနေနှင့် တစ်လခန့်အကြာ ထပ်မံမြင်တွေ့ခွင့်ရခဲ့သော အခြေအနေနှစ်ခုကို ယှဉ်ကြည့်လိုက်ခြင်းဖြစ်၏။ မြို့သန့်ရှင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်ရနေပြီဖြစ်သလို ပတ်ဝန်းကျင်ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းဆောင်တာများ စတင်နေကြပေပြီ။ ယခု ဇူလိုင်၂၁ ပြန်လည်ရောက်ရှိခဲ့သော တတိယတစ်ခေါက် ခရီးစဉ်ကမူ ပျောက်ဆုံးသွားသော စစ်တွေမြို့ကြီးကို ပြန်တွေ့လိုက်ရဘိ အလား၊ စိတ်မှာ ကြည်နူးဝမ်းသာဖြစ်ရပါ၏။

၁၉၉၆ ခုနှစ်မှာ စတင်ရောက်ဖူးခဲ့သော စစ်တွေ၊ ရခိုင်သားလေသံနှင့်ပြောရလျှင် ငါရို့ချစ်တေမြို့စစ်တွေ၊ အနှီစစ်တွေအပါအဝင် ရခိုင်ဒေသသို့ နတလဝန်ထမ်းဘဝဖြင့် အကြိမ်ပေါင်း များစွာ၊အခေါက်ပေါင်းများစွာ ထပ်မံရောက်ခွင့် ကြုံခဲ့ပါသည်။ အငြိမ်းစားမယူမချင်း ၂၀၁၈ ခုနှစ် အထိဟုဆိုကြပါစို့ရဲ။ လောကာနန္ဒာ၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ၊ လက်ဝဲသလုံးတော်၊ အဓိဋ္ဌာန်စေတီ အစရှိသော တန်ခိုးကြီးဘုရားများကို ဖူးမြော်သည်။ စစ်တွေပွိုင့်မှာ အေးအေးလူလူ အပန်းဖြေနားနေ ခွင့်ရခဲ့သည်။ ကမ်းခြေက သဲပုံစေတီပွဲဆင်နွှဲနေသူများကိုလည်း အုန်းစိမ်းရည် လေးသောက်ရင်း ငေးခဲ့ဖူးသည်။ စစ်တွေမြို့ထဲက ဘဏ်နားမှာရောင်းသည်ဆိုသော နာမည်ကြီး ဒေသ အစားအစာ စာနာပါရာမုန့်ကိုလည်း စားခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ရင်းနှီးချစ်ခင်ခြင်း၊ သံယောဇဉ်ရှိခြင်းတို့နှင့် အသားကျနေသော စစ်တွေမြို့ကြီးသည် မိုခါမုန်တိုင်းတိုက်ခတ်အပြီး ကျွန်တော်မြင်ကွင်းထဲမှ ခေတ္တခဏ ကွယ်ပျောက်သွားခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကြီးစွာ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ၏ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌လာရောက် တာဝန်ထမ်းဆောင်ကြသော တပ်မတော်အရာရှိကြီးများ အပါအဝင် လုပ်အားဒါနပစ္စည်းနှင့် ငွေအလှူ ဒါနပေးလှူကြသူများအားလုံး၏ ကြည်လင်ထက်သန်သော ဇောစေတနာတို့ကြောင့် စစ်တွေ မြို့ကြီးအပါအဝင် မြို့နယ်အသီးသီး၌ အချိန်တိုအတွင်း မူလအခြေအနေသို့ ရောက်လုနီးပါး ဖြစ်နေကြောင်း တွေ့ရသည်။ မျှော်မှန်းထားသည်ကတော့ အရာအားလုံးသည် မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်ရပေမည်။ ယခုလတ်တလောမှာပင် ကျွန်တော့်မြင်ကွင်းထဲက ခေတ္တခဏ ကွယ်ပျောက်သွားသော ငါရို့ချစ်တေမြို့စစ်တွေကို ပြန်လည်တွေ့မြင်ခွင့်ရနေပြီ မဟုတ်ပါလား။

