Skip to main content

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆိုရာတွင်

ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင်အကြီးမားဆုံးစီးပွားရေးလုပ်ငန်းကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေသည့် ခရီးစဉ်ဒေသသစ်များနှင့် ပြည်တွင်းခရီးသွားဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသည်။ ပြည်တွင်းခရီးသွား အရှိန်အဟုန်ဖြင့်တိုးတက်လာခြင်းသည် ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများအပေါ် သက်ရောက်မှု များစွာရှိသည်။

ပြည်တွင်းခရီးသွားများ မြန်မာနိုင်ငံအတွင်း တည်းခိုနေထိုင်လည်ပတ်မှုများသည် ၂၀၂၂ ခုနှစ် တွင် ၅ ဒသမ ၇၈ သန်းအထိရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပြည်ပခရီးသွားများ တည်းခိုနေထိုင်လည်ပတ်ခဲ့မှုမှာ ၀ ဒသမ ၆၆ သန်းသာရှိခဲ့သဖြင့် ပြည်တွင်းခရီးသွားသည် ခုနစ်ဆခွဲရှစ်ဆအထိ ပိုမိုများပြားခဲ့သည်။ ခရီးသွားလုပ်ငန်းသည် အထိန်းအကွပ်မဲ့ အလွန်အကျွံတိုးတက်လာပါက တည်ရှိပြီးခရီးစဉ်ဒေသများနှင့် အသစ်ဖြစ်ထွန်းမည့် ခရီးစဉ်ဒေသများ၏ရေရှည်တည်တံ့မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်လာမည်ဖြစ်သည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခရီးစဉ်ဒေသများမပျက်စီးစေရေး အထူးအလေးပေး ဆောင်ရွက်လာကြသည်။ အချို့ခရီးစဉ်ဒေသများကို ယာယီပိတ်သိမ်း၍လည်းကောင်း၊ အချို့ခရီးစဉ်ဒေသများကို ခရီးသွားဧည့်သည် အရေအတွက်ကိုအကန့်အသတ်ဖြင့်လက်ခံ၍လည်းကောင်း နည်းလမ်းမျိုးစုံ ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ခြိမ်းခြောက်ခံ ခရီးစဉ်ဒေသများ

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်စေရေး အဓိကပါဝင်ပတ်သက်နေသည့် ခရီးသွား ဧည့်သည်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးစဉ်ဒေသများရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးစဉ်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ ဒေသခံများအားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ခရီးစဉ်ဒေသများရေရှည်တည်တံ့ ခိုင်မြဲရေးသည်ခရီးသွားဧည့်သည်များ၏ စောင့်ထိန်းလိုက်နာမှုများပေါ်တွင် များစွာတည်မီနေသည်။ ခရီးသွားများအနေဖြင့် သွားရောက်လည်ပတ်သည့် ခရီးစဉ်ဒေသများတွင် အမှတ်တမဲ့ပြုမူဆောင်ရွက်မှုများသည် ခရီးစဉ်ဒေသများကို ထိခိုက်စေသဖြင့် သတိပြုရှောင်ရှားကြရန်လိုအပ်ပေသည်။ ဥပမာ-ကမ်းခြေဒေသများတွင် သန္တာကျောက်တန်းများ၊ ရှားပါးရေနေသတ္တဝါမျိုးစိတ်များဖြင့် ပြုလုပ်ထားသည့် အမှတ်တရပစ္စည်းများ၊ အသုံးအဆောင်များ၊ အစားအသောက်များကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံများတွင် အကျည်းတန်စေသည့် မင်ဖျက်ဆေး (Correction Pen)များဖြင့် ရေးခြစ်ခြင်း၊ ဖျက်ဆီးခြင်းများကို ရှောင်ကြဉ်ကြရန် လိုအပ်ပါသည်။ တစ်ဦးချင်းစောင့်ထိန်းမှု မရှိခြင်းများသည် အမျိုးသားအမွေအနှစ်များ၏ ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်လျက်ရှိသည်။

