မြေဆီစိုခိုက် သစ်ပင်စိုက်၊ စိမ်းလန်းသာယာ ပြည်မြန်မာ
ဥတုရာသီ၊ တောကိုမှီ
“ဥတုရာသီ၊ တောကိုမှီ” ဆိုသည့် အတိုင်းနေ့စဉ်မိုးလေဝသအခြေအနေများ၊ နှစ်အလိုက်ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုအခြေအနေများသည် သစ်တော၊ သစ်ပင် များအပေါ် များစွာမှီတည်လျက်ရှိသည်။ ကမ္ဘာ့လေထုကိုပူနွေးစေပြီးရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသောလေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို သစ်တောသစ်ပင်များက စုပ်ယူဖယ်ရှားပေးပြီး ရာသီဥတုမျှတ ကောင်းမွန်လာစေရေး၊ ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသဖြင့် “ဥတုရာသီ၊ တောကိုမှီ” ဟု ဆိုခြင်းဖြစ်သည်။ သစ်ပင်သစ်တောများ တိုးပွားလာသည်နှင့်အမျှ မိုးလေဝသမှန်ကန်ပြီး ရာသီ ဥတုပြောင်းလဲမှုများကို လျှော့ချနိုင်ကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အလွန်အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
စိုက်ပျိုးလိုလျှင် ကြိုတင်ပြင်
စိုက်ပျိုးသောသစ်ပင်တစ်ပင် ရှင်သန်အောင်မြင်ဖြစ်ထွန်းစေရန် အချိန်ယူ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရသည်။ စိုက်ပင်အရေအတွက် အနည်းအများပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင် မှုကာလနှင့် လုပ်ငန်းပမာဏအနည်း အများသာ ကွာခြားသည်။ မိုးဦးကျ၍ မြေဆီအစိုဓာတ်ရရှိသည်နှင့်တစ်ပြိုင်တည်း အချိန်ကိုက်စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဝီရိယထား ပြင်ဆင်ဆောင်ရွက်ကြရသည်။ စိုက်ပျိုးမည့်သစ်တောစိုက်ခင်း ဧရိယာပမာဏ၊ အပင်အရေအတွက်တို့ အပေါ်မူတည်ပြီး ဒေသအလိုက် စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း၊ မြေရှင်းလင်းခြင်း၊ မြေပြုပြင်ခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊ မြေဆီစုဆောင်း ခြင်း၊ မျိုးရိုးဗီဇကောင်းမွန်သော သစ်စေ့များစုဆောင်းခြင်း၊ ကျန်းမာကြံ့ခိုင်သော ပျိုးပင်များလုံလောက်စွာရရှိစေရန် ပြုစုပျိုးထောင်ထားခြင်း၊ ပျိုးဥယျာဉ်နှင့် စိုက်ပျိုးမည့်နေရာ အကွာအဝေးပေါ်မူတည်၍ ပျိုးပင်များအချိန်ကိုက် သယ်ဆောင်ရန် ပြင်ဆင်ထားရှိခြင်း စသည့် လုပ်ငန်းအဆင့်အဆင့်ကို ဆောင်ရွက်ထားရှိရသည်။
မြေဆီစိုခိုက် သစ်ပင်စိုက်
မိုးကြိုကာလများတွင် နေရာဒေသအလိုက်သစ်ပင်များ စိုက်ပျိုးကြသလို မိုးတွင်းကာလ ဇွန်လနှင့်ဇူလိုင်လတို့၌ မြေဆီအစိုဓာတ်ရရှိသော အချိန်ကာလတွင် အင်နှင့်အားနှင့် သစ်ပင်များ စိုက်ပျိုးကြရသည်။ ယခုလို မိုးလရာသီရောက်၍ မြေဆီစိုသည်နှင့်သစ်ပင်များကို ဒေသအသီးသီးတွင်ပုံစံမျိုးစုံဖြင့်သစ်ပင်များ စိုက်ပျိုးကြသည်။ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကဲ့သို့သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ဆောင်ရွက်နေရသော ဌာနများအနေဖြင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ နှစ်စဉ်လျာထားချက်များ ပြည့်မီရေးအတွက် မိုးလရာသီကို အားကိုးပြုကာ မြေအစို ဓာတ်ကောင်းစွာရရှိသော အချိန်တွင်စိုက်ပျိုးကြရသည်။
