စိုက်ပျိုးပြီးသစ်ပင်ရေရှည်တည်တံ့စေဖို့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်စို့
အောင်ထက်လင်း (ကြိမ်ချောင်း)
ယခုနှစ်နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့မှုကို တစ်နိုင်ငံလုံး သိသိသာသာ ခံစားခဲ့ကြရပြီး ဒေသအချို့တွင်လည်း ရေရှားပါးမှုများ၊ ရေတွင်းရေကန် ခန်းခြောက်မှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။ ဤဖြစ်စဉ်၏ အဓိကအကြောင်းရင်းမှာ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် လတ်တလောကာလသည် မုတ်သုံဝင်ရောက်ပြီး ဒေသအနှံ့အပြားတွင်လည်း မိုးများ ရွာသွန်းလျက်ရှိသဖြင့် သစ်ပင်စိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သစ်တောသစ်ပင်များသည် လူသားများအပေါ် နည်းလမ်းမျိုးစုံဖြင့် အကျိုးပြုလျက်ရှိရာ အသက်မွေးဝမ်းကျောင်းမှုများကို ဖန်တီးပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများအတွက် ခိုလှုံမှုပေးခြင်း၊ သန့်စင်သောလေကို ရရှိစေခြင်းနှင့် ရာသီဥတုအပေါ် လွှမ်းမိုးနေခြင်းများမှာ သိသာထင်ရှားလှသည်။ ယနေ့ကာလတွင် သစ်ပင်များကို စနစ်တကျစိုက်ပျိုးခြင်း၊ စိုက်ပြီးသည့်အပင်များ ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းခြင်းတို့ကို အလေးထားလုပ်ဆောင်နိုင်ခြင်းမရှိပါက ရေရှည်တွင် သဘာဝဘေးအန္တရာယ်များ၏ ဒဏ်ခတ်မှုကို မလွဲမသွေ ကြုံကြရမည်သာဖြစ်သည်။
သစ်တောမြေဧက ရှစ်သန်းနီးပါးရှိ
ကမ္ဘာ့စားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) ၏ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံစုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း (နိုင်ငံကုန်းမြေဧရိယာ၏ ၄၃ ဒသမ ၇၁ ရာခိုင်နှုန်း)ဖြစ်ပြီး မြန်မာနိုင်ငံသည် နှစ်စဉ်အများဆုံး ကမ္ဘာ့သစ်တောပြုန်းတီးမှု ဧရိယာ ဖော်ပြသည့် နိုင်ငံစာရင်း၌ အဆင့်(၇)တွင်ရှိကြောင်း ဖော်ပြထားသည်။ မိုးရာသီတွင် ရေကြီးရေလျှံဖြစ်ပေါ်ခြင်း၊ နွေရာသီတွင် အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေရှားပါးခြင်း၊ ဆောင်းရာသီကာလ တိုတောင်းမှုဒဏ်များကို နှစ်အနည်းငယ်အတွင်း ပြင်းပြင်းထန်ထန် ခံစားလာကြရပြီး လူသားတို့၏ ပယောဂကြောင့် သစ်ပင်သစ်တောများပြုန်းတီးခြင်းမှာ အဓိကအချက်ဖြစ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သစ်တောပြုန်းတီးမှုအများဆုံး ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဧပြီလအထိ ငါးနှစ်တာကာလအတွင်း သစ်တော မြေဧက ရှစ်သန်းနီးပါးရှိသော်လည်း ပြန်လည်စိုက်ပျိုးနိုင်သည့်ပမာဏမှာ ၎င်းပမာဏ၏ထက်ဝက် ခန့်ပင်မရှိပေ။