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း

သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအပေါ် ထိခိုက်မှုမရှိဘဲ ကုန်ကျစရိတ် အနည်းဆုံးဖြင့် အကျိုးအမြတ်အများဆုံးရရှိစေသည့် ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဟုဆိုကြသည်။ လူတစ်စုသာ အကျိုးအမြတ်ရရှိပြီး နိုင်ငံတော်အတွက်လည်းကောင်း၊ ဒေသခံပြည်သူ များအတွက်လည်းကောင်း အကျိုးဖြစ်ထွန်းမှု မရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ခရီးစဉ်ဒေသကိုပါ ထိခိုက်စေသည့် ခရီးသွားလုပ်ငန်းများကို ကြိုတင်တားဆီးရန်လိုအပ်သည်။

ခရီးသွားဧည့်သည်များစုပြုံ၍ အများအပြားလာရောက်လည်ပတ်ခြင်း၊ ခရီးစဉ်ဒေသများရှိ သဘာဝအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းမှု အားနည်းခြင်းများသည် ခရီးစဉ်ဒေသများရေရှည်တည်တံ့ခိုင်မြဲရေးကိုထိခိုက်စေသည့် အခြေခံအချက်များဖြစ်သည်။

မဏ္ဍိုင် သုံးရပ်

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ လူမှုဝန်းကျင်မထိခိုက်စေရေး၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိစေရေးဆိုသည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကိုအခြေခံ၍ ဆောင်ရွက်ကြပြီး ယင်းမဏ္ဍိုင်ကြီးသုံးရပ် ဟန်ချက်ညီစွာဆောင်ရွက်နိုင်ရေးမှာ အလွန်အရေးကြီးသည်။

ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးသက်ရောက်မှုများ ကို အနည်းဆုံးပမာဏသာဖြစ်စေခြင်း၊ သဘာဝအရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ ခရီးစဉ်ဒေသရှိ သဘာဝပတ်ဝန်းကျင်အပေါ်တွင် ဧည့်သည်များ၏ဂရုတစိုက်ရှိမှုနှင့် သိမြင်နားလည်မှုများကို မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းအတွက် အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးပြုခြင်းတို့သည် ပထမမဏ္ဍိုင်၏ ပင်မလုပ်ငန်းများဖြစ်သည်။

ဒုတိယမဏ္ဍိုင်မှာ ဒေသခံများ၏ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် အသိပညာများရရှိခွင့်ကို မြှင့်တင်ပေးခြင်း၊ ခရီးသွားလုပ်ငန်းအတွေ့အကြုံများကိုရရှိစေခြင်းနှင့် ထိုအတွေ့အကြုံများမှတစ်ဆင့် ကိုယ်တိုင် ဖန်တီးလုပ်ဆောင်ခွင့် ရရှိစေခြင်း၊ ခရီးစဉ်ဒေသရှိယဉ်ကျေးမှုအမွေအနှစ်များ၊ လူနေမှုပုံစံများ၊ ရိုးရာဓလေ့များအပေါ်တွင် ဧည့်သည်များ၏ အလေးအနက်ရှိမှုနှင့်သိမြင်နားလည်မှုကို မြှင့်တင်ခြင်းတို့ ဖြစ်သည်။

တတိယ မဏ္ဍိုင်ဖြစ်သော စီးပွားရေးအရ အကျိုးအမြတ်ရရှိရေးကို ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းများ၏ အရေးပါမှုကိုသိမြင်ပြီး အလေးထားဆောင်ရွက်ခြင်း၊ ဒေသခံများအတွက် အကျိုးအမြတ်ရရှိမှုကို ဖြစ်စေခြင်းနှင့်ဒေသခံများ ခရီးသွားလုပ်ငန်းများတွင် ကိုယ်တိုင် အမှီအခိုကင်းစွာဖြင့် ရပ်တည်ဆောင်ရွက်လာနိုင်ခြင်း စသည့်အချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရပါမည်။