သစ်ပင်သစ်တောများ တိုးပွားလာစေရန်အတွက် လက်ရှိရှိနေသော သဘာဝတောများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရ သကဲ့သို့ သစ်တောနယ်မြေအတွင်းရှိ တောနိမ့်၊ တောပျက်၊ တောပါးသောနေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်ကြရသည်။ စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲထိန်းသိမ်း ရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊ တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း စသည့် စိုက်ခင်းအမျိုးမျိုးကို အချိန်ကိုက် ကြိုးပမ်းစိုက်ပျိုးကြရသည်။
သစ်တောနယ်မြေများရှိ သစ်ပင်သစ်တောများသည်သာ အရေးကြီးသည်မဟုတ်ဘဲ သစ်တောမြေပြင်ပမှ သစ်ပင်များ (Trees Outside Forests-ToF)သည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတသာယာရေး၊ ပြည်သူလူထုအရိပ်ခိုနားနေအပန်းဖြေနိုင်ရေးအတွက် သစ်တောနယ်မြေများတွင် သာမကသစ်တောမြေ ပြင်ပနေရာများဖြစ်သည့် အစိုးရစီမံခန့်ခွဲခွင့်ရှိသောနေရာများ၊ အမြန်လမ်းဘေးဝဲ ယာများ၊ အာဆီယံလမ်းမကြီးများဝဲယာများ၊ မီးရထားလမ်းဘေးဝဲယာများနှင့်ကျေးလက်လမ်း၊ ခရိုင်ချင်းဆက် လမ်းဘေးဝဲယာများတွင်လည်း သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ သစ်တောဦးစီးဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းအပြင် အစိုးရဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးခြင်း၊ Tree Planting Campaign ၊ Greening Campaign နှင့် သစ်ပင်စိုက်ပွဲတော်များ ကျင်းပကာ စိုက်ပျိုးကြလျက်ရှိသည်။
အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ တပ်မတော်နှင့်ရဲတပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများအနေဖြင့်လည်း နှစ်သက်ရာသစ်မျိုးများကို မိုးတွင်းကာလတွင် အချိန်ကိုက် စိုက်ပျိုးနိုင်ရေးအတွက်အမြင့် နှစ်ပေအထက်ကျန်းမာကြံ့ခိုင်သော ပျိုးပင်အမျိုးမျိုးကို သစ်တောဦးစီး ဌာနက အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများ အောင်မြင်စေရန်၊ တစ်ပင်စိုက် တစ်ပင် ရှင်သန်စေရန် အားပေးကူညီ ပံ့ပိုးပေး လျက်ရှိသည်။ မိုးရာသီသစ်ပင်များ စိုက်ပျိုးရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသောသစ်မျိုးများ၊ ဒေသနှင့် ကိုက်ညီသော သစ်မျိုးများ၊ လေပြင်း မုန်တိုင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရည်ရှိသောအပင်မျိုးများ၊ ပူပြင်းခြောက်သွေ့မှု ဒဏ်ခံနိုင်သောသစ်မျိုးများ၊ ကြီးမြန်သစ်မျိုးများ၊ ရေရှည်တွင် မြို့ပြဖွံ့ဖြိုးမှုကိုထိခိုက်မှုမရှိစေနိုင်သည့် သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်သောသစ်မျိုးများ၊ မျက်စိပသာဒဖြစ်စေမည့် သစ်မျိုးများ၊ အရိပ်ကောင်းစွာ ပေးစွမ်းနိုင်သည့် သစ်မျိုးများကို စိုက်ပျိုးမည့်နေရာနှင့် လိုက်လျောညီထွေရှိစေရေး စနစ်တကျ ရွေးချယ်ကာစိုက်ပျိုးကြရသည်။
အကျိုးကျေးဇူးစုံလင် သစ်တောသစ်ပင်
သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည်ထာဝရကုသိုလ် ပြုခြင်းဖြစ်ပြီး ဇရပ်၊ တန်ဆောင်းဂူကျောင်းပြာသာဒ်နှင့်အခြားထာဝရ ကုသိုလ်များကဲ့သို့ တူညီသောကုသိုလ်ကို ရရှိခံစားနိုင်ကာ အသက်ရှည်ကျန်းမာ ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်သည်။ သစ်ပင်သစ်တောများသည် သစ်နှင့် ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အပါအဝင် သစ်မဟုတ်သော သစ်တော ထွက်ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးသကဲ့သို့ ငွေကြေးဖြင့်တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများစွာကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ “သက်ရှိလောကတည်မြဲဖို့”၊ “ဇီဝမျိုးစုံ ထိန်းသိမ်းဖို့”၊ “လောင်စာစွမ်းအင်ရရှိဖို့”၊ “ရေ၊ မြေသယံဇာတ ထိန်းသိမ်းဖို့”၊ “လေကောင်းလေသန့် ရရှိဖို့”၊ “ရာသီဥတု မျှတဖို့” ၊ “ထာဝရ ကုသိုလ်ရယူဖို့”၊ “သဲကန္တာရဖြစ်ထွန်းမှု တားဆီးဖို့” စသော အကျိုးကျေးဇူးများစွာ ကိုသစ်ပင်၊ သစ်တောများက ပံ့ပိုးပေးလျက်ရှိသည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုအများဆုံးခံစားကြရသည့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် လေပြင်းတိုက်ခတ်မှုများ၊ ဆားငန်ရေဝင်ရောက်မှုများ၊ ရေကြီးရေလျှံမှုများကိုတားဆီး ကာကွယ်နိုင်ရန်နှင့် လျော့ပါးသက်သာစေရန်အတွက် ဒီရေတောအပင်များ စိုက်ပျိုးခြင်း၊ ဆားငန်ဓာတ်ခံနိုင်ရည်ရှိသောအပင်များကို စိုက်ပျိုးခြင်း၊ ရေသောက်မြစ် နက်ရှိုင်းစွာရှိပြီး ဘေးမြစ်ဖြာထွက်မှုအားကောင်းသော အမြဲစိမ်းအပင်များစိုက်ပျိုးခြင်း၊ အုန်း၊ ပင်လယ် ကဗွီးကဲ့သို့သောပင်စည်ကွေးညွတ်အားကောင်းပြီး အရွက်သေးငယ်သောအပင်များဖြင့် လေကာတန်းစိုက်ပျိုးခြင်း၊ ဒေသနှင့်ကိုက်ညီသော လေပြင်းမုန်တိုင်းဒဏ်ခံနိုင်သည့် ကြီးမြန်ပင်များနှင့်အမြဲစိမ်းအပင်များ၊ မြေဆီလွှာထိန်းနိုင်သည့် အပင်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကိုလျော့ပါး သက်သာစေနိုင်သည်။
နိုင်ငံတစ်ဝန်းစိမ်းလန်းစေဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်နေရသောရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက် သာဆုံး၊ သဘာဝနှင့်လိုက်လျောညီထွေ အဖြစ်ဆုံးလုပ်ငန်းတစ်ရပ်ဖြစ်သည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများဖြေရှင်းရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်း များကို သဘာဝအခြေခံဖြေရှင်းသည့်နည်းလမ်း (Nature-based Solutions) အဖြစ် ကျယ်ပြန့်စွာအသုံးပြုလာလျက် ရှိသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အထိကာလကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (UN Decade of Ecosystem Restoration 2021-2030) ဟု သတ်မှတ်ထားပြီးဂေဟစနစ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ ဂေဟစနစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာစေရေး၊ ပတ်ဝန်းကျင်ရေးရာ နိုင်ငံတကာ ကတိကဝတ်များဖြည့်ဆည်း နိုင်ရေးအတွက်မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင်ရေးစီမံကိန်း (၂၀၁၇−၂၀၁၈ မှ ၂၀၂၆−၂၀၂၇) ကို ရေးဆွဲပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ) နှင့် နိုင်ငံအဆင့် ဒီရေတောနှင့်ကမ်းရိုး တန်းဒေသများ ထိန်းသိမ်းခြင်းဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်များအစရှိသည့် စီမံကိန်းများကိုရေးဆွဲပြီး သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်း ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသစ်တောများပြန်လည် တည်ထောင်ရေး စီမံကိန်းကာလအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်း ဧက၂၈၅၅၅၀၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း ၂၈၅၁၀၄ ဧကနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ၇၇၀၃၃၂ ဧက တို့ကို ရည်မှန်းချက်ချမှတ်လျက် နည်းလမ်းမျိုးစုံဖြင့် တည်ထောင်စိုက်ပျိုးလျက်ရှိရာ နိုင်ငံပိုင်သစ်တောစိုက်ခင်း ၁၄၆၉၅၉ဧက၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းဧက ၆၄၂၅၀ နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော ၄၄၉၆၅၇ ဧက တို့ကို တည်ထောင်နိုင်ခဲ့ပြီး ဖြစ်သည်။ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့အနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ အတွင်း သစ်တောစိုက်ခင်းမျိုးစုံ ဧရိယာ ၂၅၂၇၁ ဧက၊ အပင်ပေါင်း ၂၄၆၁၉၂၀၀ ကို လျာထားစိုက်ပျိုးလျက်ရှိသည်။
သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများသစ်ပင်သစ်တော ချစ်ခင်စိတ်တိုးပွားလာစေရေး၊ သစ်တောသစ်ပင်ထိန်းသိမ်းရေးအသိစိတ်ဓာတ်များ ပိုမိုမြင့်မားလာစေရေးနှင့် သစ်တော များက ထောက်ပံ့ပေးသောပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိ နားလည်လာစေရေးအတွက်ရည်ရွယ်၍ မိုးလရာသီသစ်ပင်စိုက်ပျိုးပွဲတော် များကို ပြည်သူများနှင့်အတူပူးပေါင်း ဆောင်ရွက်လာခဲ့ပြီး နှစ်စဉ်ကျန်းမာကြံ့ခိုင်သည့် အမြင့်ပေ နှစ်ပေအထက် ပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိ ရာ ယခုနှစ်တွင်ပျိုးပင် ၈ ဒသမ ၄ သန်း ကျော် လျာထားဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိသည်။
သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများခံစားရရှိဖို့ “နှစ် ၂၀ တစ်ဝိုက် အချိန်ကိုက်၊ တို့စိုက်ခဲ့လျှင်အကောင်းဆုံးပင်၊ ခုချိန်စိုက်က နောက်မကျ၊ ဒုတိယအကြိမ် အကောင်းဆုံးပ” ဟူ သော ဆိုရိုးစကားနှင့်အညီ ယခုအချိန် သည် သစ်ပင်စိုက်ပျိုးရန် ဒုတိယအကြိမ် အကောင်းဆုံးအချိန်အခါဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့် လူတိုင်း လူတိုင်း၊ ကျေးရွာတိုင်း၊ မြို့ပြတိုင်း သစ်ပင်စိုက်ပျိုးနိုင်ရန် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သစ်ပင် စိုက်ပျိုးနိုင်သည့် နေရာမှန်သမျှ သင့်လျော်သော သစ်ပင်များစိုက်ပျိုးနိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်သည်။ အိမ်ခြံဝင်းပတ်လည်နှင့် လယ်ယာနယ်နိမိတ်များ၊ ကျေးရွာအတွင်း၊ အပြင် မြေကွက်လပ်များ၊ မြို့ပြပတ်ဝန်းကျင်နှင့် မြို့ပြအတွင်းသင့်လျော် သောနေရာများ၊ မြစ်ချောင်းကမ်းနားတစ်လျှောက် နေရာကွက်လပ်များ၊ ရေကန်များ၊ အင်း၊ အိုင်ဘေးပတ်လည် နေရာများ၊ ကားလမ်းနှင့်ရထားလမ်းဘေးဝဲ၊ ယာသင့်လျော်သည့် နေရာများ၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့်ခရိုင်ချင်းဆက်လမ်းဘေးဝဲ၊ ယာများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းကန်ဝင်းအတွင်း သင့်လျော်သော နေရာများ၊ အများနှင့် သက်ဆိုင်သောနေရာများ စသည်တို့တွင်အကြားအလပ်မရှိသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့ကိုဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။
ရှင်အောင် စိုက်ပျိုး၊ ကြီးအောင် ပြုစု၊ မြဲအောင်ထိန်းသိမ်း
တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှ အပင်ရှင်သန်ဖို့ အလွန်အရေးကြီးလှသည်။ သစ်စေ့မှ ပျိုးပင်တစ်ပင်ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်။ ပင်လယ်ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်း၊ တောင်ကုန်းတောင်တန်းဒေသစသည့် နေရာဒေသအပေါ်မူတည်၍ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ ဒေသအနေအထားနှင့် သဟဇာတဖြစ်သော သစ်မျိုးများဖြစ်ရန် လိုအပ်ပြီး ရည်ရွယ်ချက်၊ စနစ်တကျရွေးချယ် စိုက်ပျိုးခြင်းဖြင့် ပိုမို ထိရောက်အောင်မြင်နိုင်မည် ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း ကြီးအောင်ပြုစုရန်၊ မြဲအောင်ထိန်းသိမ်းရန်အလွန်ခက်ခဲသည်။ အပင်တိုင်း အပင်တိုင်းကို တန်ဖိုးထားလျက်စတင်စိုက်ပျိုးခြင်းမှသည် ကြီးပြင်းသည်အထိ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကိုရာသီအလိုက်လုပ်ဆောင်နိုင်မှသာ စိုက်ပျိုးပြီးအပင်များရာနှုန်းပြည့် ရှင်သန်အောင်မြင်နိုင် မည်ဖြစ်သည်။
စိမ်းလန်းသာယာ၊ ပြည်မြန်မာသစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကိုပိုင်စိုးရသကဲ့သို့ အကျိုး ကျေးဇူးအမျိုးမျိုးကို သားစဉ်မြေးဆက်ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေးပါလှသည်။ ငွေကြေးအားဖြင့်တန်ဖိုးဖြတ်၍မရနိုင်ခြင်း၊ ငွေကြေးဖြင့် ဈေးကွက်တွင် ဝယ်ယူသုံးစွဲရခြင်း မဟုတ်သည့်အတွက် သစ်ပင်သစ်တောများက ပံ့ပိုးသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို တန်ဖိုးထားမှု၊ အသိမှတ်ပြုမှု၊ အလေးထားမှု နည်းပါးကြသည်ကို တွေ့ရသည်။ အဆိုပါတန်ဖိုးများကို သိရှိနားလည်မှုမရှိခြင်း၊ သိရှိသူ အလွန် နည်းပါးခြင်း၊ သိရှိသော်လည်း မိမိအကျိုးစီးပွား၊ လူနည်းစုအကျိုးစီးပွားနှင့် ရေတိုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခြင်း၊ အဆိုပါတန်ဖိုးများကို ဖော်ထုတ်မည့်အဖွဲ့အစည်း၊ ထိန်းသိမ်းမည့်အဖွဲ့အစည်း အလွန်နည်းပါးခြင်းနှင့် စွမ်းဆောင်ရည်နိမ့်ပါးခြင်း စသည့် အကြောင်းများကြောင့် သစ်တောများပြုန်းတီးပြီး သစ်တောဂေဟစနစ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ သစ်တော သယံဇာတများ ပြုန်းတီးပျက်စီးခြင်းသည် နိုင်ငံ၏ ကြွယ်ဝမှုကိုယုတ်လျော့ ဆုံးရှုံးခြင်းလည်းဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းရန်နှင့် သစ်တောသယံဇာတ များအား ထိန်းသိမ်းကာကွယ်ရန် အစီ အစဉ်များကို အမြော်အမြင်ကြီးစွာဖြင့် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလိုအပ်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် အဖိုးတန်သယံဇာတအရင်းအမြစ်များ၊ သစ်ပင်သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးသည်။ သစ်တော သစ်ပင်ချစ်ခင်သူများပိုမိုတိုးပွားလာဖို့ လိုအပ်သည်။ ပြည်သူများအကြား သစ်ပင်သစ်တောများ၏ စစ်မှန်သောတန်ဖိုးကို ပိုမိုနားလည်လာပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေဖို့ ကြိုးပမ်းကြရ မည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်စေရန်၊ အေးချမ်းသာယာ စေရန် သဘာဝသစ်တောသယံဇာတများ၊ သစ်ပင်၊ သစ်တောများကို ထိန်းသိမ်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ဂေဟစနစ်ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံး တက်ကြွစွာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒမွန်ဖြင့် တိုက်တွန်းအပ်ပါသည်။ ။
သစ်တောမောင်