သစ်တောဖုံးလွှမ်းမှုပြန်လည်ကောင်းမွန်လာစေရေးအတွက် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုရပ်ဆိုင်းခြင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ်ရပ်ဆိုင်းခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် စီးပွားဖြစ် တရား မဝင်သစ်ခုတ်မှု၊ သယံဇာတတူးဖော်မှု၊ ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုနှင့် ကျေးလက်နေပြည်သူများ အတွက် ထင်းလောင်စာလိုအပ်မှုတို့က သစ်ပင် သစ်တောများ ပြုန်းတီးနေဆဲဖြစ်ကာ အဆိုပါ ကိစ္စရပ်များအတွက် ကြိုတင်ကာကွယ်ရန်မှာ သစ်ပင်သစ်တော ခုတ်ထွင်မှုများကို ကြပ်မတ် ထိန်းသိမ်းခြင်း၊ စိုက်ကွက်စိုက်ခင်းများ အစားထိုး ခြင်းနှင့် နိုင်ငံသားအားလုံး အသိစိတ်ဓာတ်ရှိစွာဖြင့် သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများအပေါ် အခွင့်ကောင်းယူကာ မြန်မာ့သစ်တောများအတွင်း တရားမဝင်သစ်ခိုး ထုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းရှိ ခေါင်လန်ဖူးဒေသ၊ ဗန်းမော်ခရိုင်အတွင်း သစ်တောကြိုးဝိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဧရိယာအတွင်းဖြစ်ကြောင်း သတင်းဖော်ပြ ချက်များအရ သိရသည်။
သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း
မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလများအတွင်း သစ်တောသယံဇာတများကို အလွန်အကျွံထုတ်ယူခဲ့ကြသဖြင့် သစ်တော ပြုန်းတီးမှုများစွာဖြစ်ပေါ်ခဲ့သည်။ ကုလသမဂ္ဂ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင် ခံစာအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တောဖုံးလွှမ်း မှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကုလသမဂ္ဂအဖွဲ့၏ ဆန်းစစ်လေ့လာတွေ့ရှိမှုအရ လွန်ခဲ့သည့် နှစ် ၂၀ ကျော် နောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုရာခိုင်နှုန်းသည် တဖြည်းဖြည်းနှင့် သိသိ သာသာ လျော့နည်းလာကာ သစ်တောများ ပိုမိုပျက်စီးလာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ သစ်တောသစ်ပင်များ လျော့နည်းလာရခြင်းမှာ လူတို့၏ မဆင်မခြင် တရားမဝင်ခုတ်လှဲခြင်းများ ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၌ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်း၊ ထုံးနှင့်မီးသွေးဖုတ်ခြင်း၊ အိမ်သုံးထင်းခုတ်ခြင်း၊ တိရစ္ဆာန်ထိန်းကျောင်းခြင်းစသည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်း များကြောင့် သစ်တောများ တဖြည်းဖြည်း ပြုန်းတီးလာခြင်းဖြစ်သည်။
သစ်တောများပြုန်းတီးလာသည်ကို ကမ္ဘာတစ်ဝန်းတွင် မြင်တွေ့နေရ
လူတို့အကျိုးစီးပွားအတွက် သစ်တောများ တစ်စတစ်စ ပြုန်းတီးလာသည်ကို ကမ္ဘာတစ်ဝန်းတွင် မြင်တွေ့နေရပါသည်။ သစ်တောများပြုန်းတီး လာသောကြောင့် ရာသီဥတုဆိုးရွားစွာပြောင်းလဲလာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ တိမ်ကောပျက်စီး ညစ်ညမ်းလာပြီး ရေချိုများ ခန်းခြောက်လာခြင်း၊ ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာများ ပျက်စီးယိုယွင်းလာခြင်း၊ တောင်ပေါ်ဒေသနှင့် ကုန်းမြင့်များ မှမြေဆီလွှာများ ပြုန်းတီးပျက်စီးလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးလာခြင်း စသည့် ဂေဟစနစ်များ ပျက်စီးယိုယွင်းမှုများနှင့်အတူလူသားများ အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများနှင့် ထိခိုက်မှုများစသည့်အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။