မင်းသားရွှေဘမကြာမီလာပါတော့မည်

ငယ်စဉ်ကကြည့်ခဲ့ဖူးသော မင်းသားကြီးရွှေဘ၏ ရုပ်ရှင်ကားများ၊ ကျွန်တော်အပါအဝင် တောကလူ အများအပြားကရွှေဘကို ကြိုက်ကြသည်။ ကြိုက်ကြပေမပေါ့၊ ရွှေဘဆိုတာက မြေရှင်ယာရှင် ဓနရှင်တွေကို အမြဲတော်လှန်ခဲ့သူ ပစ္စည်းမဲ့လူတန်းစားများ၏ကယ်တင်ရှင်၊ တောကဖိုးတုတ်လိုဇာတ်ကားမျိုးဆိုလျှင် အားပေးလိုက်ကြသည်မှာ လက်ခုပ်သံက တဖြောင်းဖြောင်း၊ အခက်အခဲ အကျဉ်းအကျပ်ထဲကျ နေပြီဆိုလျှင် ရွှေဘလာကယ်မည်ကို ကြိုသိနေကြသည်။ လူဆိုးတွေနှင့် ယှဉ်ပြိုင်ထိုးသတ်နေလျှင်လည်း ရွှေဘနိုင်မှ၊ သို့မဟုတ်ကတော့ လယ်ကွင်းထဲမှာ ထောင်ထားသော ပိတ်ကားခမျာ ပုစွန်ကျစ်စာခဲစာ ပြောင်းဖူးရိုးစာ မိပြီသာမှတ်။ ယခုလည်း ခေါင်းစဉ် တတ်ထားသည်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ သို့သော်ငြားလည်း ယခုချိန်ထိ နယ်စပ်ရေးရာဟူ၍ တစ်လုံးမျှမပါသေး၊ “မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင် ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ကျွန်တော်ဂုဏ်ပြုဆောင်းပါးများ ရေးသားနေသည်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအထိ ၁၁ ပုဒ် ရှိသွားခဲ့ပေပြီ။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများက ကျန်နေဆဲ။ အဆိုပါဝန်ကြီးဌာနများနှင့် စပ်လျဉ်း၍ အားနာစွာဖြင့် ကျွန်တော်ပြောလိုသည်ကတော့ မင်းသားကြီးရွှေဘ မကြာမီလာပါတော့မည်ဟူ၍ သာ…။

နယ်စပ်ရေးရာဝန်ကြီးဌာနဆိုသည်မှာ

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝန်ကြီးဌာနအဖြစ် အားလုံးသိထားကြပြီး ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ရခိုင်ပြည်နယ်သည်လည်းပဲ နယ်စပ်ဒေသများထဲမှာ ပါဝင်နေသည့်အတွက် မိုခါမုန်တိုင်းမကျရောက်မီမှာ အချိန်ကာလများစွာကတည်းက ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း အထူးပြောရန်ပင် မလိုတော့ပါ။ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် “ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ” တွင်လည်းကောင်း၊ “ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ” တွင်လည်းကောင်း ဥက္ကဋ္ဌတာဝန် ကို ယူထားရပါသည်။ ထိုထက်ပို၍ညွှန်းဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီတွင်လည်း အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေပါသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ အောက်ပါတို့ကို ထည့်သွင်းမိန့်ကြားခဲ့သည် -

“နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးနှင့် သက်ဆိုင်ပြီး အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုး များအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတွေလည်း တိုးတက်လာမှာပဲဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း” “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည် ကို အလေးအနက်သတိမူကြရမည်ဖြစ်ကြောင်း”

အထက်ပါ လမ်းညွှန်ချက်များနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း၌လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသည်မှာ ၁၉၈၉ ခုနှစ်မှ ယနေ့ကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ဖြစ်သည်။ ဆက်လက်၍လည်း ဆောင်ရွက်ပေးဦးမည်သာ။

မိုခါမုန်တိုင်းသင့်ကာလ ပါဝင်ဆောင်ရွက်မှုများ

ဆိုခဲ့သည့်အတိုင်း နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ၊ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် မိုခါမုန်တိုင်းမဖြစ်ပေါ်မီ အကြိုကာလများတွင် ပြင်ဆင်မှုများ ပြုလုပ်၍လည်းကောင်း မုန်တိုင်းဒဏ်ခံရပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ်ပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍လည်းကောင်း ထက်ထက်သန်သန်ကူညီဆောင်ရွက်ခဲ့သည်။