တာဝန်သိခရီးသွားများ

ပြည်တွင်းခရီးသွားများဖြစ်စေ၊ ပြည်ပခရီးသွားများဖြစ်စေ မိမိကိုယ်ကိုတာဝန်ယူမှုရှိသော ခရီးသွားများဖြစ်လာစေရေး ခရီးသွားစဉ်စောင့်ထိန်းရမည့် ကျင့်ဝတ်များကို စောင့်ထိန်းကြရန်လိုအပ်သည်။ တစ်ဦးချင်းတစ်ယောက်ချင်းမှသည် အားလုံးပါဝင်သည့် တာဝန်သိစွာခရီးသွားတတ်သည့် ယဉ်ကျေးမှုထွန်းကားလာအောင် ဆောင်ရွက်ကြရမည်။ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းအတွက် မိမိတို့သည် မည်သည့်နယ်ပယ်၊ မည်သည့်နေရာဒေသ၊ မည်သည့်အလုပ်အကိုင်၊ မည်သည့်အခန်းကဏ္ဍတွင် ရှိနေ စေကာမူ ခရီးသွားတစ်ဦး၏ တာဝန်ဝတ္တရားများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ကြရ မည်။ မိမိသည်တာဝန်ယူမှုရှိသော ခရီးသွားသူ တစ်ဦးဖြစ်လာစေရေး အောက်ပါအချက်များကို မိမိတတ်နိုင်သမျှ လိုက်နာကျင့်သုံးရန် တိုက်တွန်းလိုပါသည်-

-ခရီးသွားရန် စတင်ဆောင်ရွက်စဉ်ကပင် မိမိသွားရောက်မည့် ခရီးစဉ်ဒေသရှိ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစား ရွေးချယ်ခြင်း။

-ခရီးစဉ်တစ်လျှောက်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ရှောင်ကြဉ်ခြင်း။

-ခရီးစဉ်အတွင်း နေထိုင်လည်ပတ်မှုများတွင် စွမ်းအင်သုံးစွဲမှုကို ချွေတာခြင်း။

-မိမိ၏ ဈေးဝယ်အိတ်၊ တစ်ကိုယ်ရေသုံး အမှိုက်အိတ်များဆောင်ယူသုံးစွဲခြင်း။

-ပလတ်စတစ်ဘူးများ၊ ပလတ်စတစ်အိတ် များ၊ ဖော့ဘူးများကို လျှော့ချ သုံးစွဲခြင်း။

-ဒေသခံများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုများကို အသိအမှတ်ပြု လေးစားတန်ဖိုး ထားခြင်း။

-မျိုးသုဉ်းပျောက်ကွယ်တော့မည့် ရှားပါးအပင်မျိုးစိတ်များနှင့် တိရစ္ဆာန်မျိုးစိတ်များကို ထိန်းသိမ်းခြင်း။

-ဒေသခံများထုတ်လုပ်ထားသည့် အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ဒေသထွက်ပစ္စည်း များကို ဝယ်ယူအားပေးခြင်း၊ ဒေသခံများ၏ စားသောက်ဆိုင်များ၊ စီးပွားရေးလုပ်ငန်း များကို အားပေးခြင်းဖြင့် ဒေသ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုပေးခြင်း။

-ဒေသခံများ၏ လူနေမှုဓလေ့စရိုက်များကို အသိအမှတ်ပြုလေးစားပြီး လိုက်လျော ညီထွေစွာ ပြုမူနေထိုင်ခြင်း။

-တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ သုံးစွဲမှုများ၊ လိင်ကုန်ကူးခြင်းများ မပြုလုပ်ခြင်း။

-သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ်တာဝန်သိသော၊ ကျင့်ဝတ်လိုက်နာသော ခရီးသွားလုပ်ငန်းများကိုသာ မိမိ၏ ခရီးစဉ်အား စီစဉ်ပေးသူအဖြစ် ရွေးချယ်အသုံးပြု ခြင်း။