လူဦးရေတိုးပွားလာခြင်းကြောင့် မြို့ပြဧရိယာများ ကျယ်ပြန့်လာခြင်း၊ လူနေထူထပ်လာခြင်းတို့က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ ရေနှင့်စွမ်းအင်သုံးစွဲမှု ပိုမိုများပြားလာခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုအခြေအနေဆိုးရွားလာခြင်းနှင့် လူများ၊ ယာဉ်ယန္တရားများ၊ တိုက်တာအဆောက်အအုံများ ကြောင့် မြို့ပြဒေသ အပူချိန်မြင့်တက်မှုများလည်း ဖြစ်ပေါ်လာရသည်။ ယင်းကို ကာကွယ်နိုင်ရန် အတွက် လမ်းများ၏ ဝဲ၊ ယာတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ဥယျာဉ်များ၊ ပန်းခြံများ စိုက်ပျိုးတည်ထောင်ခြင်း၊ စိမ်းလန်းစိုပြည်သာယာလှပရေး၊ အပူချိန်လျော့ကျရေး၊ သဘာဝမြေအောက်ရေ ပြန်လည် ဖြည့်တင်းပေးနိုင်ရေးတို့အတွက် မြို့ပြသစ်တောများကို စိုက်ပျိုးထိန်းသိမ်းကြရသည်။
ပြီးခဲ့သည့်နွေရာသီ နေ့အပူချိန်များ မြင့်တက်ခဲ့စဉ်က ရန်ကုန်မြို့လယ်ဒေသများတွင် နေထိုင်ကြ သူများအနက် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက် သူများရှိခဲ့ရာ မြို့ပြအပူချိန်မြင့်တက်လာမှုအန္တရာယ်ကို သတိပြုဖွယ်ပင်ဖြစ်သည်။ မြို့လယ်ဒေသများသည် ကွန်ကရစ်တိုက်တာအဆောက်အအုံများ၊ ပလက်ဖောင်းများ၊ လမ်းများဖြင့် ဖုံးလွှမ်းနေခြင်း ကြောင့် ရောင်ခြည်ဖြာထွက်မှုမြင့်မားပြီး အစိုဓာတ်ကင်းမဲ့၍ ခြောက်သွေ့ခြင်းနှင့် အပူချိန်မြင့်မားကာ မြို့ပြဒေသနေထိုင်သူများကို ထိခိုက်မှု ဖြစ်စေသည်။ ထို့ကြောင့် မြို့ပြသစ်ပင်များ အများအပြားစိုက်ပျိုး ထူထောင်ခြင်းအားဖြင့် အရိပ်နှင့် အစိုဓာတ်ကိုရရှိစေပြီး အပူချိန်ကို ထိန်းထားနိုင်သည်။ မြို့ပြ သစ်တောများ စိုက်ပျိုးထိန်းသိမ်းထားခြင်းသည် လေထုထဲရှိ အမှုန်အမွှားများ၊ ကာဗွန်ဒိုင် အောက်ဆိုက်ကဲ့သို့သော ဓာတ်ငွေ့များကို စုပ်ယူထားနိုင်ပြီး လေကိုအေးမြစေသည့်အတွက် မြို့ကို အအေးဓာတ်ပေးသည့် စနစ်တစ်ခုပင်ဖြစ်သည်။
အပင်ပေါင်း သန်း ၂၀ ခန့်စိုက်ပျိုးရန် စီမံဆောင်ရွက်ထား
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသ များတွင် နေထိုင်ကြကာ အများအားဖြင့် နေ့စဉ် နေထိုင်မှုဘဝ၌ ထင်းမီးသွေးကို အသုံးပြုကြသည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကျေးရွာတစ်ရွာလျှင် အနည်းဆုံးထင်းစိုက်ခင်း နှစ်ဧကစိုက်ပျိုးတည်ထောင်ခြင်း၊ သစ်ထုတ်ခုတ်လှဲခြင်းကို ရပ်ဆိုင်းထားခြင်း စသည့်သစ်တော ထိန်းသိမ်းရေးတို့ကို ဆောင်ရွက်ခဲ့သည်။ တစ်ဖက်တွင် ယမန်နှစ်မိုးရာသီက သစ်ပင်သန်း ၂၀ ကျော် စိုက်ပျိုးခဲ့ပြီး ယခုမိုးရာသီတွင် အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုးရန် စီမံဆောင်ရွက်ထားသည်။