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးသွားသော ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ လမ်း/တံတားများ၊ လူနေအိမ်များစသည်တို့ ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်လမ်းညွှန်မှုအရလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း၊ တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာခဲ့သည်။ ထိုအထဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ခုနစ်ပေသွပ်ချပ် ၁၀၀၀၀ ၊ ဘိလပ်မြေအိတ် ၃၀၀၀ ၊ သွပ်ရိုက်သံ/သံရိုက်သံ ၇၂၅ ပိဿာတို့ကို ပါဝင် လှူဒါန်းခဲ့သည်။ မုန်တိုင်းသင့်ဒေသများတွင် လတ်တလောကြုံတွေ့ရသည့် အခက်အခဲမှာ စားရေးဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုများ၊ အလှူရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ပေးပို့လှူဒါန်းမှု များဖြင့် ဆန်နှင့် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ အစရှိသည်တို့ကို စစ်ရေယာဉ်မုတ္တမကဲ့သို့ တပ်မတော်ရေယာဉ်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရေယာဉ်နှင့် ပုဂ္ဂလိက ရေယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ မြန်မာ့ လေကြောင်းမှ လေယာဉ်များ၊ ကုန်းလမ်းခရီးမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ ယင်းကဏ္ဍ၌လည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆန်အိတ် ၁၀၀၀၊ ဆီပိဿာ ၁၅၀၀၊ ဆားအိတ် ၃၀၊ ကုလားပဲ ပိဿာ ၃၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၂၀၀၀၊ သောက်ရေသန့်ကတ် ၂၅၀၀ လှူဒါန်းခဲ့ပါသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကွပ်ကဲဆောင်ရွက်

မုန်တိုင်းသင့်ဒေသများ အားလုံးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကွပ်ကဲဆောင်ရွက်ကြသူများမှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့ ဖြစ်ကြသည်။ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့က တပ်ပိုင်းဆိုင်ရာကွပ်ကဲမှုကို ဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ပေးထားသော တပ်မတော်အရာရှိကြီး ၁၄ ဦးလည်း ရှိနေသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှုများဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများ သည် မိမိတို့ တာဝန်ယူထားရသော ဆပ်ကော်မတီများအလိုက် ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကအစ၊ နေထိုင်စားသောက်၍ကိစ္စရပ်များကို တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သဘာဝဘေးကြုံတွေ့လာချိန်တွင်လည်း အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးရေးလုပ်ငန်းများကို လတ်တလော စီစဉ်ဆောင်ရွက် ပေးခဲ့ကြသည်။ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးခဲ့သည်။