-အနည်းဆုံး ရေပမာဏကိုသာသုံးစွဲခြင်း။

တာဝန်သိခရီးသွားလုပ်ငန်းများ

ယခင်သမားရိုးကျ ခရီးသွားလုပ်ငန်းများသည် အမြတ်ဗဟိုပြု စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းသည် အတ္တပရမျှတသည့်၊ လူမှုတာဝန်ကျေသည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် မည်သည့်ကဏ္ဍ၌ရင်းနှီးမြှုပ်နှံ၍ စီးပွားရေး ဆောင်ရွက်ကြသည်ဖြစ်စေ ရေရှည်တည်တံ့စေရေးအတွက်ဘက်ပေါင်းစုံမှ စဉ်းစားလုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်မပျက်စီးစေရေးနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝမထိခိုက် စေရေးများကို ကြိုတင်လေ့လာတွက်ချက်ပြီး ထိခိုက်မှုအနည်းဆုံးဖြင့် အမြတ်ရရှိရေးကို စဉ်းစား လုပ်ကိုင်လာကြသည်။ လူမှုတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကိုအားပေးလာကြသည်။ ခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေမည့် ကျင့်ဝတ်များ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများကိုသာ ဒေသခံများကလက်ခံကြိုဆိုလာကြပြီဖြစ်သည်။ ဒေသခံများနှင့် သဟဇာတဖြစ်ပြီး ဒေသကိုအကျိုးပြုသော၊ သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းသော တာဝန်သိခရီးသွားလုပ်ငန်းများအတွက် အခြေခံကျင့်ဝတ်များကိုမျှဝေလိုပါသည်။ အောက်တွင်ဖော်ပြထားသည့် အခြေခံကျင့်ဝတ်များနှင့် သွေဖည်ခဲ့ပါက ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဟဇာတဖြစ်မှုကို ထိခိုက်စေပါသည်-

-ကာလရှည်ကြာ အကျိုးဖြစ်ထွန်းမှုကို အာမခံနိုင်ပြီးအမြတ်ရရှိစေမည့် ဦးတည်ဈေးကွက်တစ်ခုကိုသာ ဝန်ဆောင်မှုပေးခြင်း။

-ခရီးစဉ်ဒေသများနှင့် အဆိုပါခရီးစဉ်ဒေသများတွင် ရှိနှင့်ပြီးသည့်ယဉ်ကျေးမှုအမွေအနှစ်များကို အသိအမှတ်ပြုအလေးအနက်ထားသည့်လုပ်ငန်းများ ဖြစ်လာစေရေး ခံယူဆောင်ရွက်ခြင်း။

-ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သိသာထင်ရှားသည့် အကျိုးအမြတ်ကို ဖြစ်ထွန်းစေခြင်း။

-သဘာဝပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းများအကြား သဟဇာတဖြစ်မှုနှင့် အပြန်အလှန် အကျိုးသက်ရောက်မှုကိုဖြစ်ထွန်းစေခြင်း။

-ရေမြေတောတောင်များ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လူနေမှုဓလေ့စရိုက် ယဉ်ကျေးမှုများကို ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် အရင်းအနှီးစိုက်ထုတ်မှုကို မြှင့်တင်ခြင်း။

-မတူကွဲပြားသည့် ဒေသခံလူမှုအဖွဲ့အစည်းများအား အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်နှင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းတတ်လာစေရန် ကူညီဆောင်ရွက်ပေးခြင်း။     

တာဝန်သိခရီးသွားလုပ်ငန်းများ ပေါ်ပေါက်လာမှသာ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖြစ်တည်လာမည်။ ဒီတာဝန်ကို တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ထမ်းဆောင်နိုင်မည်မဟုတ်ပါ။ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိပါသည်။

နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေပြီး ဆပွားအကျိုးသက်ရောက်မှုကျယ်ပြန့်သည့် ခရီးသွားလုပ်ငန်းကို အမြတ်ရရှိရေးသာ ဦးတည်ဆောင်ရွက်ရာမှ ရေရှည်တည်တံ့ရေးကို ဦးတည်ဆောင်ရွက်လာစေရေး ပါဝင်ပတ်သက်သူအားလုံး အလေးထားဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။

ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများ

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းသည် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို ထိထိရောက်ရောက်နှင့် စရိတ်သက်သာစွာဖြင့်ဆောင်ရွက် နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသများ၏ ဂေဟစနစ်နှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို သဘာဝအတိုင်း ထိန်းသိမ်းနိုင်ခြင်း၊ ခရီးစဉ်ဒေသများကို မူလအတိုင်း ထိန်းသိမ်းထားနိုင်ခြင်းဖြင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်စေရန် ဆွဲဆောင်နိုင်ခြင်း၊ ခရီးစဉ်ဒေသများ၏အရည် အသွေးနှင့်ဒေသတွင်းနိုင်ငံများရှိ ခရီးစဉ်ဒေသများနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်နိုင်ခြင်း၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြှင့်တင်နိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ကာကွယ်ပေးခြင်းကြောင့် နောင်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် အမွေများချန်ထားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့သောနည်းလမ်းများဖြင့် အသုံးပြုစေရေး၊ အလွန်အကျွံအသုံးပြုခြင်းနှင့် ညစ်ညမ်းမှုများလျော့ကျစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းတတ်စေရေး၊ ဒေသအဆင့်နှင့် နိုင်ငံတော်အဆင့်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းဆောင်ရွက် စေရေး၊ ဒေသခံများ၏ စီးပွားရေးအကျိုးအမြတ်ရရှိမှု ကို အလေးထား သုံးသပ်ဆောင်ရွက်စေရေးများကို ဆောင်ရွက်ကြရပါမည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံများ၊ အစိုးရဌာနဆိုင်ရာများ၊ ခရီးသွား လုပ်ငန်းရှင်များ၊ ခရီးသွားများ၊ ကျွမ်းကျင်ပညာရှင်များ၊ မီဒီယာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်စီးပွားရေးကို အထောက်အကူ ဖြစ်စေသည့် ခရီးသွားလုပ်ငန်းအား ရေရှည်တည်တံ့အောင် ကြိုးပမ်းဖော်ဆောင်ပေးကြရ ပါမည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းအတွက် အရင်းအမြစ်များ ပြည့်စုံသည့်နိုင်ငံဖြစ်သည်။ သဘာဝအတိုင်းမပျက်စီးသေးသည့် ပင်လယ်ကမ်းခြေများ၊ ရေအောက်ရှုခင်းများကို လေ့လာနိုင်သည့် မြိတ်ကျွန်းစုဒေသ ခရီးစဉ်များ၊ သာယာလှပသည့် တိမ်ပင်လယ်ရှုခင်းများ၊ တောင်တက်ခရီးစဉ်များ၊ ရေခဲဖုံးလွှမ်းနေသည့်တောင်တန်းများ၊ မတူကွဲပြားသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုပုံစံများ၊ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများစသည်ဖြင့် ခရီးသွားလုပ်ငန်းအတွက် အရင်းအမြစ်များ ပြည့်စုံကြွယ်ဝလှသည်။ ထိုသို့ ပြည့်စုံကြွယ်ဝလှသည့် ခရီးသွားလုပ်ငန်းအတွက် အရင်းအမြစ်များ ရေရှည်တည်တံ့ပြီး ခရီးသွားလုပ်ငန်း၏ အသီးအပွင့်များကိုဒေသခံများ ခံစားနိုင်ရေး ခရီးသွားများ၊ ခရီးသွားလုပ်ငန်းများက ပြိုင်တူတွန်းလို့ ရွှေ့ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။     ။

ဝင်းမောင်မောင်