ထို့ကြောင့် မြေပေါ်မြေအောက် သဘာဝ သယံဇာတများ ထုတ်ယူသုံးစွဲမှုများကိုလျှော့ချပြီး တိုင်းပြည်၏ အရန်သယံဇာတအဖြစ် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊ နိုင်ငံပိုင်သစ်တောများ ရေရှည်တည်တံ့စေရေး၊ ကျေးရွာပိုင်ထင်းစိုက်ခင်း များတည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင်လည်း သစ်ပင်စိုက်ပျိုးရေးပွဲတော်များပြုလုပ်ကြကာ စိမ်းလန်း သာယာလှပသည့် မြန်မာ့ရေမြေတောတောင်များ ပြန်လည်ဖြစ်ပေါ်လာအောင် ဖန်တီးကြရမည် ဖြစ်သည်။
မြို့ပြသစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းမှ တစ်ဆင့်ပြည်သူလူထု စိတ်ပျော်ရွှင်ကျန်းမာရေး အတွက် စိမ်းလန်းစိုပြည်သည့် အပန်းဖြေနားနေစရာနေရာများ တိုးပွားလာစေခြင်း၊ မြို့ပြ၏ ရေသံသရာ စက်ဝန်းကို ထိန်းညှိပေးနိုင်ပြီး မြေအောက်ရေ ထိန်းသိမ်းပေးခြင်းဖြင့် ကောင်းမွန်သည့်သောက်သုံး ရေရရှိစေနိုင်ခြင်း၊ ထို့ပြင် ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် စိတ်ချမ်းမြေ့စရာပတ်ဝန်း ကျင်ကို ဖန်တီးပေးနိုင်ခြင်း၊
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုမှ ကာကွယ်ပေးနိုင်ခြင်း၊ မြေဆီလွှာကောင်းမွန်စေပြီး မြေယာရှုခင်းများ ထိရောက်စွာထိန်းသိမ်းနိုင်ခြင်းကြောင့် ကမ္ဘာ့သက်ရှိများတည်မြဲရေးကို အထောက် အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင် မည်ဖြစ်သည်။
မြေလွတ်မြေလပ်အားလုံးတွင် သစ်ပင်စိုက်ပျိုးကြရန်
မြန်မာနိုင်ငံ ပြန်လည်စိမ်းလန်းစိုပြည်စေရေးအတွက် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက် ရေးအပြင် မြေလွတ်မြေလပ်အားလုံးတွင် သစ်ပင်စိုက်ပျိုးကြရန်ဖြစ်ကာ သစ်တောသစ်ပင်များသည် နှစ်ပေါင်းရှည်ကြာ အချိန်ယူစိုက်ပျိုးရသည်ဖြစ်၍ လက်ငင်းအကျိုးစီးပွား အမြန်ဖြစ်ထွန်းရန်အတွက် သစ်တောလယ်ယာစိုက်ပျိုးရေးကိုလည်း ပေါင်းစပ် ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် အပင်များသည် မိုးခေါင်ရေရှား၊ မိုးသည်းထန်မှုကိုခံနိုင်ရည်ရှိပြီး သစ်တောလယ်ယာအသုံးပြုသစ်ပင်မှ လူ၊ တိရစ္ဆာန် အစားအစာ၊ စက်မှုကုန်ကြမ်း၊ သစ်၊ လောင်စာ၊ မြေဆီလွှာ၊ စားကုန်နှင့် ဝင်ငွေများတိုးပွားစေသည်။
မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမကြီးတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး သစ်တော သယံဇာတကြယ်ဝခြင်းနှင့်အတူ အပင်မျိုးစိတ်များစွာ၊ ဇီဝမျိုးစုံမျိုးကွဲများစွာတို့လည်း ရှင်သန် တည်ရှိသည်။ မြန်မာနိုင်ငံ နယ်နိမိတ်စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ ကျော်သည် ရေဝေရေလဲ ဧရိယာ အတွင်းကျရောက်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် တည်ရှိနေသည့် အဓိကမြစ်ချောင်းများနှင့် ဆည် များ၊ တာတမံများ၏ ရေဝေရေလဲဒေသများတွင် သဘာဝပတ်ဝန်းကျင်မပျက်စီးအောင် ထိန်းသိမ်းမှု များကို စဉ်ဆက်မပြတ် ပြုလုပ်သွားရမည်ဖြစ်သည်။ ထို့ကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဥပဒေနှင့်အညီ အမျိုးသားဥယျာဉ်များနှင့် ကြိုးပြင်ကာကွယ်တော များကို သတ်မှတ်ကြေညာလျက်ရှိသည်။