ယင်းလုပ်ငန်းများဆောင်ရွက်ရင်းဖြင့် အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် ဆေးရုံ၊ ဆေးခန်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးနိုင်ရေး၊ ဆက်သွယ်ရေးအော်ပရေတာများ ပြန်လည် ကောင်းမွန်ရေး၊ လျှပ်စစ်မီးများ ပြန်လည်ပို့လွှတ် ပေးနိုင်ရေး၊ သတ်မှတ်ကာလအမီ ကျောင်းများ၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သာသနိက အဆောက်အအုံများ၊ တန်ခိုးကြီးဘုရားစေတီများ၊ ယဉ်ကျေးမှုအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး၊ လမ်း/တံတားများ ပြန်လည်ကောင်းမွန်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် အထူးသဖြင့် မိုးစပါးရာသီအမီ စပါးမျိုးများနှင့် ထွန်ယက်စိုက်ပျိုးရေးကိစ္စ၊ သွင်းအားစုပံ့ပိုးပေးရေး ကိစ္စများအဆင်ပြေချောမွေ့စေရေး၊ တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သော သစ်ခွဲသားများ အချိန်မီရောက်ရှိ ဖြန့်ဖြူးပေးနိုင်ရေး စသည်တို့ကို ကွပ်ကဲကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။ ကုလားတန် ဘက်စုံသုံးဆိပ်ကမ်းတွင် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော သင်္ဘောကြီးများ ဝင်/ထွက် ဆိုက်ကပ်မှုများ အဆင်ပြေ/မပြေ၊ ပစ္စည်းများ လျင်မြန်စွာ ချထားသယ်ယူနိုင်မှု ရှိ/ မရှိနှင့် သက်ဆိုင်ရာနေရာဒေသများသို့ အချိန်မီ ရောက်/မရောက်ကိုလည်း မပြတ်ကြည့်ရှုစစ်ဆေးကြ ရပါသေးသည်။ ထိုလုပ်ငန်းများတွင် အဓိကအခန်း ကဏ္ဍတွင် ပါဝင်ထမ်းရွက်နေကြသော၊ တစ်နည်းအားဖြင့်ပြောရလျှင် လုပ်အားဒါနပြုနေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ သူတို့သည် သင်္ဘောဆိပ်တွင် သာမက မြို့အလိုက်၊ မြို့နယ်အလိုက် ရှင်းလင်းရေးလုပ်ငန်းများတွင် လည်း နိစ္စဓူဝ မိုးလင်းမိုးချုပ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မိုခါမုန်တိုင်းက သစ်ပင်ကြီးငယ်မဟူ အားလုံးကိုရသလောက် ဖြိုသွားခဲ့ပေရာ လဲကျခဲ့သောအချို့ အပင်များမှာ အလွန်ကြီးမားသည်။ သာမန်ဓားများ၊ လွှများဖြင့် ဖြတ်တောက်ရှင်းလင်းရန် မလွယ်ကူပါ၊ Chain Saw တွေကူရသည်။ မကြာခဏလည်း ပျက်၏။ ထိုရှင်းလင်း‌‌ရေးလုပ်ငန်းများတွင် အသုံးပြုရန် နယ်စပ်ရေးရာဝန်ကြီးဌာန က Chain Saw အလက် ၂၀ နှင့် မြက်ဖြတ်စက် ၁၀ လုံးကိုပါ ဝယ်ယူထောက်ပံ့ပေးခဲ့ပါသည်။ ဌာနပိုင်ယာဉ်/ ယန္တရားများကိုလည်း ရှင်းလင်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်စေခဲ့သည်။

ရေသန့်စက်များ ပါဝင်လှူဒါန်း

မုန်တိုင်းသင့်ဒေသများတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ရွေ့လျားရေသန့်ကားများ၊ ဆိုလာသုံးရွေ့လျား ရေသန့်စက်များ Lite Straw ရေသန့်စက်များကို မြို့နယ်အလိုက် ကျေးရွာများသို့ အရောက် ဖြန့်ခွဲပေးပို့ ဆောင်ရွက်ခဲ့သည်။ ထိုအထဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း ဆိုလာသုံး ရွေ့လျားရေသန့်စက် ၁၀ စုံ၊ Lite Straw ရေသန့် စက်အလုံး ၂၀၀ တို့ ပါဝင်လှူဒါန်းပေးခဲ့ပြီး စာသင်ကျောင်းများတွင် ရေမော်တာများ ပြုပြင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ကျေးရွာများ၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကတည်းက တူးဖော်ပေးထားသော ရေကန်များ ပြန်လည်သန့်ရှင်းရေး၊ လက်တူးတွင်းများ၏ အမိုးအကာပြုပြင်ပေးရေးကိစ္စများကိုပါ ပြန်လည် ဆောင်ရွက်ပေးခဲ့သည်။