သစ်ပင်သစ်တောများသည် အကောင်းဆုံးခံတပ်ကြီးတစ်ခု
အမျိုးသားသစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံ ကိန်းအရသစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ် တောကို နိုင်ငံအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေး နယ်မြေကို နိုင်ငံ့အကျယ်အဝန်း၏ ၁၀ ရာခိုင်နှုန်း အထိတိုးတက်ရန် ဆောင်ရွက်လျက်ရှိသည်။ ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ရာတွင် ရေမြေထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတုညီညွတ် မျှတစေခြင်း၊ မြေဆီမြေသားကောင်းမွန်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း စသည့်လိုအပ်ချက်ကို သဘာဝသစ်တောများကသာ အထိရောက် ဆုံးဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် သဘာဝတောများကို အဓွန့်ရှည်စွာ တည်တံ့ဖွံ့ဖြိုးစေရန် ရည်ရွယ်ခြင်းဖြစ်ရာ ဒေသခံပြည်သူများ သိရှိနားလည် သဘောပေါက်စေရန် လိုအပ်သည်။ သစ်ပင်သစ်တောများသည် ရာသီဥတုပြောင်းလဲမှုအတွက် အကောင်းဆုံးခံတပ်ကြီးတစ်ခုဖြစ်ရာ သစ်တော ထိန်းသိမ်းရေးကို အာဏာပိုင်များသာမက ပြည်သူ လူထုအားလုံးကလည်း သစ်တောပြုန်းတီးမှုမရှိစေရန် ကာကွယ်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ သစ်တောမှ ထုတ်ယူသည့် လောင်စာစွမ်းအင်ကို တတ်စွမ်း သရွေ့လျှော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များကို အသုံးပြုခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်သည်။
သစ်တောပြုန်းတီးမှုများကို ပိုမိုဖြစ်ပွားစေသည့် ချိန်းဆော(Chain Saw) ခေါ် လျှပ်စစ်လက်ကိုင် သစ်ဖြတ်စက်များ တင်သွင်းရောင်းချမှုကို ထိန်းချုပ်ခြင်း၊ သစ်တောပြုန်းတီးမှုကာကွယ်ရေးနည်း လမ်းများ၊ မူဝါဒများကို လက်တွေ့ကျကျ အကောင် အထည်ဖော်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းဧရိယာများ တိုးချဲ့ခြင်းတို့ကို လုပ်ဆောင်သင့်ပါသည်။ သို့မှသာ မြန်မာ့သစ်တောများ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
သန်းနှင့်ချီ၍ စိုက်ပျိုးခဲ့သော အပင်များဆက်လက်ရှင်သန်ရေး ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစိုက်မှုအားနည်းခြင်း၊ စိုက်ပျိုးစဉ်ကပင် နည်းစနစ်မှန်ကန်စွာ မစိုက်ခဲ့ခြင်းနှင့် ရန်သူ မျိုးငါးပါးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် အပင်အရေအတွက် အများစုမှာ ပျက်စီးဆုံးရှုံးမှု များနှင့် ရင်ဆိုင်ကြရသည်။ စိုက်ပျိုးပြီးအပင်များရှင်သန်မှုကို လေ့လာဆန်းစစ်သည့် အစီအမံများ စနစ်တကျလုပ်ဆောင်ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကြီးထွားနေသည့် အပင်များ ထိခိုက်မှုအနည်းဆုံးဖြစ်စေခြင်းတို့ကို အလေးထားလုပ်ဆောင်နိုင်မှသာ ငွေအား၊ လူအားများစွာဖြင့် ရင်းနှီးစိုက်ပျိုးခဲ့ရသောအပင်များ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။