ဘုရား၊ စေတီနှင့် သာသနိက အဆောက်အအုံများ ပြုပြင်

နယ်စပ်ရေးရာဝန်ကြီးဌာနသည် စစ်တွေမြို့ လောကာနန္ဒာစေတီဝင်းအတွင်းရှိ မဟာဝေယန် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်ရန် ငွေကျပ် ၁၄၀ ဒသမ ၉၇၆ သန်း၊ လောကာနန္ဒာစေတီ တော်ဝင်းခြံစည်းရိုးနှင့် ရင်ပြင်တံတိုင်းပြုပြင်ရန် ငွေကျပ် ၁၁ ဒသမ ၁၃၁ သန်း၊ ရန်အောင်မြင် ဓာတုကိုးနဝင်းစေတီပြုပြင်ရန် ၂၄ ဒသမ ၄၂၈ သန်း၊ မြောက်ဘက်ကိုးနဝင်းဓာတုဧစေတီ အဆောက်အအုံပြုပြင်ရန် ငွေကျပ် ၁၆ ဒသမ ၄၅၁ သန်း၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး မြန်မာမှုလုပ်ငန်းများ ပြုပြင်ရန်အတွက် ငွေကျပ် သန်း ၆၁ ဒသမ ၇၅၀ ၊ ရှင်ကလေစေတီထီးတော် ပြုပြင်ရန် ငွေကျပ်သန်း ၆ ဒသမ ၃၀၊ မဟာဇေယျသိဒ္ဓိ စေတီသိမ်နှင့် ထီးတော်ပြုပြင်ရန် ငွေကျပ်သန်း ၁၂ ဒသမ ၂၆၀ ၊ လက်ဝဲသလုံးတော်ဓာတ်စေတီ အဆောက်အအုံပြုပြင်ရန် ငွေကျပ် ၃ ဒသမ ၇၀၂ သန်း၊ အရှေ့ဘက်ကိုးနဝင်း ဓာတုဧစေတီပြုပြင်ရန် ငွေကျပ်သန်း ၁၀ ဒသမ ၄၀၊ ရန်ပြေမာန်ပြေဘုရားကြီး သိမ်တော်ရွှေဆေး၊ ဆလိုက်မီးနှင့် ရေတိုင်ကီများ ပြုပြင်ရန် ငွေကျပ် ၈ ဒသမ ၁၀ သန်း၊ မောင်တော ခရိုင် တောင်ပြိုလက်ဝဲ နံ့သာတောင်ဘုရားကြီးရှိ ကျောင်းသားအိပ်ဆောင်ပြုပြင်ရန် ငွေကျပ် ၁၀ ဒသမ ၀၀ သန်း၊ ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်မင်္ဂလာ ကြိုးတံတားပေ ၃၂၀ ပြန်လည်ပြုပြင်ရန် ငွေကျပ် ၅၉ ဒသမ ၉၂၆ သန်းတို့ကို ကျခံသုံးစွဲလှူဒါန်းခဲ့ပါသည်။ ထို့ပြင် ရှင်မာကုကာသီဒြယ်ဘုရားရှိခိုး ကျောင်း၊ ဟိန္ဒူဘုရားကျောင်းများ ပြုပြင်တည်ဆောက်ရန်အတွက်လည်း အလှူငွေများပေးအပ်ခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဇူလိုင်လ ၂၃ ရက်တွင် ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်၍ ဦးရာဇ်တော်မင်္ဂလာကြိုးတံတား တည်ဆောက် ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အထွေထွေလှူဒါန်းမှုများ

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆိုလာမီးအစုံ ၅၀၀၊ ဌာနဆိုင်ရာ များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များအတွက် ဆိုလာမီးအစုံ ၁၅၀ လှူဒါန်းမှုအပြင် စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာအတွက်လည်း ငွေကျပ်သိန်း ၃၀ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

မိုခါအလွန်ကာလမှာ

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည် ထူထောင်ရေးလုပ်ငန်းများသည် အချိန်ကာလ တစ်ခုတွင် ပြီးဆုံးသွားပါလိမ့်မည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်နေသော နယ်စပ်ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကမူ ရခိုင်ပြည်နယ်အတွက် ဆက်၍ရှိမြဲရှိနေမည်သာ။ ယခုစတင်နေပြီ ဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်လုပ်ငန်းများထဲမှာ လမ်း/တံတားလုပ်ငန်းများလည်း ပါမည်။ တန်ဖိုး နည်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများလည်းပါမည်။ ပြီးတော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ စက်မှုလက်မှုသင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်နေပါလိမ့်မည်။ ထို့ပြင်တဝ နတလဗဟို ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်း များလည်း ရှိနေပါဦးမည်။ စင်စစ်သော်ကား နယ်စပ် ရေးရာဝန်ကြီးဌာန ရခိုင်ဒေသနှင့် နတလလုပ်ငန်း များသည် ခွဲခြား၍မရစကောင်း၊ ၁၉၈၉-၁၉၉၀ ပြည့်နှစ်ကတည်းက ဆုံတွေ့ခဲ့ကြသည့် ရေစက်ဖြစ်သည်။ မိုခါအလွန်ကာလများ၌လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေဦး မည်သာ…။ ။